အခန်း ၆၃
Vol. 7 Ch. 63
အခန်း (၆၃)
ချန်မေ့လန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။
“ငွေတိုက်စာချုပ်တချို့ ဝယ်ချင်လို့ပါ၊ စမ်းကြည့်ရုံပါပဲ”
ဤသာမန်စကားတစ်ခွန်းကပင် စုန့်ဟွိုင်ဟွာကို ပေါက်ကွဲသွားစေခဲ့သည်။
“နင် မြို့တော်ရေနံဓာတုကို ဝယ်လိုက်တာလား၊ ငါလည်း မြို့တော်ရေနံဓာတုကို အရမ်းသဘောကျတာပဲ၊ ဒါပေမဲ့ ငါ့ယန်ပင်းက တကယ့်ကို ခေါင်းမာလွန်းတယ်၊
ငါက လစာ တစ်လစာလောက်နဲ့ စမ်းကြည့်ချင်တာကိုတောင် သူက ခွင့်မပြုဘူးလေ”
ချန်မေ့လန်က ယွမ် ၂၃၀၀၀ ဖိုး တစ်ပြိုင်နက်တည်း ဝယ်ယူလိုက်သည်ကို မြင်သောအခါ စုန့်ဟွိုင်ဟွာသည် ရုတ်တရက် စိုးရိမ်သွားကာ မေးလိုက်လေ၏။
“နင် အများကြီး ဝယ်လိုက်တာပဲ၊ ယန်ကျောက် ဒေါသမထွက်ဘူးလား”
စာတိုက်ကောင်တာမှ ငွေစာရင်းကိုင်မှာ အမျိုးသားတစ်ဦးဖြစ်သည်။ ချန်မေ့လန်သည် ငွေလာစုလေ့ရှိသဖြင့် သူက သူမကို သိနေပြီး ဝင်ပြောလိုက်သည်။
“ညွှန်ကြားရေးမှူးစုန့်၊ ခင်ဗျားလည်း သူ့ကိုသိတာလား၊ အဲဒါ ကျွန်တော်တို့ယန်ကွမ်ရွာက သူဌေးအသစ်ရဲ့ ဇနီးဟောင်းလေ၊
သူက အခုလေးတင် ကွာရှင်းထားတာဆိုတော့ သူဌေးသစ်ရဲ့ ပိုင်ဆိုင်မှုတစ်ဝက်ကို ရထားမှာပေါ့၊ သူ့မှာ ပိုက်ဆံတွေ အများကြီးရှိတယ်၊”
ငွေစာရင်းကိုင်က ကောင်တာအနောက်မှ ခေါင်းပြူထွက်လာကာ စပ်စုလိုဟန်ဖြင့် ထပ်မေးလိုက်သည်။
“ဟေး၊ အဲဒီတုန်းက ခင်ဗျား အရမ်းကြမ်းလွန်းလို့ သူဌေးအသစ်က... လို့ ကျွန်တော်ကြားတယ်”
ချန်မေ့လန်က သူ့အား စိုက်ကြည့်ကာ စကားလုံးများကို တစ်လုံးချင်း ပီပီသသ ပြောလိုက်လေ၏။
“ရှင် သိထားတာ မှားနေပြီ၊ သူဌေးအသစ်က အရမ်းစွက်ဖက်လွန်းလို့ သူ့ကို ကျွန်မရိုက်နှက်ပြီး ကွာရှင်းပစ်ခဲ့တာ”
ငွေစာရင်းကိုင်က ငွေတိုက်စာချုပ်ပုံစံကို ဖြည့်စွက်ရင်း ရယ်မောကာ ပြန်ပြောလိုက်သည်။
“ကွာရှင်းလိုက်တာ ကောင်းပါတယ်၊ ခင်ဗျားလို မိန်းမမျိုးက တစ်ကိုယ်တည်းနေတာ ပိုကောင်းတယ်၊ ခင်ဗျားကို ဘယ်ယောက်ျားက လက်ထပ်ရဲမှာလဲ”
စုန့်ဟွိုင်ဟွာက ချန်မေ့လန်ကို ဖက်ထားလိုက်ရင်း ကာကွယ်ပြောဆိုပေးလိုက်သည်။
