အခန်း ၇၈
Vol. 8 Ch. 78
အခန်း (၇၈)
ထိုစဉ် ကိုကာကိုလာပို့ဆောင်ရေး ကုန်ကားတစ်စီး ဖြတ်သွားရာ ချန်မေ့လန်က လှည့်ကာ အော်ပြောလိုက်သည်။
“ယန်ရှောင်ဝမ်၊ သားရဲ့ကိုကာကိုလာတွေ ကုန်သွားပြီမဟုတ်လား၊ မြန်မြန်၊ ပို့ဆောင်ရေးကားနောက်ကို လိုက်သွားပြီး ကိုကာကိုလာနောက်တစ်ဖာ သွားယူလိုက်ဦး”
သူတို့သည် စပေါ်ငွေပေးထားပြီးဖြစ်သဖြင့် ကိုကာကိုလာကို ဖာလိုက်ဝယ်ယူနေကြပြီး ကလေးများအားလုံး ရေလိုသောက်သုံးနေကြလေ၏။ သူတို့သည် တစ်ဖာပြီးတစ်ဖာ ဝယ်ယူခဲ့ပြီးဖြစ်သည်။
‘ဒီနေ့မကုန်သေးဘူးမလား၊ ဘာလို့၀ယ်ခိုင်းတာပါလိမ့်’
ချန်မေ့လန်၏ အပြုအမူမှာ မူမမှန်ကြောင်း ယန်ရှောင်ဝမ် ခံစားလိုက်ရသည်။
‘ဘယ်သူက ကလေးတွေကို ဒီလိုမျိုး အလိုလိုက်မှာလဲ'
ရှောင်ဝမ်က သတိပေးလိုက်လေသည်။
“အန်တီ၊ ကိုကာကိုလာသောက်တာက ကျန်းမာရေးအတွက် မကောင်းဘူးမဟုတ်လား၊ ကျွန်တော်တို့ မဝယ်ဘဲ နေလိုက်ရင် မကောင်းဘူးလား”
သူ့မိထွေး၏ ငွေဖြစ်သော်လည်း အလွန်အမင်း ဖြုန်းတီးလွန်းသည်ဟု သူ ခံစားနေရ၏။
ချန်မေ့လန်က အတည်ပေါက်ဖြင့် ပြန်ဖြေလိုက်သည်။
“ကိုကာကိုလာသောက်တာက တကယ်မကောင်းဘူး၊ အရိုးတွေကို ထိခိုက်စေနိုင်ပြီး အရပ်ပုစေတယ်”
ရှောင်ဝမ်သည် ချန်မေ့လန်၏ဆိုးယုတ်သော ရည်ရွယ်ချက်များကို သူ ရိပ်မိသွားပြီးဟု ချက်ချင်း တွေးလိုက်မိကာ ဒေါသတကြီး စွပ်စွဲလိုက်သည်။
“ဒါဆို ခင်ဗျားက တကယ့်ကို ယုတ်မာတဲ့မိထွေးပဲ၊ ခင်ဗျားက ကျွန်တော်တို့ကို အရပ်မရှည်စေချင်တာကိုး၊
ခင်ဗျားက ကျွန်တော်တို့ ဒုက္ခရောက်အောင်၊ လူပုလေးတွေဖြစ်သွားအောင် လုပ်နေတာပဲ၊”
သူသည် အာဟာရချို့တဲ့ကာ ပိန်လှီပြီး အရပ်ပုနေပြီဖြစ်ရာ ဤစကားကို ကြားသောအခါ ပို၍ပင် နာကြည်းသွားခဲ့သည်။
ယွမ်ယွမ်က သူမ၏မိခင်ဘက်မှ ချက်ချင်းပင် ကာကွယ်ပြောဆိုလိုက်၏။
“ငါလည်း ကိုကာကိုလာ သောက်တာပဲ၊ ပြီးတော့ ငါ့မေမေက ငါ့ကို ဒုက္ခမပေးပါဘူး၊ အစ်ကိုရှောင်ဝမ်၊ အစ်ကို့ရဲ့ အတွေးအခေါ်တွေက ပြဿနာရှိနေပြီ”
ရှောင်ဝမ်က ဒေါသတကြီးဖြင့် ဆုံးဖြတ်လိုက်သည်။
“ကိုကာကိုလာ မသောက်တော့ဘူး၊ ဒီနေ့ကစပြီး ငါ ကိုကာကိုလာ လုံးဝမသောက်တော့ဘူး”
