အခန်း ၇၉
Vol. 8 Ch. 79
အခန်း (၇၉)
‘ယန်ကျောက်က ခင်ဗျားကို လုံလုံခြုံခြုံနဲ့ လွတ်မြောက်ခွင့်ပေးလိုက်ကတည်းက အဲဒီယန်မျိုးရိုးက ထင်သလောက် မပါးနပ်ကြောင်း သက်သေပြနေတာ မဟုတ်လား’ ဟု ဒုရဲမှူးမှာက သွေးထိုးလှုံ့ဆော်ခဲ့လေ၏။
ယန်ရှီရှန်းသည် ထိုစကားကြားကြားခြင်း ချက်ချင်းပင် ဘဏ်သို့သွားကာ ယွမ် ၁၀၀၀၀၀ ထုတ်ယူခဲ့သည်။
ဟူရှောင်မေနှင့် ချီတုန်မိန်တို့ကို ပစ္စည်းချရန်အချိန်ပင်မပေးတော့ဘဲ သူသည် ချန်မေ့လန်နေရာသို့ အရေးတကြီး မီးငြှိမ်းသတ်ရန်လိုနေသည့် မီသတ်သမားတစ်ယောက်အလား အပြေးအလွှား ရောက်ရှိလာခဲ့ခြင်းဖြစ်၏။
ချီတုန်မိန်သည် ကွာရှင်းခံရကာ အိမ်ပြန်ပြောင်းရတော့မည်ဖြစ်သည်။
ယန်ရှီရှန်းက ချန်မေ့လန်အား ယွမ် ၁၀၀၀၀၀ ပေးတော့မည်ကို မြင်သောအခါ သူမ မည်သို့လုပ်၍ စိတ်ပူပန်ပြီး ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
ယန်ရှီရှန်းသည် ယာဉ်မောင်းခုံတွင် ငွေများကိုင်ထားဆဲဖြစ်ပြီး ချီတုန်မိန်မှာမူ ချန်မေ့လန်၏ဆွဲထုတ်ခြင်းကြောင့် ကားအပြင်သို့ထွက်လုမတတ် ဖြစ်နေခဲ့သည်။
‘ချန်မေ့လန် ဆိုတာ ဘယ်သူလဲ၊ ငါ့ကို ကြိုးတုပ်ပြီး မလှုပ်နိုင်တော့တဲ့အထိ ရိုက်နှက်ခဲ့တဲ့ မိန်းမလေ'
‘ချီတုန်မိန်က သူမကို ရင်ဆိုင်ဖို့ ဘယ်က သတ္တိတွေ ရလာတာလဲ၊ သေအောင် အရိုက်ခံရမှာကို မကြောက်ဘူးလား'
ယန်ရှီရှန်းက မသက်သာသည့်အဆုံး ဝင်တားလိုက်ရသည်။
“မေ့လန်၊ တော်ပါတော့...”
သို့သော် ချန်မေ့လန်ကို မဆွဲဖယ်နိုင်ဘဲ အမျိုးသမီးနှစ်ဦးလုံး၏ ဆွဲရမ်းရိုက်နှက်ခြင်းကိုသာ ခံလိုက်ရလေ၏။
အမျိုးသမီးနှစ်ဦး၏ ရိုက်နှက်မှုကို ခံနေရစဉ်မှာပင် ယန်ရှီရှန်းက အရေးကြီးကိစ္စကို ပြောလိုက်ရသည်။
“မေ့လန်၊ ယန်ကျောက်က ငါ့ကိုဖမ်းမယ်လို့ ပြောတယ်၊ သူ ငါ့ဆီက ပိုက်ဆံလိုချင်လို့ ဖြစ်ရမယ်၊ ဒီမှာ ငါ့ဆီမှာ ယွမ် ၁၀၀၀၀၀ ရှိတယ်၊ နင် လာဘ်စားတယ်လို့ လူတွေပြောမှာကို စိတ်မပူနဲ့၊
ငါတို့ရဲ့ လင်မယားပိုင်ဆိုင်မှုထဲက နင့်ဝေစုကို ငါခွဲပေးတယ်လို့ပဲ သဘောထားလိုက်၊ ဟုတ်ပြီလား၊ ရော့၊ မြန်မြန်ယူလိုက်”