“ရှောင်ဝမ်၊ နင်ဘာတွေပြောနေတာလဲ၊ ဒီလိုမိန်းမမျိုးကို ဘယ်ယောက်ျားက လက်ထပ်မရဲဘူးလို့ ဘယ်သူပြောလဲ၊ သူက အခု ငါ့ရဲ့ယောင်းမဖြစ်သွားပြီ၊ ငါတို့က မိသားစုတွေပဲ”
ဘဏ်ငွေစာရင်းကိုင်မှာ ခဏတာ မှင်သက်သွားပြီးနောက် မိမိကိုယ်ကို ပါးရိုက်ကာ တောင်းပန်လိုက်၏။
“ကျွန်တော် မျက်စိအကောင်းအတိုင်း ရှိရက်နဲ့ တိုင်းရှန်တောင်ကြီးကို မမှတ်မိခဲ့ဘူး၊ ညွှန်ကြားရေးမှူးစုန့်၊ ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့၊ ကျွန်တော်က နောက်နေတာပါ”
မည်သည့်ခေတ်တွင်မဆို အမျိုးသားများ၊ အထူးသဖြင့် မထင်ပေါ်၊ မကျော်ကြားသော သာမန်အမျိုးသားများသည် မိမိကိုယ်ကို အလွန်အမင်း ယုံကြည်မှုရှိကြပြီး အမျိုးသမီးများကိုမူ အလွန်အမင်း အထင်သေးတတ်ကြ၏။
အကယ်၍ သူတို့စကားတိုင်းကိုသာ နားထောင်နေရမည်ဆိုပါက အမျိုးသမီးမျာူ မည်သို့ အသက်ရှင်နေထိုင်နိုင်မည်နည်း။
စုန့်ဟွိုင်ဟွာသည် သူမ၏ဆုံးဖြတ်ချက်က ယန်ပင်းထက် ပိုကောင်းသည်ဟု အမြဲခံစားခဲ့ရသည်။ ချန်မေ့လန်၏ လွတ်လပ်ပေါ့ပါးသော သဘောထားကြောင့် လှုံ့ဆော်မှုရရှိသွားပြီး လစာထုတ်ရက်လည်း ဖြစ်နေသဖြင့် သူမ၏ပိုက်ဆံအိတ်ကို ထုတ်ယူကာ ငွေစက္ကူကြီးငါးရွက်ကို ဆွဲထုတ်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်၏။
“ဟုတ်တယ်၊ အဆိုးဆုံးဖြစ်လာရင်လည်း ကွာရှင်းရုံပဲပေါ့၊ ဒါ ငါ့လစာပဲ၊ ငါ့ဆုံးဖြတ်ချက်နဲ့ငါ ဘာလို့မလုပ်ရမှာလဲ၊ ငါလည်း ယွမ် ၅၀၀ ဖိုး ဝယ်မယ်”
ယခုလက်ရှိတွင် မြို့တော်ရေနံဓာတု၏ ငွေတိုက်စာချုပ် အကျိုးအမြတ်မှာ ၆ ရာခိုင်နှုန်းသာ ရှိသေးသော်လည်း ရက်အနည်းငယ်အတွင်း အစိုးရက စျေးကွက်ကိုထောက်ပံ့ရန် ဝင်ရောက်စွက်ဖက်မည်ဖြစ်ပြီး အမြင့်ဆုံး ၃၁ ရာခိုင်နှုန်းအထိ ရောက်ရှိသွားမည်ဖြစ်သည်။
ဤသည်မှာ လုကျင်းယွီ စတော့ရှယ်ယာများအကြောင်း အကြိမ်ကြိမ်ပြောသည်ကို နားထောင်ပြီးနောက် ချန်မေ့လန် သူမ၏ယခင်ဘဝမှ မှတ်မိနေသော ဒုတိယမြောက်စတော့ရှယ်ယာဖြစ်ပြီး ငွေတိုက်စာချုပ် သမိုင်းတစ်လျှောက်လုံးတွင် အပြင်းထန်ဆုံး အောင်မြင်မှုတစ်ခုလည်း ဖြစ်၏။
သူမက လောဘမကြီးချင်သဖြင့် ၂၉ ရာခိုင်နှုန်းသို့ ရောက်ရှိချိန်တွင် ငွေထုတ်ယူရန် စီစဉ်ထားသည်။ ထိုသို့ဆိုလျှင်တောင် သူမ ယွမ်လေးငါးထောင်လောက် ရရှိမည်မဟုတ်လော။
