← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

အခန်း (၅၈)

ခြံဝင်းထဲတွင် လူငယ်လေးနှစ်ယောက်နှင့် လူကြီးတစ်ယောက်ဖြစ်သော အမျိုးသားသုံးဦးလုံးက သူမကို ငေးမောကြည့်ရှုနေကြ၏။

အတွင်းခံတောင်းရန် ရောက်ရှိနေသော ယန်ရှီရှန်းပင်လျှင် မှင်သက်သွားခဲ့ရသည်။

ကျစ်ဆံမြီးလေးနှစ်ဖက် ယိမ်းထိုးလျက် တင်ပါးလုံးလုံးလေးကို လှုပ်ရမ်းကာ ထီးလေးတစ်လက်ပမာ ဖြူလွှလွှဂါဝန်လေးကို ဝတ်ဆင်ထားသော ကပြနေသည့် ကလေးမလေးသည် ဘေးမှ ယန်ကျောက်၏ သားနှစ်ယောက်ထက် များစွာ ပို၍ချစ်စရာကောင်းနေခဲ့သည်။

ထူးဆန်းလှသည်။ ကျောင်းတိလေးသည် သူနှင့် နေ့စဉ်အချိန်ကုန်ဆုံးခဲ့ဖူးသော်လည်း ယန်ရှီရှန်းသည် ယနေ့ကဲ့သို့ သူမကို ချစ်စရာကောင်းသည်ဟု တစ်ခါမျှမထင်ခဲ့ဖူးပေ။

သူသည် ငယ်စဉ်ကတည်းက အခြားသူများ အထင်သေးခံရသော လူဆိုးလူမိုက်တစ်ဦးဖြစ်ခဲ့သည်။

မိသားစုစီမံကိန်းမူဝါဒများအရ သားယောက်ျားလေးတစ်ဦးရရှိခြင်းသည် အမျိုးသားတစ်ဦးအတွက် မိမိဘဝကို ပြောင်းလဲနိုင်သည့် အခွင့်အရေးကောင်းတစ်ခုဖြစ်၏။

သို့သော် သူ၏ပထမဆုံးရင်သွေးမှာ သမီးမိန်းကလေးဖြစ်နေသဖြင့် သူရှက်ရွံ့မိကာ ကျောင်းတိလေးကို ဒုတိယအကြိမ် ပြန်လည်ကြည့်ရှုရန်ပင် ဝန်လေးခဲ့သည်။

ကပြအပြီးတွင် သူမက ခေါင်းလေးမော့ကာ မျှော်လင့်ချက်အပြည့်ပါသော မျက်နှာလေးဖြင့် ယန်ကျောက်အား မေးလိုက်သည်။

“သမီး ဒီနေ့မှ သင်ထားတာ၊ သမီးသီချင်းဆိုတာ ကောင်းလားဟင်”

ယန်ရှီရှန်း ထပ်မံ၍ မှင်သက်သွားရပြန်သည်။ ကြောင်ကိုရှောင်သော ကြွက်တစ်ကောင်ပမာ သူ့ကို အမြဲရှောင်ဖယ်တတ်သည့် ဤကလေးမလေးသည် ယန်ကျောက်နှင့် မည်သို့လုပ်၍ ဤမျှရင်းနှီးနေရသနည်း။

သို့သော် ယန်ကျောက်၏ ကိုယ်ရည်ကိုယ်သွေးအရ သူသည် ကလေးမလေးတစ်ယောက်ကို စကားပြန်ပြောရန်ပင် စိတ်ဝင်စားမည်လော။

ယန်ရှီရှန်းက ထိုသို့မထင်သဖြင့် စိတ်ဝင်တစားဖြင့် ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်သည်။ ဖခင်သစ်၏ လျစ်လျူရှုမှုကို ခံရမည့် ကျောင်းတိလေး၏ အဖြစ်ကို သူကြည့်ချင်နေမိ၏။

သို့သော် ယန်ကျောက်က လက်ခုပ်နှစ်ချက်တီးကာ မထင်မှတ်ဘဲ ချီးကျူးလိုက်သည်။

“အရမ်းကောင်းတယ်”

