အခန်း ၅၅
Vol. 6 Ch. 55
အခန်း (၅၅)
“တကယ့်ကို အရှက်ရစရာပဲ။ ရှောင်မေရဲ့ အတွင်းခံဘောင်းဘီက သားရေကြိုးကို ယန်ရှီရှန်းရဲ့ဇနီးဟောင်းက ငါ့ဆီ ဘယ်လိုလုပ် စာတိုက်ကနေ ပို့လိုက်ရတာလဲ။ အဲ့ဒါတောင် ငါ့ရုံးခန်းဆီကို တိုက်ရိုက်ပို့လိုက်တာနော်”
အင်မတန် အရှက်ရစရာ ကောင်းလှသည်။ ဖန်ရှန်က ရုံးခန်းထဲတွင် တခြားသူများရှိနေစဉ် ထိုစာအိတ်ကို ဖောက်ကြည့်ခဲ့ခြင်းဖြစ်၏။
အထဲတွင် ပီယဲကာဒင်တံဆိပ်ကပ်ထားသော အမျိုးသမီးအတွင်းခံဘောင်းဘီမှ သားရေကြိုးတစ်ချောင်း ပါလာသည်။
အမျိုးသမီး အမှတ်တံဆိပ် အတွင်းခံမှန်း အထင်းသား ပေါ်လွင်နေသည်။
မြင်သွားသည့်သူများက မည်သို့ ပြောကြမည်နည်း။
‘ဟူရှောင်မေရဲ့ အတွင်းခံဘောင်းဘီက သားရေကြိုးတဲ့လား'
‘ချန်မေ့လန်က ပထွေးဖြစ်သူရဲ့ ရုံးခန်းဆီကို တိုက်ရိုက် ပို့လိုက်တယ်တဲ့လား'
ယန်ရှီရှန်းမှာ နေရာမှ ခုန်ထမတတ် ဖြစ်သွားသော်လည်း ဟူရှောင်မေက သားရေကြိုးကို ဆွဲယူလိုက်ပြီး ချက်ချင်းဝင်ပြောလိုက်သည်။
“ဖေဖေ၊ ချန်မေ့လန်က သမီးကို အသရေဖျက်နေတာ။ သာမန်သားရေကြိုးလေးတစ်ချောင်းတည်းနဲ့ ဒါက သမီးရဲ့အတွင်းခံမှန်း ဘယ်လိုလုပ် သက်သေပြနိုင်မှာလဲ”
ယန်ရှီရှန်း ပြန်ထိုင်ချလိုက်၏။
ယခုမှ သူ ပြန်အမှတ်ရတော့သည်။ တစ်ခါက ချန်မေ့လန်မိဘအိမ်သို့ ပြန်သွားချိန်တွင် ဟူရှောင်မေက သူ၏ကန်အိပ်ရာပေါ်တွင် ချစ်တင်းနှီးနှောရသည့် ခံစားချက်ကို မြည်းစမ်းကြည့်ချင်သည်ဟု ပူဆာခဲ့သည်။
သူတို့နှစ်ဦး ကိုယ်လုံးတီးဖြစ်နေချိန် ချန်ကျန်းကျွင်း လက်ပူးလက်ကြပ်မိသွားခဲ့ပြီး ဟူရှောင်မေမှာ ဖင်ပြောင်ကြီးနှင့် ထွက်ပြေးခဲ့ရသည်။
သို့သော် သူ ထိုအကြောင်းကို ထုတ်ပြော၍မဖြစ်ပေ။ သားရေကြိုးလေးတစ်ချောင်းတည်းဖြင့် ထိုအတွင်းခံမှာ ဟူရှောင်မေ၏အရာဟု မည်သို့ သက်သေပြနိုင်မည်နည်း။
မည်သို့ပင်ဖြစ်စေ သူက ဟူရှောင်မေဘက်မှ ရပ်တည်ရမည်သာ။
“အဖေ၊ ဒီရက်ပိုင်း ကျွန်တော်နဲ့ ရှောင်မေကြားမှာ သတင်းတွေ နည်းနည်းလေးထွက်နေတယ်၊ အဖေလည်း ယောက်ျားတစ်ယောက်ပဲ၊ နားလည်မှာပါ၊ ကျွန်တော့်ဇနီးဟောင်းက သဝန်တိုတတ်တဲ့ မိန်းမစားမျိုးလေ၊ ကွာရှင်းတုန်းက သူက ဒီအကြောင်းတွေကို မသိခဲ့ဘူး၊
