အခန်း ၆၈
Vol. 7 Ch. 68
အခန်း (၆၈)
ရှောင်ဝမ်သည် ယခင်က တိတ်တဆိတ် တစ်ယောက်တည် စားရချိန်တွင်သာ အရသာကို ခံစားနိုင်ခဲ့သော်လည်း ယခု လူတိုင်းရှေ့တွင် ဒေါသတကြီးစားနေရချိန်တွင်မူ ပို၍ပင် အရသာရှိနေခဲ့သည်။
အရသာရှိသောအစားအသောက်များ၏ အရသာကို ပထမဆုံးအကြိမ်အဖြစ် ပုန်းကွယ်နေစရာမလိုဘဲ ခံစားနိုင်ခြင်းဖြစ်ကြောင်း သူကိုယ်တိုင်ပင် လုံးဝသတိမထားမိခဲ့ပေ။
ချန်မေ့လန်က သေချာစဉ်းစားပြီးမှ မေးလိုက်သည်။
“စပရိန်မွေ့ရာတွေက အရမ်းဈေးကြီးမှာပဲ၊ မဟုတ်ဘူးလား”
၎င်းမှာ အမှန်တကယ်တွင် နူးညံ့သော ကုတင်တစ်လုံးသာဖြစ်သည်။ ရေပန်းစားလာရခြင်းမှာ သာမန်လူများသည် ဤကဲ့သို့သောအရာကို ယခင်က မမြင်ဖူးခဲ့ကြဘဲ အိပ်ရသည်မှာလည်း နူးညံ့ပြီး သက်တောင့်သက်သာရှိသောကြောင့်ဖြစ်၏။
ပြန်လည်မွေးဖွားလာသော ချမ်းသာသည့် အမျိုးသမီးတစ်ဦးသည် နေ့တိုင်း မာကျောသောအုတ်ကုတင်ပေါ်တွင် ကောင်းစွာ အိပ်စက်နိုင်မည်မဟုတ်ပေ။
ချန်မေ့လန်သည် တစ်ခါတစ်ရံ ကုတင်ပေါ်တွင် အိပ်စက်ရန် ပြောင်းလဲမှုတစ်ခု ပြုလုပ်ချင်သော်လည်း စပရိန်မွေ့ရာတစ်လုံး၏ တန်ဖိုးကို သိထားရန်လိုအပ်လေသည်။
အကယ်၍ ဈေးကြီးလွန်းပါက သူမ လုံးဝ ဝယ်မည်မဟုတ်ပေ။
ယန်ကျောက်က စာအိတ်ကို ကမ်းပေးရင်း ရှင်းပြလိုက်သည်။
“လေးငါးထောင်လောက်တော့ ရှိမှာပေါ့၊ ငါ့ဆီမှာ ယွမ် ၆၀၀၀ အတိအကျ ရှိနေတယ်၊ မင်း အရင်သိမ်းထားလိုက်၊ မနက်ဖြန် ငါတို့ ကုတင်သွားဝယ်ကြတာပေါ့၊”
ငွေသားအဖြစ် ထုတ်ယူထားပြီးဖြစ်သော ယွမ် ၆၀၀၀ သည် အထပ်လိုက် အထူကြီးဖြစ်နေသည်။
‘ကုတင်တစ်လုံးကို လေးငါးထောင်တဲ့လား၊ ဒါက ဓားပြတိုက်နေတာပဲ'
ချန်မေ့လန် နှလုံးသားထဲမှ အော်ဟစ်နေမိသည်။ ဤခေတ်၏ ကုန်ဈေးနှုန်းများသည် သူမနှင့် သွေးထွက်သံယို ရန်ငြိုးဖွဲ့ထားသည့်အလားပင်။
နူးညံ့သော ကုတင်တစ်လုံးပေါ်တွင် အိပ်ရရန်ပင် ဤမျှ ခက်ခဲလှသည်။
သူမ ငြင်းဆန်ရန် ပြင်လိုက်စဉ်မှာပင် ချင်ယွီက တံခါးကို နှစ်ချက်ခေါက်ကာ ခြံဝင်းထဲသို့ တည့်တည့်မတ်မတ်ဝင်လာပြီး အကြောင်းကြားလိုက်၏။
“ဪ ဒါနဲ့ မေ့လန်၊ ကလေးနှစ်ယောက်ကို တခြားကျောင်းပြောင်းချင်တယ်ဆို၊ ကျောင်းအုပ်ကြီးက ကတိပေးလိုက်ပြီ၊ လွတ်နေတဲ့နေရာနှစ်နေရာ အတိအကျရှိနေတယ်၊ ဒါပေမဲ့ ဈေးကတော့ တော်တော်လေးကြီးတယ်နော်”