ထို့‌နောက် သူ ဘာမှမစားရသေးသဖြင့် ချက်ပြုတ်ရန် မီးဖိုချောင်သို့ လှည့်ဝင်သွားခဲ့သည်။

ယန်ကျောက်သည် ဤသို့သော လူစားမျိုးမဟုတ်ကြောင်း ယန်ရှီရှန်း ကောင်းစွာမှတ်မိနေသည်။ မြည်းတစ်ကောင်ပမာ ခေါင်းမာတတ်သောသူက ကလေးမလေးတစ်ယောက်ကို မည်သို့လုပ်၍ ဤမျှတည်ငြိမ်စွာ စကားပြောနိုင်မည်နည်း။

အနောက်သို့ ပြန်ကြည့်လိုက်ရာ ကျောင်းတိလေးကိုကြည့်နေသော ချန်မေ့လန်၏မျက်လုံးများထဲတွင် ဂုဏ်ယူမှုများ အပြည့်အဝရှိနေပြီး သူမ၏မျက်နှာထက်တွင် ပျော်ရွှင်မှုများက အတိုင်းသား လင်းလက်နေသည်ကို မြင်တွေ့လိုက်ရ၏။

အမျိုးသားအချင်းချင်း နားလည်မှုဖြင့် သူကဆက်လက်၍ ဆုံးမဟန်ဖြင့် ပြောလိုက်သည်။

“မေ့လန်၊ အဲဒီတုန်းက မင်းအပေါ် ငါအမှားလုပ်ခဲ့မိတာ မှန်ပေမယ့် မင်းကိုယ်မင်းလည်း ပြန်သုံးသပ်သင့်တယ်၊ မင်းရဲ့ အဲဒီဆိုးသွမ်းတဲ့ ဒေါသအထာတွေနဲ့ဆိုရင်”

ချန်မေ့လန်က အိမ်ထဲသို့လှည့်ဝင်ရင်း ကြမ်းတမ်းစွာ နှင်ထုတ်လိုက်သည်။

“ထွက်သွား၊ ဝေးဝေးသာ သွားစမ်းပါ”

ယန်ရှီရှန်းက အနောက်မှ အော်ပြောလိုက်ပြန်၏။

“ယန်ကျောက်က အာဏာနည်းနည်းလေးပဲ ရှိတာ၊ သူ့မှာ ပိုက်ဆံရှိလို့လား၊ ပြီးတော့ အခု သူဟန်ဆောင်နေတာသက်သက်ပဲ”

သူသည် ယန်ကျောက်ကြားသွားမည်ကို အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိပေ။

ကျင်းတုန်းလမ်း ရဲစခန်းသည် အလုပ်လုပ်ရန်လွယ်ကူသောနေရာတစ်ခု မဟုတ်ပေ။ ရဲမှူးများမှာ ရေစီးကြောင်းပမာ လာလိုက်သွားလိုက်ဖြင့် မည်သူမျှ ကြာရှည်မခံခဲ့ကြချေ။

ယန်ကျောက်အနေဖြင့် သူ့ရာထူးတွင် ပိုမိုကြာရှည်စွာ နေနိုင်မည်ဆိုလျှင်ပင် သူ၏တရားဝင်အလုပ်ဖြင့် တစ်နှစ်တာ ဝင်ငွေသည် လေအေးပေးစက်တစ်လုံးဝယ်ရန်ပင် လုံလောက်မည်မဟုတ်ပေ။

အလွန် သနားစရာကောင်းလှသည်။

‘ဟူရှောင်မေရဲ့ အတွင်းခံကိစ္စ ကျန်သေးတာပဲဟ၊ သူမက ငါ့ကို အခုအထိ ပြန်မပေးသေးဘူး’

ယန်ရှီရှန်း မမေးမြန်းခင်မှာပင် ချန်မေ့လန် ပြန်လည်ရောက်ရှိလာပြီး ပြတ်သားစွာ သတိပေးလိုက်သည်။

