အခန်း ၇၃
Vol. 8 Ch. 73
အခန်း (၇၃)
ထိုသူမှာ ဖီးနစ် ဆီမွန်းမွေ့ရာပေါ်တွင် ထိုင်လျက် ရှေ့နောက် ယိမ်းထိုးနေသော ယန်ရှီရှန်းဖြစ်သည်။ သူသည် ချန်မေ့လန်၏စကားများကို ရယ်စရာအဖြစ်သဘောထားကာ စကားဝိုင်းထဲသို့ ဝင်ပြောလာခြင်းဖြစ်ပေမည်။
ကျိုးကျဲ့က အံ့ဩတကြီးပြောလိုက်၏။
“ရှင်က ဖေးရှန် နဲ့ အရမ်းတူတာပဲ၊ ရှင်က ကျွန်မတို့မြို့က နာမည်ကြီး သူဌေးအသစ်ဆိုတာတော့ မဟုတ်ပါဘူးနော်...”
သူသည် ဒေသအတွင်းတွင် အတော်လေး နာမည်ကြီးသူဖြစ်သည်။
ယန်ရှီရှန်းက ပြုံးကာ အတည်ပြုလိုက်သည်။
“ကျွန်တော်ပါပဲ၊ ကျွန်တော် ယန်ရှီရှန်းပါ”
အမှန်တကယ်တွင် ယန်ရှီရှန်းသည် ကျိုးကျဲ့ကိုလည်း သိလေ၏။
မည်သို့ပင်ဆိုစေ သူမသည် ရဲမှူးအသစ်၏ဇနီးဖြစ်ပြီး သူက စောစောစီးစီးကတည်းက ကြိုတင်လေ့လာထားခဲ့ပြီးဖြစ်သည်။
အကယ်၍ ရဲမှူးနှင့် ဆက်ဆံရေးမတည်ဆောက်နိုင်သော်လည်း ရဲမှူး၏ဇနီးနှင့် အဆက်အသွယ်ရပါက ၎င်းသည် ရဲမှူးနှင့် ဆက်ဆံရေးရှိခြင်းနှင့် တူညီလေသည်။
ထို့ကြောင့် ယန်ရှီရှန်းသည် ယခုအခါ မေ့လန်ကို အထင်သေးကာ ရဲမှူး၏ဇနီးနှင့် ရင်းနှီးကျွမ်းဝင်ချင်နေခြင်းဖြစ်သည်။
သို့သော် ယန်ကျောက်က သူ့ကို စကားဖြတ်ပြောလိုက်၏။
“ရှီရှန်း၊ ဒီနေ့ မင်းအားလား”
ယန်ရှီရှန်းသည် ယန်ကျောက်ကို ယခုမှ သတိထားမိသည့်အလား ဟန်ဆောင်လိုက်သည်။
“ဗိုလ်ကြီးယန်၊ ကျွန်တော် တော်တော်လေးအားပါတယ်၊ ကုတင်လာဝယ်တာ၊ ဘာလဲ၊ ခင်ဗျားလည်း ကျွန်တော့်ရဲ့ကျောင်းတိအတွက် ဆီမွန်းမွေ့ရာ လာဝယ်တာလား”
ယန်ကျောက်၏ ဆီမွန်းမွေ့ရာသည် ယွမ် ၆၀၀ တန် ဝါယာကြိုးကုတင်ငယ်လေးအဖြစ် ပြောင်းလဲသွားသည်ကို သူ အားလုံး မြင်တွေ့ခဲ့ပြီးဖြစ်သည်။
ချန်မေ့လန်သည် ဆီမွန်းမွေ့ရာတစ်လုံးအတွက် အမှန်တကယ်ပင် ကြွားဝါကာ အဓိပ္ပာယ်မရှိသောစကားများကို ပြောဆိုနေပြီး တစ်ရက်တည်းနှင့် ဆယ်လုံးရောင်းရမည်ဟု စိတ်ကူးယဉ်ကာ ဤနေရာတွင် ကြွားလုံးထုတ်နေခဲ့၏။
သူက ဟားတိုက်မရယ်မောမိအောင် မနည်းထိန်းထားခဲ့ရသည်။
သို့သော် သူ၏ဇနီးဟောင်းမှာ ထိုမျှဆင်းရဲသော အမျိုးသားတစ်ဦးနှင့် အတူနေထိုင်ကာ အလွန်သနားစရာကောင်းသောဘဝကို ဖြတ်သန်းနေရသည့်အတွက် သူမကို မသနားဘဲမနေနိုင်အောင် ဖြစ်မိသည်။
