← Chapters

အခန်း ၇၂

Vol. 8 Ch. 72

အခန်း ၇၂

Vol. 8 Ch. 72

အခန်း (၇၂)

“ဒီခေတ်မှာ အမှတ်တံဆိပ်က အရေးကြီးဆုံးပဲ၊ ကုတင်တစ်လုံးက ယွမ်ငါးထောင် ခြောက်ထောင်လောက်ရှိတယ်၊ မတတ်နိုင်တဲ့သူတွေက စပရိန်တွေဝယ်ပြီး ကိုယ့်ဘာသာ ကုတင်လုပ်ကြတယ်၊

ချမ်းသာတဲ့သူတွေက အမှတ်တံဆိပ်တွေကိုပဲ အသိအမှတ်ပြုကြတယ်၊ ဆီမွန်းက ရောင်းအားကောင်းပေမယ့် အမျိုးသားရုပ်မြင်သံကြားမှာ ကြော်ငြာနေတာက ဖီးနစ်အမှတ်တံဆိပ်ကိုပဲ၊

ငါတို့ရဲ့ ရှီးမေအမှတ်တံဆိပ်ကို မဟုတ်ဘူး”

ချန်မေ့လန်သည် ဤအခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။

“ကျွန်မဆီမှာ အကြံကောင်းတစ်ခုရှိတယ်၊ ကျွန်မတို့ရဲ့ မွေ့ရာတွေကို ဖီးနစ်အမှတ်တံဆိပ်ထက် ပိုရောင်းရစေမယ့် အခမဲ့ကြော်ငြာတစ်ခုပေါ့၊ ဒါပေမဲ့ တကယ်အလုပ်ဖြစ်ရင် ကျွန်မကို ဆီမွန်းမွေ့ရာတစ်လုံး ပေးရမယ်နော်”

ကျိုးကျဲ့က အားရပါးရ ရယ်မောလိုက်၏။

“မေ့လန်၊ အရင်တုန်းက နင့်ကို ရိုးအတယ်လို့ ထင်ခဲ့တာ၊ အခုတော့ တော်တော်လေးပါးနပ်နေပြီပဲ၊ ပြောစမ်းပါဦး၊

အခမဲ့ကြော်ငြာဆိုတာ ဘာကိုဆိုလိုတာလဲ၊ ငါတို့ကို တီဗီပေါ်မှာ အလကားပါအောင် လုပ်ပေးနိုင်လို့လား”

ယခုခေတ်တွင် လူများသည် အမှတ်တံဆိပ်များကိုသာ ဝယ်ယူကြသည်။ အမှတ်တံဆိပ်တစ်ခုကို မည်သည့်အရာက ဖန်တီးသနည်း။

တီဗီတွင် ကြော်ငြာထားသောအရာများပင်။

သို့သော် တီဗီကြော်ငြာများမှာ ငွေကုန်ကြေးကျများပြီး ဒေသခံစက်ရုံများက မတတ်နိုင်ကြပေ။

ချန်မေ့လန်က စတင်ရှင်းပြလိုက်သည်။

“ဒေသတွင်းကြော်ငြာ၊ တိုက်ရိုက်သရုပ်ပြတာက အမျိုးသားရုပ်မြင်သံကြားထက် ပိုထိရောက်တယ်”

ကျိုးကျဲ့၏အာရုံကို ဖမ်းစားမိသည်နှင့်တစ်ပြိုင်နက် သူမက ဆက်ပြောလိုက်သည်။

“ဆီမွန်းဆိုတာ စပရိန်မွေ့ရာတစ်ခုပဲ၊ အဆင့်မြင့်နည်းပညာ ဘာမှမပါဘူး၊ အဓိကက စပရိန်တွေက ပုံမှန်အသုံးပြုမှုကို ခံနိုင်ရည်ရှိလောက်အောင်ခိုင်ခံ့ဖို့ပဲ၊ ကိုယ်တိုင်လုပ်ထားတဲ့ စပရိန်ကုတင်တွေက ခဏလေးနဲ့ ပျက်သွားတတ်တယ်ဆိုတာ လူတိုင်းသိကြလို့ ပိုခိုင်ခံ့တာကို ဝယ်ချင်ကြတာလေ၊