ကလေးများကို ကျောင်းပြောင်းချင်သည့်အကြောင်း ချန်မေ့လန် ယန်ကျောက်ကို မပြောရသေးပေ။ သူနှင့် လုကျင်းယွီတို့သည် ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်ဖြစ်သည်။
လုကျင်းယွီသည် ပညာရေးကို အရာအားလုံးထက် ရှေ့တန်းတင်ပြီး ကလေးများကို ကောင်းကောင်းပညာသင်ကြားပေးရန် မည်သည့်အရာကိုမဆို လုပ်ဆောင်ဖို့ရာ ဆန္ဒရှိသည်။
သူသည် လူဆိုးတစ်ဦးဖြစ်သော်လည်း အမြော်အမြင်ရှိပြီး ကြီးမားသောရည်မှန်းချက်များရှိသည့် လူဆိုးတစ်ဦးဖြစ်သည်။
ယန်ကျောက်နှင့် သူ့သားနှစ်ယောက်အတွက်မူ သူတို့သည် အသက်ရှင်နေရုံဖြင့် ကျေနပ်နေသည်ဟုသာ ဆိုရမည်ဖြစ်သည်။
ထို့ပြင် သူသည် ရှေးရိုးစွဲဆန်ပြီး တင်းကျပ်သူတစ်ဦးဖြစ်ကာ ကိစ္စရပ်များကို စည်းမျဉ်းစည်းကမ်းအတိုင်း ကိုင်တွယ်လေ့ရှိသည်။ ငွေမရှိခြင်းကို အသာထား၊ ငွေရှိလျှင်ပင် ကျောင်းဝင်ခွင့်ရရန် ငွေကြေးအသုံးပြုခြင်းမျိုးကို သူ လုပ်မည်မဟုတ်ဟု ချန်မေ့လန် စိုးရိမ်ခဲ့၏။
ထို့ကြောင့် သူမသည် ဤကိစ္စကို ယန်ကျောက်အား မပြောဘဲ ချင်ယွီနှင့် သူမဘာသာတိုင်ပင်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။
ချန်မေ့လန်က အလျင်အမြန်ပင် ပြန်လွှတ်လိုက်သည်။
“နင် အရင်ပြန်သွားလိုက်ပါ၊ နောက်ရက်မှ ငါတို့ ဆွေးနွေးကြတာပေါ့”
အမှန်တကယ်တွင် ချင်ယွီသည် ယန်ကျောက် အိမ်တွင်ရှိနေသည့်အချိန်ကို တမင်သက်သက် ရွေးချယ်ကာ လာရောက်ခဲ့ခြင်းဖြစ်သည်။
ချန်မေ့လန် ယန်ရှီရှန်းနှင့် လက်ထပ်စဉ်က သူတို့သည် ငွေကြေးကိစ္စအတွက် မကြာခဏ ရန်ဖြစ်လေ့ရှိသည်။
ချန်မေ့လန် ပိုက်ဆံတစ်ပြားသုံးတိုင်း ယန်ရှီရှန်းက အရာအားလုံးကို ထိန်းချုပ်ရန် ကြိုးစားလေ့ရှိ၏။ သူတွင် ငွေမရှိ၍ သို့မဟုတ် တွန့်တို၍မဟုတ်ဘဲ သူဌေးအသစ်တစ်ဦး၏ မနှစ်မြို့ဖွယ်စရိုက်ကြောင့်သာ ဖြစ်သည်။
သူတွင် ငွေရှိသော်လည်း အခြားသူများထံမှ လုံလောက်သော လေးစားမှုနှင့် အာရုံစိုက်မှုကို မရရှိခဲ့ပေ။ သူသည် အမြဲတမ်း အထင်သေးခံရလေ့ရှိသည်။
ဇနီးဖြစ်သူက သူ့ထံမှ ငွေတောင်းသည့်အခါတိုင်း ၎င်းသည် သူငွေရှိကြောင်း ကြွားဝါရန် အခွင့်အရေးတစ်ခု ဖြစ်လာ၏။
သူသည် အပြင်ဘက်တွင် ငွေရှာရန် မည်မျှကြိုးစားရကြောင်းပြောရင်း သူမကို စစ်ဆေးမေးမြန်းကာ ဇနီးဖြစ်သူထံမှ ကိုယ့်ကိုယ်ကို နှစ်သိမ့်မှုတစ်မျိုး ရှာဖွေလေ့ရှိသည်။
