အခန်း ၅၉
Vol. 6 Ch. 59
အခန်း (၅၉)
ယန်ရှီရှန်းက နောက်သို့လှည့်ကာ ဟူရှောင်မေကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။
ဟူရှောင်မေက အေးအေးဆေးဆေးပင် ဆက်ပြောလိုက်သည်။
“အဲဒါ အစ်ကို့ရဲ့သမီးပဲလေ၊ ကျွန်မတို့ သူ့ကို ပြန်ပေးဆွဲပြီး ရဲတွေဖမ်းမိသွားရင်တောင် အစ်ကိုက သမီးကိုလွမ်းလို့ ကိုယ်တိုင်ပြန်ခေါ်မွေးတာလို့ အကြောင်းပြလို့ရတာပဲ၊ အဲဒါဘာမှားနေလို့လဲ”
အဆိုတော် ဖေးရှန်နှင့် ခပ်ဆင်ဆင်တူသော ယန်ရှီရှန်း၏ မျက်နှာသည် ချက်ချင်းပင် ရှုံ့မဲ့သွားတော့၏။
ကားထဲတွင်မူ ‘အစ်မရေ ရဲရဲဝံ့ဝံ့ ရှေ့ဆက်လှမ်းပါ’ ဟူသော သီချင်းသံက ပျံ့လွင့်နေဆဲဖြစ်သည်။
‘ရှေ့ဆက်လှမ်းပါ၊ ကောင်းကင်ဘုံသို့သွားရာလမ်းက ကိုးထောင့်ကိုးရာကိုးဆယ့်ကိုး ပါတဲ့'
ယခုအချိန်တွင် နိုင်ငံတော်သည် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်းသို့ ဝင်ရောက်နေပြီဖြစ်ရာ လူ့အဖွဲ့အစည်းအတွင်း အရှုပ်ထွေးဆုံးကာလလည်း ဖြစ်နေခဲ့သည်။
ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်း၊ နောက်ကျောမှ ဓားနဲ့ထိုးခြင်း စသည့်ကိစ္စရပ်များ မကြာခဏ ဖြစ်ပွားလေ့ရှိ၏။
ထို့အပြင် လုံခြုံရေးကင်မရာများ မရှိသည့်အပြင် အထူးသဖြင့် လမ်းမီးများပင် မရှိသေးသော မြို့ပြနှင့် ကျေးလက်နယ်စပ်ဒေသများတွင် လူမှုလုံခြုံရေး အခြေအနေမှာ အလွန်ဆိုးရွားရှုပ်ထွေးလှသည်။
သို့သော် ယန်ရှီရှန်းသည် ဉာဏ်ရည်ထက်မြက်သူတစ်ဦးဖြစ်သည်။ သူသည် ဥပဒေကို ချိုးဖောက်ရဲသော်လည်း ပြစ်မှုများကိုမူ ကျူးလွန်ရဲခြင်းမရှိပေ။
အဘယ်ကြောင့်ဆိုသော် ပြစ်မှုကျူးလွန်ခြင်းက ထောင်ဒဏ်ကျခံရမည်ဖြစ်ပြီး ဥပဒေချိုးဖောက်ခြင်းက ငွေဒဏ်အချို့ပေးဆောင်ကာ ပြစ်ဒဏ်ခံယူရုံဖြင့် ပြီးပြတ်နိုင်သောကြောင့်ဖြစ်သည်။
ထို့ပြင် သူသည် ဟူရှောင်မေကို ပွင့်လင်းမြင်သာသော ချန်မေ့လန်နှင့် လုံးဝကွဲပြားခြားနားသည့် နူးညံ့သိမ်မွေ့ပြီး နားလည်မှုရှိသော ပန်းလေးတစ်ပွင့်ဟု အမြဲထင်မှတ်ထားခဲ့၏။
သို့သော် ပွင့်လင်းမြင်သာသော ချန်မေ့လန်ကမူ လူတစ်ဦးအား အငြိုးအာဃာတ အနည်းငယ်ရှိရုံမျှဖြင့် ပြန်ပေးဆွဲခြင်းနှင့် ငွေညှစ်ခြင်းများ ပြုလုပ်ရန် လုံးဝစဉ်းစားမည်မဟုတ်ပေ။