ချန်မေ့လန်က ကောင်လေး၏မျက်နှာကို သူမဘက်သို့ဆွဲလှည့်ကာ နှာခေါင်းလေးအား ပုတ်ရင်း ချီးကျူးလိုက်သည်။
“အဲဒါ အရမ်းကောင်းတဲ့ ဆုံးဖြတ်ချက်ပဲ၊ ဘာပဲဖြစ်ဖြစ် အခုဆို ငါတို့ရဲ့ရှောင်ဝမ်က ကိုကာကိုလာတွေကို ရေချိုးခန်းထဲမှာ ဖွက်မထားသလို ခိုးသောက်တာမျိုးမလုပ်တာ နှစ်ရက်ရှိပြီမဟုတ်လား”
ရှောင်ဝမ်မှာ ခဏတာ မှင်သက်သွားခဲ့သည်။
‘ဒါဆို သူမက ငါ ကိုကာကိုလာတွေကို ရေချိုးခန်းထဲမှာ ဖွက်ထားပြီး ခိုးသောက်နေတာကို သိနေတာပေါ့'
သူကိုယ်တိုင်လည်း သူ့ပစ္စည်းများအား ဖွက်ထားတတ်သော အကျင့်ကို မနှစ်မြို့ပေ။ ဤအပြုအမူမှာ ခိုးယူခြင်းပုံစံတစ်မျိုးဖြစ်ပြီး အလွန်ဆိုးရွားသော အကျင့်တစ်ခုဖြစ်သော်လည်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခဲ့ပေ။
ကောင်လေး၏မျက်နှာမှာ နီရဲသွားပြီး ထွက်ပြေးရန် လှည့်လိုက်သည်။
ချန်မေ့လန်က လှမ်းခေါ်လိုက်သည်။
“ယန်ရှောင်ဝမ်၊ ဒီကိုပြန်လာခဲ့စမ်း”
ရှောင်ဝမ်က နာခံစွာဖြင့် ရပ်တန့်သွားပြီး နောက်သို့လှည့်ကာ မေးလိုက်လေ၏။
“ဘာလဲ”
ချန်မေ့လန်က တမင်သက်သက် စကားကိုဆက်မပြောပဲ ရပ်ထားလိုက်သည်။
“သားက ကိုကာကိုလာ မသောက်ချင်တော့ဘူးဆိုတော့ အန်တီတို့ ပုလင်းတွေ ပြန်ပေးလိုက်ကြတာပေါ့၊ အခုကစပြီး ကိုကာကိုလာလျှော့သောက်၊ ဒါပေမဲ့...”
အငယ်နှစ်ယောက်မှာ သိပ်ဂရုမစိုက်ကြသော်လည်း ရှောင်ဝမ်ကမူ ‘ဒါပေမဲ့’ ၏ နောက်တွင် ဘာလာမည်ကို ကြားရန် နားစွင့်နေခဲ့သည်။
ချန်မေ့လန်က စည်းကမ်းချက်များကို ရှင်းပြလိုက်လေ၏။
“ကလေးတွေဆိုတာ အမြဲတမ်း တစ်ခုခုကို လိုချင်နေတတ်ကြတယ်၊ ဟိုဟာစားချင်၊ ဒီဟာဝယ်ချင် ဖြစ်နေတတ်တယ်၊ ဒီနေ့ကစပြီး သားတို့ တစ်ယောက်စီကို အပတ်စဉ် မုန့်ဖိုး တစ်ယွမ်စီပေးမယ်၊
သားတို့ ကြိုက်တာဝယ်လို့ရတယ်၊ ဒါပေမဲ့ တစ်ပတ်ကို တစ်ခါပဲ ပိုက်ဆံတောင်းခွင့်ရှိမယ်၊ ဟုတ်ပြီလား”
‘မုန့်ဖိုးလား:
သူတို့ တကယ်ပဲ မုန့်ဖိုး ရကြတော့မည်လော။
ယွမ်ယွမ်က ပထမဆုံး အော်ဟစ်လိုက်သည်။
“အရမ်းကောင်းတာပဲ မေမေ၊ သမီးက ပိုက်ဆံစုပြီး မေမေ့အတွက် လက်ဆောင်ဝယ်ပေးမယ်”
ရှောင်လန်က သူ၏ ဖောင်းအစ်နေသောလက်လေးကို ဆန့်ထုတ်ကာ မုန့်ဖိုးအတွက် စိတ်အားထက်သန်နေကြောင်းပြသရန် အမြင့်သို့ မြှောက်ထားလိုက်လေ၏။