ယန်ကျောက်ရောက်လာသောအခါ ချင်ယွီသည် သူ မည်သို့သောလူစားမျိုးဖြစ်ကြောင်း နားမလည်သေးပေ။ အမှန်တကယ်တွင် သူမသည် ချန်မေ့လန်အတွက် ယန်ကျောက်ကို စမ်းသပ်ကြည့်ချင်ခဲ့ခြင်းဖြစ်သည်။
အကယ်၍ ယန်ကျောက်သည်လည်း ယန်ရှီရှန်းကဲ့သို့ သေးသိမ်သောစိတ်ရှိပါက ချန်မေ့လန်အနေဖြင့် ကျောင်းတိကိုသာ ကျောင်းပြောင်းပေးသင့်ပြီး အခြားသူတစ်ဦး၏သားအတွက် ကျောင်းသို့ ပြေးလွှားနေရန်မလိုအပ်ဟု ချင်ယွီ တွေးမိသည်။
မည်သို့ပင်ဆိုစေ ကျောင်းပြောင်းရွှေ့ကြေးမှာ အမှန်တကယ်ပင် အလွန်ဈေးကြီးလှလေ၏။
ယန်ကျောက်က ခဏတာ စဉ်းစားပြီးနောက် မေးလိုက်သည်။
“ခင်ဗျားက ယန်တာ့ဝေရဲ့ဇနီးလား၊ တုန်းဖန်ကျောင်း မဟုတ်လား၊ ကျောင်းဝင်ကြေး ဘယ်လောက်လဲ”
ချင်ယွီက ပြုံးကာ ယန်ကျောက်ကို လက်ဆွဲနှုတ်ဆက်ရန် လက်လှမ်းလိုက်သော်လည်း သူက လက်ဆွဲရန် ရည်ရွယ်ချက်မရှိကြောင်း ပြသနေသဖြင့် သူမ၏ဆံပင်ကိုသာ သပ်တင်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“မင်္ဂလာပါ ဗိုလ်ကြီးယန်၊ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မတို့ တုန်းဖန်ကျောင်းက သင်တန်းကြေးသက်သာပြီး ပညာရေးမှာ အဆင့်မြင့်တယ်၊
နေ့လယ်စာအတွက် ကျောင်းတွင်းစားသောက်ဆိုင်တောင် ရှိသေးတယ်၊ မြို့ထဲက ကလေးတွေအားလုံး ကျွန်မတို့ကျောင်းကို ပြောင်းချင်ကြပေမယ့် သာမန်ကလေးတွေကို ကျွန်မတို့ သိပ်လက်မခံပါဘူး၊
ရှင်တို့မိသားစုရဲ့ ကလေးတွေဖြစ်နေလို့သာ ကျောင်းအုပ်ကြီးက သဘောတူလိုက်တာလို့ ကျွန်မကြားတယ်၊ ကလေးတစ်ယောက်ကို ၂၆၀၀ ပါ၊ တစ်ပြားမှ ပိုမတောင်းထားပါဘူး”
ချန်မေ့လန်က အလိုအလျောက်ပင် အံ့ဩတကြီး ရေရွတ်လိုက်သည်။
“နှစ်ထောင့်ခြောက်ရာလား”
သို့သော် ချက်ချင်းပင် ပါးစပ်ကို ပိတ်လိုက်ပြီး ခေတ်ပြောင်းသွားပြီဖြစ်ကြောင်းနှင့် ယခုအခါ ကျောင်းပြောင်းရန် ဤမျှကုန်ကျကြောင်း သတိပြုမိသွားသည်။
ယန်ကျောက်က အနည်းငယ်မျှပင် တွန့်ဆုတ်မနေဘဲ ဆုံးဖြတ်လိုက်သည်။
“သူတို့ကို စာရင်းသွင်းလိုက်ပါ၊ ကျွန်တော်ပေးပါ့မယ်”
ချင်ယွီမှာ ခဏတာ မှင်သက်သွားခဲ့၏။
ယန်ကျောက်က ချက်ချင်းပင် စာအိတ်ကိုယူကာ ၅၂၀၀ ရေတွက်ပြီး ချင်ယွီထံကမ်းပေးရင်း ကျေးဇူးတင်စကားဆိုလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ ခင်ဗျား တော်တော်လေး အလုပ်ရှုပ်သွားပြီ”
