အခန်း ၇၁
Vol. 8 Ch. 71
အခန်း (၇၁)
ကျိုးကျဲ့က ထပ်မံရှင်းပြလိုက်၏။
“အဲဒီတုန်းက သိုးမွေးစက်ရုံက စစ်တပ်နဲ့ ပူးပေါင်းလှုပ်ရှားမှုတွေ လုပ်နေတာ၊ ပြီးတော့ ငါက နင့်ဓာတ်ပုံကို စစ်တပ်ကို ပို့ပေးခဲ့တာလေ၊ အဲဒီစစ်သားက နင့်ကို လာတွေ့ချင်တယ်လို့တောင် ပြောသေးတယ်၊
ဒါပေမဲ့ ကျိုးရွှယ်ချင်းက နင်က ကြမ်းတမ်းပြီး အသားမည်းတဲ့စစ်သားတွေကို မကြိုက်ဘူးလို့ပြောတယ်၊
‘ဒီည ကြယ်တွေလင်းလက်နေတယ်’ ဇာတ်လမ်းထဲက ထန်ကော်ချန်လိုမျိုး အသားဖြူဖြူ ရုပ်ချောချောကောင်လေးမျိုးကိုပဲ ရှာချင်တယ်ဆိုပြီးပြောတာနဲ့ ငါလည်း နားလည်မှုလွဲမှာစိုးလို့ အခြေအနေကိုရှင်းပြဖို့ စစ်တပ်ဆီ အထူးကြေးနန်းတောင် ပို့လိုက်ရသေးတယ်”
၎င်း၏ဆိုလိုရင်းမှာ လွန်ခဲ့သော ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ခန့်က သူမ၏ဓာတ်ပုံကို စစ်တပ်ထဲသို့ အမှန်တကယ် ပေးပို့ခဲ့ခြင်းဖြစ်သည်။
ထိုသို့ဆိုလျှင် ယန်ကျောက်သည် သူမ၏ဓာတ်ပုံကို စောစောစီးစီးကတည်းက မြင်ဖူးခဲ့ပြီး သူမသည် အသားဖြူဖြူ ရုပ်ချောချောအမျိုးသားများကိုသာ နှစ်သက်သည်ဟု ထင်နေခဲ့ခြင်းလော။
အမှန်တရားကို ကောင်းကင်ဘုံကသာ သိပေလိမ့်မည်။
ထိုအချိန်က ကျိုးရွှယ်ချင်း၏ဖခင်သည် ချန်မေ့လန်၏ဓာတ်ပုံကို အမှန်တကယ် တောင်းယူခဲ့ပြီး စစ်သားလေးတစ်ဦးနှင့် မိတ်ဆက်ပေးမည်ဟု ပြောခဲ့သော်လည်း တကယ်တမ်း တွေ့ဆုံသောအခါ ယန်ရှီရှန်း ဖြစ်နေခဲ့၏။
ယန်ကျောက်နှင့် တွေ့ဆုံပြီးနောက် ဤအမျိုးသားသည် အေးတိအေးစက်မဟုတ်သလို နွေးထွေးသူလည်းမဟုတ်ဘဲ သူမနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်နေသကဲ့သို့ သူမ အမြဲခံစားခဲ့ရသည်။
သိုးမွေးစက်ရုံက သူမကို ယန်ကျောက်ကဲ့သို့ စစ်သားမျိုးနှင့် မိတ်ဆက်ပေးချင်ခဲ့သော်လည်း ကျိုးရွှယ်ချင်းက သူမကိုယ်စား ငြင်းပယ်ခဲ့ပြီးနောက် မြေရှင်၏သားတစ်ဦးနှင့် မိတ်ဆက်ပေးခဲ့ခြင်းဖြစ်နိုင်မည်လော။
ယန်ကျောက် အမြဲတမ်း အေးတိအေးစက်ဖြစ်နေရခြင်းမှာ သူမ၏ဓာတ်ပုံကို အရင်ကတည်းက မြင်ဖူးသော်လည်း သူမက ရုပ်ချောချော ကောင်လေးများကိုသာ သဘောကျပြီး စစ်သားများကို မကြိုက်ဘူးဟု ထင်နေခဲ့သောကြောင့်လော။
‘ဒီသောက်….’