ယန်ကျောက်က ဖိတ်ခေါ်လိုက်လေ၏။
“အားရင် ငါနဲ့အတူ ရုံးကို လက်ဖက်ရည်လာသောက်လေ”
‘လက်ဖက်ရည်လား’
ဤသည်မှာ ယန်ကျောက်က လာဘ်ငွေကို လက်ခံချင်သည်ဟု အဓိပ္ပာယ်ရပြီး ၎င်းသည် သေချာပေါက် ကောင်းမွန်သောအရာဖြစ်သည်။ ယန်ရှီရှန်းက ဝမ်းသာအားရ လက်ခံလိုက်၏။
“ကောင်းတာပေါ့၊ အရမ်းကောင်းတယ်၊ ခဏနေရင် အတူတူသွားကြတာပေါ့၊”
ချန်မေ့လန်က ကျိုးကျဲ့အား နောက်တစ်ကြိမ် ထပ်မံသတိပေးရသေးသည်။
“အစ်မကျိုး၊ ကျွန်မရဲ့ကုတင်ကို မမေ့နဲ့နော်”
ယန်ရှီရှန်းနှင့် ပတ်သက်၍မူ သူမက သူ့ကို အသိအမှတ်ပြုရန်ပင် ဆန္ဒမရှိပေ။ ဤအမျိုးသားအားလုံးသည် သူတို့၏တည်ရှိမှုကို ပြသရန် အမျိုးသမီးများကို အထင်သေးလေ့ရှိကြသည်။
သူတို့သည် သူမ၏မှတ်ဉာဏ်သင်္ချိုင်းရှိ အုတ်ဂူများအဖြစ်သာ နေထိုင်ရန် ထိုက်တန်သည်။
သူမက ရှောင်လန်၏တင်ပါးလေးကို ပုတ်ကာ ပြောလိုက်၏။
“ဆီမွန်းမွေ့ရာကို မှာထားပြီးပြီ၊ ရက်နည်းနည်းတော့ စောင့်ရဦးမယ်၊ အခု အောက်ထပ်ဆင်းကြမယ်၊ မေမေက သားတို့ကို အဝတ်အစားတွေ ဝယ်ပေးမလို့”
‘အဝတ်အစားဝယ်ပေးမယ်လာစ'
ဖရဲသီးကိုပစ်ပြီး နှမ်းစေ့ကို ကောက်ယူသကဲ့သို့ ကလေးများသည် ဆီမွန်းမွေ့ရာကို ချက်ချင်းမေ့သွားကြပြီး အဝတ်အစားများဆီသို့ အပြေးအလွှား သွားကြတော့သည်။
ဒုတိယအထပ်သည် ကလေးအဝတ်အစားများထားခြင်းဖြစ်ပြီး ကလေးသီချင်းများ ဖွင့်ထားကာ ဆွဲဆောင်မှုရှိသော ပရိုမိုးရှင်းပိုစတာများနှင့် အထူးအရုပ်ကောင်တာတစ်ခုလည်း ရှိ၏။
ဆိုင်တစ်ဆိုင်တွင် ဆွန်းဝူခုန်းနှင့် ကျူးပါကျဲတို့၏ပုံများ ရိုက်နှိပ်ထားသော အတွင်းခံဘောင်းဘီငယ်လေးများကိုပင် ရောင်းချနေကြောင်း ရှောင်ဝမ်က အစောပိုင်းကတည်းက သတိထားမိခဲ့သည်။
ယနေ့ခေတ် ကုန်တိုက်များသည် တကယ်ကို အံ့ဩစရာကောင်းပြီး အတွင်းခံငယ်လေးများကိုပင် ခင်းကျင်းပြသကာ ရောင်းချနေကြလေသည်။
ကလေးများသည် အောက်ထပ်သို့ အလောတကြီး ပြေးဆင်းသွားကြလေ၏။
ယန်ရှီရှန်းက စုပ်သပ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ယွမ်ယွမ်သည် သူ့ကို လျစ်လျူရှုရုံသာမက မထွက်ခွာမီ သူ့ကို ဒေါသတကြီး စိုက်ကြည့်သွားခဲ့သောကြောင့်ဖြစ်၏။
“ယန်ကျောင်းတိ...”