စက်ရုံကနေ အထုပ်မဖြည်ရသေးတဲ့ ကုတင်တစ်လုံးကို ယူလာပြီး ကုန်တိုက်ရှေ့မှာ လူတွေကို ရိုက်ချိုးခိုင်းကြည့်ဖို့ အစ်မ စဉ်းစားဖူးလား၊ အကယ်၍ ကျွန်မတို့ရဲ့ စပရိန်တွေကို ဖျက်ဆီးလို့မရဘူးဆိုရင် ကျွန်မတို့ရဲ့ မွေ့ရာတွေက ကောင်းတယ်ဆိုတာ သက်သေပြလိုက်တာပဲ မဟုတ်ဘူးလား”

ရှီးမေစက်ရုံ၏ မွေ့ရာများ စမ်းသပ်ခံရမည်ကို သူမ မကြောက်ပေ။ မည်သို့ပင်ဆိုစေ နိုင်ငံပိုင်လုပ်ငန်းဖြစ်သဖြင့် သူတို့၏စပရိန်များသည် အလုပ်သမားများ၏ ခေါင်းမာသောစိတ်ကဲ့သို့ ခိုင်ခံ့လှသည်။

သို့သော် မွေ့ရာများကို ရိုက်ချိုးခြင်းက တကယ်ပဲ ရောင်းအားတက်စေမည်လော။

အကယ်၍ ကျိုးကျဲ့သာ အရောင်းတာဝန်ခံမဟုတ်ပါက ဤကိစ္စကို ဂရုစိုက်မည်မဟုတ်ပေ။

သို့သော် ယခုအချိန်သည် ထုတ်ကုန်အမျိုးမျိုး စျေးကွက်အတွင်းသို့ ဝင်ရောက်လာနေသည့် အချိန်ဖြစ်သည်။

အရက်သမားရှီဖုန်း အမျိုးသားရုပ်မြင်သံကြားတွင် ကြော်ငြာခဲ့ပြီးနောက် ရောင်းအား အလွန်မြင့်တက်သွားခဲ့၏။

Chrysanthemum လျှပ်စစ်ပန်ကာများ၏ ‘အေးမြသောကမ္ဘာ’ ကြော်ငြာသည်လည်း အောင်မြင်မှုရရှိခဲ့သည်။

ထို့ကြောင့် ယခုခေတ်တွင် စက်ရုံများသည် ကြော်ငြာခြင်းကို ယေဘုယျအားဖြင့် လက်ခံလာကြသည်။ သို့သော် အခြားသူများက တီဗီတွင် ကြော်ငြာကြပြီး သူတို့က ကုတင်များကို ရိုက်ချိုးကြမည်ဆိုလျှင် အလုပ်ဖြစ်ပါမည်လော။

ထို့အပြင် Chrysanthemum ပန်ကာများ၏ ‘အေးမြသောကမ္ဘာ’ ကြော်ညာမှာ ဆွဲဆောင်မှုရှိသော ကြွေးကြော်သံများ ရှိကြသည်။ ရှီးမေတွင်မူ ထိုသို့သောကြွေးကြော်သံမရှိပေ။

ချန်မေ့လန်က ကျိုးကျဲ့၏အတွေးများကို တစ်ချက်ကြည့်ရုံဖြင့် ခန့်မှန်းမိလိုက်သည်။

“ကြွေးကြော်သံတစ်ခုလည်း ထည့်ကြတာပေါ့၊ ‘ရှီးမေမွေ့ရာ၊ တူအချက်တစ်ထောင်အောက်မှာတောင် မကျိုးပဲ့နိုင်ဘူး’ ဆိုရင်ရော ဘယ်လိုလဲ၊

ပိုကောင်းတာက လူတွေ ကုတင်ကို ရိုက်ချိုးဖို့ ကြိုးစားနေချိန်မှာ မိန်းမတချို့ကို အဲဒီကြွေးကြော်သံ အော်ခိုင်းလိုက်၊

အမျိုးသားရုပ်မြင်သံကြားထက် ပိုထိရောက်မယ်ဆိုတာ ကျွန်မ အာမခံတယ်”

အမှန်တကယ်တွင် ဤအရာများအားလုံးသည် ချန်မေ့လန်၏ ယခင်ဘဝက ကြော်ငြာပေါင်းများစွာကို ကြည့်ရှုခြင်းမှ ရရှိလာသော အတွေ့အကြုံနှင့် ဉာဏ်ပညာများဖြစ်၏။