သေချာသည်မှာ ၎င်းသည် ချန်မေ့လန်၏ ခန့်မှန်းချက်သာဖြစ်သည်။
ယန်ကျောက်သည် သူမ၏ဓာတ်ပုံကို မြင်ဖူးပြီး သူမအကြောင်း သိနေခြင်း ရှိမရှိ ဆိုသည်ကို နှုတ်ဆိတ်နေတတ်သော ယန်ကျောက်ကိုယ်တိုင်သာ သိပေလိမ့်မည်။
ချန်မေ့လန်နှင့် ယန်ကျောက်တို့ ကုတင်များကို လိုက်လံကြည့်ရှုနေစဉ် မိကျောင်းသားရေအိတ်ငယ်လေးကို ဆုပ်ကိုင်ထားသော ယန်ရှီရှန်းသည်လည်း ကုန်တိုက်အတွင်း လမ်းလျှောက်နေခဲ့၏။
ထိုအချိန်တွင် ယန်ကျောက်က ကလေးများကို ထောင့်တစ်နေရာသို့ခေါ်သွားပြီးနောက် ကလေးများက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
“ဖေဖေ၊ ဒါက ကုတင်လား၊
ရှောင်ဝမ်၏အသံမှာ စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေသည်။
“ဒါ စပရိန်မွေ့ရာမှမဟုတ်တာ”
အမည်ပြောင်းထားသော ယွမ်ယွမ်မှာမူ ပို၍ လိမ္မာလေသည်။
“သမီးထင်တာတော့ တော်တော်လေး ကောင်းပါတယ်၊ ဒါပဲယူကြရအောင်”
ရှောင်လန်က တိုက်ရိုက်ပင် ငိုချလိုက်တော့သည်။
“ဖေဖေလိမ်တယ်”
ဝမ်းနည်းရုံသာမက စိတ်ပျက်သွားသဖြင့် ကလေးလေးသည် စတင်ငိုကြွေးတော့သည်။
ချန်မေ့လန် အပြေးအလွှား သွားကြည့်လိုက်ရာ ရယ်ရမည်လား ငိုရမည်လားပင်မသိတော့ပေ။
ထောင့်တစ်နေရာတွင် ဖုန်များတက်နေသော တစ်မီတာအကျယ်ရှိ ဝါယာကြိုးကုတင်ငယ်လေးတစ်လုံး ရှိနေလေသည်။
သို့သော် ယခုခေတ်တွင် ထိုကဲ့သို့သော ဝါယာကြိုးကုတင်လေးပင်လျှင် ယွမ် ၆၀၀ တန်ကြေးရှိ၏ာ
မည်သို့ပင်ဆိုစေ သံမဏိရှားပါးသောခေတ်ကာလ မဟုတ်လော။
ယန်ကျောက်က ကျောင်းတိကို ကုတင်ဝယ်ပေးမည်ဟု ကတိပေးစဉ်က ဤအရာကို ရည်ရွယ်ခဲ့ခြင်းဖြစ်နိုင်ပေသည်။
ကလေးများသည် အွန်လိုင်းမှ ဈေးဝယ်သောအခါ ဓာတ်ပုံများထဲတွင် အံ့ဩဖွယ်ကောင်းလောက်အောင် လှပနေသော်လည်း တကယ်တမ်း လက်တွေ့တွင် သာမန်မျှသာဖြစ်နေသည်ကို တွေ့ရသော အနာဂတ်မှ သူမ၏အဖြစ်မျိုးနှင့် တူညီနေကြသည်။
သို့သော် အနည်းဆုံးတော့ ၎င်းတွင် စပရိန်များပါရှိပြီး အပေါ်တွင် ခုန်ပေါက်၍ရသည်။
ကလေးများအားလုံးသည် အမှန်တကယ်တွင် အလွန်အမင်းစိတ်ပျက်နေကြသော်လည်း ယန်ကျောက်က အားပေးစကား ဆိုလိုက်သေးသည်။
“ဒါက စပရိန်မွေ့ရာလိုပဲ ခုန်လို့ရတယ်၊ ဘယ်သူစမ်းကြည့်ချင်လဲ”