ချန်မေ့လန်က ချီတုန်မိန်၏ ဆံပင်များကို ဆွဲထားဆဲဖြစ်ပြီး ဟူရှောင်မေက ဝင်ရောက်ဆွဲဖယ်ရန် ကြိုးစားသောအခါ သူမက ဟူရှောင်မေ၏ဆံပင်များကိုပါ ဆွဲကိုင်လိုက်လေသည်။
ယန်ကျောက်က လွန်ခဲ့သောနှစ်ရက်ကမှ ယန်ရှီရှန်းကို စုံစမ်းစစ်ဆေးမည်ဟု ပြောခဲ့ပြီး ယခု ဤမျှမြန်မြန် ဖမ်းဆီးတော့မည်လော။
ယန်ရှီရှန်းက ထပ်မံဖြားယောင်းလိုက်ပြန်သည်။
“နင့်မှာလည်း ပိုက်ဆံမရှိဘူးလေ၊ ကြည့်၊ ဒါ ယွမ် ၁၀၀၀၀၀ တောင်၊ ဒါနဲ့ ဆီမွန်းမွေ့ရာတစ်လုံး ဝယ်လို့ရတယ် မဟုတ်လား၊ ယန်ကျောက်ကို မြန်မြန်ပြောပေးပါ၊ ငါ အများဆုံး သုံးရက်ပဲ အထဲမှာနေမယ်၊ ပြီးရင် သူ ငါ့ကိုလွှတ်ပေးရမယ်လို့…. ဟုတ်ပြီလား”
ချန်မေ့လန်က မိကျောင်းသားရေအိတ်ကို ဆွဲယူကာ ယန်ရှီရှန်း၏ခေါင်းအား ရိုက်ချလိုက်တော့သည်။
ယန်ရှီရှန်း ဖမ်းဆီးခံရခြင်းကို သူမ ဂရုမစိုက်ပေ။ ချန်မေ့လန်သည် ဗျောက်အိုးများ ဖောက်ချင်လောက်အောင်ပင် ပျော်ရွှင်နေခဲ့သည်။
သူ၏ ညစ်ပတ်သောငွေများကို သူမ မည်သို့လုပ်၍ လက်ခံနိုင်မည်နည်း။
သူမ ယူလိုက်ပါက သူမလည်း အဂတိလိုက်စားသူ ဖြစ်သွားမည်မဟုတ်လော။
ဟူရှောင်မေကလည်း သူမ၏လက်ကောက်ဝတ်ကို လာဆွဲသဖြင့် ချန်မေ့လန်က သူမကိုပါ ဆွဲရမ်းကာ ဆံပင်များကိုပါ ဆွဲကိုင်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် ထရပ်ကားကြီးတစ်စီး ရွာထဲသို့ ဝင်လာခဲ့၏။
လမ်းမှာ ကျဉ်းမြောင်းပြီး လူကြပ်နေသဖြင့် ရန်ဖြစ်နေသောအုပ်စုကို နောက်ဆုံးတွင် ခွဲထုတ်ပေးလိုက်ရသည်။
မဟုတ်ပါက နှစ်ယောက် တစ်ယောက် ဖြစ်နေသဖြင့် ချန်မေ့လန် သေချာပေါက် အရေးနိမ့်လာပေလိမ့်မည်။
ထရပ်ကားသည် ရပ်တန့်မသွားသော်လည်း အစိမ်းရောင်ရှပ်အင်္ကျီနှင့် အမျိုးသားတစ်ဦး ကားပေါ်မှ ခုန်ဆင်းလာသည်ကို ချန်မေ့လန် ရှင်းလင်းစွာ မြင်လိုက်ရပြီး ထိုလူက ယန်ကျောက်နှင့် တူနေလေသည်။
ကလေးများအားလုံး အိမ်ထဲမှ ပြေးထွက်လာကြပြီး ထရပ်ကားကို ဝိုင်းရံကာ အဘယ်ကြောင့် ရောက်လာသည်ကို သိချင်နေကြသည်။
