အခန်း ၇၅
Vol. 8 Ch. 75
အခန်း (၇၅)
ဤအမှုကို ကျင်းတုန်းလမ်း ရုံးခွဲက ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ထိုကိစ္စကို ယန်ရှီရှန်း၏လူများက ကျူးလွန်ခဲ့ခြင်း ဟုတ်၊ မဟုတ်နှင့် အကယ်၍ မဟုတ်ပါက မည်သူက အမှန်တကယ် ကျူးလွန်ခဲ့သည်ကို သူ သိချင်နေခဲ့မိ၏။
ဒုတိယအချက်အနေဖြင့် သူဌေးအသစ်များသည် ရဲအရာရှိများကို လာဘ်ထိုးခဲ့ကြသည်။
သူတို့ကို ဖမ်းဆီးနိုင်ရန်အတွက် ယန်ကျောက်သည် သက်သေထွက်ဆိုပေးမည့်သူတစ်ဦး လိုအပ်နေသည်။
သူဌေးအသစ်တစ်စုကို ဖမ်းဆီးခြင်းက ရက်အနည်းငယ်မျှ ငြိမ်သက်သွားစေနိုင်သော်လည်း ထိုလုပ်ရပ်များသည် တောမီးကဲ့သို့ပင် လုံးဝငြိမ်းသတ်၍မရနိုင်ဘဲ နွေဦးလေပြည်နှင့်အတူ ပြန်လည်ပေါက်ပွားလာတတ်သည်။
သို့သော် အဂတိလိုက်စားမှုများကို ရက်အနည်းငယ်မျှပင်ဖြစ်စေ ဟန့်တားရန် လိုအပ်ပေသည်။ သူတို့ ၎င်းကို လုပ်ဆောင်ရမည်ဖြစ်၏။
သို့သော် လာဘ်ငွေလက်ခံထားသော ရဲအရာရှိများက မည်သို့ဝန်ခံနိုင်မည်နည်း။ သူတို့သည် ဤအခြေအနေကို ကျော်ဖြတ်ရန် ပါးစပ်ပိတ်ထားရုံသာရှိသည်။
မဟုတ်ပါက ရာထူးမှ ထုတ်ပယ်ခံရခြင်းနှင့် ပါတီမှ ထုတ်ပယ်ခံရခြင်းတို့ကို ရင်ဆိုင်ရပေလိမ့်မည်။
ယန်ပင်းသည်လည်း စစ်သားဟောင်းတစ်ဦးဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ဂုဏ်ပြုဆုများ ရရှိခဲ့ဖူးသူဖြစ်သည်။ ယန်ကျောက်သည် သူ့အား အကျင့်ပျက်ခြစားမှုများအတွက် သက်သေအဖြစ် အသုံးပြုချင်ခဲ့၏။
ထိုသို့ဆိုလျှင် သူသည် ထုတ်ပယ်ခံရမည်မဟုတ်ဘဲ ရာထူးချခံရရုံမျှသာဖြစ်ပြီး ပြုပြင်ပြောင်းလဲရန် အခွင့်အရေးရရှိမည်ဖြစ်သည်။
ယန်ပင်းက ငြင်းဆိုလိုက်သည်။
“တတိယအစ်ကို၊ ရှီရှန်းက ငါတို့ရဲ့ ညီအစ်ကိုပဲလေ၊ ကုန်ပိုတင်တာနဲ့ လာဘ်ပေးတာတွေတော့ ဟုတ်တယ်၊ ရှိခဲ့တယ်၊ ပိုက်ဆံရှာဖို့လေ၊ ဒါပေမဲ့ သူ့ထရပ်ကားက လူသတ်ခဲ့တယ်လို့ အစ်ကိုက ပြောနေတာလား၊
အဲဒါ မဖြစ်နိုင်ဘူး၊ တကယ်လို့ သူသာဆိုရင် သူ့ကို အရင်ဆုံး အလွတ်မပေးမယ့်သူက ကျွန်တော်ပဲ”
ယန်ကျောက် နှုတ်ဆိတ်နေသည်ကို မြင်သောအခါ သူက ဆက်ပြောလိုက်သည်။
“ကျွန်တော် ဒီအစိမ်းရောင်ယူနီဖောင်းကို ချွတ်ချင်နေတာကြာပြီ၊ ကျွန်တော် ထပ်ပြောစရာ ဘာမှမရှိတော့ဘူး၊ ကျွန်တော့်ကို ထုတ်ပစ်လိုက်ပါ၊