ယွမ်ယွမ်က ယန်ကျောက်ကို လှုပ်ရမ်းကာ တောင်းဆိုလိုက်သည်။
“ထားလိုက်ပါတော့ ဖေဖေ၊ စပရိန်မွေ့ရာမဝယ်နဲ့တော့၊ သမီးတို့ စပရိန်မွေ့ရာတွေကို မကြိုက်ဘူး”
ရှောင်လန်က နှုတ်ခမ်းကို တင်းတင်းကိုက်ကာ နှာရှုံ့နေခဲ့သည်။
ရှောင်ဝမ်က ဝင်ပြောလိုက်၏။
“လုပ်ပါ ယွမ်ယွမ်လေးရယ်၊ ဒီမနက်တုန်းကတောင် ငါတို့အိမ်မှာ စပရိန်မွေ့ရာ ရှိတော့မယ်ဆိုပြီး နင်လေးကို ကြွားနေသေးတာလေ”
ယန်ရှီရှန်းသည် အမှတ်မထင် ရောက်ရှိလာခြင်းဖြစ်စေ၊ ပြဇာတ်ကြည့်ရန် တမင်သက်သက် လာရောက်ခြင်းဖြစ်စေ၊ စပရိန်မွေ့ရာတစ်လုံးပေါ်တွင် ဖြည်းညင်းစွာ ထိုင်ချလိုက်ပြီး ကုတင်၏စပရိန်များပေါ်တွင် သူ့ကိုယ်သူ ညင်သာစွာ လှုပ်ရမ်းနေလိုက်သည်။
သူ၏သမီးကို အဝေးမှ ကြည့်ကာ တစ်ဝက်တစ်ပျက်အပြုံးဖြင့် ခေါ်လိုက်သည်။
“ကျောင်းတိ၊ ဖေဖေ့ဆီလာခဲ့၊ ဖေဖေ့ရဲ့ စပရိန်မွေ့ရာအသစ်ကို လာစမ်းကြည့်လေ”
ယွမ်ယွမ်သည် သူမ၏ဖေဖေအသစ်ဘေးတွင် ရပ်ကာ ဖေဖေဟောင်း၏ စပရိန်မွေ့ရာကို ကြည့်ရင်း နှုတ်ခမ်းအား တင်းတင်းစေ့ထားပြီး စကားတစ်ခွန်းမျှ မဟခဲ့ပေ။
ချန်မေ့လန်သည် ဉာဏ်ပညာကြီးမားသော အမျိုးသမီးတစ်ဦးမဟုတ်ပေ။
မဟုတ်ပါက သူမ၏အတိတ်ဘဝတွင် ထိုမျှခက်ခဲကြမ်းတမ်းသော ဘဝမျိုးကို ဖြတ်သန်းခဲ့ရမည်မဟုတ်ပေ။
ယခုတိုင်အောင်လည်း သူမ ထိုသို့မဟုတ်သေးပေ။
သို့သော် သူမ၏သမီးလေးသည် စပရိန်မွေ့ရာများကို အလွန်နှစ်သက်လှသည်။ သေချာသည်မှာ ကလေးတစ်ယောက်၏ ကမ္ဘာကြီးမှာ ဤမျှသာ ကျယ်ဝန်းသည်မဟုတ်လော။
နင်လေး ကုတင်ပေါ်၌ လွတ်လပ်စွာ ခုန်ပေါက်နေချိန်တွင် သူမသည် မြေပြင်မှနေ၍ ငေးကြည့်နေခဲ့ရသည်။ ရှောင်လန်မှာမူ အပြင်တွင် သော့ခတ်ခံထားရပြီး ကြည့်ခွင့်ပင် မရခဲ့ပေ။
ထိုစပရိန်မွေ့ရာသည် ကလေးမလေးတစ်ယောက်အတွက်မူ သူမ၏ဆန္ဒအားလုံးပင်။
အမျိုးသမီးများသည် သဘာဝအရ အားနည်းကြသော်လည်း မိခင်များဖြစ်လာသောအခါ ခိုင်မာကြံ့ခိုင်လာကြသောကြောင့် ဖြစ်ကောင်းဖြစ်မည်။
ထို့ပြင် သူမ၏ယခင်ဘဝက သူမသည် သမီးဖြစ်သူကို အကြိမ်ကြိမ် စိတ်ပျက်စေခဲ့ပြီး အကြိမ်ကြိမ် ဆင်းရဲဒုက္ခရောက်စေခဲ့သည်။
သမီးဖြစ်သူကို ထပ်မံ၍ စိတ်ပျက်အောင် မလုပ်ချင်တော့ပေ။
ထိုအခိုက်အတန့်တွင် ချန်မေ့လန်၏ခေါင်းထဲ၌ နည်းလမ်းတစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။
