← Chapters

အခန်း ၅၆

Vol. 6 Ch. 56

အခန်း ၅၆

Vol. 6 Ch. 56

အခန်း (၅၆)

ရှောင်လျို နောက်ဆုံးတော့ သက်ပြင်းချနိုင်သွားသည်။ သို့သော် သူ၏ ကျောဘက်တွင် တစ်ခုခု ထူးခြားနေသလို ခံစားလိုက်ရ၏။ နောက်သို့ လှည့်ကြည့်လိုက်သောအခါ မလှမ်းမကမ်းတွင် နောက်ပစ်လက်ဖြင့် မတ်တတ်ရပ်နေသော ယန်ကျောက်ကို တွေ့လိုက်ရသည်။

သူ၏ မျက်လုံးများသည် ရေပြင်ပမာ နက်ရှိုင်းအေးစက်နေပြီး ရှောင်လျိုကို စိုက်ကြည့်နေသည်။

“သွားကြစို့”

ယန်ကျောက်က ပြောလိုက်သည်။

သူ အိမ်သို့အမြန်ပြန်ချင်နေသည်မှာ ဟူရှောင်ဟွာ၏ကိစ္စကြောင့်ပင်။

ဥပဒေအရဆိုလျှင် ရဲစခန်း၌ ဟူရှောင်ဟွာကို သူကိုယ်တိုင် စစ်ကြောရေးလုပ်ရမည်ဖြစ်သည်။ သို့သော် ယနေ့တွင် ချန်မေ့လန်က ထိုအတွင်းခံဘောင်းဘီနှင့် တစ်ခုခုပြဿနာရှာလိမ့်မည်ဟု သူ့စိတ်ထဲတွင် ခံစားနေရ၏။

သူမ ပြဿနာရှာမည်ကို သူ မကြောက်ပေ။ သူကြောက်သည်မှာ သူမ တစ်ခုခုထိခိုက်နစ်နာသွားမည်ကိုပင်။

မည်သို့ပင်ဆိုစေကာမူ ယန်ရှီရှန်းက မထင်မှတ်လောက်အောင် ဉာဏ်နီဉာဏ်နက်များတတ်ပြီး ဟူရှောင်မေကလည်း အလွယ်တကူ အရှုံးပေးမည့်သူမျိုးမဟုတ်ပေ။

လမ်းတစ်လျှောက်လုံးတွင် ယာဉ်မောင်းရှောင်လျိုကို ကားမြန်မြန်မောင်းရန် သူ အဆက်မပြတ် သတိပေးနေခဲ့သည်။

ခရီးစဉ်တစ်လျှောက်လုံးတွင် ရှောင်လျိုမှာ ကိုလာကိစ္စကို မည်သို့ ဖြေရှင်းချက်ပေးရမည်နည်း ဟူ၍သာ စဉ်းစားနေခဲ့သော်လည်း သူ့အထက်လူကြီး၏ မျက်နှာအမူအရာမှာ အလွန်တည်ကြည်နေသဖြင့် ပါးစပ်ဟရန်ပင် မဝံ့မရဲ ဖြစ်နေခဲ့သည်။

ရွာထိပ်သို့ ရောက်သောအခါ သူ နောက်ဆုံးတော့ သတ္တိမွေးလိုက်နိုင်၏။ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ယန်ကျောက်က ပြောလိုက်သည်။

“ကားရပ်လိုက်”

ယန်ကျောက်က ပြတင်းပေါက်အပြင်ဘက်သို့ စိုက်ကြည့်နေပြီး သူ၏မျက်နှာအမူအရာမှာ ပို၍ပင် မည်းမှောင်သွားခဲ့သည်။

‘အဲဒီကိုလာတစ်ပုလင်းစာအတွက် ငါ ငွေပြန်လျော်ပေးလိုက်ရုံနဲ့ မရနိုင်ဘူးလား'

လမ်းဘေးတွင် နောက်ထပ်ကားတစ်စီး ရပ်ထားသည်။ တောက်ပသော အနီရောင် Xiali ကားတစ်စီးဖြစ်၏။ ဤခေတ်ကာလတွင် ရှီးဖျင်တစ်မြို့လုံး၌ အပေါ်လွင်ဆုံး အနီရောင်ပင်. ကားအတွင်းမှ နောက်ဆုံးပေါ် ပေါ့ပ်သီချင်းသံများ ဆူညံစွာ ထွက်ပေါ်နေသည်။