ယန်ကျောက် ငွေဘယ်ကရလာသည်ကို မသိသော်လည်း ချင်ယွီက ချီးကျူးစကားမဆိုဘဲ မနေနိုင်အောင် ဖြစ်သွားရ၏။
“ရှင်တို့ ဇနီးမောင်နှံရဲ့ သဘောထားကို ကြည့်ရုံနဲ့ တခြားအချက်တွေကို ကျွန်မ မှတ်ချက်မပေးချင်တော့ဘူး၊ ဒါပေမဲ့ ရှင်တို့ရဲ့ ကလေးတွေကတော့ သေချာပေါက်ပညာရေးမှာ ထူးချွန်ကြလိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်”
လူတစ်ဦးသည် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ကလေးများ၏ပညာရေးအတွက် ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိပါက အနာဂတ်သည် အလွန်အမင်း ဆိုးရွားနေမည်မဟုတ်ပေ။
ချန်မေ့လန်က သတိပေးရန် လိုအပ်သည်ဟု ခံစားရသဖြင့် ၀င်ပြောလိုက်သည်။
“ချင်ယွီ၊ နင် ငါ့အိမ်ကို ငှားလို့ရတယ်၊ ဒါပေမဲ့ ငါ့ဘေးမှာ ရပ်နေတဲ့သူက ငါတို့စုံထောက်အဖွဲ့ရဲ့ ဗိုလ်ကြီးနော်၊ နင် တရားမဝင်ကိစ္စတွေ ဘာမှလုပ်လို့မရဘူး”
ချင်ယွီက လက်ကာပြရင်း ကတိပေးလိုက်၏။
“မေ့လန်၊ ငါသွားတော့မယ်၊ မနက်ဖြန် တာ့ဝေကို အိမ်လခ လာပေးခိုင်းလိုက်မယ်၊ စိတ်မပူပါနဲ့၊ ငါတို့က စုံထောက်အဖွဲ့ဗိုလ်ကြီးရဲ့ အိမ်ကို ငှားနေတာပဲ၊ တရားမဝင်တာတွေ သေချာပေါက် လုပ်မှာမဟုတ်ပါဘူး၊ ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေမှာပါ”
မေ့လန်သည် အပြင်ပန်းတွင် နူးညံ့သော်လည်း ခိုင်မာသောစရိုက်ရှိပြီး အထူးသဖြင့် စိတ်ထားကောင်းမွန်သည့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သူမ ယခင်က သတိမထားမိခဲ့ပေ။
ယခင်က မေ့လန်ကို အိမ်နီးချင်းတစ်ဦးအဖြစ်သာ မြင်ခဲ့သော်လည်း ယခုအခါ ချင်ယွီသည် မေ့လန်အား သူမ၏လေးစားမှုနှင့် ထိုက်တန်သော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ခံစားလိုက်ရသည်။
အမှန်တကယ်တွင် ယန်ကျောက်၏နှလုံးသားထဲ၌ အတော်လေး စိုးရိမ်နေခဲ့သည်။ ရေခဲသေတ္တာကို ချန်မေ့လန်က ဝယ်ယူခဲ့ပြီး ဘိလပ်မြေနှင့် သဲများအတွက်လည်း သူမကပင် ငွေပေးချေခဲ့၏။
သူ ဤနေရာတွင် ရောက်ရှိနေသည့် ရက်အနည်းငယ်အတွင်း ဆန်၊ ဂျုံမှုန့် သို့မဟုတ် ဆီဖိုးများကိုပင် သူမက သူ့ထံမှ တောင်းယူခြင်း မရှိခဲ့ပေ။
ချန်မေ့လန်၏စရိုက်က မည်သို့ရှိသည်ကို သူ မသိသော်လည်း အမျိုးသမီးများအားလုံးသည် အခြားသူများ ရရှိထားသောအရာကို လိုချင်တတ်ကြသည်သာ။
