← Chapters

အခန်း ၇၄

Vol. 8 Ch. 74

အခန်း ၇၄

Vol. 8 Ch. 74

အခန်း (၇၄)

အကယ်၍ သူသာ ကုန်ကျစရိတ်များကို လျှော့ချပြီး အကျိုးအမြတ်များ တိုးပွားလာစေရန် အလွန်အမင်း ကြိုးပမ်းအားထုတ်မှုမရှိခဲ့ပါက ထိုလူများ မည်သို့သေဆုံးနိုင်မည်နည်း။

ယခုအချိန်တွင်ပင် ကျောက်မီးသွေးတွင်းများနှင့်ပတ်သက်၍ ထရပ်ကားမတော်တဆမှုများ သို့မဟုတ် လူမိုက်များ၏ရန်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

မိုင်းတွင်းများတွင် လူများသေဆုံးသောအခါ လူတိုင်း၏အမည်ကိုပင် မှတ်တမ်းတင်ထားခြင်းမရှိဟု ဆိုကြ၏။

ယန်ကျောက်က အချိန်အတော်ကြာ စကားထစ်နေပြီးနောက် ပြောလိုက်သည်။

“အတွင်းခံက...၊ တကယ်တော့ ငါ့ဆီမှာ ရှိပါသေးတယ်၊ ဝယ်စရာမလိုပါဘူး”

‘အဘိုးကြီးယန်တောင် မဝတ်မယ့် အဲဒီအဝတ်စုတ်တွေကို ပြောတာလား၊ ရှင် ပြန်ဝတ်ချင်တာ သေချာလို့လား’ ဟု ချန်မေ့လန် စိတ်ထဲမှ မေးခွန်းထုတ်လိုက်မိလေတော့၏။

………….

ရဲစခန်းမှလူများ၏ လက်ဖက်ရည်သောက်ရန် ဖိတ်ကြားခံရခြင်းသည် ယခုအချိန်တွင် ခေတ်စားနေသောအသုံးအနှုန်းတစ်ခု ဖြစ်နေဆဲဖြစ်ပြီး အနာဂတ်တွင် စီးပွားရေးသမားများအကြား ဖြစ်ပေါ်လာမည့် ကြောက်ရွံ့တုန်လှုပ်မှုမျိုး မရှိသေးပေ။

ယန်ရှီရှန်းသည် လက်ဖက်ခြောက်ကောင်း တစ်ဗူးကိုပင် ဝယ်ယူခဲ့ပြီး ရဲစခန်းသို့ ပျော်ရွှင်စွာ သွားရောက်ခဲ့သည်။

ရဲစခန်းသို့ ဝင်ရောက်လာချိန်တွင် သူသည် အိမ်မက်မြို့တော် ပဲရစ် ညကလပ်၏ မန်နေဂျာကြီး ယန်ကျောက်၏ရုံးခန်းထဲတွင် ထိုင်နေသည်ကို မမျှော်လင့်ဘဲ မြင်တွေ့လိုက်ရသည်။

ယန်ရှီရှန်းက မေးလိုက်သည်။

“ခင်ဗျားလည်း လက်ဖက်ရည်သောက်ဖို့လာတာလား”

တစ်စုံတစ်ရာ မှားယွင်းနေပြီဟု ယန်ရှီရှန်း ခံစားလိုက်ရသည်။ ယန်ကျောက်သည် ညကလပ် မန်နေဂျာမကြီးကို သူ့ရုံးခန်းသို့ လက်ဖက်ရည်သောက်ရန် ဖိတ်ခေါ်လောက်အောင် ရိုင်းစိုင်းသောစရိုက်မျိုး မရှိသင့်ပေ။

မန်နေဂျာမကြီးက ဟက်ဟက်ပက်ပက် ရယ်မောကာ ပြန်ဖြေလေ၏။

“ဟုတ်တယ်၊ ရဲအရာရှိက ကျွန်မကို လက်ဖက်ရည်သောက်ဖို့ ဖိတ်တာလေ”