ဤနည်းလမ်းက ယွမ်ငါးထောင်တန်သော စပရိန်မွေ့ရာတစ်လုံးကို ရရှိစေနိုင်ရုံသာမက ထိုခွေးကောင်လို လူ ယန်ကျောက်အား ထိုစဉ်က သူမ စစ်သားလေးများကို ငြင်းပယ်ခဲ့ခြင်းမှာ အသားဖြူဖြူအမျိုးသားများကို သဘောကျသောကြောင့်မဟုတ်ကြောင်း သိစေနိုင်ပေလိမ့်မည်။
…………
ချန်မေ့လန်က အကြံတစ်ခုရသွားကာ ကျိုးကျဲ့အား မေးလိုက်သည်။
“အစ်မကျိုး၊ အခုတလော သိုးမွေးစက်ရုံ အခြေအနေဘယ်လိုရှိလဲ”
သိုးမွေးစက်ရုံအကြောင်း ပြောလိုက်သည်နှင့် ကျိုးကျဲ့၏ရင်ထဲတွင် မကျေနပ်ချက်များ ပေါက်ကွဲထွက်လာတော့၏။ သူမက ယန်ကျောက်ကို တစ်ချက်လှမ်းကြည့်ကာ အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်သည်။
“ဘယ်လိုရှိရမှာလဲ၊ ဒီလို ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒခေတ်ကြီးမှာ ငါတို့လိုလူတွေကတော့ ဖယ်ထုတ်ခံလိုက်ရပြီလေ၊ စက်ရုံကတော့ လူတစ်ချို့ကြောင့် ပျက်စီးသွားပြီ”
‘လူတစ်ချို့’ ဟုဆိုရာတွင် ကျိုးကျဲ့သည် နာမည်ကို တိုက်ရိုက်မပြောရဲသော်လည်း ယန်ကျောက်၏ယောက္ခထီး ကျိုးရန်ယီနှင့် ယောက္ခမ ဝူလျန်လျန်တို့ကို ဆိုလိုကြောင်း လူတိုင်းသိကြသည်။
အဘိုးကြီးကျိုးသည် ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း ပြင်းထန်စွာ ဖိနှိပ်ခံခဲ့ရသဖြင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသွားခဲ့၏။ သို့သော် ပြန်လည်နေရာချထားရေး အစီအစဉ်အရ အစိုးရက သူ့အား သိုးမွေးစက်ရုံ၏ ပါတီအတွင်းရေးမှူးအဖြစ် ခန့်အပ်ခဲ့သည်။
ထိုအချိန်သည် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၏ အစပျိုးချိန်ဖြစ်ပြီး စက်ရုံများသည် ပုဂ္ဂလိကလုပ်ငန်းများနှင့် ပြင်းထန်သောယှဉ်ပြိုင်မှုများကို ရင်ဆိုင်နေရသည်။
လက်မှုအထည်အလိပ်လုပ်ငန်းများသည် အဆိုပါရိုက်ခတ်မှုကို ပထမဆုံး ခံစားရသူများဖြစ်သည်။
စက်ရုံကို ပြုပြင်ပြောင်းလဲရန် နိုင်ငံတော်က ညွှန်ကြားထားပြီး ဦးဆောင်မည့်သူတစ်ဦး လိုအပ်နေခဲ့၏။
အဘိုးကြီးကျိုး၏ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် သူသည် အမြဲတမ်းတွေဝေနေတတ်သည်။ သို့သော် အလုပ်လက်မဲ့ဖြစ်နေသော သူ့ဇနီးမှာမူ အလွန်ပါးနပ်လှ၏။