ယန်ရှောင်ဝမ်သည် အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် သူမ၏ယခင်ဘဝက ယွမ်ယွမ် လုကျင်းယွီအား ပြောခဲ့ဖူးသောစကားနှင့် အတိအကျတူညီသည့် စကားတစ်ခွန်းကို ပြောလိုက်သည်။
“သားက ကြီးနေပြီ၊ ပိုက်ဆံသုံးရတာမကြိုက်ဘူး၊ အန်တီက သားရဲ့ဖေဖေအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံပေးဖို့ပဲ လိုတယ်”
ကလေးငယ်၏စကားကြောင့် ချန်မေ့လန်၏ မျက်လုံးများထဲတွင် မျက်ရည်များပင် ဝဲလုမတတ် ဖြစ်သွားခဲ့ရလေ၏။
သူမ၏ ယခင်ဘဝက ယွမ်ယွမ်သည် မည်သည့်အခါမျှ မုန့်ဖိုးမတောင်းခဲ့ပေ။ ပထွေးဖြစ်သူက သူမ၏မိခင်အရင်းအပေါ် အနည်းငယ် ပို၍ကြင်နာပါစေဟူသော မျှော်လင့်ချက်ဖြင့် အလိမ္မာဆုံးကလေးဖြစ်ရန် ကြိုးစားကာ သူမစိတ်အလိုများကို ငြင်းဆန်ခဲ့သည်။
ချန်မေ့လန်က မျက်နှာထားကို တည်တည်တင်းတင်းထားကာ ပြောလိုက်လေသည်ာ
“သား မလိုချင်လည်း ရပါတယ်၊ သူတောင်းစားတွေကို ပေးလိုက်ပေါ့၊ ဒါက ပုံသေပမာဏပဲ၊ လူတိုင်းရမယ်၊ ရှောင်လန်၊ သားက သားဝေစုကို အရင်သိမ်းထားလိုက်”
ရှောင်ဝမ် မယူသောအခါ သူမက ထိုငွေကို ပြတင်းပေါက်တံခါးဘောင်ပေါ်တွင် တင်ထားလိုက်၏။
ရှောင်ဝမ်သည် ထိုနှစ်ယွမ်ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။ လေတိုက်၍ လွင့်ထွက်သွားတော့မည့်အချိန်တွင် သူက လျှပ်တစ်ပြက် လက်ထဲသို့ ဆွဲယူလိုက်၏။
ထို့နောက် ရေချိုးခန်းထဲသို့ ပြေးဝင်သွားပြီး အနက်ရှိုင်းဆုံးထောင့်ထဲတွင် ဖွက်ထားသော ကိုကာကိုလာတစ်ပုလင်းကို ထုတ်ယူကာ ကိုကာကိုလာဖာထဲသို့ ပြန်ထည့်ထားလိုက်သည်။
ယခုမှစ၍ ရေချိုးခန်းထဲတွင် ကိုကာကိုလာ ထပ်ခိုးသောက်ပါက မိမိကိုယ်ကို ဇွန်းတစ်ချောင်းဖြစ်ပါစေတော့ဟု ရှောင်ဝမ် ကျိန်တွယ်လိုက်လေတော့၏။
ယခုအခါ ယန်တာ့ဝေနှင့် အသေးစား ဆောက်လုပ်ရေးပရောဂျက်တစ်ခု လုပ်ဆောင်ရန် သဘောတူထားပြီးဖြစ်ရာ သူမ၏အစ်ကိုကြီးက လုပ်ဆောင်မည်ဆိုလျှင်ပင် ကလေးများကို တစ်နေရာရာတွင်ထားရှိရန် လိုအပ်ပေမည်။
ရှောင်လန်သည် အသက်သုံးနှစ်ခွဲ ရှိနေပြီဖြစ်ပြီး သူငယ်တန်း တက်သင့်ပြီဖြစ်သည်။