အိမ်ကို ယန်ရှီရှန်းဆီမှ ယူထားပြီးဖြစ်ရာ ကုတင်တစ်လုံးမဝယ်ဘဲထားရန် မဖြစ်နိုင်ပေ။ သို့သော် ကလေးနှစ်ယောက်၏ ကျောင်းပြောင်းရွှေ့ကြေးပေးပြီးနောက်တွင် သူသည် လောလောဆယ် စပရိန်မွေ့ရာတစ်လုံးကို မတတ်နိုင်တော့ပေ။
သို့သော် ချန်မေ့လန်က နားလည်ပေးလိမ့်မည်ဟု သူ ခံစားရသည်။ သူမသည် ကျိုးရွှယ်ချင်းထက် စကားပြောရန် များစွာပိုမိုလွယ်ကူပုံရသည်။ အကယ်၍ သူ ရှင်းပြလိုက်ပါက သူမ နားလည်ပေးနိုင်မည်ဟု သူ ထင်နေသည်။
သို့သော် ထိုအချိန်တွင် ကျောင်းတိလေးက ကြောက်ရွံ့တုံ့ဆိုင်းစွာဖြင့် ခေါ်လာလေ၏။
“ဖေဖေ”
ထိုခေါ်သံလေးမှာ ရှင်းလင်းပြတ်သားပြီး ချိုမြိန်ကာ သဘာဝကျလှသည်။
…
ကျောင်းတိလေး၏အသံလေးမှာ နူးညံ့နေပြီး ဖိနှိပ်ထားသောစိတ်လှုပ်ရှားမှုများ အပြည့်ပါဝင်နေသည်။
“ဖေဖေ၊ သမီးတို့ အခု စပရိန်မွေ့ရာ သွားဝယ်ကြတော့မလို့လားဟင်၊ နင်လေးတို့အိမ်က ဟာမျိုးလေ၊ သူက သမီးကို အပေါ်တက်ခုန်ပြတာ ကောင်းကင်ဘုံမှာ ကနေရသလိုပဲတဲ့”
ရှောင်လန်က ဘေးအိမ်ကို လက်ညှိုးထိုးပြကာ တိုင်တန်းလိုက်သည်။
“နင်လေးက ခုန်တယ်၊ အစ်မကျ ကြည့်ရတယ်၊ သားကိုကျတော့ ပေးမကြည့်ဘူး”
အနည်းဆုံးတော့ ကျောင်းတိလေးသည် နင်လေး စပရိန်မွေ့ရာပေါ်တွင် ခုန်နေချိန်က ကြည့်ခွင့်ရခဲ့သော်လည်း ရှောင်လန်မှာမူ ထိုအခွင့်အရေးပင် မရခဲ့ပေ။
ချန်မေ့လန်က ပြောလိုက်လေသည်။
“မေမေတို့ မဝယ်ဘူး...”
သို့သော် သူမ စကားမဆုံးမီမှာပင် ယန်ကျောက်က ချက်ချင်းဝင်ပြောလိုက်သည်။
“ငါတို့ ဝယ်မယ်၊ မနက်ဖြန်သွားမယ်”
ချန်မေ့လန်က သူမဘာသာ တွေးလိုက်မိသည်။
‘ငါတို့တော့ သွားပါပြီ၊ စပရိန်မွေ့ရာတစ်လုံးက လေးငါးထောင် တန်တယ်၊ ပြီးတော့ ငါ့လက်ထဲမှာက ယွမ် ၈၀၀ ပဲ ရှိတော့တာ'
‘ငါတို့ မိသားစုလိုက် ခြေအိတ်အမည်း ခေါင်းစွပ်အမဲတွေစွပ်ပြီး ကုန်တိုက်ကို ဓားပြသွားတိုက်ကြရတော့မှာလား’
ကျောင်းတိလေးက ယန်ကျောက်ဆီမှ အဖြေရသွားသောအခါ ခုန်ပေါက်ကာ လက်ခုပ်တီးရင်း ခြံဝင်းတစ်ဖက်မှ အခြားတစ်ဖက်သို့ ကခုန်ရင်း သီဆိုနေတော့သည်။
“ဖေဖေ၊ ဖေဖေ၊ သမီးမှာ ဖေဖေကောင်းတစ်ယောက် ရှိတယ်၊ ဟင်းတွေကို ချွမ်းချွမ်းချွမ်းနဲ့ ချက်တတ်တဲ့ ဖေဖေ၊ အဝတ်တွေကို ရွှပ်ရွှပ်ရွှပ်နဲ့ လျှော်တတ်တဲ့ ဖေဖေ...”