*ညီမလေးရေ၊ ရဲရဲဝံ့ဝံ့ ရှေ့ဆက်လျှောက်ပါ၊ ရှေ့ဆက်လျှောက်ပါ၊ နောက်ကို လှည့်မကြည့်နဲ့*

ဆံပင်ကောက်ကြီးများနှင့် ယန်ရှီရှန်းမှာ ရေပြာရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားဆဲပင်။ ဖေးရှန်လေးဟူသော သူ၏နာမည်ပြောင်နှင့် လိုက်ဖက်စွာပင် ကားကို မှီရပ်ထားရင်း စိုးရိမ်ပူပန်မှုများ လွှမ်းခြုံနေသော မျက်နှာဖြင့် စီးကရက်ဖွာနေသည်။

ဟူရှောင်မေမှာမူ အရောင်တောက်တောက် ပန်းပွင့်အဆင် ဘလောက်စ်အင်္ကျီနှင့် ခါးမြင့်စကတ်ကို ဝတ်ဆင်ထားပြီး ကောက်ထားသောဆံပင်များကို ဂျယ်လ်များ အထပ်ထပ်သုတ်လိမ်းထားသည်။

ဒေါက်မြင့်ဖိနပ်ဖြင့် ရွာထဲမှ ယိုင်တိယိုင်တိုင် ထွက်လာရာ သူမ၏ တင်ပါးများမှာ ဘေးတစ်ဖက်တစ်ချက်သို့ ယိမ်းနွဲ့နေ၏။

“မင်း အတွင်းခံကို ပြန်ရခဲ့လား”

ယန်ရှီရှန်းက ဟူရှောင်မေကို မေးလိုက်သည်။

ဟူရှောင်မေ၏ လက်တစ်ဖက်တွင် ယွမ် ၅၀၀၀ ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်တွင် ချန်မေ့လန်၏ စတော့ရှယ်ယာများနှင့် ရွှေထည်လက်ဝတ်ရတနာအချို့ကို ကိုင်ထားသည်။ ထိုအရာများကို ယန်ရှီရှန်းထံသို့ စိတ်ပျက်လက်ပျက်ဖြင့် ကမ်းပေးလိုက်၏။

“သူက ရှင့်ကိုပဲပေးမယ်တဲ့”

“မင်းကတော့ တကယ့်ကို သောက်ရမ်းတွေ ဇယားရှုပ်ကုန်အောင် လုပ်တာပဲကွာ”

ယန်ရှီရှန်းက စီးကရက်တိုကို မြေပြင်ပေါ်သို့ ဒေါသတကြီး ပစ်ချလိုက်သည်။

…………..

တကယ်တော့ ဤသည်က အတွင်းခံအဟောင်းတစ်ထည်မျှသာ ဖြစ်သည်။ ချန်မေ့လန်က ကျောက်မီးသွေးတွင်းထဲကို တကယ်ပစ်ချလိုက်လျှပင် ဘာများ ထူးခြားသွားမည်နည်း။

သို့သော် ယန်ရှီရှန်းသည် ကျောက်မီးသွေးတွင်းပိုင်ရှင်တစ်ဦးဖြစ်ပြီး မည်သည့်ခေတ်တွင်မဆို သတ္တုတွင်းလုပ်ငန်းသည် အယူသီးမှုများနှင့် အမြဲယှဉ်တွဲနေတတ်သည်မဟုတ်လော။

ဟူရှောင်မေတစ်ယောက် လက်ထဲတွင် ငွေထုပ်ပိုက်ကာ တောင်းပန်စကားဆိုရန် အိမ်ပေါက်ဝသို့ ရောက်လာသောအခါ ချန်မေ့လန်က အေးစက်စက်အပြုံးတစ်ခုဖြင့် တံခါးဝမှနေ၍ ဆီးကြိုလိုက်၏။

“ရှောင်မေ၊ နင်က ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းပါ၊ ငါ့ကုတင်ပေါ်ကို နင်အတွင်းခံလာပစ်ထားမယ်ဆိုတာ ငါမယုံဘူး၊ နောက်မနေပါနဲ့၊ ယန်ရှီရှန်း ပြည့်တန်ဆာမတွေနဲ့ ရှုပ်ရင်း ကျန်ခဲ့တာဖြစ်ရမယ်၊ ယန်ရှီရှန်းကို သူ့ဘာသာ လာရှင်းခိုင်းလိုက်”