ရွာရှိ နေ့ကလေးထိန်းကျောင်းက တစ်လလျှင် ၁၈ ယွမ် ယူသော်လည်း နေ့လည်စာမကျွေးသဖြင့် ကလေးများကို မွန်းတည့်ချိန်တွင် အိမ်၌ထမင်းစားရန် လာကြိုရမည်ဖြစ်ရာ အလွန်အလုပ်ရှုပ်လှသည်။
စာတိုက်ငွေစုဘဏ်၏ အနောက်ဘက်တွင် ပုဂ္ဂလိကသူငယ်တန်းကျောင်း တစ်ကျောင်းရှိကြောင်း ချန်မေ့လန် မှတ်မိလိုက်၏။ အနည်းငယ် ပိုဈေးကြီးသော်လည်း နေ့လည်စာ ကျွေးမွေးလေသည်။
သူမ ထွက်သွားပြီး စုံစမ်းရန်ပြင်လိုက်စဉ်မှာပင်……
အပြင်ဘက်မှ ငိုကြွေးသံနှင့်အတူ ဆဲရေးတိုင်းထွာနေသောအသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
ချီတုန်မိန်၏အသံနှင့် အတော်လေး တူနေလေ၏။
ထို့ကြောင့် ချန်မေ့လန် အပြင်သို့ထွက်ကြည့်လိုက်ရာ ကျောက်မီးသွေးကွင်း၏အပြင်ဘက်တွင် ရပ်တန့်ထားသော ယန်ရှီရှန်း၏ တောက်ပသည့် အနီရောင် Xiali ကားကို တွေ့လိုက်ရသည်။
ချီတုန်မိန်နှင့် ဟူရှောင်မေတို့သည် နောက်ခန်းတွင် ထိုင်နေကြလေ၏။ ဟူရှောင်မေက ငိုကြွေးနေပြီး ချီတုန်မိန်ကချီတုန်မိန်ကမူ ဆဲဆိုနေခဲ့သည်။
ချန်မေ့လန် အပြင်ထွက်လာသည်ကို မြင်သောအခါ ချီတုန်မိန်က ပို၍ ကျယ်လောင်စွာ ဆဲဆိုလိုက်လေ၏။
“ယွမ် တစ်သိန်းတောင် တောင်းရအောင် နင်က နင့်ကိုယ်နင် ဘယ်သူလို့ထင်နေလဲ၊ ယန်ရှီရှန်းရှာထားတဲ့ ပိုက်ဆံတွေအားလုံးက ငါ့ကြောင့်ရထားတာဟဲ့”
ချန်မေ့လန်က လျှောက်သွားပြီး မေးလိုက်လေသည်။
“ရှင် ဘယ်သူ့အကြောင်း ပြောနေတာလဲ”
ချီတုန်မိန်က မိုက်ရိုင်းစွာ တုန့်ပြန်လာ၏။
“ဘယ်သူ ပြန်ထူးလဲ၊ အဲဒီလူအကြောင်း ပြောနေတာပဲ၊ ရဲအားကိုးနဲ့ငွေညစ်တဲ့ အရှက်မရှိတဲ့ကောင်မ”
ချီတုန်မိန်နှင့် ဟူရှောင်မေတို့၏ မျက်လုံးများထဲတွင် ချန်မေ့လန်သည် ဖိချေရလွယ်ကူသော တို့ဟူးပျော့ပျော့လေးတစ်တုံးနှင့် တူနေခဲ့သည်။
ချန်မေ့လန်သည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာဖြင့် ချီတုန်မိန်၏ ကောက်ထားသော ဆံပင်များကို ဆွဲကိုင်ကာ ပြတင်းပေါက်မှ အပြင်သို့ ဆွဲထုတ်ရင်း မေးလိုက်၏။
“ငါက နင်ပြောနေတဲ့သူပဲ၊ ဒါဆို နင်က ငါ့ကိုစော်ကားနေတာပေါ့လေ”
ချန်မေ့လန် ဤမျှကြမ်းတမ်းကြောင်း ချီတုန်မိန် သတိမထားမိခဲ့ပေ။ သူမ၏ဆံပင်များ ချန်မေ့လန်လက်ထဲတွင် ဖမ်းဆုပ်ခံထားရသဖြင့် သူမခေါင်းသည် ကားပြတင်းပေါက်မှ အပြင်သို့ ထွက်လုမတတ်ဖြစ်သွားပြီး နာကျင်စွာ အော်ဟစ်လိုက်ရသည်။