အခုသိသွားတော့ နာကြည်းနေတာပေါ့၊ သူက တမင်သက်သက် ကျွန်တော်တို့ကို အရှက်ခွဲဖို့ ကြိုးစားနေတာပါ၊ မနက်ဖြန်ကျရင် အဖေ့ကို စိတ်ပြေလက်ပျောက်ဖြစ်အောင် အရက်ကောင်းကောင်း နှစ်ပုလင်းလောက် ဝယ်တိုက်ပါ့မယ်၊ သူ့ကို သိပ်အရေးတယူ လုပ်မနေပါနဲ့”
ဖန်ရှန်အနေဖြင့် ယန်ရှီရှန်းကို မျက်နှာသာပေးရမည်သာ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့က စီးပွားဘက်များ ဖြစ်ကြ၏။
ကျောက်မီးသွေးဆိုသည်မှာ ရွှေမည်းများဖြစ်ပြီး အဆုံးအစမရှိသော ငွေကြေးများကို ယူဆောင်လာပေးနိုင်သည်။ ယန်ရှီရှန်း နှစ်စဉ်ပေးသော လက်ဆောင်များမှာလည်း မနည်းလှပေ။
ယန်ရှီရှန်းက ချန်မေ့လန် ပြဿနာရှာနေခြင်းသာဖြစ်ကြောင်း အခိုင်အမာပြောဆိုနေသဖြင့် ဖန်ရှန်ကလည်း ယုံကြည်လိုက်သည်။
ဤကိစ္စက သူနှင့်လည်း သိပ်မသက်ဆိုင်လှပေ။
သူက စာကို ယန်ရှီရှန်းထံသို့ ပစ်ပေးလိုက်ရင်းပြောလိုက်သည်။
“ရော့ ဒီမှာ စာ၊ မင်းဘာသာမင်း ဖတ်ကြည့်ပြီး ကိစ္စပြတ်အောင်ရှင်းလိုက်တော့”
စာကို လှမ်းယူလိုက်စဉ် ယန်ရှီရှန်းတွေးနေမိသည်မှာ….
‘အတွင်းခံဘောင်းဘီတစ်ထည်အတွက်နဲ့လား၊ အတော်လေး ရယ်စရာကောင်းတာပဲ၊ သူမ ဘာလုပ်နိုင်မှာမို့လို့လဲ။ ချန်မေ့လန် ဒေါသထွက်ပြီး ပြဿနာရှာချင်နေတာပဲ ဖြစ်ရမယ်’
သို့သော် စာကို နှစ်စက္ကန့်ခန့် မျက်စိကစားလိုက်ရုံဖြင့် သူ၏လက်များ တုန်ယင်လာတော့သည်။
သူက ဟူရှောင်မေကို ဆွဲထူလိုက်ပြီး တံခါးအပြင်သို့ထွက်ကာ သူ့အိမ်ဆီသို့ တိုက်ရိုက်ဦးတည်သွားတော့၏။
အိမ်ထဲသို့ ဝင်ဝင်ချင်းပင် ယန်ရှီရှန်းက ရုတ်တရက်လှည့်ကာ ဟူရှောင်မေ၏မျက်နှာကို ဖြတ်ခနဲ အားကုန်ရိုက်ချလိုက်သည်။
စပ်ဖျဉ်းဖျဉ်း နာကျင်မှုကြောင့် ဟူရှောင်မေက သူမ၏ပါးကို ချက်ချင်း အုပ်ထားလိုက်မိသည်။
“အစ်ကိုရှန်း၊ ဘာလုပ်တာလဲ”
‘သူ ဘာလုပ်နေတာလဲ'
စာထဲတွင် ချန်မေ့လန် ရေးထားသည်မှာ တံဆိပ်ကို ဖြတ်ထုတ်လိုက်သော်လည်း အတွင်းခံက သူမဆီတွင် ရှိနေသေးသည်။ ယန်ရှီရှန်း၏ အဖြူရည်ကွက်များနှင့် ဟူရှောင်မေ၏မိန်းမကိုယ်အရည်များ ပေကျံနေသော အနီရောင်ဖာသည်မ အတွင်းခံဘောင်းဘီဖြစ်သည်။