သူ၏ နားလည်မှုရှိသော၊ နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းသော ပန်းဖြူလေးသည် ယခုအခါ ယန်ရှီရှန်း၏နှလုံးသားကို အေးခဲသွားစေနိုင်မည့်စကားများ ဆိုနေခဲ့ပြီဖြစ်သည်။
ကျောင်းတိလေးသည် သူ၏သမီးအရင်းဖြစ်၏။
မှန်ပေသည်။ ယန်ရှီရှန်းသည် သူမအား သားယောက်ျားလေး မဟုတ်သည့်အတွက် နာကြည်းခဲ့သော်လည်း သူ၏သမီးလေးကို သူ ချစ်လေသည်။
သူသည် ဟူရှောင်မေ၏ အမှိုက်လောက်တောင်တန်ဖိုးမရှိသော အတွင်းခံအတွက် သူ့သမီးအရင်းကို ပြန်ပေးဆွဲမည့် နှလုံးသားမရှိသော တိရစ္ဆာန်တစ်ကောင်မဟုတ်ပေ။
ဤနူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သော ပန်းဖြူလေးသည် ယခုအခါ သူ့အား ရာဇဝတ်မှုကျူးလွန်ရန် တစ်ဆင့်ပြီးတစ်ဆင့် မြှူဆွယ်နေပြီလော။
ယန်ရှီရှန်းက ဟူရှောင်မေအား မေးလိုက်သည်။
“ဒါပေမဲ့ အခု မင်းအစ်ကိုက ထောင်ထဲရောက်နေပြီ၊ လူတစ်ယောက်ကို ပြန်ပေးဆွဲဖို့ လိုနေတယ်၊ လူအင်အားကလည်း မလုံလောက်ဘူး၊ ငါတို့ ဘယ်လိုလုပ်ကြမလဲ”
သူ့လက်အောက်တွင် ကျောက်မီးသွေးတွင်း အလုပ်သမားတစ်စုရှိသော်လည်း ဟူရှောင်ဟွာမှလွဲ၍ ကျန်သူများမှာ ရန်ဖြစ်ခြင်းနှင့် နယ်မြေသတ်မှတ်လုယူခြင်းများတွင်သာ ကူညီတတ်ကြ၏။
သူတို့သည် အလွန်အမင်း အစွန်းရောက်သည့် ကိစ္စမျိုးကိုမူ ပြုလုပ်ကြမည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေ လူတိုင်းတွင် ကိုယ်ပိုင်မိသားစုများရှိကြရာ လူတိုင်းက အကြမ်းဖက်မှုများတွင် ဝင်ရောက်ပတ်သက်ရန် ဆန္ဒရှိကြသည်တော့မဟုတ်ချေ။
ဟူရှောင်မေက အကြံပေးလိုက်သည်။
“ကူညီပေးနိုင်မယ့်သူတစ်ယောက်ကို ကျွန်မ သိတယ်၊ ဒါပေမဲ့ ပိုက်ဆံတော့ကုန်လိမ့်မယ်”
ယန်ရှီရှန်းက မျက်မှောင်ကြုတ်လျက် ပြန်မေးလိုက်သည်။
“ဘယ်လောက်လဲ၊ ပြောစမ်းပါဦး”
ဟူရှောင်မေက ခဏတာ စဉ်းစားပြီးနောက် သူမ၏ ကိုယ်ကျိုးရှာလိုသော ရည်မှန်းချက်များကို ဖုံးကွယ်မထားဘဲ ပြန်ဖြေလာ၏။
“ကျွန်မ အရင်က သင်ဖူးတဲ့ ကျောင်းသားတစ်ယောက်ရှိတယ်၊ သူ့အမေက ကင်ဆာရောဂါတစ်ခုခု ခံစားနေရတာ၊ အကယ်၍ သူ့ကို ယွမ်လေးငါးထောင်လောက် ပေးလိုက်ရင် လူတစ်ယောက်ကို ပြန်ပေးဆွဲဖို့ သူ ကူညီပေးလိမ့်မယ်”