ကျွန်တော် နုတ်ထွက်ပြီး စီးပွားရေးလုပ်ငန်းထဲဝင်မယ်၊ ကြီးကျယ်တာ တစ်ခုခုလုပ်မယ်”
ယန်ကျောက်က အေးစက်စက် ပြန်ဖြေလိုက်လေ၏။
“အရမ်းကောင်းတယ်”
ယန်ပင်းက ကုလားထိုင်ကို ကန်ထုတ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဒီရုံးခွဲတစ်ခုလုံးမှာ ဘယ်သူမှ ဆက်မလုပ်ချင်ကြတော့ဘူး၊ လူတိုင်းက အလုပ်ထွက်ဖို့ တွေးနေကြတာ၊ အပြင်မှာ သွားမေးကြည့်လိုက်၊ ခင်ဗျားစကားကို ဘယ်သူက နားထောင်ဦးမလဲဆိုတာ”
အကယ်၍ သူတို့ စုံစမ်းစစ်ဆေးမခံရပါက လာဘ်ငွေများကို လက်ခံကြမာ်။ အကယ်၍ စုံစမ်းစစ်ဆေးခံရပါက အလုပ်ထွက်ပြီး စီးပွားရေးလုပ်ကြပေမည်။
ရဲအရာရှိဘဝသည် ငွေအမြန်ရှာပြီး ထွက်ပြေးသည့် အသက်မွေးဝမ်းကျောင်းတစ်ခု ဖြစ်လာနေပြီဖြစ်သည်။
သို့သော် ယန်ပင်းက အလျင်စလိုမဖြစ်ခဲ့ပေ။ တစ်စုံတစ်ယောက်တော့ စိုးရိမ်ပူပန်နေမည်မှာ သေချာပေသည်။ ဥပမာ ဒုရဲမှူးမာကဲ့သို့သော သူမျိုးပေါ့။
ရာထူးမှ နုတ်ထွက်မည်ဟု ပြောဆိုခြင်းမှာ ဒေါသထွက်၍ ပြောဆိုခြင်းမျှသာဖြစ်၏။ လစာက နည်းပါးသော်လည်း သူတို့၏ မှောင်ခိုလမ်းမှဝင်ငွေမှာမူ များပြားလွန်းလှသည်။
ယန်ရှီရှန်းက ဖန်ကျန်းဟွာအား ဗျူဟာတစ်ခု ရေးဆွဲစေခဲ့ပြီးနောက် ဖန်ကျန်းဟွာက ၎င်းကို ဒုရဲမှူးမာထံသို့ လက်ဆင့်ကမ်းပေးခဲ့သည်။
နေ့လယ်ပိုင်းတွင် ဒုရဲမှူးမာသည် ရဲအရာရှိများအတွက် လာရောက် တောင်းပန်စကား ဆိုတော့၏။
ဒုရဲမှူးမာက ပြုံးကာ မေးလိုက်သည်။
“ဗိုလ်ကြီးယန်၊ အချိန်ခဏလောက်ရမလား၊ ကျွန်တော်တို့ စကားနည်းနည်းလောက် ပြောလို့ရမလား”
ယန်ကျောက်က သူနှင့်မျက်နှာချင်းဆိုင်ရှိ ကုလားထိုင်ကို လက်ညှိုးထိုးပြရင်း ဖိတ်ခေါ်လိုက်သည်။
“ထိုင်ပါ ဒုရဲမှူးမာ”
ဒုရဲမှူးမာက ဦးထုပ်ချွတ်လိုက်ရာ ထိပ်ပြောင်နေသော ဦးခေါင်းကို မြင်လိုက်ရသည်။ သူက ဦးခေါင်းကို ပွတ်သပ်ရင်း ကုတ်ခြစ်ခံထားရသော ဒဏ်ရာများအား လက်ညှိုးထိုးပြကာ ညည်းတွားလိုက်၏။
“ခင်ဗျားရဲ့မရီး လုပ်ထားတာလေ၊ ရောင်စုံတီဗီတစ်လုံးကြောင့်ပေါ့၊ မနေ့ညက ကျွန်တော့်ကို သေလုမတတ်ရိုက်တာ၊ ဒေါသထွက်စရာ မကောင်းဘူးလား”
ယန်ကျောက်က အေးတိအေးစက်ပင် အကြံပေးလိုက်သည်။