ချန်မေ့လန်က ထရပ်ကားပေါ်တွင် ကုတင်တစ်လုံးကို တွေ့လိုက်ရပြီး ခေါင်းရင်းပိုင်းအား ထုပ်ပိုးထားသဖြင့် အရောင်ကို မမြင်ရသော်လည်း ပုံစံမှာ ဆီမွန်းမွေ့ရာဖြစ်နေလေ၏။ သူမ အနည်းငယ် စိတ်ရှုပ်ထွေးနေလေသည်။
‘စောစောက ယန်ကျောက်ကို ငါမြင်လိုက်ပါတယ်၊ သူ ဘယ်ကိုပျောက်သွားတာလဲ'
‘ပြီးတော့ ဒီကုတင်က ဘယ်ကရောက်လာတာလဲ'
ယာဉ်မောင်းက ကားကိုရပ်ကာ ကျယ်လောင်စွာ အော်မေးလိုက်သည်။
“ချန်မေ့လန်ဆိုတာ ဘယ်သူလဲ”
ချန်မေ့လန်က အသံကျယ်ကျယ်ဖြင့် ပြန်ထူးလိုက်၏။
“ကျွန်မပါ”
ယာဉ်မောင်းက ပြန်ပြောလိုက်လေသည်။
“ကျွန်တော်တို့က ရှီးမေမွေ့ရာစက်ရုံကပါ၊ ရှီးမေမွေ့ရာ၊ တူအချက်တစ်ထောင်အောက်မှာတောင် မကျိုးပဲ့နိုင်ဘူး၊
ခင်ဗျား ကျွန်တော်တို့အတွက် လုပ်ပေးခဲ့တဲ့ ကြော်ငြာကြောင့် ဒီမွေ့ရာကို ခင်ဗျားကို လက်ဆောင်ပေးတာပါ၊ ဂုဏ်ပြုပါတယ်၊ ဒါဆီမွန်းမွေ့ရာပါ”
ဆိုလိုသည်မှာ သူမ၏အကြံဉာဏ်လေးက ဆီမွန်းမွေ့ရာတစ်လုံး အမှန်တကယ် ရရှိစေခဲ့သည်လော။
၎င်းသည် ဆိုင်မှပေးပို့လိုက်သော ဆီမွန်းမွေ့ရာဖြစ်ကြောင်း ကြားရသောအခါ ချန်မေ့လန်မှာ ဝမ်းသာလုံးဆို့သွားခဲ့၏။
အချိန်ကိုက်ပင် ယန်တာ့ဝေ၏အလုပ်သမားများ မထွက်သွားသေးသဖြင့် သူမက ဘေးအိမ်သို့ပြေးသွားကာ ယန်တာ့ဝေအား ခေါ်ပြီး ကုတင်သယ်ရန် အလုပ်သမားများကို အကူအညီတောင်းလိုက်သည်။
ယန်ရှီရှန်းကမူ ထရပ်ကားပေါ်သို့ မော့ကြည့်လိုက်ရာ ၎င်းမှာ ဆီမွန်းမွေ့ရာအစစ်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
သူ နေရာမှာပင် မှင်သက်စွာ ရပ်နေမိသည်။
ဟူရှောင်မေကလည်း အံ့ဩတကြီး ပြောလိုက်လေ၏။
“အစ်ကိုရှန်း၊ မေ့လန်က ဆီမွန်းမွေ့ရာကို ဘယ်လိုလုပ် ၀ယ်နိုင်ရတာလဲ”
ယန်ရှီရှန်းသည် ယွမ် ၁၀၀၀၀၀ ကို ကိုင်လျက် အချိန်အတော်ကြာ ရပ်နေပြီးနောက် ရုတ်တရက် သက်ပြင်းချလိုက်သည်။
“သွားကြစို့”
ဟူရှောင်မေက ယန်ရှီရှန်း၏သားရေအိတ်ကို လှမ်းဆွဲရင်း တောင်းဆိုလိုက်သည်။
“အစ်ကိုရှန်း၊ မေ့လန်က နှလုံးသားမရှိတဲ့ ကျေးဇူးကန်းတဲ့မိန်းမပဲ၊ သူ အစ်ကို့ကို ကူညီမှာမဟုတ်ဘူး၊ ပိုက်ဆံကို ကျွန်မကိုပေး၊