အစည်းအဝေးခန်းမထဲတွင် ရဲမှူးစွင်း ရှိနေပြီး လွီလျန်လည်း ရှိနေသည်။ ထို့အပြင် ရုံးခွဲလက်အောက်ရှိ ဒေသခံရဲစခန်းများမှ စခန်းမှူးများနှင့် ဒုတိယစခန်းမှူးများစွာအပြင် ယမန်နေ့ညက တရားဥပဒေစိုးမိုးရေး အရာရှိများအားလုံးလည်း ရှိနေကြသည်။

လူများသည် နေရာအနှံ့ပြန့်ကျဲလျက် ပျင်းရိစွာ စောင်းရွဲ့ထိုင်နေကြပြီး လွီလျန်က ယမန်နေ့ညက စစ်ဆေးရေးအဖွဲ့နှင့် ရဲစခန်းများ ပူးပေါင်းဆောင်ရွက်ခဲ့သော တရားဥပဒေစိုးမိုးရေး စစ်ဆင်ရေးအကြောင်း အစီရင်ခံနေ၏။

သူသည် အစီရင်ခံနေစဉ် သမ်းဝေလိုက်သည်။

“ယေဘုယျအားဖြင့်တော့ လက်ခံနိုင်တဲ့အနေအထားမှာ ရှိပါတယ်၊ ကုန်ပိုတင်ထားတဲ့ ထရပ်ကားတချို့ကို တွေ့ခဲ့ပေမယ့် ကုန်ပိုတင်တာက ၂၀ ရာခိုင်နှုန်းထက် မပိုပါဘူး၊

စည်းမျဉ်းစည်းကမ်းတွေအရ ကျွန်တော်တို့ သူတို့ကို ဝေဖန်ပညာပေးပြီး လွှတ်ပေးလိုက်ပါတယ်”

ယန်ကျောက်က မေးလိုက်သည်။

“ဒဏ်ငွေ မတပ်ဘူးလား”

လွီလျန်က ပြန်ဖြေလေ၏။

“မတပ်ပါဘူး၊ ဒဏ်ငွေတပ်ရမယ့်စံနှုန်းကို မရောက်လို့ပါ”

ယန်ကျောက်က အိတ်ကပ်ထဲမှ ယွမ်တစ်ရာတန် အတန်ကြီးငွေစက္ကူကို ထုတ်ယူကာ စားပွဲပေါ်တွင် ဖြန့်တင်လိုက်ပြီး လူအုပ်ထဲမှ လူငယ်တစ်ဦးကို လက်ညှိုးထိုးပြကာ မေးလိုက်လေသည်။

“ချန်ကန်၊ လာကြည့်စမ်းပါဦး၊ ဒါက မနေ့ညက အိမ်မက်မြို့တော် ပဲရစ်မှာ မင်းသုံးခဲ့တဲ့ပိုက်ဆံ မဟုတ်ဘူးလား”

ချန်ကန်သည် ယမန်နေ့ညက ယန်ကျောက်ထံမှ ငွေလက်ခံယူခဲ့သော ရဲအရာရှိငယ်ဖြစ်၏။

ပထမတစ်ချက်ကြည့်လိုက်ရာတွင် သူသည် ယန်ကျောက်ကို မမှတ်မိခဲ့သော်လည်း ရုတ်တရက် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။

“ဒါ... အဲဒီလူက ခင်ဗျားလား”

ယန်ကျောက်က ရုတ်တရက် မော့ကြည့်လိုက်၏။

သူ၏မျက်လုံးများမှာ အေးစက်နေပြီး အေးစက်စက် မေးလိုက်သည်။

“အိမ်မက်မြို့တော် ပဲရစ်က အရက်က ကောင်းရဲ့လား”

ချန်ကန်သည် နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားပြီး အလိုအလျောက်ပင် လွီလျန်ကို လက်ညှိုးထိုးပြလိုက်မိသည်။

“ဗိုလ်... ဗိုလ်ကြီး၊ မနေ့ညက ဒုတိယဗိုလ်ကြီးလွီလည်း အဲဒီမှာ ရှိနေတာပါ၊ သူဌေးအသစ်က ကျွန်တော်တို့ကို ကျွေးမွေးပြီး ကောင်မလေးတွေတောင် ခေါ်ပေးသေးတယ်၊

ကျွန်တော်တို့ ဘာမှမလုပ်ပါဘူး၊ အရက်နည်းနည်းပဲ သောက်ခဲ့တာပါ”