ထိုစကားတစ်ခွန်းတည်းဖြင့်ပင် ဟူရှောင်မေ၏အဆင့်အတန်းကို ပြည့်တန်ဆာတစ်ဦး၏အောက်ခြေအထိ သူမက ဆွဲချပစ်လိုက်ခြင်းဖြစ်သည်။

သူတစ်ပါးအိမ်တံခါးဝအထိ လာရောက်တောင်းပန်ရသည့်ကိစ္စတွင် ငွေအနည်းငယ်မျှဖြင့် ပြီးပြတ်နိုင်မည်မဟုတ်ကြောင်း သေချာလှ၏။

ကံကောင်းထောက်မစွာဖြင့် သူမ၏ပိုက်ဆံအိတ်ထဲတွင် ယခုလေးတင် ကောက်ခံရရှိထားသော ငွေကြေးများပါလာပြီး စုစုပေါင်း ယွမ်သုံးထောင်တိတိ ရှိနေသည်။

ထိုငွေများကို ကံဆိုးမှုများ ဖယ်ရှားရန်အတွက် အသုံးပြုလိုက်ခြင်းက အကောင်းဆုံးဖြစ်ပေမည်။

ယန်ရှီရှန်းက အံတင်းတင်းကြိတ်လျက် ထိုငွေများအားလုံးကို သူ့အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်သည်။

ယန်ကျောက်သည် ယန်ရှီရှန်းထက် ခြေလှမ်းအနည်းငယ်စောကာ အိမ်သို့ရောက်လာခဲ့သည်။ တံခါးဝသို့ သူခြေချလိုက်သည်နှင့်တစ်ပြိုင်နက် သွားရည်ယိုစရာကောင်းလှသော KFC ကြက်ကြော်၏ အနံ့သင်းသင်းလေးက အပြင်ဘက်တွင် ကစားနေသော ရှောင်ဝမ်၏အာရုံကို ချက်ချင်းဖမ်းစားသွားတော့၏။

ရှောင်ဝမ်က ကြော်ထားသော ဆီနံ့သင်းသင်းလေးကို လောဘတကြီး ရှူရှိုက်ရင်း မေးလိုက်သည်။

“ဖေဖေ၊ အဲဒါက ဘာတွေလဲ”

ယန်ကျောက်က တိုတိုတုတ်တုတ်ပင် ပြန်ဖြေလာသည်။

“KFC လေ”

ရှောင်ဝမ်က ထပ်မေးပြန်၏။

“အဲဒါဘာလဲဟင်၊ စားလို့ရတဲ့ ကြက်သားလား”

ယန်ကျောက်က သားဖြစ်သူကို ငုံ့ကြည့်ကာ ပြန်ဖြေလိုက်သည်။

“အင်း၊ အဲလိုပြောရမှာပဲ”

ထို KFC စားသောက်ခွင့်လက်မှတ်သည် သူ့ဖခင်၏အလုပ်ဌာနမှ ထုတ်ပေးထားခြင်းဖြစ်ပြီး မိသားစုလိုက်စားသုံးနိုင်သော ကြက်ကြော်ပုံးကြီးဖြစ်သည်။

သူက ထိုအိတ်ကို ချန်မေ့လန်၏လက်ထဲသို့ ကမ်းပေးရင်း တိုတိုတုတ်တုတ်ပင် မေးလိုက်၏။

“ရှီရှန်း ဒီကိုရောက်နေတယ်၊ ကိုယ်ပဲ ရှင်းလိုက်ရမလား”

ချန်မေ့လန်က ယန်ကျောက်အား ခြံဝင်းထဲသို့ ညင်သာစွာတွန်းပို့ရင်း ပြောလိုက်သည်။

“မလိုပါဘူးရှင်၊ ရှင်အရမ်းပင်ပန်းနေလောက်ပြီ၊ သွားနားလိုက်ပါ၊ ကျွန်မဘာသာ ကြည့်ရှင်းလိုက်ပါ့မယ်”

သူမ၏အသံလေးက အလွန်နူးညံ့သိမ်မွေ့လွန်းလှသဖြင့် ယန်ကျောက်၏နားစည်လေးများပင် အရည်ပျော်ကျသွားမတတ် ခံစားလိုက်ရသည်။

