အခန်း ၆၇
Vol. 7 Ch. 67
အခန်း (၆၇)
ထို့ကြောင့် တရုတ်ကလေးများသည် ငယ်စဉ်ကတည်းက ဤအရာကို အလွန်အမင်း စွဲလမ်းကြခြင်းဖြစ်သည်။
ယန်ကျောက်ဘက်တွက်မူ ယန်ရှီရှန်းကို နှင်ထုတ်ပြီးနောက် နေ့လယ်ပိုင်းအထိ အမှုတွဲများကို ကြည့်ရှုနေစဉ် သူ၏စားပွဲပေါ်ရှိ ဖုန်းမှ အသံမြည်လာခဲ့သည်။
“ဟယ်လို၊ ယန်ကျောက်ပါ”
ကျိုးရွှယ်ချင်း၏ အသံက ချက်ချင်းထွက်ပေါ်လာ၏။
“ယန်ကျောက်၊ ကျွန်မပါ၊ ရှင်နဲ့ ကလေးနှစ်ယောက် အဆင်ပြေကြရဲ့လား၊ ကျွန်မ မိတ်ဆက်ပေးခဲ့တဲ့ မေ့လန်က တော်တော်လေးကောင်းတယ် မဟုတ်လား၊ သူ ကလေးတွေအပေါ် ကောင်းတယ်မလား”
…
ကျိုးရွှယ်ချင်းက ဆက်ပြောလာသည်။ သို့သော် ယနေ့တွင်မူ ဟစ်အော်ရန်ဖြစ်ခြင်း မရှိဘဲ သူမ၏အသံမှာ တော်တော်လေး နူးညံ့နေခဲ့သည်။
“ရှင် ဆုကြေးငွေ ရခဲ့တယ်မလား၊ ကျွန်မ ပိုက်ဆံ တော်တော်လေးကျပ်တည်းနေလို့ ပိုက်ဆံနည်းနည်းလောက် လိုချင်တယ်”
ယန်ကျောက်က စာအိတ်ကို မော့ကြည့်လိုက်မိသည်။ ဆုကြေးငွေက ယခုလေးတင် ရောက်လာခြင်းဖြစ်ပြီး သူ လက်ပူအောင်ပင် မကိုင်ရသေးပေ။
‘စွင်းနွီထောင်က လူတွေကို လိုက်ပြောပြမှာ မဟုတ်ဘူးဆိုတော့ ကျိုးရွှယ်ချင်း က ဘယ်လိုလုပ် သိနေရတာလဲ'
ယန်ကျောက်၏ မျက်လုံးများထဲတွင် အေးစက်စက်အလင်းရောင်တစ်ခု ဖြတ်ပြေးသွားပြီး ပြတ်သားစွာ ပြောလိုက်သည်။
“ငါတို့ ကွာရှင်းတုန်းက ငါ့ရဲ့ စစ်တပ်ပင်စင်ငွေ ယွမ် ၃၀၀၀ တိတိကို မင်း အကုန်ယူသွားတာလေ”
ကျိုးရွှယ်ချင်းက ထပ်မံ၍ တောင်းဆိုလိုက်သည်။
“ဒါပေမဲ့ အခု ကျွန်မ ပိုက်ဆံ အရေးတကြီး လိုနေတယ်၊ ယွမ် ၆၀၀၀ ရှင့်ဆီမှာ ရှိရမှာပေါ့၊ ရှောင်ဝမ်နဲ့ ရှောင်လန်တို့ ဘယ်လောက်ဆိုးခဲ့တယ်ဆိုတာရယ်၊
ကျွန်မလည်း သူတို့ကို ပြုစုပျိုးထောင်ပေးခဲ့တာကို ထောက်ထားပြီး ဒီတစ်ခါတော့ ကူညီပါဦး”
ယန်ကျောက်က ဖုန်းလက်ခံခွက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး စကားလုံးများကို တစ်လုံးချင်း ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်၏။
“မင်း ကျိုးဖူလုံ၊ ဝမ်တိန့်အန်း ဒါမှမဟုတ် ချန်ဖျင်တို့ဆီ သွားချေးလိုက်လေ၊ သူတို့က ငါ့ထက်တောင် ပိုက်ဆံပိုရှိသေးတယ်”