နိုင်ငံခြားမှ မွေ့ရာကုမ္ပဏီအချို့သည် သူတို့၏စပရိန်များ ခိုင်ခံ့ကြောင်း သက်သေပြရန် ထရပ်ကားများဖြင့်ပင် ကြိတ်နင်းပြလေ့ရှိသည်။

ကြော်ငြာခြင်းကို အထင်မသေးသင့်ပေ။ ၎င်းသည် အံ့ဩဖွယ်ကောင်းလောက်အောင် အလုပ်ဖြစ်လေသည်။

အကယ်၍ လူအများရှေ့တွင် မွေ့ရာတစ်လုံးကို ထရပ်ကားဖြင့် ကြိတ်ချေပြပြီး စပရိန်များက ပြန်မတ်လာပါက လူအများသည် ချက်ချင်းပင် သူတို့၏ ပိုက်ဆံအိတ်များကို ဖွင့်ကာ ၀ယ်ချင်လာကြပေလိမ့်မည်။

ကျိုးကျဲ့သည် ဤအကြံဉာဏ်ကို သဘောကျသွားပြီဖြစ်ရာ နောက်ဆုတ်၍ မရတော့သော်လည်း ချန်မေ့လန်အတွက် သတ်မှတ်ချက်တစ်ခု ထားရှိချင်သေးသည်။

မည်သို့ပင်ဆိုစေ သူမသည် ခေါင်းဆောင်ငယ်တစ်ဦးသာဖြစ်ပြီး ကုတင်တစ်လုံး အခမဲ့ပေးရန်အတွက် စက်ရုံမှူး၊ ပါတီအတွင်းရေးမှူးနှင့် အခြားအထက်လူကြီးများ၏ခွင့်ပြုချက် လိုအပ်ပေမည်။

“တစ်နေ့နေ့တော့ ငါတို့ စမ်းကြည့်ကြတာပေါ့၊ အကယ်၍ တစ်ရက်တည်းနဲ့ ကုတင်ဆယ်လုံး ရောင်းရရင် နင့်ကို တစ်လုံးပေးမယ်”

ချန်မေ့လန်က သဘာဝကျစွာဖြင့် ပြန်ပြောလိုက်သော်လည်း အဓိပ္ပာယ်နှစ်ခွ ပါဝင်နေသည်။

“ဒါဆိုရင် အစ်မ စနေ၊ တနင်္ဂနွေကို ရွေးတာပိုကောင်းမယ်၊ ကုန်တိုက်တွေက စနေ၊ တနင်္ဂနွေမှာ ပိုစည်ကားတယ်လေ၊ ပြီးတော့ ကတိမဖျက်နဲ့နော်၊

ကျွန်မကို စစ်သားတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်လို့ ပြောခဲ့တဲ့ သိုးမွေးစက်ရုံက ခေါင်းဆောင်တွေလိုမျိုး မလုပ်နဲ့၊ ကျွန်မက ဓာတ်ပုံရိုက်ဖို့စတူဒီယိုကိုတောင် အထူးတလည်သွားခဲ့ရတာ၊ ဒါပေမဲ့ တကယ်တွေ့တော့ မြေရှင်မိသားစုကလူဖြစ်နေတယ်”

သူမ စကားပြောနေစဉ် ယန်ကျောက်နှင့် ယန်ရှီရှန်းတို့၏ တုံ့ပြန်မှုများကို စောင့်ကြည့်နေခဲ့၏။

ယန်ရှီရှန်းသည် ယွမ်ယွမ်ဆီသို့ အာရုံရောက်နေသဖြင့် သူမ၏စကားများကို မကြားခဲ့ဘဲ စကားဝိုင်းကို လုံးဝ သတိမထားမိခဲ့ပေ။ ယန်ကျောက်ကမူ မျက်မှောင်အနည်းငယ် ကြုတ်သွကာ သူ၏အကြည့်များက ကျိုးကျဲ့ထံသို့ ရောက်ရှိသွားသည်။

အဘိုးကြီးကျိုး တာဝန်ယူစဉ်က သူသည် ဆွေမျိုးများစွာကို စက်ရုံထဲသို့ ခေါ်သွင်းခဲ့ပြီး ချန်မေ့လန်သည်လည်း ထိုအထဲမှတစ်ဦးဖြစ်သည်။