အကယ်၍ ယန်ရှီရှန်းကိုယ်တိုင် လာမယူပါက အနောက်ဘက်ဆင်ခြေဖုံးရှိ ကျောက်မီးသွေးတွင်းထဲသို့ လွှင့်ပစ်လိုက်မည်ဟူ၍ပင်။
ပါကင်ဆန် ရောဂါရှင်တစ်ဦးကဲ့သို့ တုန်ယင်နေသောလက်များဖြင့် စာကိုကိုင်ထားရင်း ယန်ရှီရှန်းတစ်ယောက် မှင်သက်သွားသည်။
‘ချန်မေ့လန် ဒီလိုအကြံမျိုး ဘယ်လိုလုပ်ရသွားတာလဲ’
ကျောက်မီးသွေးတွင်းဆိုသည်မှာ အမျိုးသမီးများ လုံးဝ သွားလာခွင့်မရှိသော နေရာဖြစ်သည်။ ထို့အပြင် အနီရောင်အတွင်းခံဆိုသည်မှာလည်း နိမိတ်မကောင်းသောအရာအဖြစ် သတ်မှတ်ထားကြ၏။
အမျိုးသမီးတစ်ဦး မိုင်းတွင်းဝအနီးသို့ သွားခြင်းကိုပင် ကံဆိုးသည်ဟု ယူဆထားကြသည်။ တွင်းသစ်တူးတိုင်း မြေစောင့်နတ်၊ တောင်စောင့်နတ်များကို ပူဇော်ပသရသည်။ အမျိုးသားများအနေဖြင့် အမျိုးသမီးများနှင့် ပတ်သက်သော မည်သည့်အရာကိုမျှ မိုင်းတွင်းထဲသို့ ယူဆောင်သွားခွင့်မရှိပေ။
အကယ်၍ ချန်မေ့လန်က ထိုဖာသည်မ၏ အနီရောင်အတွင်းခံကို တွင်းထဲသို့ တကယ်လွှင့်ပစ်လိုက်ပါက သူ၏ကျောက်မီးသွေးတွင်း ပြိုကျခြင်း၊ ရေလွှမ်းမိုးခြင်း သို့မဟုတ် လူသေဆုံးခြင်းများအထိ ဖြစ်ပေါ်လာနိုင်သည်။
ဤသည်မှာ အယူသည်းခြင်းသက်သက်မဟုတ်ပေ။ ကျောက်မီးသွေးသူဌေးတိုင်း၏ အဆိုးရွားဆုံးအိပ်မက်ဆိုးကြီး ဖြစ်၏။
‘ပါးတစ်ချက်ရိုက်ရုံနဲ့ ကျေနပ်ရမှာလား'
ယန်ရှီရှန်းမှာ ဟူရှောင်မေကို သတ်ပစ်ချင်စိတ်များပင် ပေါက်လာသည်။
ထိုစဉ်က သူမက ပြဿနာကို တမင်ဖိတ်ခေါ်နေခဲ့ခြင်းဖြစ်သည်။ သူတို့တွင် နေစရာအိမ်များ အလျှံအပယ်ရှိပါလျက် ယန်ကွမ်ရွာရှိ သူ၏ ကန်အိပ်ရာပေါ်တွင် ချစ်တင်းနှီးနှောရသည့် အရသာကို ခံစားကြည့်ချင်သည်ဟုဆိုကာ မြှူဆွယ်ခဲ့၏။
ချန်ကျန်းကျွင်း လက်ပူးလက်ကြပ်မိသွားချိန်တွင် အတွင်းခံပင်မပါဘဲ ပြေးခဲ့ရသည်။ အချိန်အတော်ကြာခဲ့ပြီဖြစ်ရာ ထိုကိစ္စကို သူမကိုယ်တိုင်ပင် မေ့ပျောက်နေခဲ့ပြီဖြစ်သည်။
ယန်ရှီရှန်းက သားရေကြိုးကို ဟူရှောင်မေ၏ခေါင်းဆီသို့ ကြမ်းတမ်းစွာ ပစ်ပေါက်လိုက်ပြီး သူမကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်၏။
“အဲ့ဒီ ဖာသည်မအတွင်းခံကို မင်းကိုယ်တိုင်သွားယူချေ၊ မရခဲ့ရင် မင်းကို ငါသေအောင်ရိုက်သတ်မယ်၊ ဟူရှောင်ဟွာ ထောင်ကျကျ မကျကျ ငါ ဂရုမစိုက်နိုင်တော့ဘူး”