ယွမ်ယွမ်က ရုတ်တရက် အနောက်သို့လှည့်ကာ ဖခင်ဖြစ်သူကို ပြန်လည်အော်ဟစ်လိုက်သည်။
“သမီး အခု နာမည်ပြောင်းသွားပြီ၊ ယန်ရှန်းနန်လို့ ခေါ်တယ်”
သူမသည် အောင်ပွဲခံသော မျက်နှာထားဖြင့် ရှောင်လန်နှင့် ရှောင်ဝမ်တို့အား သူမ၏ ရဲစွမ်းသတ္တိကို ပြသလိုက်ပြီး သူတို့နှစ်ဦးကို လက်တစ်ဖက်စီမှဆွဲကာ ခွန်အားအပြည့်ဖြင့် ထွက်သွားတော့သည်။
ကလေးအဝတ်အစားများသည် ဒုတိယအထပ်တွင်ရှိပြီး အတွင်းခံများအတွက် သီးသန့်ကောင်တာတစ်ခု ရှိ၏။
အတွင်းခံဘောင်းဘီငယ်လေးများသည် ဆွယ်တာလေးများ၊ အင်္ကျီလက်ပြတ်လေးများနှင့်အတူရှိကာ အမှန်တကယ်ပင် လှပလှသည်။
ဤပစ္စည်းများသည် ဈေးမကြီးရုံသာမက ပုဂ္ဂလိက အဝတ်အထည်ထုတ်လုပ်သူများ၏ ရိုက်ခတ်မှုကြောင့် အမှန်တကယ်တွင် အလွန်ဈေးပေါလှ၏။
အတွင်းခံဘောင်းဘီအသေး လေးထည်ကို တစ်ယွမ်သာ ပေးရသည်။ ကလေးတစ်ယောက်အတွက် ငါးထည်ဝယ်မည်ဆိုပါက ငါးယွမ်သာ ကျသင့်မည်ဖြစ်ပြီး အရည်အသွေးမှာလည်း ဟင်းသီးဟင်းရွက်ဈေးမှ ပြားငါးဆယ်တန်များထက် ပိုမိုကောင်းမွန်လေ၏။
ချန်မေ့လန်က ကလေးများကို ပြောလိုက်သည်။
“တစ်ယောက်ကို ငါးထည်စီ၊ ကိုယ်ကြိုက်တဲ့ပုံစံတွေကို ရွေးကြလေ”
ရှောင်ဝမ်နှင့် ရှောင်လန်တို့သည် နှုတ်ဆိတ်နေသော သူတို့၏ဖခင်ကို မော့ကြည့်ကာ မရွေးချယ်ရဲဘဲ ဖြစ်နေကြသည်။
ယွမ်ယွမ်မှာမူ ကောင်တာတွင် ခြေဖျားထောက်ကာ သူမအတွက်ပုံစံများကို ရွေးချယ်နေပြီဖြစ်သည်။
ချန်မေ့လန်က အနောက်သို့ လှည့်ကြည့်လိုက်ရာ ယန်ကျောက်၏အကြည့်နှင့် ဆုံသွားပြီး မေးလိုက်လေသည်။
“ဗိုလ်ကြီးယန်၊ ရှင်ရော အတွင်းခံလိုသေးလား၊ ဘယ်ဆိုဒ်လဲ”
ယန်ကျောက်၏ မျက်နှာမှာ ခံစားချက်ကင်းမဲ့နေဆဲဖြစ်သော်လည်း သူ နားကြားမှားသွားသည့်အလား မျက်မှောင်အနည်းငယ် ကြုတ်သွားလေ၏။
အကယ်၍ သူတို့သာ အတူနေထိုင်မည်ဆိုပါက ဤအမျိုးသားက အသေးအဖွဲကိစ္စလေးများအတွက်ပင် ရှက်ရွံ့နေမည်ဆိုလျှင် မည်သို့ အဆင်ပြေနိုင်မည်နည်း။
ချန်မေ့လန်သည် သူက ရှက်ရွံ့မှုကြောင့် သူမနှင့်အတူအိပ်ရန်ပင် ဆန္ဒရှိမည်မဟုတ်ဟု သံသယဝင်မိသည်။
၎င်းမှာ တကယ်တော့ ကောင်းမွန်သောအချက်ဖြစ်သည်။ သူမသည် ဤဘဝတွင် မည်သည့်အမျိုးသားနှင့်မျှ ထိုကဲ့သို့သောဆက်ဆံရေးမျိုး ထပ်မရှိချင်တော့ပေ။
ချန်မေ့လန်က ဆက်ပြောရန်ပြင်လိုက်သည်။
“ရှင် ဘယ်ဆိုဒ်လိုတယ်ဆိုတာသာ ပြော...”