သို့သော် သူမ၏ဓာတ်ပုံကို ကျိုးကျဲ့က ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ စစ်သားများက စက်ရုံမှ အမျိုးသမီးအလုပ်သမားများ၏ ဓာတ်ပုံများအား ကြည့်ရှုကာ သင့်လျော်ပါက မိတ်ဆက်ပေးသည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်၏။

ကျိုးကျဲ့က မေ့လန်၏ဓာတ်ပုံအား မည်သူ့ထံပေးပို့ခဲ့သည်ကို အတိအကျ မမှတ်မိတော့ပေ။

သို့သော် ကျိုးရွှယ်ချင်းက ဤကိစ္စကို ကြားသိရသောအခါ ချန်မေ့လန်သည် စစ်သားများကို မကြိုက်ကြောင်းပြောကာ အလွန်ဒေါသထွက်ခဲ့သည်။

သူမက ဖိုင်ကို ပြန်ရုပ်သိမ်းရန် ကြေးနန်းစာတစ်စောင်‌ပင် အရေးတကြီးပေးပို့ခဲ့သေးသည်။

ယန်ကျောက်သည် တပ်ရင်းမှူးဖြစ်ပြီး ကြေးနန်းစာကို သူ့ထံသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ထိုအကြောင်းကြောင့်ပင် ကျိုးကျဲ့က ချန်မေ့လန်အား ရုပ်ရည်သွင်ပြင်ကို ဂရုမစိုက်ရန် အထူးတလည်ပြောခဲ့ခြင်းဖြစ်သည်။

စစ်သားဇနီးဖြစ်ရန် အဆင်မပြေခဲ့သော်လည်း ယန်ကျောက်သည် မေ့လန်၏ဖိုင်ကို တစ်ယောက်ယောက် ပြန်ရုပ်သိမ်းသွားကြောင်း သိနေသည်။ သူမ၏ အလှအပကြောင့် သူ သေချာပေါက် မှတ်မိနေပေလိမ့်မည်။

ထို့ကြောင့် ယခု သူမ နားချရမည့်သူမှာ မေ့လန်မဟုတ်ဘဲ ယန်ကျောက်ဖြစ်နေလေသည်။

“ဒါနဲ့ ယန်ကျောက်၊ နင့်တပ်ကို ငါ ဓာတ်ပုံတွေပို့တုန်းက မေ့လန်ရဲ့ဓာတ်ပုံလည်း ပါတယ်လေ၊ သူ့ပုံကို ငါ ဘယ်သူ့ဆီပို့ခဲ့လဲဆိုတာ နင် မှတ်မိသေးလား၊

ဒါက တကယ့်ကို နားလည်မှုလွဲသွားတာပဲ၊ ငါတို့ရဲ့ မေ့လန်လေးက အစကနေ အဆုံးထိ ဒီကိစ္စကို ဘာမှမသိခဲ့ဘူးတဲ့”

ချန်မေ့လန်က သူမဘာသာ တွေးလိုက်သည်။

‘သေချာပေါက်ပဲ၊ ယန်ကျောက်က ငါ့အကြောင်း အစကတည်းက သိနေခဲ့တာပဲ'

ထိုခွေးကောင်လို လူက သူမအပေါ် အေးတိအေးစက် နိုင်နေသည်မှာမဆန်းပေ။

သို့သော် ထိုစဉ်က ကျိုးကျဲ့သည် သူမအား မည်သူနှင့် မိတ်ဆက်ပေးရန် ကြိုးစားခဲ့ခြင်းဖြစ်သနည်း။

အမျိုးသမီးနှစ်ဦး၏ စူးစမ်းလိုသော အကြည့်များကြောင့် ယန်ကျောက်က အေးစက်စက် ပြန်ဖြေလိုက်သည်။

“ငါမေ့သွားပြီ”

‘သူမေ့သွားပြီဆိုတာ ဘာသဘောလဲ'

စစ်ဘက်-အရပ်ဘက် မိတ်ဆက်ပေးရေး အစီအစဉ်တွင် စစ်သားသုံးဆယ်ကျော်၏အိမ်ထောင်ရေး ပါဝင်သည်။ သူကိုယ်တိုင် ကြီးကြပ်ခဲ့ရသော ထိုမျှအရေးကြီးသည့် ကိစ္စကို သူက မည်သို့လုပ်၍ အရာအားလုံး မေ့သွားနိုင်မည်နည်း။