ဖုန်းထဲမှ ကျိုးရွှယ်ချင်းမှာ ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤအမျိုးသားများအားလုံးသည် ရှီးဖျင်မြို့ရှိ သူဌေးအသစ်များအဖြစ် သတ်မှတ်ခံရပြီး ယန်ကျောက်ရှေ့တန်းတွင် ရှိနေစဉ် နှစ်များအတွင်း သူတို့အားလုံးသည် သူမနှင့် အလွန်ကောင်းမွန်သောဆက်ဆံရေး ရှိခဲ့သောကြောင့်ဖြစ်သည်။
သို့သော် သူမ၏ခင်ပွန်း ပြန်ရောက်လာပြီးနောက် ထိုအမျိုးသားများအားလုံးသည် သတင်းစာများတွင် ယန်ကျောက်၏ နာမည်ကြီးသတင်းများကို မြင်တွေ့ခဲ့ရသဖြင့် သူမနှင့် ဆက်လက်ပတ်သက်ရန် မဝံ့မရဲ ဖြစ်နေကြပြီဖြစ်၏။
ကျိုးရွှယ်ချင်းက ချက်ချင်းပင် ဒေါသတကြီး တုံ့ပြန်လိုက်သည်။
“ကျွန်မကို မစွပ်စွဲနဲ့၊ သူတို့က သူငယ်ချင်းတွေသက်သက်ပဲ၊ ရှင်တွေးနေသလို ညစ်ပတ်တဲ့ကိစ္စတွေမပါဘူး”
ယန်ကျောက်က မေးခွန်းထုတ်လာပြန်သော်လည်း စကားလုံးတိုင်းကို အလွန်ဖြည်းညင်းစွာ ပြောလိုက်ခြင်းဖြစ်၏။
“ဒါဆို ရှောင်ဝမ်ရဲ့ လက်မောင်းကို ပြုတ်သွားအောင်လုပ်ပြီး ကလေးကို သုံးရက်တိတိ လက်သိုင်းကြိုးဆွဲထားရအောင် လုပ်ခဲ့တာ ဘယ်သူလဲ၊
ရှောင်ဝမ်ကို အရက်ဖြူသောက်ဖို့ တမင်သက်သက်လှည့်စားပြီး အရက်အဆိပ်သင့်လို့ သေလုမတတ် ဖြစ်အောင်လုပ်ခဲ့တာ ဘယ်သူလဲ၊
ပြီးတော့ သိုးသားကင်တစ်ချောင်းစားရင် တစ်ယွမ်ပေးမယ်လို့ လိမ်ပြော၊ ကလေးကို အန်တဲ့အထိစားခိုင်းပြီးမှ တစ်ပြားမှမပေးခဲ့တာ ဘယ်သူလဲ”
“ကျိုးရွှယ်ချင်း၊ အဲဒီလူတွေရဲ့ နာမည်တွေကို ပြောစမ်းပါအုံး”
ဤမေးခွန်းများက ကျိုးရွှယ်ချင်း၏ ဆံပင်များကိုပင် ထောင်မတ်သွားစေခဲ့သည်။
အမှန်တကယ်တွင် သူတို့အားလုံးမှာ သူမ၏ သူငယ်ချင်းအချို့သာဖြစ်ပြီး အရက်အလွန်အကျွံသောက်ကာ နောက်ပြောင်ရင်း ရှောင်ဝမ်ကို ကျီစယ်ရာတွင် အထိန်းအကွပ်မရှိ ကြမ်းတမ်းစွာ ကိုင်တွယ်ခဲ့ကြခြင်းဖြစ်၏။
သူမကလည်း သူတို့ကို ဆူပူခဲ့ပြီး ရှောင်ဝမ်ကို တောင်းပန်ခိုင်းခဲ့သည်။
ရှောင်ဝမ်က ဤကိစ္စများကို မည်သူ့ကိုမျှ မပြောပါဘူးဟု ကျိန်တွယ်ထားခဲ့သည်မဟုတ်လော။
‘သူက ယန်ကျောက်ကို အားလုံးပြောပြလိုက်တာလား'
သူမက ဖုန်းကို ဘုတ်ခနဲ ချပစ်လိုက်သည်။