စိတ်ထဲတွင်တော့ ‘ရှင့်ရဲ့ အတွင်းခံကို ကျွန်မ မြင်ဖူးတယ်၊ အဲဒါတွေက အဝတ်စုတ်တွေနဲ့ ပိုတူတယ်’ ဟု သူမ ပြောချင်နေခဲ့သည်။
ရှောင်ဝမ်ကလည်း အတွင်းခံရွေးချယ်ရန် စိတ်အားထက်သန်နေပြီး တိုက်တွန်းလိုက်လေ၏။
“ဖေဖေ၊ မြန်မြန်ပြောလိုက်ပါတော့”
ယန်ကျောက်သည် စကားတစ်ခွန်းမျှမဟသေးပေ။ ရှောင်လန်က စိတ်မရှည်ဖြစ်ကာ နှာမှုတ်ရင်း ၀င်ပြောလိုက်သည်။
“ဖေဖေကလည်း အတွင်းခံဝတ်ရတာ မကြိုက်ဘူး၊ သားလိုပဲ အခု ဖင်ဗလာနဲ့ဖြစ်နေမှာပေါ့”
ယန်ကျောက်က ဆက်လက်သည်းမခံနိုင်တော့ဘဲ သားနှစ်ယောက်လုံးကို လက်တစ်ဖက်စီဖြင့် ပင့်ချီလိုက်ပြီး အမိန့်ပေးလိုက်သည်။
“မင်းတို့ အတွင်းခံတွေရွေးကြ”
ထို့နောက် သူက ပြန်ဖြေလိုက်၏။
“ငါ့အတွက်ကတော့ အကြီးဆုံးဆိုဒ်ပေါ့”
ချန်မေ့လန်ကလည်း ယွမ်ယွမ်ကို ပွေ့ချီလိုက်သည်။ မှန်ကောင်တာထဲတွင် အတွင်းခံဘောင်းဘီငယ်များနှင့် ဆွယ်တာများ အပြည့်ရှိနေလေ၏။
ကလေးများသည် ဟမ်စတာကြွက်ငယ်လေးများကဲ့သို့ အပုံထဲတွင် မွှေနှောက်ရှာဖွေနေကြပြီး ဒါလေးလည်းကြိုက်၊ ဟိုဟာလေးလည်းကြိုက် ဖြစ်နေသဖြင့် ဆုံးဖြတ်ချက်ချရန် ခက်ခဲနေကြသည်။
ကလေးသုံးယောက်၏ခေါင်းများ နီးကပ်နေသဖြင့် ချန်မေ့လန်နှင့် ယန်ကျောက်တို့လည်း ပိုမိုနီးကပ်သွားခဲ့ကြသည်။
အခွင့်အရေးကို အသုံးချကာ ချန်မေ့လန်က လှည့်ပြီး ပြောလိုက်သည်။
“ရှင် အဲဒီလောက် စိတ်လှုပ်ရှားနေစရာ မလိုပါဘူး၊ ကျွန်မတို့က လင်မယားတွေလေပဲ၊ ရှင်အတွက် ဒီပစ္စည်းတွေကို ကျွန်မဝယ်ပေးသင့်တာပေါ့”
ယန်ကျောက်က ပွင့်ပွင့်လင်းလင်း ပြန်ပြောလာသော်လည်း အတွင်းခံအကြောင်းတော့ မဟုတ်ပေ။
သူက အသံနှိမ့်၍ ပြောလိုက်သည်။
“ယန်ရှီရှန်းကို ငါ ဖမ်းပြီး ကိုယ်တိုင်စစ်ကြောရေး၀ငါမလို့၊ မင်း စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားသင့်တယ်”
ချန်မေ့လန် နှုတ်ဆိတ်နေသည်ကို မြင်သောအခါ သူက ထပ်မံရှင်းပြလိုက်လေ၏။
“ဒါပေမဲ့ သူ လူမသတ်ဖူးဘူး၊ ကြီးလေးတဲ့ တရားမဝင်ရာဇဝတ်မှုတွေ မကျူးလွန်ထားသရွေ့တော့ ရာဇဝတ်မှုအဖြစ် ပြောင်းသွားမှာမဟုတ်ပါဘူး၊ အခု သူ့ကို ဖမ်းဆီးစစ်ဆေးတာက ယွမ်ယွမ်အတွက်တော့ ပိုကောင်းတယ်”