“အဲ့ဒီတုန်းက ရှင်ကိုယ်တိုင်က ဒီလိုလုပ်ချင်လို့ အတင်းအကျပ်လုပ်ခဲ့တာ မဟုတ်ဘူးလား၊ ကျွန်မက ရှင့်ကို အတင်းအကျပ်ခိုင်းခဲ့ဖူးလို့လား၊ ဘာလို့ အရာအားလုံးက ကျွန်မအပြစ်ချည်းဖြစ်ရတာလဲ”
ဟူရှောင်မေက ငိုယိုကာ ပြန်ပြောလိုက်၏။
ယန်ရှီရှန်းမှာမူ အသိစိတ်လွတ်မတတ် ဒေါသထွက်နေလေပြီ။
“ဘာလို့လဲဆိုတော့ မင်းက ဖာသည်မမို့လို့ပဲ၊ မင်းရဲ့ ဘောင်းဘီက ချွတ်ရလွယ်လွန်းလို့၊ မင်းက ပြည့်တန်ဆာတစ်ယောက်မို့လို့ပဲ”
“ယန်ရှီရှန်း... ရှင် ကျွန်မကို နောက်တစ်ခါ ထပ်ရိုက်ရဲ ရိုက်ကြည့်စမ်း။ ကျွန်မ ဦးလေးဖန် ရှင့်ကို ထပ်ကူညီပေးဖို့ မမျှော်လင့်နဲ့တော့”
ဟူရှောင်မေက ကျယ်လောင်စွာ အော်ဟစ်ငိုယိုလိုက်သည်။
ယန်ရှီရှန်းက အေးစက်စက် ရယ်မောလိုက်၏။
“ငါ့အတောင်ပံကို ငါ့ဘာသာ ပျံနိုင်စွမ်းရှိအောင် လုပ်ထားတာ ကြာလှပြီ၊ ဖန်ရှန် ဆိုတာက ဘာမှမဟုတ်ဘူး။ ငါသာ ငွေသုံးနိုင်ရင် သူ့သားတောင် ငါ့ခွေးဖြစ်သွားဦးမယ်”
သူက ဖန်ရှန်ကို အဘယ်ကြောင့် ဖားယားနေခဲ့ရသနည်း။ တုန်းဖန်လုပ်ငန်းစု၏ စီးပွားရေးအပြင် ဖန်ရှန်၏သားဖြစ်သူမှာ ပြည်သူ့လုံခြုံရေးဗျူရိုတွင် အရာရှိကြီးတစ်ဦး ဖြစ်နေသောကြောင့်ပင်။
သို့သော် မိသားစု ဆွေမျိုးဆက်စပ်မှုများကို ဖယ်ထားလိုက်လျှင်ပင် ငွေကြေးဆိုသည်မှာ သူတို့၏ဆက်ဆံရေးကို ကျောက်တုံးကြီးတစ်ခုပမာ ခိုင်မာနေစေရန် စွမ်းဆောင်ပေးနိုင်သေးသည်။
“ယန်ရှီရှန်း... ရှင် အရှက်မရှိတဲ့ကောင်။ ကျေးဇူးကန်းတဲ့ကောင်”
ဟူရှောင်မေက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
ဤဖောက်ပြန်နေကြသည့် စုံတွဲမှာ တစ်ယောက်ကိုတစ်ယောက် ပြန်ကိုက်ကြတော့မည့်အနေအထား ဖြစ်နေလေပြီ။
တစ်ချိန်တည်းမှာပင် ယန်ကျောက်သည်လည်း ရထားပေါ်မှ ဆင်းလာခဲ့သည်။
ဘူတာရုံအပြင်ဘက်တွင် Volkswagen Santana ကားတစ်စီး ရပ်စောင့်နေသည်။ ဗျူရိုမှ ယာဉ်မောင်းဖြစ်သူ ရှောင်လျိုက ယန်ကျောက်အား လာကြိုခြင်းဖြစ်၏။
ယန်ကျောက်သည် ပြစ်မှုနှိမ်နင်းရေးနှင့် ပြုပြင်ပြောင်းလဲရေး အထူးအစည်းအဝေးသို့ တက်ရောက်ရန် မြို့တော်သို့ သွားခဲ့ရာမှ ယခုလေးတင် ပြန်ရောက်လာခြင်းဖြစ်သည်။