ယနေ့ ဤသို့ဖြစ်ရခြင်းမှာ ချီတုန်မိန်သည် ဖန်ရှန်နှင့် ကွာရှင်းခဲ့ရသောကြောင့်ဖြစ်၏။
သူမသည် တုန်းဖန်စက်ရုံရှိ ဟူရှောင်မေ၏အိမ်တွင် ဆက်လက်နေထိုင်နိုင်သေးသော်လည်း ထိုနေရာရှိအလုပ်သမားများသည် ဆိုးရွားသောကောလာဟလများကို ဖြန့်ဝေနေကြသည်။
သူမ အပြင်ထွက်သောအခါ ယခင်က သူမကို မြှောက်ပင့်ကာ စကားပြောဆိုပြီး အဖော်လုပ်ပေးခဲ့သူများအားလုံးသည် ယခုအခါ သူမကို ရှောင်ဖယ်နေကြပြီဖြစ်သည်။
ချီတုန်မိန် ဆက်လက် သည်းမခံနိုင်တော့ပေ။ ဒေါသအလျောက် သူမသည် တတိယအဖွဲ့သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်သည်။
ယန်ရှီရှန်းသည် ယောက္ခမဟောင်းအား ပြောင်းရွှေ့ရန် ကူညီပေးသည်အထိ သဘောထားကြီးခဲ့သည်။
သို့သော် လမ်းခုလတ်တွင် ရဲစခန်းမှ တစ်စုံတစ်ယောက်က သူ့အား သတင်းပေးခဲ့၏။
ထိုသတင်းမှာ ယန်ကျောက်သည် သူဌေးအသစ်အမြောက်အမြားကို ဖမ်းဆီးတော့မည်ဖြစ်ပြီး သူလည်း ထိုအထဲတွင်ပါဝင်ကြောင်းဖြစ်သည်။
သူဌေးအသစ်အချို့က ယန်ကျောက်အား ကိုယ်ရေးကိုယ်တာအရ လက်စားချေ တုံ့ပြန်ချင်ကြသော်လည်း သူတို့၏ ခေါင်းဆောင်မှာ ဒုရဲမှူးမာ ဖြစ်သည်။
ဒုရဲမှူးမာသည် သူ့ရာထူးတွင် ဆက်လက်တည်ရှိနေပြီး မည်သို့မျှ ထိခိုက်မှုမရှိခဲ့ပေ။ ထို့အပြင် ယန်ကျောက်သည် တပ်မတော်မှ အနားယူလာသော တပ်ခွဲအဆင့် အရာရှိတစ်စုကို ပြောင်းရွှေ့ခန့်ထားရန် တောင်းဆိုသည့်အစီရင်ခံစာတစ်စောင် တင်ပြထားခဲ့သည်။
ထို့ကြောင့် ဒုတိယရဲမှူးမာက သူဌေးအသစ်များအား ဒဏ်ငွေပေးဆောင်ရန်နှင့် လိုအပ်ပါက အချုပ်ကျခံရန် အကြံပေးခဲ့သည်။
သူါအမြင်တွင် ထိုသွေးပူနေသော စစ်သားဟောင်းများသည် ကြာရှည်ခံမည်မဟုတ်ဘဲ အနှေးနှင့်အမြန် လဲကျသွားမည်ဖြစ်ပြီး လောလောဆယ် သည်းခံရုံသာလိုသည်ဟု ထင်ထားခဲ့၏။
သူသည် ယန်ကျောက်နှင့် အဆက်အသွယ်ရှိသော ယန်ရှီရှန်းအား ကြီးမားသောလှုပ်ရှားမှုတစ်ခု ပြုလုပ်ရန်လည်း အကြံပေးခဲ့သည်။
အစီအစဉ်မှာ သူ့အား ဆက်လက်လာဘ်ထိုးကာ ယန်ကျောက်၏ စိတ်အားထက်သန်မှုကို လျော့ကျသွားစေရန်ဖြစ်သည်။