လွီလျန်က အမှတ်မထင်ဝင်လာပြီး ချက်ချင်းမေးလိုက်သည်။
“ခေါင်းဆောင်၊ တစ်ယောက်ယောက်က အမှုလာတိုင်တာလား”
ယန်ကျောက်က လွီလျန်၏ပခုံးကို ပုတ်ကာ အမိန့်ပေးလိုက်လေ၏။
“ဖုန်းမှားတာပါ၊ ဒီည ငါတို့ လမ်းဆုံလမ်းခွတိုင်းမှာ ရှောင်တခင်စစ်ဆေးမှုတွေလုပ်မယ်၊ အရှိန်လွန်တာတွေ၊ ကုန်ကျန်တင်တဲ့ ထရပ်ကားတွေကို စစ်မယ်၊ ဒီတာဝန် မင်းကိုလွှဲပေးခဲ့မယ်၊ ငါ အလုပ်စောစောဆင်းတော့မယ်”
လွီလျန်က စားပွဲပေါ်ရှိ အနီရောင်စာအိတ်ကိုကြည့်ကာ မနာလိုစိတ်အပြည့်ဖြင့် ပြောလိုက်လေသည်။
“စစ်တပ်က နောက်ထပ် ဆုကြေးငွေ ထပ်ရတာမလား၊ စစ်မြေပြင်ကို မသွားခဲ့ရတဲ့ ကျွန်တော်တို့လိုလူတွေကတော့ အဲဒါမျိုး မရနိုင်ဘူးလေ”
ယန်ကျောက်က အားပေးစကားဆိုလိုက်၏။
“မင်းလည်း ရဲအလုပ်မှာ ဆုတွေ ရနိုင်တာပဲလေ၊ လက်ရှိတာဝန်တွေကို သေချာလုပ်ရင် နောက်နှစ်ကျရင် ဆုက မင်းအတွက်ဖြစ်လာမှာပေါ့”
လွီလျန်က အနည်းငယ် ပြုံးလိုက်လေသည်။ ရှောင်တခင်စစ်ဆေးမှုများဆိုသည်မှာ အလုပ်ကောင်းတစ်ခုဖြစ်သည်။ အပြင်ထွက်ကာ တစ်ပတ်လောက် လှည့်လိုက်ရုံဖြင့် ယာဉ်မောင်းများထံမှ ငွေအချို့ တောင်းခံနိုင်၏။
အနည်းဆုံးတော့ ယွမ်ရာဂဏန်းလောက် ရနိုင်သည်။ ဆုရဖို့က မည်မျှကြာကြာ စောင့်ရဦးမည်မသိ။
လွီလျန် လှည့်ထွက်သွားပြီးနောက် ရဲမှူးစွင်း ဝင်လာကာ နှုတ်ဆက်လိုက်သည်။
“ဒီနေ့ မင်းက သတို့သားအသစ်ပဲ၊ အိမ်ကို စောစောပြန်လေ”
ယန်ကျောက်က ငြင်းဆန်လိုက်သည်။
“ကျွန်တော်တို့မှာ ကုတင်တောင် မရှိသေးဘူး၊ ဒါကြောင့် မင်္ဂလာဦးညလို့ မခေါ်နိုင်သေးပါဘူး၊ ဒီည ကျွန်တော်စစ်ဆေးရေးဂိတ်တွေ သွားရဦးမယ်”
ရဲမှူးစွင်းက အံ့ဩတကြီး မေးလိုက်၏။
“မင်း မသွားဘူးမဟုတ်ဘူးလား”
ယန်ကျောက်က သူ့အစီအစဉ်ကို ရှင်းပြလိုက်လေသည်။
“ကျွန်တော် အမှောင်ထဲကနေ စောင့်ကြည့်နေချင်တာ”
စွင်းနွီထောင်သည် ဤအရာက ယန်ကျောက်၏ ရေရှည်ဗျူဟာဖြစ်ကြောင်း ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။
ယန်ကွမ် ရုံးခွဲတွင် သူတို့နှစ်ဦးသည် ခေါင်းဆောင်များဖြစ်သော်လည်း မည်သူက မိတ်ဆွေ သို့မဟုတ် မည်သူက ရန်သူဖြစ်ကြောင်း၊ မည်သူက ထိုသူဌေးအသစ်များ၏ လာဘ်ပေးလာဘ်ယူပစ်မှုများတွင် ပါဝင်နေပြီဖြစ်ကြောင်းကို အမှန်တကယ် မသိကြပေ။