“ရှောင်မေရဲ့ အတွင်းခံကိစ္စ၊ အဲဒါကို ကျောက်မီးသွေးတွင်းထဲ ငါမပစ်ချဘူးလို့ပဲ ကတိပေးနိုင်မယ်၊ ဒါပေမဲ့ နင်အဲဒါကို ယူသွားချင်တယ်ဆိုရင်တော့ ယန်ကွမ်ရွာ အပြင်ဘက်ရောက်တဲ့အထိ နင့်ခေါင်းပေါ်မှာစွပ်ပြီး လမ်းလျှောက်သွားဖို့ပဲ ရှိမယ်၊ မဟုတ်ရင်တော့ ယူဖို့မစဉ်းစားနဲ့”

ထိုစကားကိုကြားသောအခါ ယန်ရှီရှန်း ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။

“မေ့လန်၊ မင်း ဒီလောက်တောင် ယုတ်မာဖို့လိုလို့လား၊ ဟုတ်ပြီ၊ မင်းက ရဲစစ်ဆေးရေးမှူးတစ်ယောက်နဲ့ လက်ထပ်လိုက်တယ်ပဲထား၊ ဒါပေမဲ့ ကျောင်းတိလေးရဲ့ အနာဂတ်ပညာရေးကရော ဘယ်လိုလုပ်မလဲ၊

သူ့ကို ကျောင်းကောင်းကောင်း မတက်စေချင်ဘူးလား၊ ကျောင်းကောင်းကောင်းကို ပြောင်းချင်ရင် ပြောင်းရွှေ့ကြေးက အနည်းဆုံး ယွမ် ၅၀၀၀ ရှိတယ်၊ အဲဒီအတွက် မင်း ငါ့ဆီကို လာတောင်းမှာလား”

ချန်မေ့လန်က ခြံတံခါးကို ဆောင့်ပိတ်လိုက်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ထွက်သွားစမ်း”

ယန်ရှီရှန်းက တံခါးကို ခြေထောက်ဖြင့်ကန်ကာ အထဲသို့ဝင်ရန် ဟန်ပြင်လိုက်စဉ် မော့ကြည့်လိုက်ရာ သူ့ရှေ့တွင် မည်းမှောင်နေသော အရိပ်တစ်ခုကို တွေ့လိုက်ရသည်။

အစိမ်းရောင်ရှပ်အင်္ကျီ၊ ယူနီဖောင်းဘောင်းဘီ၊ မည်းနက်သော မျက်နှာထား၊ အေးစက်သော မျက်လုံးများဖြင့် ယန်ကျောက်သည် တံခါးဝတွင်ရပ်ကာ သူ့အား အေးစက်စွာ စိုက်ကြည့်နေခဲ့၏။

ယန်ရှီရှန်း၏ အမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွားပြီး ခါးကိုင်းကာ ရိုကျိုးစွာ နှုတ်ဆက်လိုက်သည်။

“ဗိုလ်ကြီးယန်၊ ဆေးလိပ်သောက်မလား”

ယန်ကျောက်က လက်လှမ်းကာ ယန်ရှီရှန်း၏ပခုံးကို ပုတ်လိုက်လေသည်။ သူတို့နှစ်ဦးသည် အရပ်အမောင်း ခပ်ဆင်ဆင်ရှိပြီး သူတို့၏မျက်နှာများကို ကြည့်လိုက်ပါက ယန်ရှီရှန်းသည် ယန်ကျောက်ထက် များစွာပို၍ ကြည့်ကောင်းသူဖြစ်၏။

ငယ်စဉ်က လူအများပြောသလို ယန်ရှီရှန်းက ရန်ပွဲများတွင် အမြဲရှုံးနိမ့်ခဲ့သည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ယန်ရှီရှန်းသည် ယန်ကျောက်ထက် ငါးနှစ်ပိုကြီးသဖြင့် သူတို့နှစ်ဦး ရန်ဖြစ်ကြသောအခါ အနိုင်အရှုံးမှာ ခပ်ဆင်ဆင်သာ ရှိခဲ့သည်။

သို့သော် နှစ်ပေါင်းများစွာ အရက်သောက်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းများက ယန်ရှီရှန်း၏ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေခဲ့ပြီဖြစ်သည်။

သူသည် အစွမ်းကုန်ရုန်းကန်ရန် ကြိုးစားခဲ့သော်လည်း ယန်ကျောက်၏ လက်ဝါးကြီးက သူ့ပခုံးပေါ်သို့ ကျရောက်လာသောအခါ သူယိမ်းယိုင်သွားခဲ့ရ၏။