လွီလျန်မှာ ခုန်ထွက်လုမတတ် ဖြစ်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ချန်ကန်၊ မင်း လိမ်ပြောနေတာပဲ၊ မင်း အလုပ်လုပ်ချင်သေးရဲ့လား”

ယန်ကျောက်က သူ့အကြည့်ကို ပြောင်းလဲလိုက်ပြီး အကြံပြုလိုက်၏ယ

“လူတိုင်းအတွက် အိမ်မက်မြို့တော် ပဲရစ်ရဲ့ မန်နေဂျာမကြီးကို ကိုယ်တိုင် ပြန်ပြောပြခိုင်းရမလား”

လွီလျန်က ရုတ်တရက် ထောင့်တစ်နေရာသို့ ကြည့်ကာ အကူအညီတောင်းလိုက်သည်။

“ဒုတိယစခန်းမှူးယန်၊ ခင်ဗျားလည်း မနေ့ညက အဲဒီမှာ ရှိနေတာပဲ၊ တစ်ခုခုပြောပါဦး”

ဒုတိယစခန်းမှူးယန်သည် ယန်ကျောက်၏ ဝမ်းကွဲညီအစ်ကိုဖြစ်သည်။

ယန်ကျောက်သည် အနည်းငယ် လောဘကြီးနေပုံရ၏။

သူ တာဝန်ထမ်းဆောင်သည်မှာ ရက်အနည်းငယ်သာ ရှိသေးပြီး နာမည်ကောင်းရချင်ကာ လူမှုအသိုင်းအဝိုင်း၏ အငွေ့အသက်ကို ပြုပြင်ပြောင်းလဲလိုလျှင်ပင် လက်တွေ့အခြေအနေကို လေ့လာသင့်သည်။

သူ၏ ညီအစ်ကိုသည်လည်း ယမန်နေ့ညက သူဌေးအသစ် စီးပွားရေးသမားများနှင့်အတူ အရက်သောက်ခဲ့ပြီး အဖော်အမျိုးသမီးများကို ခေါ်ယူခဲ့သည်။

သူသည် သူ့ညီအစ်ကိုအရင်းကိုပါ ဖမ်းဆီးမည် မဟုတ်လောက်ပေ။ အကယ်၍ ရဲအရာရှိများသည် ပြည့်တန်ဆာငှားရမ်းမှုဖြင့် အဖမ်းခံရပါက တာဝန်မှရပ်စဲခံရခြင်း သို့မဟုတ် တပ်ဖွဲ့မှထုတ်ပယ်ခံရခြင်းများ ဖြစ်နိုင်သည်။

ယန်ကျောက်သည် အခြေအနေတစ်ခုလုံးကို အကဲခတ်လိုက်ပြီး ယွမ်တစ်ရာတန် ငွေစက္ကူကို လက်ဖြင့် ဖွဖွလေး ဖိထားကာ မှတ်ချက်ချလိုက်၏။

“ငါတို့ရဲ့ ရဲတပ်ဖွဲ့က တကယ်ကို သန့်ရှင်းပြီး အထက်ကနေ အောက်အထိ စည်းလုံးညီညွတ်ကြတာပဲ”

ရဲစခန်းတစ်ခုလုံး အမြင့်ဆုံးအဆင့်မှ အနိမ့်ဆုံးအဆင့်အထိ စနစ်တစ်ခုလုံး အူတိုင်အထိ ပုပ်ပွနေခဲ့ပြီဖြစ်သည်။

………….

ယန်ကျောက်က တင်းမာသောအသံဖြင့် အမိန့်ပေးလိုက်သည်။

“မနေ့ညက အိမ်မက်မြိုတော်ပဲရစ်ကို အရက်သွားသောက်တဲ့သူတွေအားလုံး မတ်တတ်ရပ်ကြ”

လွီလျန်က တုံ့ဆိုင်းစွာဖြင့် မတ်တတ်ရပ်လိုက်ပြီး ယန်ပင်းက သူ၏ကုလားထိုင်ကို နောက်သို့ကန်ကာ မတ်တတ်ရပ်လိုက်၏။ ယန်ကွမ်ရဲစခန်းမှ စခန်းမှူးက သူ့ဦးထုပ်ကို ချွတ်လိုက်သည်။