ကျိုးကျဲ့က သက်ပြင်းချလိုက်သည်။

“နင့်တပ်ရင်းက တစ်ယောက်ယောက်ဖြစ်မှာပါ၊ တကယ်ကို နှမြောစရာပဲ၊ မေ့လန်အတွက် ကောင်းမွန်တဲ့အိမ်ထောင်ရေးတစ်ခု ဖြစ်လာနိုင်တာကို”

ယန်ကျောက်က စကားလမ်းကြောင်းကို ကလေးများ အများဆုံးစိတ်ဝင်စားနေသည့် ဆီမွန်းမွေ့ရာများဆီသို့ ပြန်လည်ပြောင်းလဲလိုက်၏။

“ကုတင်ရောင်းဖို့ မေ့လန်ရဲ့အကြံက တော်တော်ကောင်းတယ်လို့ ထင်တယ်၊ အစ်မကျိုး၊ အစ်မ သေချာစဉ်းစားသင့်တယ်”

သေချာသည်မှာ ထိုကိစ္စက ထိုနေရာတွင်ပင် ပြီးဆုံးသွားခဲ့သည်။

မည်သို့ပင်ဆိုစေ ချန်မေ့လန်သည် သူမက လူအများကို ရုပ်ရည်သွင်ပြင်ဖြင့် ဆုံးဖြတ်တတ်သူမဟုတ်ကြောင်း ယန်ကျောက်ကို သိစေချင်ရုံသာဖြစ်၏။

ကျိုးကျဲ့သည် သူမကို အမှန်တကယ် မည်သူနှင့်မိတ်ဆက်ပေးရန် ကြိုးစားခဲ့သည်ဆိုသည်မှာ ယခုအခါ အရေးမကြီးတော့ပေ။

ယခု အရေးအကြီးဆုံးမှာ ဆီမွန်းမွေ့ရာဖြစ်သည်။ သူမက ၎င်းကို လက်လွတ်မခံနိုင်ပေ။

“အစ်မကျိုး၊ အကယ်၍ ကြော်ငြာက အလုပ်ဖြစ်ပြီးတစ်ရက်တည်းနဲ့ ရှီးမေမွေ့ရာ ဆယ်လုံးရောင်းရရင် ကျွန်မကို တစ်လုံး သေချာပေါက်ပေးရမယ်နော်”

ကျိုးကျဲ့က ကတိပေးလိုက်သည်။

“ကောင်းပါပြီ၊ အချိန်ကျရင် ခေါင်းဆောင်တွေဆီ ခွင့်ပြုချက်တောင်းပေးပါ့မယ်၊ တကယ်လို့ ငါတို့ တကယ်ရောင်းရတယ်ဆိုရင် နင့်ကို တစ်လုံးပေးမယ်”

တစ်ရက်တည်းနှင့် ကုတင်ဆယ်လုံးရောင်းရခြင်းသည် အရောင်း ယွမ် ၅၀,၀၀၀ နှင့် ညီမျှသည်။

ကုန်တိုက်အား သူတို့၏ ၃၀ ရာခိုင်နှုန်း ဝေစုကို ပေးပြီးနောက်တွင်ပင် ကျန်ရှိသောငွေသည် ရှီးမေပရိဘောဂစက်ရုံ၏ အလုပ်သမားများအား ပေးရန်ကျန်ရှိနေသော သုံးနှစ်စာနီးပါး လစာများကို ပေးချေရန် လုံလောက်ပေလိမ့်မည်။

ဤကဲ့သို့သော အိပ်မက်မျိုးကို ကျိုးကျဲ့သည် နိုးနေချိန်တွင်မဆိုထားနှင့် အိပ်မက်ထဲတွင်ပင် မမက်ရဲပေ။

လောလောဆယ်တွင် သူမ ၎င်းကို နောက်ပြောင်မှုတစ်ခုအဖြစ်သာ သဘောထားထားလေ၏။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က ရုတ်တရက် ရယ်မောလိုက်သည်။

“အစ်မ၊ ချန်မေ့လန်ရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို နားထောင်မနေပါနဲ့၊ သူက ကျောင်းတောင်မနေဖူးတာ၊ သူ့ရဲ့ ယောင်ယမ်းပြောနေတဲ့စကားတွေကို ဘာလို့ ဂရုစိုက်နေတာလဲ”

All Chapters