သူတို့သည် တစ်ကိုယ်တော် တိုက်ပွဲဝင်နေကြရခြင်းဖြစ်သည်။ သူတို့သည် ခြေလှမ်းတိုင်းကို သတိထားရမည်ဖြစ်ပြီး သို့မဟုတ်ပါက ဖုန်မှုန့်များအဖြစ် ကြိတ်ချေခံရမည်ဖြစ်၏။
ရဲမှူးစွင်းက သတိပေးလိုက်သည်။
“မနက်ဖြန် ကုတင်သွားဝယ်ဖို့ မမေ့နဲ့နော်၊ ငါ မင်းရဲ့မရီးကို ပြောထားပြီးပြီ၊ သူ ကုန်တိုက်မှာ မင်းကိုစောင့်နေလိမ့်မယ်”
ယန်ကျောက် ထွက်လာပြီးနောက် သူသည် စာတိုက်မပိတ်မီ ငွေထုတ်ရန် အရင်ဆုံး အပြေးသွားခဲ့သည်။
ထို့နောက် ပိတ်ချိန်ရောက်နေပြီဖြစ်သော်လည်း ကုန်တိုက်က ဖွင့်ထားဆဲဖြစ်သည်ကို တွေ့ရသဖြင့် အထဲသို့ဝင်ကာ လိုက်ကြည့်ခဲ့၏။
ယခုအခါ ကုန်တိုက်တွင် အထပ်များစွာရှိပြီး ပစ္စည်းအမျိုးအစား စုံလင်စွာရှိသည်။ မျက်စိကျိန်းစရာကောင်းလောက်အောင် များပြားလှပြီး လူများလည်း အလွန်ကျပ်ညပ်နေ၏။
သို့သော် ယန်ကျောက် လမ်းလျှောက်သွားရာ နေရာတိုင်းတွင် လူများက အလိုအလျောက် လမ်းဖယ်ပေးကြသည်။
တတိယအထပ်တွင် ယန်ကျောက်သည် သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် စပရိန်မွေ့ရာတစ်လုံးကို မြင်တွေ့ခဲ့ရသည်။ သူသည် ကုတင်တစ်လုံးစီကို အချိန်အတော်ကြာ ကြည့်ရှုပြီးနောက် နောက်ဆုံးတွင် အိမ်သို့ပြန်လာခဲ့၏။
သူ အိမ်ရောက်ချိန်တွင် ကလေးများသည် ကြက်ကြော် စားပြီးနေကြပြီဖြစ်သည်။ အရသာရှိသော်လည်း ဆီများလွန်းသည်။ ကျောင်းတိနှင့် ရှောင်လန်တို့သည် တစ်ယောက်လျှင် တစ်တုံးစီ ကိုက်စားပြီးနောက် ထပ်စားရန် ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ကြ၏။
အသားများကွာကျလုမတတ် ကြွပ်ရွနေသောအရေခွံနှင့် ကိုက်လိုက်လျှင် အရည်ရွှမ်းနေသော ကြက်ကြော်တုံးကြီး ခြောက်တုံး ကျန်ရှိနေသေးသည်။
သို့သော် သူတို့နှစ်ဦးလုံး မစားသလို ချန်မေ့လန်ကလည်း မစားပေ။ တကယ်ကို နှမြောစရာပင်။
ဖခင်ဖြစ်သူ ဝင်လာသည်ကို မြင်သောအခါ ရှောင်ဝမ်က ပြေးလာပြီး ခေါ်လိုက်သည်။
“ဖေဖေ၊ မြန်မြန် လာခဲ့၊ ဒီနေ့ကျွန်တော်တို့မှာ... အန်တီလုပ်ထားတဲ့ ကြက်ကြော်တွေရှိတယ်”
“အရမ်းကို အရသာရှိတာပဲ”
………..