ယန်ကျောက်က အေးစက်စက်လေသံဖြင့် အမိန့်ပေးလိုက်သည်။

“မနက်ဖြန်မနက် ငါတို့ လက်ထပ်စာချုပ်သွားလုပ်မလို့၊ နေ့လယ်ကျရင် မင်း ရဲစခန်းကိုလာခဲ့၊ အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ကြတာပေါ့”

ယန်ရှီရှန်းက အကြိမ်ကြိမ်ခေါင်းညိတ်ကာ သဘောတူလိုက်ရသည်။

“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ရပါတယ်”

ထိုအိမ်ကို သူ တကယ်ပဲ မေ့လန်ဆီ လွှဲပြောင်းပေးရတော့မည်လော။

အိမ်ထဲရှိ ကလေးများထဲတွင် ရှောင်ဝမ်သည် အကြီးဆုံးနှင့် ဉာဏ်အရှိဆုံးဖြစ်သည်။ ကလေးငယ်များသည် မိဘများ၏ကိစ္စကို နားမလည်ကြသော်လည်း ရှောင်ဝမ်ကမူ အရာအားလုံးကို ကြားသိခဲ့ရ၏။

ချန်မေ့လန်က ယန်ရှီရှန်းအား ဟူရှောင်မေ၏အတွင်းခံကိုစွပ်ကာ ယန်ကွမ်ရွာအပြင်ဘက်သို့ လမ်းလျှောက်သွားရန် ပြောဆိုခဲ့သည်ကိုပင် သူ စကားလုံးတစ်လုံးမကျန် ကြားခဲ့ရသည်။

သို့သော် အမှန်တကယ်တွင် ချန်မေ့လန်က ထိုအနီရောင်အတွင်းခံကို အမှိုက်ပုံးထဲသို့ထည့်ကာ လွှင့်ပစ်ရန် အသင့်ပြင်ထားခဲ့ပြီးဖြစ်သည်။

ချန်မေ့လန် အဘယ်ကြောင့် ဤသို့ပြုလုပ်ရသည်ကို သူ အလွန်သိချင်နေခဲ့သော်လည်း ဖခင်ဖြစ်သူကို မေးမြန်းရန်မူ ရှက်ရွံ့နေခဲ့၏။

ချန်မေ့လန် အမှိုက်ပစ်ရန် အပြင်သို့ထွက်လာချိန်တွင် သူက သူမအနောက်မှ လိုက်လာကာ သတ္တိမွေး၍ မေးမြန်းလိုက်သည်။

“အန်တီ၊ ကျောင်းတိရဲ့ဖေဖေကို အတွင်းခံစွပ်ပြီး ရွာပြင်လမ်းလျှောက်ထွက်ခိုင်းမယ်လို့ အန်တီပြောတာသားကြားတယ်၊

ဒါပေမဲ့ အခု အန်တီက အဲဒီအတွင်းခံကို လွှင့်ပစ်နေတယ်၊ တကယ်လို့ အန်တီသာ အဲဒါကို အမှိုက်ပုံထဲ ဒီအတိုင်းလွှင့်ပစ်လိုက်ရင် သူတို့ ပြန်ရှာတွေ့သွားမှာပေါ့”

ဖခင်ဖြစ်သူပင် သူမ ဘာလုပ်နေသည်ကို သိချင်စိတ်မရှိဘဲ ဤကလေးလေးက အဘယ်ကြောင့် ဤမျှ စပ်စုနေရသနည်း။

ချန်မေ့လန်က သူ့အား ပြန်လည်မေးခွန်းထုတ်လိုက်သည်။

“ဒါက ညစ်ပတ်နေတာလေ၊ ဘာလို့မလွှင့်ပစ်ရမှာလဲ”

ရှောင်ဝမ်က လူကြီးတစ်ယောက်ပမာ တွေးဆကာ ရှင်းပြလိုက်၏။

“ကျောင်းတိရဲ့ ဖေဖေက လူဆိုးကြီး၊ ကျွန်တော်တို့က အဲဒီအတွင်းခံကို သိမ်းထားပြီး သူ့ကို ခြိမ်းခြောက်သင့်တာပေါ့၊ မဟုတ်ရင် သူက အိမ်ကိုပေးမှာမဟုတ်ဘူး”