သူ၏ ဘယ်ဘက်လက်တွင် အနီနှင့် အဖြူစင်းများပါသော စက္ကူဖာကြီးတစ်ခုကို ကိုင်ထားသည်။ ထို့အပြင် မည်းနက်သော အရည်များပါဝင်သည့် ပလတ်စတစ်ဘူးကြီး တစ်ဘူးကိုလည်း သယ်ဆောင်လာသေး၏။
ရှောင်လျိုက ဘူးကို လှမ်းယူရန် အလျင်အမြန်ပြေးလာပြီး စက္ကူဖာကိုပါ လှမ်းကိုင်လိုက်သည်။
“ဒီမှာပါ ကပ္ပတိန်ယန်၊ ကျွန်တော်သယ်ပေးပါ့မယ်”
ယန်ကျောက်က ဘူးကြီးကို ရှောင်လျိုထံ ကမ်းပေးလိုက်သော်လည်း စက္ကူဖာကိုမူ ကားထဲသို့ သူကိုယ်တိုင်ထည့်လိုက်၏။
“ငါ ဖုန်းသွားဆက်လိုက်ဦးမယ်။ ပြီးရင် ငါ့အိမ်ကို တန်းသွားကြတာပေါ့”
ဆိုလိုသည်မှာ သူ ဗျူရိုသို့မသွားတော့ဟု အဓိပ္ပာယ်ရသည်။
ရှောင်လျိုက ဘူးကြီးကို ကြည့်လိုက်ရာ ကိုကာကိုလာဟု ရေးသားထားသည်ကို တွေ့လိုက်ရသည်။ ကိုကာကိုလာ ကြော်ငြာများကို သူ မြင်ဖူးသော်လည်း ဖန်ပုလင်း အသေးလေးများဖြင့်သာ အမြဲတွေ့ရလေ့ရှိ၏။
ဤမျှကြီးမားသော ပလတ်စဘူးကြီးမျိုး တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ အခြားပုလင်းများရှိ သတ္တုအဖုံးများနှင့်မတူဘဲ လက်ဖြင့်လှည့်ဖွင့်၍ ရနိုင်ပုံရသော အနီရောင် ပလတ်စတစ်အဖုံးလေး ပါရှိသည်။
‘မသောက်ဘဲနဲ့ အဖုံးလေးလှည့်ဖွင့်ပြီး အနံ့လေးရှူကြည့်ရုံလောက်ဆို ဘယ်သူမှ သိမှာမဟုတ်ပါဘူးလေ' ဟု သူ တွေးလိုက်မိသည်။
သို့သော် ဖောက်ခနဲ အသံနှင့်အတူ သူ ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် အတွင်းမှ ကိုလာများမှာ ချက်ချင်းပင် အမြှုပ်များထကာ အပြင်သို့ ပန်းထွက်လာတော့၏။
အမြှုပ်များက တပွက်ပွက်ထွက်လာပြီး မြေပြင်ပေါ်သို့ ဖိတ်ကျကုန်သည်။
‘နှမြောစရာကောင်းလိုက်တာ... ဒါ ကိုကာကိုလာနော်။ ပုလင်းအသေးလေး တစ်ပုလင်းကိုတောင် ပြား ၄၀ လောက် ပေးရတာကို'
ရှောင်လျို၏ ခေါင်းထဲတွင် ဗလာကျင်းသွားပြီး ပုလင်းဝကို သူ၏ပါးစပ်ဖြင့် တေ့ပိတ်လိုက်သည်။ ဂလု ဂလု ဂလု ဆိုသော အသံများနှင့်အတူ အမြှုပ်များက သူ့ပါးစပ်ထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာပြီး နှာခေါင်းထဲမှပင် ပြန်လျှံထွက်လာ၏။
ကံကောင်းထောက်မစွာဖြင့် ကိုလာအမြှုပ်ထွက်ခြင်း ရပ်တန့်သွားလေသည်။