ချန်မေ့လန်သည် အိပ်ခန်းထဲတွင် ရှောင်လန်၏ဘောင်းဘီကို ချွတ်ကာ သူ၏တင်ပါးလေးကို တိုင်းတာနေခဲ့သည်။
‘ဪ ဟုတ်သားပဲ’
ထောင့်တစ်နေရာတွင် လှန်းထားသော ယန်ကျောက်၏အတွင်းခံကိုလည်း သူမ တွေ့ခဲ့ရ၏။
ဘောက်ဆာဘောင်းဘီကို အလွန်သန့်ရှင်းအောင် လျှော်ဖွပ်ထားသော်လည်း စောင်းရွဲ့နေပြီး ဖာထေးရာများစွာ ရှိနေလေသည်။
တင်ပါးနေရာက မပေါက်သေးသော်လည်း ပေါင်ခြံနေရာမှာမူ အမွှေးများထွက်နေပြီး ကြောက်စရာကောင်းသော ကျိုင်းကောင်ကြီးနှစ်ကောင်နှင့်တူသည့် အပ်ပေါက်ရာကြီးများ ရှိနေ၏။
အကယ်၍ ဤအရာများကို အပြင်ထုတ်ပြပါက ရွာထဲရှိ အစုတ်ချာဆုံး အဘိုးယန်ပင်လျှင် အလွန်စုတ်ပြဲနေသည်ဟု ထင်ပေလိမ့်မည်။
သားအဖနှစ်ယောက်လုံး အတွင်းခံများ အရေးတကြီးလိုအပ်နေသည်။
အိပ်ခန်းထဲမှ ပြုံးလျက် ထွက်လာစဉ် သူမဆီလျှောက်လာသော ယန်ကျောက် ၀သ်တိုက်လုနီးပါး ဖြစ်သွားခဲ့၏။
ယန်ကျောက်က ချက်ချင်းပင် မေးလိုက်သည်။
“စပရိန်မွေ့ရာကို သဘောကျလား”
‘စပရိန်မွေ့ရာလား’
ချန်မေ့လန်မှာ ခဏတာ မှင်သက်သွားခဲ့သည်။ ဤစကားလုံးသည် အနာဂတ်တွင် ပျောက်ကွယ်သွားမည်ဖြစ်သော်လည်း ယခုအချိန်တွင်မူ စပရိန်မွေ့ရာများသည် အသစ်အဆန်းတစ်ခု ဖြစ်နေသေး၏။
‘ယန်ကျောက်က စပရိန်မွေ့ရာတွေအကြောင်း ဘယ်လိုလုပ် သိနေရတာလဲ'
မည်သို့ပင်ဆိုစေ ယန်ကျောက်သည် အိမ်ပြန်လာခဲပြီး အိမ်ပြန်ရောက်လျှင်လည်း စကားပြောခဲသည်။ ကျောင်းတိ ကလည်း စပ်စုလိုဟန်ဖြင့် ခေါင်းလေးစောင်းကာ ရောက်လာလေ၏။
ယန်ကျောက်က ရွေးချယ်စရာများကို အကြံပြုလိုက်သည်။
“ဒါမှမဟုတ် သစ်သားကုတင်၊ ဒါမှမဟုတ် သေတ္တာပုံစံကုတင်ကို ပိုကြိုက်လား၊ မင်း ဘယ်ဟာကို ကြိုက်ကြိုက်၊ အဲဒါကိုပဲ ငါတို့ဝယ်မယ်”
ရှောင်လန်နှင့် ကျောင်းတိတို့သည် ချန်မေ့လန်၏ရွေးချယ်မှုကို ကြားချင်သဖြင့် သူမကို စိုက်ကြည့်နေကြသည်။
တစ်ချိန်တည်းမှာပင် ရှောင်ဝမ်သည် ဤမျှမွှေးကြိုင်နေသော ကြက်ကြော်ကို အဘယ်ကြောင့် မည်သူမျှ မစားကြသနည်းဟူသော အချက်ကြောင့် စိတ်ရှုပ်ထွေးနေဆဲဖြစ်၏။
မူလက ကြက်ကျော်သည် အလွန်တန်ဖိုးရှိသဖြင့် သူ့ညီလေးနှင့် ဖခင်တို့ စားရန်အတွက် ချန်ထားချင်ခဲ့သည်။ သို့သော် ယခုအခါ အခြားသူများက နှာခေါင်းရှုံ့ကာ မစားချင်ကြတော့ရာ…..
‘ကောင်းပြီလေ၊ ငါပဲ စားလိုက်တော့မယ်'
ကြက်ကြော်တစ်ကိုက်၊ ကိုကာကိုလာ တစ်ငုံ။
သူ ဒေါသတကြီးစားနေလိုက်သည်။