ယန်ရှီရှန်းက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
“ယန်ကျောက်က သာမန်လူမဟုတ်ဘူးနော်၊ ဗီယက်နမ်တွေကိုတောင် သတ်ခဲ့ဖူးတဲ့သူ၊ သူက ပြစ်မှုကျူးလွန်တဲ့သူကို သေချာပေါက်ဖမ်းမိမှာပဲ၊ အဲဒီကောင်လေးက ထောင်ကျခံရမှာကို သဘောတူပါ့မလား”
ဟူရှောင်မေက အေးစက်စက်ပြုံးလိုက်၏။
“အဲဒီကောင်လေးက အသက် ဆယ့်ငါး၊ ဆယ့်ခြောက်နှစ်ပဲ ရှိသေးတာလေ၊ ရာဇဝတ်မှုအတွက် တာဝန်ယူရမယ့်အရွယ်တောင် မရောက်သေးဘူး၊ အစ်ကိုက ဘာကိုကြောက်နေရတာလဲ”
ဟူရှောင်မေသည် အသက်တစ်ဆယ့်ရှစ်နှစ်အရွယ်တွင် ဆရာမဖြစ်လာခဲ့ပြီး ယခုအခါ အသက်နှစ်ဆယ့်ငါးနှစ်ရှိပြီဖြစ်သည်။
သူမ၏ ပထမဆုံးကျောင်းသားအသုတ်သည် ယခုအခါ အသက်ဆယ့်ငါး၊ ဆယ့်ခြောက်နှစ်ဝန်းကျင်သို့ အမှန်တကယ်ပင် ရောက်ရှိနေပြီဖြစ်၏။ ဆရာမဖြစ်သူအား ဤကဲ့သို့သော ကိစ္စရပ်များတွင် ကူညီပေးနိုင်မည့် အရွယ်ရောက်နေပြီဖြစ်သည်။
ဆရာ၊ ဆရာမများအကြောင်း ပြောရလျှင် ယန်ရှီရှန်းသည် အမြဲတမ်း ကျေးဇူးတင်တတ်သူဖြစ်သည်။ သူသည် ကျောင်းသို့ တရားဝင် မတက်ခဲ့ရဖူးသော်လည်း စာဖတ်တတ်၏။
သူသိသော စာလုံးများအားလုံးကို ဟွမ်ကျန်းတက သူ့အား သင်ကြားပေးခဲ့ခြင်းဖြစ်သည်။
ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်းက သူသည် မြေရှင်၏သားအဖြစ် သတ်မှတ်ခံရပြီး ကျောင်းတက်ခွင့်မရခဲ့ပေ။ ညတိုင်း ဟွမ်ကျန်းတက သူ့အား ရုံးခန်းထဲသို့ ခေါ်လေ့ရှိသည်။
အခြားကလေးများ၏ အိမ်စာများကို စစ်ဆေးပြီးနောက် ယန်ရှီရှန်းအား သီးသန့်စာသင်ပေးခဲ့သည်။
ယခုထက်တိုင်အောင်ပင် ယန်ရှီရှန်း မှတ်မိနေသေးသည်မှာ မှေးမှိန်နေသော ရေနံဆီမီးခွက်လေး၏ အလင်းရောင်အောက်တွင် ဟွမ်ကျန်းတသည် သူ့ခေါင်းပေါ်မှ ဦးထုပ်အမြင့်ကြီးကို ချွတ်ကာ အခြားသူများ ရိုက်နှက်ထားသဖြင့် ညစ်ပေနေသော မျက်နှာကို သန့်စင်ပေးလိုက်၏။
သူ၏လည်ပင်းတွင်ဆွဲထားသော နွားနတ်ဆိုးမြွေဝိညာဉ် ဆိုင်းဘုတ်ကို ကျောက်သင်ပုန်းအဖြစ် အသုံးပြုကာ သူ့အား စာလုံးများကို တစ်လုံးချင်း သင်ကြားပေးခဲ့လေသည်။
ယန်ရှီရှန်းသည် အပြင်ဘက်တွင် ရမ်းကားစွာ ပြုမူကောင်းပြုမူနိုင်သော်လည်း ယန်ကွမ်ရွာတွင် သူ့လူများအား ပြဿနာရှာခြင်းကို လုံးဝနီးပါး တားမြစ်ထားသည်။
အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် သူ၏ ကိုယ်ကျင့်တရားဆိုင်ရာ နောက်ဆုံးစည်းမျဉ်း တည်ရှိရာနေရာ ဖြစ်သောကြောင့်ပင်။
ထို့အပြင် အသက်ဆယ့်ရှစ်နှစ်အောက် ကလေးများနှင့် ပတ်သက်လာလျှင် သူ လုံးဝ ပါဝင်ပတ်သက်ခြင်းမပြုပေ၊ အကြောင်းမှာ သူတို့သည် အရွယ်မရောက်သေးသူများ ဖြစ်သောကြောင့်ဖြစ်သည်။
ယခုအခါ သူ၏ နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သော ပညာတတ်ချစ်သူ ဟူရှောင်မေက သူမ၏ကျောင်းသားအား ပြန်ပေးဆွဲမှုတွင် ကူညီခိုင်းလိုနေပြီး ထိုပြန်ပေးဆွဲမည့်သူမှာ သူ၏သမီးအရင်းပင် ဖြစ်နေသည်လော။
ယန်ရှီရှန်းက ဟူရှောင်မေအား တည်ငြိမ်သောအသံဖြင့် မေးလိုက်၏။
“ရှောင်မေ၊ ပညာရေးဌာနက မင်းကို အလုပ်ဖြုတ်လိုက်ပြီလား”
ဤကိစ္စကိကြားသည်နှင့် ဟူရှောင်မေသည် ဒေါသတကြီး ပေါက်ကွဲလာတော့သည်။
“အခုမှ အစ်ကိုက ဒီကိစ္စကို ပြောနေသေးတယ်လား၊ အစ်ကို့ကြောင့်သာ မဟုတ်ခဲ့ရင်….”
ယန်ရှီရှန်းက ထပ်မံ၍ မေးလိုက်သည်။
“မင်းက ဆရာမမဟုတ်တော့ဘူးဆိုတော့ ဘာဆက်လုပ်ချင်လဲ”
ဟူရှောင်မေသည် ယန်ရှီရှန်း၏ရင်ခွင်ထဲသို့ တိုးဝင်ကာ သူမ၏လက်ဖြင့် သူ့ရင်ဘတ်ကို ပွတ်သပ်ရင်း ရည်မှန်းချက်ကြီးမားစွာဖြင့် ပြောလိုက်၏။
“ကျွန်မ ဆရာမ ဆက်လုပ်ချင်သေးတယ်၊ ဒါပေမဲ့ အခု ပုံမှန်ကျောင်းတွေက ကျွန်မကို လက်ခံမှာမဟုတ်တော့ဘူး၊ ကိုယ်ပိုင်ကျောင်းတွေ ရေပန်းစားလာပြီလို့ အမေကပြောတယ်၊ အစ်ကို မြို့နယ်အရာရှိတချို့ကို သိတယ်မဟုတ်လား၊
နောက်ကွယ်ကနေ ကြိုးဆွဲပြီး ကျောင်းဖွင့်ခွင့်ရအောင် ကူညီပေးလို့ရမလား၊ ကျွန်မ ကျောင်းအုပ်ကြီး လုပ်မယ်လေ”
မှန်ပေသည်။ ကိုယ်ပိုင်ကျောင်းများသည် ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်လာနေပြီဖြစ်၏။ သို့သော် ထိုသို့ဖွင့်လှစ်ရန် အရည်အချင်းသတ်မှတ်ချက်များ လိုအပ်ပြီး ၎င်းတို့ကို ပညာရေးဌာနမှ ရယူရမည်ဖြစ်သည်။
ယန်ရှီရှန်းသည် ဟွာနိုင်ငံတွင် အဆက်အသွယ်တည်ဆောက်ရာ၌ သူကိုယ်သူ အတော်ဆုံးဟု သတ်မှတ်ထားသည်။
သူ၏ လျှို့ဝှက်သော အနာဂတ်ရည်မှန်းချက်များအရ အကယ်၍ သူသာ တကယ်ဆန္ဒရှိပါက ငွေယူသွားရုံဖြင့် ပညာရေးဌာနရှိ အဆက်အသွယ်များကို ရရှိနိုင်မည်ဖြစ်၏။