ပြုပြင်ပြောင်းလဲရေးအကြောင်း ကြားသည်နှင့်တစ်ပြိုင်နက် သူမသည် နေ့စဉ် အလုပ်ရုံကြီးကြပ်ရေးမှူးများထံ နို့မှုန့်များနှင့် စည်သွတ်ဘူးများ ၀ယ်ယူကာ သွားရောက်လည်ပတ်ခဲ့သည်။
သူမသည် သူတို့၏သနားညှာတာမှုကို အသုံးချကာ ခင်ပွန်းဖြစ်သူ၏အဆင့်အတန်းအား အသုံးပြု၍ သူ့အတွက် ထောက်ခံအားပေးမှုရရှိအောင် ကြိုးပမ်းခဲ့သည်။
ထိုသို့ဖြင့် အဘိုးကြီးကျိုးသည် အာဏာရလာခဲ့ပြီး ကျိုးကျဲ့ကဲ့သို့သော အရည်အချင်းရှိသည့် အလုပ်သမားများမှာမူ သိုးမွေးစက်ရုံမှ ဖယ်ထုတ်ခံခဲ့ရ၏။
သို့သော် အဘိုးကြီးကျိုး၏ ခေါင်းဆောင်မှုသည် ကြီးပွားတိုးတက်မှုကို မယူဆောင်လာနိုင်ခဲ့ပေ။ သူသည် အမြင်ကျဉ်းမြောင်းပြီး မဟာဗျူဟာမြောက် တွေးခေါ်နိုင်စွမ်း မရှိခဲ့ချေ။
ဇနီးဖြစ်သူ၏ ညွှန်ကြားမှုဖြင့် သူသည် သူတို့၏သားကို စက်ရုံမှ အထည်အလိပ်အမြောက်အမြားနှင့်အတူ တောင်ပိုင်းသို့စေလွှတ်ကာ ကြီးပွားချမ်းသာရန် မျှော်လင့်ခဲ့သည်။ သို့သော် တောင်ပိုင်းသို့ ရောက်သောအခါ ဒေသတွင်းအထည်များမှာ များစွာစျေးပေါနေကြောင်း တွေ့ရှိခဲ့ရ၏။
ပို၍ဆိုးသည်မှာ ဉာဏ်နည်းသော အဘိုးကြီးကျိုး၏သားနှင့် သူ့အပေါင်းအပါများသည် ဆေးလိပ်သောက်ရင်း ပေါ့ဆမှုကြောင့် အထည်များအပြည့်ပါသော ရထားတွဲများစွာကို မီးလောင်ကျွမ်းစေခဲ့သည်။
ရာနှင့်ချီသော အလုပ်သမားများ လုပ်ကိုင်နေသည့် သိုးမွေးစက်ရုံကြီးမှာလည်း အဘိုးကြီးကျိုး၏ မိသားစုကြောင့် ချက်ချင်းပင် ပျက်စီးသွားခဲ့ရသည်။
စက်ရုံကို အကြွေးများစွာတင်သွားသော အဘိုးကြီးကျိုး၏သားမှာမူ ထွက်ပြေးပုန်းရှောင်သွားခဲ့၏။ အစိုးရက အဘိုးကြီးကျိုး၏ အခြေအနေကို သနားသဖြင့် တရားမစွဲဆိုတော့ဘဲ သူ့ကို အိမ်သို့သာ ပြန်လွှတ်လိုက်သည်။
ချန်မေ့လန်က ပြုံးကာ ပြောလိုက်သည်။
“အခု အစ်မ အဆင်ပြေနေတယ် မဟုတ်လား၊ ဆီမွန်း မွေ့ရာစက်ရုံရဲ့ မန်နေဂျာလေ၊ အခုဆိုရင် အစ်မရဲ့အရည်အချင်းတွေကို တကယ်ပြသနိုင်ပြီပေါ့”
ကျိုးကျဲ့က ခါးသီးစွာ ရယ်မောလိုက်လေ၏။
“အဲဒီလိုဖြစ်ရင်ကောင်းမှာပဲ၊ နားထောင်ရတာ အထင်ကြီးစရာကောင်းပေမယ့် တခြားသူတွေက စားသောက်နေချိန်မှာ ငါတို့က အရိုက်ခံနေရတာပါ၊ မွေ့ရာလုပ်ငန်းရဲ့ အခြေအနေကို နင်မသိပါဘူး”