“ဒါဆိုဝယ်လိုက်ပေါ့”
“တီဗီဝယ်ဖို့က ပိုက်ဆံလိုတယ်လေ၊ တစ်လုံးကို ၄၈၀၀ တောင် ပေးရတာ၊ အဲဒါ ကျွန်တော်တို့ရဲ့ တစ်နှစ်စာ လစာပဲ၊ သူက ကျွန်တော့်ကို အလုပ်ထွက်ပြီး စီးပွားရေးလုပ်ခိုင်းနေတာ၊
ဒါပေမဲ့ ကျွန်တော်က ရဲအလုပ်ကို ဘယ်လိုလုပ် စွန့်လွှတ်နိုင်မှာလဲ၊ အကယ်၍ ကျွန်တော်ထွက်သွားရင် ရဲအလုပ်ကို ဘယ်သူဆက်လုပ်မှာလဲ”
ယန်ကျောက်က လှောင်ပြောင်လိုက်၏။
“ခင်ဗျားက ကျွန်တော်တို့ ရုံးခွဲမှာ တော်တော်လေး ဩဇာကြီးတာပဲ”
ဒုရဲမှူးမာက ရှေ့သို့တိုးလာကာ ပို့ဆောင်ရေးပြေစာတစ်ခုကို လျှောချပေးလိုက်သည်။ သူက အသံနှိမ့်၍ ပြောလိုက်လေ၏။
“ခင်ဗျားက ကျွန်တော့်ထက် ပိုပါးနပ်တယ်၊ ပိုလည်း ငယ်သေးတယ်၊ ခင်ဗျားမှာ အနာဂတ်ရှိသလို အခြေအနေတွေကို ကျွန်တော့်ထက်လည်း ပိုနားလည်ပါတယ်၊ ကိစ္စတော်တော်များများကို မျက်ကွယ်ပြုသင့်တယ်၊
မျက်စိတစ်ဖက် မှိတ်ထားလိုက်ပေါ့၊ အကယ်၍ ခင်ဗျားက အတင်းအကျပ် စုံစမ်းစစ်ဆေးမယ်ဆိုရင် လက်အောက်ငယ်သားတွေအားလုံး အလုပ်ထွက်သွားရင် ဘယ်လိုလုပ်မလဲ၊
ကျွန်တော်တို့က စစ်တပ်မရှိတဲ့ စစ်ဗိုလ်ချုပ်တွေ ဖြစ်ချင်လို့လား၊ ပြီးတော့ အစိုးရကိစ္စတွေမှာ အဲဒီလောက် တင်းကျပ်နေစရာမလိုပါဘူး၊ ဟုတ်တယ် မဟုတ်လား၊
တစ်ယောက်ယောက်က ကိုယ်ရေးကိုယ်တာကိစ္စအရ လက်စားချေဖို့ ကြိုးစားလာရင်ကော၊ ကျွန်တော်တို့အားလုံးမှာ ဇနီးနဲ့ ကလေးတွေ ရှိတယ်လေ၊
လက်စားချေခံရမှာကို ခင်ဗျား မကြောက်ဘူးလား၊ နောက်တစ်လှမ်း ဆုတ်လိုက်ပါ၊ ဒါဆိုရင် ပင်လယ်ကြီးက အဆုံးအစမရှိ ကျယ်ပြောသွားလိမ့်မယ်”
ယန်ကျောက်က ပို့ဆောင်ရေးပြေစာကို ကြည့်လိုက်ရာ နိုင်ငံပိုင်ကုန်တိုက်မှ ဖီးနစ်အမှတ်တံဆိပ် စပရိန်မွေ့ရာတစ်လုံး ထုတ်ယူရန်ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူက မတ်မတ်ထိုင်လိုက်ပြီး မေးလိုက်၏။
“ဒုရဲမှူးမာ၊ ခင်ဗျား ကျွန်တော့်ကို လာဘ်ထိုးဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်၊ ကျွန်တော့်ဒေါသက သိပ်ထိန်းမရဘူး၊
ကျွန်တော့်ကို လာဘ်ထိုးဖို့ ကြိုးစားတဲ့သူ ဘယ်သူ့ကိုမဆို ထောင်ထဲပို့ပစ်မယ်”
‘ဒီလူက အရူးလား”