ယမန်နေ့ကပင် သူက ဟူရှောင်မေသည် သူ့ကြောင့် အလုပ်ပြုတ်သွားခဲ့ရသည်ဟု တွေးတောနေခဲ့သေးသည်။ အကယ်၍ သူမ အလုပ်လုပ်ရန် အဆက်အသွယ် သို့မဟုတ် ကျောင်းတစ်ခုကို သူ တကယ်ရှာမပေးနိုင်ပါက သူမအတွက် ကျောင်းတစ်ကျောင်း ဖွင့်ပေးလိုက်မည်ဟု စဉ်းစားခဲ့သည်။
သို့သော် ယခုအခါ ဟူရှောင်မေသည် သာမန်လူမဟုတ်ကြောင်း ယန်ရှီရှန်း နားလည်သဘောပေါက်သွားခဲ့ပြီဖြစ်၏။ ဆယ့်ငါး၊ ဆယ့်ခြောက်နှစ်အရွယ် ကျောင်းသားတစ်ဦးကို ပြန်ပေးဆွဲရန် လှုံ့ဆော်ပေးရဲသည်။
သူမအား ကျောင်းတစ်ကျောင်း ဖွင့်ပေးလိုက်ပါက လူဆိုက်လူမိုက်များ မွေးထုတ်ပေးရာ နေရာတစ်ခု ဖြစ်လာမည်မဟုတ်လော။
သေချာသည်မှာ ယန်ရှီရှန်းကိုယ်တိုင်က လူဆိုးတစ်ဦးဖြစ်နေဆဲဖြစ်ပြီး ဤအချက်ကို သူ ကောင်းကောင်း သိရှိနားလည်ထားသည်။
ယနေ့ သူ၏ ကိုယ်ကျင့်တရား ရုတ်တရက် နိုးကြားလာရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ လွန်ခဲ့သောနှစ်များစွာက ရေနံဆီမီးခွက်အောက်တွင် ဟွမ်ကျန်းတ သူ့အား စာဖတ်ရန် သင်ကြားပေးခဲ့ပုံက ဆရာဟူသော အသက်မွေးဝမ်းကျောင်းအပေါ် ရိုသေလေးစားမှု ဖြစ်ပေါ်စေခဲ့သောကြောင့်ဖြစ်၏။
ထို့အပြင် လူတို့သည် အခြားသော ဆိုးယုတ်သည့် လုပ်ရပ်များကို လုပ်နိုင်သော်လည်း မိမိ၏သမီးအရင်းကို ပြန်ပေးဆွဲခြင်းမှာ လူသားဆန်မှု ကင်းမဲ့လွန်းလှပေသည်။
ထိုအကြောင်းကြောင့်ပင် လူဆိုးလူမိုက်တစ်ဦးဖြစ်သော ယန်ရှီရှန်းသည် ဟူရှောင်မေက သူ့ထက် အဆတစ်ထောင်မက ပို၍ဆိုးယုတ်ကြောင်းကို နားလည်သဘောပေါက်သွားခဲ့ရသည်။
စုံတွဲနှစ်ဦး အိမ်သို့ပြန်လာခဲ့ကြချိန်တွင် ညကိုးနာရီ ရှိနေပြီဖြစ်၏။ ဖန်ရှန်သည် ညစာစားပြီးနောက် ရုပ်မြင်သံကြားကြည့်နေသည်။
ချီတုန်မိန်က အရသာရှိလှသော ဟင်းရနံ့များနှင့် မွှေးကြိုင်နေသည့်ဟင်းပွဲများ အပြည့်တင်ထားသော စားပွဲတစ်လုံးကို ပြင်ဆင်ထားပြီး ယန်ရှီရှန်းကို စောင့်မျှော်နေသည်။
ဖန်ရှန်၏ ကောင်းမွန်သော အဆက်အသွယ်များနှင့် အရင်းအမြစ်များကြောင့် ချီတုန်မိန်သည် သဘာဝကျစွာပင် သူမ၏သားအရင်းကို ထောက်ပံ့ပေးချင်ခဲ့သည်။ သို့သော် လူတိုင်းတွင် စစ်မှန်သောအရည်အချင်းများ လိုအပ်ပေ၏။