စုန့်ဟွိုင်ဟွာက အချိန်အခါကို အသုံးချ၍ ချန်မေ့လန်အား သတင်းပေးလိုက်သည်။
“နင် သိချင်မှသိမှာပါ၊ ယန်ကျောက်ရဲ့ဇနီးဟောင်း ကျိုးရွှယ်ချင်းက အခု ငါတို့ ပထမအဖွဲ့ နယ်မြေမှာ နေနေတယ်၊ သူက အိမ်အလှဆင်တဲ့ အလုပ်လုပ်တဲ့ ယောက်ျားတစ်ယောက်နဲ့ နေနေတာ၊ ပြီးခဲ့တဲ့ရက်အနည်းငယ်က သူတို့ အစိုးရငွေတိုက်စာချုပ်တွေဝယ်ပြီး ပိုက်ဆံတွေအများကြီး မြတ်သွားတယ်လို့ ငါကြားတယ်”
ချန်မေ့လန်က အေးအေးဆေးဆေးပင် တုံ့ပြန်လိုက်သည်။
“ကောင်းတာပေါ့”
ကျိုးရွှယ်ချင်းသည် ပြန်လည်မွေးဖွားလာပြီး လုကျင်းယွီနှင့် အတူတကွပေါင်းစည်းကာ ငွေများကို အလွယ်တကူ ရှာဖွေနေခြင်းဖြစ်၏။
စုန့်ဟွိုင်ဟွာက စဉ်းစားတွေးတောနေဟန်ဖြင့် ထပ်ဖြည့်ပြောလိုက်သည်။
“အဲဒီယောက်ျားမှာ တော်တော်လေးရုပ်ဆိုးတဲ့ ကလေးနှစ်ယောက်ရှိတယ်၊ ပြီးတော့ သူ့ဒေါသကလည်း ကြီးသေးတယ်၊
ဒါပေမဲ့ ကျိုးရွှယ်ချင်းကတော့ စိတ်သဘောထား အရမ်းကောင်းပြီး အဲဒီကလေးနှစ်ယောက်အပေါ် အရမ်းကောင်းရှာတယ်၊
ဪ ဟုတ်သားပဲ၊ ဒီမနက်စောစောက သူတို့နဲ့ ငါ ဆုံခဲ့သေးတယ်၊ ကျိုးရွှယ်ချင်းက ကောင်မလေးကို ကြော်ငြာရွေးချယ်ပွဲတစ်ခုဆီ ခေါ်သွားတာတဲ့၊ အကယ်၍ သူတို့နိုင်ခဲ့ရင် ကောင်မလေးက ကလေးကြယ်ပွင့် ဖြစ်လာနိုင်တယ်လို့ သူပြောတယ်”
ချင်ယွီက မနက်ပိုင်းတွင် ဆေးသုတ်စက်ရုံတစ်ခုသည် ကြော်ငြာအတွက် ကလေးတစ်ယောက်ရွေးချယ်ရန် ရှာဖွေနေကြောင်း ပြောခဲ့ဖူးသည်။
သို့သော် စုန့်ဟွိုင်ဟွာကသာ ထပ်မပြောခဲ့ပါက ချန်မေ့လန် မှတ်မိမည်မဟုတ်ပေ။
သူမ၏ယခင်ဘဝက ရှီးဖျင်မြို့တစ်ဝိုက်တွင် ကြီးမားသော ကြော်ငြာဘုတ်ကြီးများစွာ စိုက်ထူထားခဲ့ပြီး ထိုဘုတ်များပေါ်တွင် ဆေးသုတ်ရေအိုင်ထဲ၌ ထိုင်နေသော ပါးမို့မို့ ဝဝကစ်ကစ် ကောင်လေးတစ်ယောက်၏ ပုံများပါရှိကာ သူ့ပါးစပ်နှင့် လက်များတွင် ဆေးများ ပေကျံနေခဲ့သည်။
ကလေးလေးက အလွန်ချစ်စရာကောင်းသောကြောင့် ထိုဆေးသုတ်အမှတ်တံဆိပ်မှာ အထူးတလည် ရောင်းအားကောင်းခဲ့သည်ဟု ဆိုကြသည်။
ထိုအချိန်က ထိုကလေးသည် ယန်ကျောက်၏ သားအငယ်ဖြစ်ကြောင်း တစ်စုံတစ်ယောက် ပြောသည်ကို သူမ မှတ်မိနေခဲ့၏။
နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်ပင် ချန်မေ့လန်သည် မျက်လုံးဝိုင်းဝိုင်းနှင့် ချစ်စရာကောင်းသော ကလေးလေး ဆေးစားနေသည့်ပုံကို ပြန်လည်အမှတ်ရနေဆဲဖြစ်သည်။
သေချာစဉ်းစားကြည့်လျှင် ထိုကလေးမှာ ရှောင်လန်မဟုတ်လော။
သို့သော် နောက်ပိုင်းတွင် ရှောင်လန်သည် ဖျားနာလာခဲ့ပြီး မြို့တော်က သူ၏ဆေးကုသမှုအတွက် အလှူငွေကောက်ခံပွဲတစ်ခုပင် ကျင်းပပေးခဲ့ရသည်။
ချန်မေ့လန် ကိုယ်တိုင်လည်း ငွေလှူဒါန်းခဲ့သေးသည်။
စုန့်ဟွိုင်ဟွာကို နှုတ်ဆက်ပြီးနောက် ချန်မေ့လန် အိမ်သို့ပြန်လာခဲ့၏။ စာတိုက်မှထွက်ကာ လမ်းတစ်လမ်းကို ဖြတ်ကူးလိုက်လျှင် ယန်ကွမ်ရွာသို့ ရောက်ရှိမည်ဖြစ်သည်။
ရွာ၏ ကျဉ်းမြောင်းသောအဝင်ဝတွင် ဆန်ဆိုင်တစ်ဆိုင်နှင့် အခြားတစ်ဖက်၌ စတိုးဆိုင်ငယ်လေးတစ်ဆိုင် ရှိကာ အပ်ချုပ်ဆိုင်များကဲ့သို့သော နေရာများလည်း ရှိသည်။
ညနေခင်းတွင် ဤနေရာသည် ညစျေးတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေ့ရှိ၏။
ကျောင်းတိကို မတွေ့ရဘဲ ရှောင်ဝမ်နှင့် ရှောင်လန်တို့သည် ကြီးမားသော ရေခဲသေတ္တာကြီးတစ်ခုတင်ထားသည့် အနီရောင် သုံးဘီးဆိုင်ကယ်လေးတစ်စီးကို ဝိုင်းရံနေကြပြီး သူတို့ပတ်ဝန်းကျင်တွင် မီးပုံးပျံများ ရှိနေလေသည်။
မီးပုံးပျံများအားလုံးတွင် ကိုကာကိုလာဟု ရေးသားထားသည်။
ဤအချိန်သည် ကိုကာကိုလာ ဟွာနိုင်ငံစျေးကွက်သို့ ထိုးဖောက်ဝင်ရောက်နေသည့် အချိန်ဖြစ်၏။
ကိုကာကိုလာ ရောင်းချသော သုံးဘီးဆိုင်ကယ်ငယ်လေးများကို လမ်းမများပေါ်တွင် နေရာအနှံ့ တွေ့မြင်နိုင်ပြီး သူတို့ရောက်ရှိရာ နေရာတိုင်းတွင် ရောင်းချနေကြသည်။
လူများသည် နေရာတွင်ပင် သောက်သုံးကြပြီး ပုလင်းများကို ထားရစ်ခဲ့ကြသည်။
တစ်ပုလင်းကို ပြားလေးဆယ် ကျသင့်သည်။
ကိုကာကိုလာပုလင်းများကို ဖန်ဖြင့် ပြုလုပ်ထားပြီး ယူဆောင်သွားခွင့်မပြုသော်လည်း ပုလင်းများက အလွန်လှပသောကြောင့် အချို့လူများက စျေးသည်မမြင်ချိန်တွင် တိတ်တဆိတ်ယူဆောင်သွားရန် ကြိုးစားတတ်ကြသည်။
ရှောင်ဝမ်သည် ကလေးတစ်စုကို စောင့်ကြည့်နေပြီး တစ်စုံတစ်ယောက်က ပုလင်းယူရန် ကြိုးစားတိုင်း အော်ဟစ်တားမြစ်လေ့ရှိ၏။