အရာရှိရာထူးတစ်ခုအတွက် မိုင်တစ်ထောင်သွားရခြင်းသည် ချမ်းသာကြွယ်ဝမှုအတွက်သာ ဖြစ်သည်မဟုတ်လော။
ရဲအလုပ်ကို လောင်ရှန်းရှိ ရှေ့တန်းတွင် သေနတ်ကိုင်ရသကဲ့သို့ သူ ထင်နေလေသလော။
‘တောက်စ်၊ ဗီယက်နမ် ကျည်ဆန်တွေ သူ့ရဲ့သံမဏိခေါင်းကို ဘာလို့များ အစအနမကျန်အောင် မဖျက်ဆီးပစ်ခဲ့ရတာလဲ’
“ဒါက ဘယ်လိုလုပ် လာဘ်ထိုးတာ ဖြစ်ရမှာလဲ၊ ဒါက ကျွန်တော်၊ လွီလျန်၊ ယန်ပင်းနဲ့ တခြားသူတွေအားလုံးဆီကနေ မင်္ဂလာလက်ဆောင်လေ၊ ခင်ဗျား အခုမှ လက်ထပ်ခါစပဲ ရှိသေးတာ၊ ကုတင်တစ်လုံးမှ မရှိဘဲ ဘဝကို ဘယ်လိုစတင်နိုင်မှာလဲ”
ယန်ကျောက်က ပြန်လည်မေးခွန်းထုတ်လိုက်သည်။
“ဒါဆို ခင်ဗျားတစ်ယောက်တည်း မဟုတ်ဘဲ ခင်ဗျားတို့အားလုံးစုပေါင်းပြီး ကျွန်တော့်ကို လာဘ်ထိုးဖို့ ကြိုးစားနေကြတာပေါ့”
ဒုရဲမှူးမာက စားပွဲကို ရိုက်ချလိုက်ပြီး ဒေါသတကြီး ပြောလိုက်လေ၏။
“ဒီခေတ်မှာ အလုပ်လုပ်ရတာ ဒီလိုပဲလေ၊ ရဲတွေလည်း လူတွေပဲ၊ အသိအကျွမ်းတွေနဲ့ အတူသောက်စားတာက လုံးဝသဘာဝကျတာပဲ၊ အဲဒီလောက်လေးနဲ့ သူတို့ကို ပါတီကနေ ထုတ်ပစ်လို့မရဘူး”
ပါတီဝင်ဖြစ်ခြင်းက သူတို့၏လစာကို သက်ရောက်မှုရှိသည်။ တစ်ဝက်တိတိ ဖြတ်တောက်ခံရမည်ဖြစ်ပြီး ရာထူးချခံရမည်ဖြစ်၏။
ခေါင်းဆောင်ရာထူးသာ မရှိပါက သူတို့သည် စားပွဲအောက်မှဝင်ငွေများကို ဆုံးရှုံးရပေလိမ့်မည်။
ယန်ကျောက်က စကားဖြင့် ပြန်လည်တိုက်ခိုက်လိုက်သည်။
“ဒါဆို သူတို့က သူဌေးအသစ်တွေနဲ့ စားသောက်ပြီး ပြည့်တန်ဆာတွေဆီ သွားလို့ရတယ်၊ ကျွန်တော်ကတော့ သူတို့ကို အုပ်ချုပ်လို့မရဘူးပေါ့”
“ဟုတ်တယ်၊ အဲလိုပဲ၊ တကယ်လို့ ခင်ဗျား အဲဒီလိုလုပ်ရဲရင် သူတို့အားလုံး အလုပ်ထွက်ကြလိမ့်မယ်၊ ခင်ဗျားက စစ်တပ်မရှိတဲ့ စစ်ဗိုလ်ချုပ် ဖြစ်ချင်နေတာလား”
စစ်ဆေးရေးအဖွဲ့နှင့် ယန်ကွမ်ရဲစခန်းတို့ ပေါင်းလိုက်ပါက အရာရှိဆယ်ဂဏန်းကျော် ရှိသည်။
သူက သူတို့အားလုံးကို တစ်ပြိုင်နက်တည်း အလုပ်ထုတ်ပစ်နိုင်မည်လော။
အထက်လူကြီးများက ခွင့်ပြုမည်၊ မပြုမည်ကို အသာထား။ အားလုံး အလုပ်ထုတ်ခံရပါက သူ မည်သို့လုပ်၍ အလုပ်ဆက်လုပ်နိုင်မည်နည်း။
ဤအမျိုးသားသည် အရူးတစ်ယောက်ဖြစ်ရုံသာမက လူရွှင်တော်တစ်ယောက်ပါ ဖြစ်နေသည်။
ဒုရဲမှူးမာသည် သူနှင့် ဆက်လက်၍ အချိန်ဖြုန်းမနေချင်တော့ပေ။