စွင်းနွီထောင်က စားပွဲကို ရိုက်ချလိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။

“ဒါ တကယ့်ကို ရိုင်းစိုင်းတဲ့လုပ်ရပ်ပဲ၊ ရဲအရာရှိတွေ ပြည့်တန်ဆာတွေနဲ့ ပတ်သက်ရင် ဘာအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ မင်းတို့အားလုံး သိကြတယ်မဟုတ်လား၊

စည်းကမ်းပိုင်းဆိုင်ရာ အရေးယူခံရမယ်၊ ပြီးတော့ ပြင်းထန်ရင် ရာထူးကနေ ထုတ်ပယ်ခံရမယ်လေ”

ယန်ကျောက်က ဝင်ပြောလိုက်လေ၏။

“ဒါက သက်ညှာလွန်းတယ်၊ သူတို့အားလုံးကို ပါတီကနေပါ ထုတ်ပယ်လိုက်”

အခန်းတစ်ခန်းလုံး ဆူညံပွက်လောရိုက်သွားတော့သည်။

လူတိုင်းသည် ဒေါသထွက်နေသော မျက်နှာထားများဖြင့် မတ်မတ်ထိုင်လိုက်ကြသည်။

စွင်းနွီထောင်ပင်လျှင် အနည်းငယ် ကြောက်ရွံ့သွားခဲ့သည်။

“ဗိုလ်ကြီးယန်၊ အဲဒါ အရမ်းကြမ်းလွန်းမနေဘူးလား”

သူတို့အားလုံးသည် စနစ်တစ်ခုတည်း၏ အစိတ်အပိုင်းများဖြစ်ကြပြီး ရောက်ရောက်ချင်း ဤမျှကြီးမားသော ဆူပူအုံကြွမှုမျိုးကို ဖန်တီးခြင်းမှာ ပညာရှိရာမရောက်ပေ။

၎င်းမှာ အစိုးရကိစ္စဖြစ်ပြီး မည်သူ့ကိုမျှ ရန်ငြိုးဖွဲ့ကာ ကိုယ်ရေးကိုယ်တာ လက်စားချေမှုများ ပြုလုပ်ရန် မလှုံ့ဆော်သင့်ပေ။

လွီလျန်က သူ့ဦးထုပ်ကို စားပွဲပေါ်သို့ ဆောင့်ချလိုက်သည်။ ချန်ကန်က ကုလားထိုင်ကို ဘေးသို့ကန်ထုတ်ကာ ဒေါသတကြီးဖြင့် အခန်းထဲမှ ထွက်သွားရင်း ဆဲရေးတိုင်းထွာလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် အသုံးမကျတဲ့ ရဲအလုပ်လေးပဲဟာ၊ ငါ ထွက်တယ်ကွာ၊ ငါ စီးပွားရေးလုပ်ငန်းထဲဝင်မယ်၊ မင်းရဲ့ တစ်နှစ်စာလစာကို တစ်ညတည်းနဲ့ ငါရှာနိုင်တယ်”

ယန်ကျောက်သည် မှုခင်းစုံစမ်းထောက်လှမ်းရေးဌာနမှ ရှုန်းရှန်တန်ဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်၏။

“ရှုန်းရှန်တန်၊ မင်း ဘာစောင့်နေတာလဲ၊ သူတို့ကိုဖမ်းလိုက်”

မှုခင်းစုံစမ်းထောက်လှမ်းရေးဌာနသည် အဆင်းရဲဆုံးဖြစ်ပြီး အပိုဝင်ငွေ လုံးဝမရှိပေ။ ရှုန်းရှန်တန်သည် စစ်ဆေးရေးအဖွဲ့ကို အမုန်းဆုံးဖြစ်၏။

သူက အသံသြသြကြီးဖြင့် ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ပါ ဆရာ”

သူ တကယ်ပဲ ဖမ်းဆီးတော့မည်လော။

မှုခင်းစုံစမ်းထောက်လှမ်းရေးအဖွဲ့သည် ခေါင်းဆောင်အချို့ကို လျှပ်တစ်ပြက် လက်ထိပ်ခတ်လိုက်ကြသည်။