ချန်မေ့လန်က ရုတ်တရက် လှည့်ကြည့်ကာ ပြုံး၍တောင်းဆိုလိုက်သည်။

“အန်တီ့ကို မေမေလို့ခေါ်လေ၊ ဒါဆိုရင် ဘာလို့လဲဆိုတာ အန်တီပြောပြမယ်”

ရှောင်ဝမ်က ချက်ချင်းပင် လှည့်ကာ လျှပ်တစ်ပြက် ပြေးထွက်သွားတော့သည်။

ဤအရာသည် အမှိုက်နှင့်တူသော အတွင်းခံတစ်ထည်သာဖြစ်၏။ အိမ်ထဲတွင် ထားရှိခဲ့သည်မှာ လုံလောက်စွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ ယခုအချိန်သည် ၎င်းကို လွှင့်ပစ်ရမည့်အချိန်ပင်။

မည်သို့ပင်ဆိုစေ သူမသည် ဤအရာကို ယန်ရှီရှန်းနှင့် ဟူရှောင်မေတို့ကြား သွေးကွဲစေရန်သာ အသုံးပြုခဲ့ခြင်းဖြစ်သည်။

အကယ်၍ သူမသာ ၎င်းကို ကျောက်မီးသွေးတွင်းထဲသို့ တကယ်ပစ်ချလိုက်ပြီး ရေဝင်ပြိုကျကာ လူများသေဆုံးခဲ့ရလျှင် ၎င်းသည် ချန်မေ့လန်၏အပြစ်သာ ဖြစ်ပေလိမ့်မည်။

သူမ၏ခန့်မှန်းချက်သာ မှန်ကန်ပါက ယနေ့ ဤအတွင်းခံကြောင့် ဟူရှောင်မေနှင့် ယန်ရှီရှန်းတို့ကြားရှိ အက်ကြောင်းသည် ပိုမိုကြီးမားလာတော့ပေလိမ့်မည်။

စောစောက ယန်ရှီရှန်းရောက်လာချိန်တွင် ဟူရှောင်မေကလည်း အနောက်မှ တိတ်တဆိတ် လိုက်ပါလာခဲ့သည်။

ကျောက်မီးသွေးတွင်းသည် ယန်ရှီရှန်းပိုင်ဆိုင်သော်လည်း ရရှိလာသောငွေများကို ခံစားနေသူမှာ ဟူရှောင်မေပင်ဖြစ်သည်။

ထို့ကြောင့် အတွင်းခံကို ပြန်မရခြင်းက ဟူရှောင်မေကို ပို၍ ဒေါသထွက်စေခဲ့၏။

ထို့ပြင် သူမသည် ယန်ရှီရှန်းထက်ပင် ချန်မေ့လန်ကို ပိုမိုမုန်းတီးနေခဲ့သည်။

သူမ ကားထဲသို့ ပြန်ရောက်ရောက်ချင်းမှာပင် ခေါင်းငိုက်စိုက်ကျလျက်လျှောက်လာသော ယန်ရှီရှန်းကို မြင်လိုက်ရသည်။ ထို့ကြောင့် သူမက ချက်ချင်းပင် အကြံပေးလိုက်၏။

“အစ်ကိုရှန်း၊ ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ၊ အစ်ကို လူနည်းနည်းလောက်ခေါ်ပြီး ညကျရင် အဲဒီအတွင်းခံကို ခိုးခိုင်းလိုက်လေ”

ယန်ရှီရှန်းက မည်သို့မျှ တုံ့ပြန်ခြင်းမရှိသည်ကို မြင်သောအခါ သူမက ဆက်လက်၍ ဆိုးယုတ်သောအကြံကို ပေးလိုက်ပြန်သည်။

“ဒါမှမဟုတ် အစ်ကို လူနည်းနည်းလောက်ခေါ်ပြီး ကျောင်းတိကို ပြန်ပေးဆွဲလိုက်လေ၊ ပြီးတော့ မေ့လန်ကို အဲဒီအတွင်းခံပြန်ပေးဖို့ အတင်းအကျပ် တောင်းဆိုခိုင်းလိုက်ရင်ရော”

All Chapters