“ပုလင်းတွေကို ယူသွားလို့မရဘူး၊ မြန်မြန်ပြန်ချထားလိုက်”
ကလေးတစ်ယောက်က သူယူရန် ရည်ရွယ်ထားသော ဖန်ပုလင်းကို မလိုလားစွာ ပြန်ချထားရင်း ညည်းညူလိုက်သည်။
“ကျစ်၊ အမေမရှိတဲ့ကောင်စုတ်လေး၊ ငါ့ကို လာဆရာလုပ်ရအောင် မင်းက ဘာကောင်မို့လို့လဲ”
စျေးသည်က ရှောင်ဝမ်ကို ကိုကာကိုလာတစ်ပုလင်းပေးကာ ချက်ချင်းပင် ဆုချလိုက်သည်။
“ကောင်းတယ် ကောင်လေး၊ ငါ့အတွက် ဆက်စောင့်ကြည့်ပေးဦး၊ ဒီကိုကာကိုလာက မင်းအတွက်ပဲ”
ရှောင်ဝမ်သည် ပြုံးဖြီးသွားပြီး စျေးသည်က ပုလင်းဖွင့်ပေးသောအခါ သူက လျှာဖြင့်တစ်ချက်သာ လျက်လိုက်ပြီး ကိုကာကိုလာကို ရှောင်လန်ထံပေးရင်း ပြောလိုက်၏။
“သောက်လိုက်”
ရွာမှ ကလေးများအားလုံး၊ အထူးသဖြင့် အသက်နည်းနည်းကြီးသော ကောင်လေးများသည် ရှောင်ဝမ်ကို ရန်သူများကြားရှိ သစ္စာဖောက်ကြီးတစ်ဦးကဲ့သို့ စိုက်ကြည့်နေကြသည်။
ရန်သူကို ကူညီမိသဖြင့် အပြစ်ရှိသလို ခံစားနေရသော ရှောင်ဝမ်မှာ မျက်နှာတစ်ခုလုံး နီမြန်းနေခဲ့သည်။
စောင့်ကြည့်နေရင်းမှ တစ်စုံတစ်ယောက်၏ပုလင်းထဲ၌ ကိုကာကိုလာ အနည်းငယ် ကျန်နေသေးသည်ကို သူမြင်သောအခါ ကျောခိုင်းကာ သူ့ပါးစပ်ထဲသို့ တိတ်တဆိတ် လောင်းထည့်လေ့ရှိ၏။
သူ၏ လောဘကြီးမှုမှာ အတော်လေးဆိုးရွားပုံရသည်။ အကယ်၍ အမြစ်ပြတ်မဖြေရှင်းပါက သူမ၏ယခင်ဘဝက ကျောင်းတိကဲ့သို့ မည်သည့်အခါမျှ ပြောင်းလဲနိုင်မည်မဟုတ်ဘဲ အဆုံးသတ်သွားနိုင်သည်။
ချန်မေ့လန်က အဝေးမှ စောင့်ကြည့်နေခဲ့သည်။ သူမ၏နှလုံးသားထဲတွင် သူ့ကိုယ်ရည်ကိုယ်သွေးကြောင့် ရှောင်ဝမ်ကို အနည်းငယ် ပို၍နှစ်သက်မိသည်။ ရှောင်လန် မှာမူ ငယ်ရွယ်သေးပြီး သူမ၏ကိုယ်ပိုင်ကလေး မဟုတ်ပေ။
အမျိုးသမီးတစ်ဦးအနေဖြင့် အခြားသူတစ်ဦး၏ ကလေးကို စိတ်ရင်းအမှန်ဖြင့် ချစ်ခင်ရန်ဆိုသည်မှာ မဖြစ်နိုင်ပေ။
မည်သို့ပင်ဆိုစေ မိမိကိုယ်ပိုင်ကလေး၏ သေးနံ့ကိုပင် နှစ်သက်သော်လည်း အခြားသူတစ်ဦး၏ ကလေးကို အမျိုးသမီးတစ်ဦးက အမှန်တကယ်နှစ်သက်ရန်ဆိုသည်မှာ မည်သည့်အခါမျှမဖြစ်နိုင်ပေ။
သို့သော် ထိုအချိန်တွင် ရှောင်လန်က သူမကို လမ်းတစ်ဖက်မှ ရုတ်တရက်မြင်သွားပြီး ကိုကာကိုလာဘူးနှင့်အတူ ပြေးလာကာ ကမ်းပေးလိုက်သည်။