သေချာသည်မှာ သူတို့ကို ပါတီမှ အမှန်တကယ်ထုတ်ပယ်ရန် အထက်လူကြီးများ၏ခွင့်ပြုချက် လိုအပ်ပေမည်။ လောလောဆယ်တွင် သူတို့အားလုံးကို ချုပ်နှောင်ထားလိုက်သည်။

ယန်ရှီရှန်းသည် ယန်ကျောက်၏ရုံးခန်းထဲတွင် ရှိနေခဲ့သည်။ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ရိပ်မိသဖြင့် မြို့တော်ရဲစခန်းတွင် အလုပ်လုပ်နေသော ဖန်ရှန်၏သား ဖန်ကျန်းဟွာထံသို့ အလျင်အမြန် ဖုန်းဆက်လိုက်၏။

ကျင်းတုန်းလမ်းရုံးခွဲ၏ ဒုရဲမှူးမာသည် သူ၏ထောက်ခံချက်ဖြင့် ရာထူးတိုးလာခြင်းဖြစ်သည်။

ထို့ကြောင့် သူက ဖန်ကျန်းဟွာအား ဝင်ရောက်စွက်ဖက်ကာ အခြေအနေကို ဖြေရှင်းရန် နည်းလမ်းရှာဖွေပေးဖို့ရာ အကူအညီတောင်းလိုက်သည်။

ပထမအဆင့်အနေဖြင့် လက်ဆောင်များပေးပို့ကာ အဖြစ်အပျက်ကို ပြေလည်စေရန် အဆက်အသွယ်များကို အသုံးပြုရမည်ဖြစ်၏။

ကျောက်မီးသွေးသူဌေးများပင်လျှင် အလွန်အမင်း အကြပ်အတည်းမဆိုက်သရွေ့ လူတစ်ဦးအား တမင်သက်သက် ကားဖြင့်တိုက်ရန် လူငှားခြင်းမျိုး ပြုလုပ်မည်မဟုတ်ပေ။

လွီလျန်၊ ယန်ပင်း၊ ဒုရဲမှူးမာနှင့် ထိုသူဌေးအသစ်များအားလုံးသည် တစ်လှေတည်းစီး တစ်ကိုင်းတည်းနားနေကြသူများပင်။

မည်သူမျှ မစုံစမ်းပါက မည်သည့်အရာမျှ ဖြစ်လာမည်မဟုတ်ပေ။ သို့သော် အမှန်တကယ် စုံစမ်းစစ်ဆေးမှုသာ ပြုလုပ်ပါက သူတို့အားလုံး ချစားနေကြောင်း တွေ့ရှိရပေလိမ့်မည်။

ဖုန်းခေါ်ဆိုပြီးနောက် ယန်ရှီရှန်းသည် ရှုပ်ထွေးမှုများကြားမှ တိတ်တဆိတ် ထွက်ပြေးသွားခဲ့သည်။

ထိုအချိန်တွင် ယန်ကျောက်သည် အချုပ်ခန်းထဲ၌ ယန်ပင်းနှင့် စကားပြောနေခဲ့သည်။

ယန်ကျောက်၏ ရည်မှန်းချက်များမှာ ရိုးရှင်းလင်းလှ၏။

ပထမအချက်အနေဖြင့် ရွာမှ ဆရာဟွမ်၏သား၊ ချင်းဟွာ သို့မဟုတ် ပေကျင်း တက္ကသိုလ်များသို့ ဝင်ခွင့်ရနိုင်စွမ်းရှိသော ကျောင်းသားတစ်ဦးသည် ယာဉ်တိုက်မှုဖြင့် သေဆုံးခဲ့ရပြီး တိုက်ကားမှာ ထွက်ပြေးသွားခဲ့သည်။

ယနေ့တိုင် တရားခံကို မရှာတွေ့သေးပေ။ ယန်ရှီရှန်းတွင် ကျောက်မီးသွေးထရပ်ကား အများဆုံးရှိပြီး အများစုမှာ ညဘက်တွင် လိုင်စင်နံပါတ်ပြားမပါဘဲ မောင်းနှင်လေ့ရှိသဖြင့် ဤကိစ္စကို ယန်ရှီရှန်း၏တပည့်များက ကျူးလွန်ခဲ့ခြင်းဖြစ်မည်ဟု ယန်ကျောက် သံသယရှိခဲ့သည်။

All Chapters