‘လက်ဆောင်ပေးတာတွေ ဘာတွေလား၊ သွားသေလိုက်၊ အားလုံး အတူအလုပ်ထွက်ကြပြီး ဆန္ဒပြရမယ်၊ ယန်ကျောက်ကို မြို့တော်ရဲစခန်းမှာ ပြဿနာရှာပြီး နှင်ထုတ်ပစ်မယ်’
သူ မတ်တတ်ရပ်လိုက်ပြီး ဒေါသတကြီးထွက်သွားရန် ပြင်လိုက်စဉ် ယန်ကျောက်က ရုတ်တရက် သူ၏လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။
“နောက်ကျသွားပြီ ဒုရဲမှူးမာ၊ ဒီဆီမွန်းမွေ့ရာပြေစာကို ခင်ဗျားကို ဘယ်သူပေးတာလဲဆိုတာ အရင်ရှင်းပြ”
“ဟေ့၊ အဲဒါ ငါ့ဘာသာ ဝယ်ထားတာ၊ မင်းနဲ့ဘာဆိုင်လို့လဲ၊ မင်း ဝင်စွက်ဖက်ခွင့်မရှိဘူး”
“ခင်ဗျား ခုနကပဲ တီဗီတစ်လုံးတောင် မဝယ်နိုင်ဘူးလို့ ပြောခဲ့တယ်မဟုတ်လား၊ အခု ရုတ်တရက်ကြီး ကျွန်တော့်အတွက် ကုတင်တစ်လုံးဝယ်ပေးဖို့ တတ်နိုင်သွားတာလား”
သေနတ်ကိုင်ခဲ့ဖူးသော လက်သည် ကွာခြားလှ၏။
ဒုရဲမှူးမာ မည်မျှပင် ရုန်းကန်စေကာမူ ယန်ကျောက်က အသာအယာ ဆုပ်ကိုင်ထားနိုင်ဆဲပင်။
ထိုအချိန်တွင် စွင်းနွီထောင်သည် အငြင်းပွားသံကို ကြားလိုက်ရသဖြင့် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ကြည့်ရန် ရောက်လာခဲ့သည်။
ယန်ကျောက်က သူ့ခါးကြားမှ လက်ထိပ်ကို ဖြုတ်လိုက်ပြီး ဒုရဲမှူးမာအား လက်ထိပ်ခတ်လိုက်၏။
“ရဲမှူးစွင်း၊ ဒုရဲမှူးမာက ကျွန်တော့်ကို ယွမ် ၅၀၀၀ အထက် ပမာဏနဲ့ လာဘ်ထိုးဖို့ကြိုးစားတယ်၊ သူ့ကို ချက်ချင်းဖမ်းဆီးသင့်တယ်”
လာဘ်ပေးလာဘ်ယူမှုအတွက် သတ်မှတ်ချက်တစ်ခု ရှိသည်။ ယွမ် ၅၀၀၀ အောက်ဆိုလျှင် အပြစ်တင်ဝေဖန်ရုံသာ ရှိသော်လည်း ယွမ် ၅၀၀၀ အထက်ဆိုလျှင် အချုပ်ချခံရမည်ဖြစ်၏။
ဤကုတင်သည် ယွမ် ၅၀၀၀ ကို အနည်းငယ် ကျော်လွန်နေသည်။
လက်ထိပ်ခတ်ခံရစဉ် ဒုရဲမှူးမာက အော်ဟစ်လိုက်၏။
“အရူးကောင်၊ တစ်လပဲ အချုပ်ထဲနေရမှာ၊ ငါထွက်လာတာနဲ့ ချက်ချင်း စီးပွားရေးလုပ်ငန်းထဲ၀င်မယ်”
ရုံးခန်းထဲမှ ထွက်လာသည်နှင့် သူက ကျယ်လောင်စွာ ဆဲရေးတိုင်းထွာတော့သည်။
“စီးပွားရေးသမားတွေက တစ်လကို ၈၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ ရှာနိုင်တယ်၊ ငါ့လစဉ်လစာက ၄၈၀ တည်း၊ ငါက ဂေါ်ဖီထုပ် စားနေရပေမယ့် မုန့်ဟင်းခါးကိုပဲ အိပ်မက်မက်နေတာ၊ ငါ ထွက်တယ်ကွာ”