ချန်မေ့လန်သည် သူမ၏ယခင်ဘဝက လေးငါးနှစ်ခန့်ကြာမှသာ ယန်ကျောက်သည် ကျင်းတုန်းလမ်းပေါ်ရှိ ဤသူဌေးအသစ်များနှင့် ကျောက်မီးသွေးသူဌေးများကို စတင်အရေးယူခဲ့ကြောင်း မှတ်မိနေခဲ့သည်။
သို့သော် ရှောင်လန်ဖျားနာနေသည်မှာ အချိန်အတော်ကြာပြီဖြစ်ပြီး ယန်ကျောက်သည် ရှောင်လန်အတွက် လစာမဲ့ခွင့်ကို အချိန်အကြာကြီး ယူထားခဲ့သောကြောင့်ဖြစ်သည်။
ဤဘဝတွင် သူမက ရှောင်လန်အား စောင့်ရှောက်ကရန်တာဝန်ကို ယူထားသောကြောင့်များ ဖြစ်နိုင်မည်လော။ ယန်ကျောက်သည် စောစောစီးစီး အရေးယူတော့ပေမည်။
ချန်မေ့လန်သည် ယွမ်ယွမ်အား သူမ၏ဝမ်းဗိုက်ထဲသို့ ပြန်ထည့်ကာ အသစ်ပြန်လည်မွေးဖွားပေးချင်စိတ် ပေါက်မိသော်လည်း လက်တွေ့အမှန်တရားတစ်ခုကို ရင်ဆိုင်ရမည်ဖြစ်သည်။ ယန်ရှီရှန်းသည် ယွမ်ယွမ်၏ ဖခင်အရင်းဖြစ်၏။
အကယ်၍ ယွမ်ယွမ်သည် အနာဂတ်တွင် သာမန်လူတစ်ဦးသာ ဖြစ်မည်ဆိုပါက အဆင်ပြေနိုင်သော်လည်း အစိုးရအေဂျင်စီတစ်ခုခုသို့ ဝင်ရောက်လိုပါက ပြစ်မှုမှတ်တမ်းရှိသောဖခင်တစ်ဦးရှိခြင်းက သူမကို လက်ခံမည်မဟုတ်ပေ။
ထို့ကြောင့် ယန်ရှီရှန်းသည် အလွန်အမင်းဆိုးရွားလှသော်လည်း သူ ထောင်မကျဘဲ မှတ်တမ်းသန့်ရှင်းနေခြင်းက ယွမ်ယွမ်အတွက် ပို၍ကောင်းမွန်ပေလိမ့်မည်။
မဟုတ်ပါက သူသည် ယွမ်ယွမ်၏ဘဝတစ်လျှောက်လုံးကို ထိခိုက်စေပေလိမ့်မည်။
လူတစ်ဦး၏ လမ်းကြောင်းသည် တစ်လှမ်းချင်းစီ လျှောက်လှမ်းရခြင်းဖြစ်သည်။
သူမ၏ယခင်ဘဝတွင် ယန်ရှီရှန်းသည် လူပေါင်းများစွာ သေဆုံးခဲ့ရသော ကြီးမားသည့် ကျောက်မီးသွေးတွင်း ရေဝင်ပြိုကျခြင်း မတော်တဆမှုကို ဖုံးကွယ်ထားမှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။
ထိုလူများအားလုံးတွင် ဇနီးနှင့် ကလေးများ ရှိကြ၏။ အမျိုးသားများ သေဆုံးသွားသောအခါ သူတို့မိသားစုများ၏ ထောက်တိုင်များ ပြိုလဲသွားခဲ့ရသည်။
အကယ်၍ သူသာ မိုင်းတွင်းလုံခြုံရေးအတွက် ငွေကြေးသုံးစွဲရန် မတွန့်တိုခဲ့ပါက၊ အကယ်၍ သူသာ အလုပ်သမားများကို သင့်လျော်သော ပြင်ဆင်မှုများမရှိဘဲ မိုင်းတွင်းထဲသို့ဆင်းရန် မလှည့်စားခဲ့ပါက….