အနောက်သို့ပြန်လှည့်ကြည့်လိုက်ရာ ယန်ရှီရှန်း အိမ်ထဲသို့ ဝင်ရန်ဟန်ပြင်နေသည်ကို တွေ့လိုက်ရသဖြင့် ချန်မေ့လန်က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။ ထိုအကြည့်ကြောင့် သူ ခြေတစ်လှမ်း ဆုတ်သွားသည်။

သူမက ထပ်မံစိုက်ကြည့်လိုက်သောအခါ သူနောက်ထပ်တစ်လှမ်း ထပ်ဆုတ်သွားရပြန်သည်။

ထိုအချိန်တွင် ကျောင်းတိလေးသည် ဘေးအိမ်မှပြန်လာကာ အိမ်ထဲသို့ဝင်ရန် ပြင်နေ၏။ တံခါးဝမှ အပြင်သို့ထွက်လိုက်စဉ် တမင်သက်သက်လား သို့မဟုတ် မတော်တဆလားမသိနိုင်သော်လည်း ယန်ရှီရှန်းက ကျောင်းတိလေး၏ လမ်းကိုပိတ်ရပ်လိုက်ပြီး ကလေးမလေးကို ပြုံးပြကာ မေးလိုက်သည်။

“ကျောင်းတိ၊ ဖေဖေ့ကို လွမ်းနေသေးလား”

ယခင်ကလည်း ယန်ရှီရှန်းသည် ယခုလိုပင် ပြုံးရွှင်နေတတ်ပြီး အရက်မူးကာ မျက်လုံးများရီဝေနေချိန်တွင် ကျောင်းတိလေး၏ နံရိုးများကို ကျိုးလုမတတ် ရိုက်နှက်ခဲ့ဖူးသည်။

သူ့မျက်နှာထားက ကလေးမလေးအတွက် အလွန်ဆိုးရွားလှသော အတိတ်အမှတ်တရများကို ပြန်လည်နိုးထလာစေခဲ့၏။

ဖခင်ဖြစ်သူ အရက်မူးပြီး ရမ်းကားခဲ့သည့်ည၊ သူမကို လက်ညှိုးထိုးကာ ငွေကုန်ကြေးကျများသည့် ဝန်ထုပ်ဝန်ပိုးလေးဟု ဆဲရေးတိုင်းထွာခဲ့သည့်ည၊

သားယောက်ျားလေးအဖြစ် မမွေးဖွားလာခဲ့၍ သူ့အတွက် အရှက်ရစေသည်ဟု ကျိန်ဆဲခဲ့သည့်ညများကို ပြန်လည်သတိရစေခဲ့သည်။

ကလေးမလေးသည် နေရာတွင်ပင် ကျောက်ရုပ်တစ်ရုပ်ပမာ ရပ်တန့်သွားပြီး မျက်နှာလေး ဖြူလျော့ကာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာတော့သည်။

ချန်မေ့လန်က အမြန်လှမ်းလာပြီး သမီးဖြစ်သူကို ပွေ့ချီကာ တိုးညင်းစွာ နှစ်သိမ့်လိုက်၏။

“မေမေက အပြင်ကလူနဲ့ ကွာရှင်းပြီးသွားပြီလေ၊ သူသမီးကို ထပ်ရိုက်ရဲမှာမဟုတ်တော့ဘူး၊ သမီးလေး မကြောက်ရဘူးနော်”

ကျောင်းတိလေးက ချန်မေ့လန်၏လည်ပင်းကို တင်းကျပ်စွာ ဖက်ထားရင်း မိခင်၏ရင်ခွင်ထဲသို့ မျက်နှာလေးအပ်ကာ ကြောက်ရွံ့တုန်လှုပ်နေသော အသံလေးဖြင့် မေးရှာသည်။

“မေမေ၊ သမီး သူ့ကို ဖေဖေလို့ ထပ်မခေါ်ဘဲ နေလို့ရမလားဟင်”

ချန်မေ့လန်က သမီးလေး၏ခေါင်းလေးကို ပွတ်သပ်ပေးရင်း ချစ်ခင်ယုယစွာ ပြန်ဖြေလိုက်၏။

“ရတာပေါ့ သမီးရယ်၊ သမီးခေါ်ချင်ရင် ခေါ်လို့ရသလို၊ မခေါ်ချင်ရင်လည်း မခေါ်ဘဲနေလို့ရတယ်၊ ကြီးလာရင်လည်း ဒီအတိုင်းပဲ၊ သမီး သူ့ကို အသိအမှတ်မပြုချင်ရင် မပြုဘဲနေလို့ရတယ်၊

သူက သမီးကို နာမည်ပေးခဲ့ပေမယ့် သမီးသဘောမကျဘူးဆိုရင် သမီးကြိုက်တဲ့ နာမည်တစ်ခုကို ကိုယ်တိုင်ရွေးလို့ရသလို မေမေကလည်း နာမည်အသစ်ပေးလို့ရတယ်၊ သမီးဆန္ဒရှိတဲ့အတိုင်း အကုန်လုပ်လို့ရတယ်”

ကျောင်းတိလေးသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ခြံဝင်းထဲမှ ယန်ကျောက်ကို ရုတ်တရက် လက်ညှိုးထိုးပြကာ ရဲတင်းစွာ ပြောလိုက်သည်။

“သမီးရဲ့ ဖေဖေအသစ်ကို နာမည်အသစ်ပေးခိုင်းချင်တယ်”

ချန်မေ့လန်က အံ့ဩတကြီးဖြင့် တုံ့ပြန်လိုက်မိ၏။

“အရူးမလေးရဲ့၊ မေမေက နာမည်ပေးရင် ပိုမကောင်းဘူးလား၊ မေမေက ရှင်းရှင်း၊ ချန်ချန်၊ ရွှမ်ရွှမ် ဆိုတဲ့ ချစ်စရာနာမည်လှလှလေးတွေ အများကြီး စဉ်းစားထားတယ်လေ၊ ဘေးအိမ်က နင်လေးလို ချစ်စရာကောင်းတဲ့ နာမည်မျိုးပေါ့၊ ဘယ်လိုလဲ”

မထင်မှတ်ထားဘဲ ကျောင်းတိလေးက နှုတ်ခမ်းလေးစူကာ ငြင်းဆန်လာသည်။

“အဲဒီလိုနာမည်တွေ မလိုချင်ပါဘူး၊ မလှဘူး၊ သမီးရဲ့ ဖေဖေသစ်က ဒီထက်ပိုလှတဲ့နာမည်တစ်ခု သေချာပေါက်ပေးမှာပါ”

မိခင်ဖြစ်သူက အနည်းငယ် တွေးဝေသွားပြီး ပြန်မေးလိုက်မိ၏။

“မေမေ အခုပဲ သူ့ကို သွားမေးပေးရမလား”

သူမအနေဖြင့် ယန်ကျောက်အား သမီးဖြစ်သူအတွက် နာမည်အသစ်တစ်ခု ပေးခိုင်းရတော့မည်ဖြစ်သည်။

ကျောင်းတိလေးက ယန်ကျောက်အားကြည့်ကာ သတ္တိမွေးရင်း စိတ်ပိုင်းဖြတ်ထားသည့်ဟန်ဖြင့် ပြတ်သားစွာ ပြောလိုက်သည်။

“သမီးဘာသာပဲ သွားမေးလိုက်မယ်၊ အဲဒါ သမီးရဲ့ ဖေဖေအသစ်ပဲ”

ယန်ကျောက် ယူဆောင်လာခဲ့သော KFC မိသားစုကြက်ကြော်ပုံးကြီးမှာ အလွန်ကြီးမားလှသည်။ ထိုအထဲတွင် ကြက်ကြော်တုံးသေးလေးများ၊ ပြောင်းဖူးပြုတ်များနှင့် အရွယ်အစားကြီးမားသော ကြက်ကြော်တုံးကြီးများ အပြည့်အမောက် ပါဝင်နေ၏။

မိသားစုကြက်ကြော်ပုံးကြီးတွင် ကိုကာကိုလာ ဘူးကြီးတစ်ဘူး ပါဝင်မည်ဖြစ်ကြောင်းကို ချန်မေ့လန် မှတ်မိနေသည်။

လမ်းခုလတ်တွင် ယန်ကျောက် ကိုကာကိုလာသောက်လာခဲ့ခြင်းဖြစ်မည်ဟု သူမ ခန့်မှန်းလိုက်မိသည်။

All Chapters