ကျွန်မ အဆက်အသွယ်တွေရှာပြီး အစ်ကို ပြန်ထွက်လာနိုင်အောင် နည်းလမ်းရှာပေးမယ်၊း”
မိကျောင်းသားရေအိတ်ထဲတွင် ယွမ် ၁၀၀၀၀၀ တိတိ ပါဝင်လေသည်။
ဤသည်မှာ ယန်ရှီရှန်း၏ ဘဝတစ်သက်တာ စုဆောင်းမှုထဲမှ ကြီးမားသော အစိတ်အပိုင်းတစ်ခုဖြစ်၏။
သူ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံရင်း သူတစ်ပါး၏ ခွေးလေးတစ်ကောင်ပမာ နေထိုင်ကာ လူတွေကို ပြုံးပြမြှောက်ပင့်ပြီး ကျောက်မီးသွေးတွင်း အလုပ်သမားများကို မိုင်းတွင်းထဲသို့ အကြိမ်ကြိမ်ဆင်းခိုင်းခြင်းမှ ရရှိလာခဲ့ခြင်းဖြစ်သည်။
ယခု ချန်မေ့လန်က သူ့ကိုကယ်တင်ရန် ငြင်းဆန်လိုက်ပြီဖြစ်သည်။
သူ့အနေဖြင့် ထောင်မှလွတ်အောင် ကြိုးဆွဲပေးရန်အတွက် ထိုငွေများကို ဟူရှောင်မေထံ ပေးသင့်သည်လော။
ယန်ရှီရှန်းက ဟူရှောင်မေကို စမ်းသပ်ကြည့်ချင်သဖြင့် ပြောလိုက်လေ၏။
“မင်းသိတဲ့အတိုင်း ငါ့အပေါ်မှာ အမှုဆွဲချက်တွေ တော်တော်များများရှိတယ်၊ ဒီတစ်ခါ ထောင်ကျရင် ကောင်းတာထက် ဆိုးတာကပိုများမှာ သေချာတယ်”
ဟူရှောင်မေက ငွေကိုယူရန် လက်လှမ်းလိုက်သည်။
“စိတ်မပူပါနဲ့၊ အစ်ကို လူသတ်မှုနဲ့ ရင်ဆိုင်နေရရင်တောင် ကျွန်မ အစ်ကို့ကို သေချာပေါက်ထုတ်ပေးပါ့မယ်၊ မြန်မြန်၊ ပိုက်ဆံကို ကျွန်မကိုပေး”
ယန်ရှီရှန်းက အိတ်ကို တင်းကျပ်စွာဆုပ်ကိုင်ထားရင်း ထပ်မေးလိုက်လေ၏။
“အကယ်၍ ငါ တစ်သက်တစ်ကျွန်း ကျသွားရင်ကော”
ဟူရှောင်မေက အိတ်ကိုဆွဲယူရန် ကြိုးစားရင်း ပြန်ဖြေသည်။
“အကယ်၍ အစ်ကို တကယ်ပဲ တစ်သက်တစ်ကျွန်းကျသွားရင် ကျွန်မ အစ်ကို့ကို ထာဝရစောင့်နေပါ့မယ်”
အကယ်၍ ချန်မေ့လန်သာဆိုလျှင် လူသတ်မှုကို အသာထား၊ ကျောက်မီးသွေးတွင်း အလုပ်သမားများ၏လစာကို ဖြတ်တောက်ထားရုံဖြင့် ယန်ရှီရှန်းကို ကောင်းကင်ဘုံထိတိုင်အောင် ကျိန်ဆဲပေလိမ့်မည်။
အကယ်၍ သူသာ လူသတ်မှု ကျူးလွန်ထားပါက ချန်မေ့လန်သည် သူ့ကို ပထမဆုံးတိုင်ကြားမည့်သူ ဖြစ်ပေလိမ့်မည်။
သို့သော် ဟူရှောင်မေကမူ ကွဲပြားသည်။ သူမသည် သူ့ကိုပြန်ပေးဆွဲရန် လှုံ့ဆော်ရဲရုံသာမက သူ လူသတ်မှု ကျူးလွန်ထားလျှင်ပင် ဂရုစိုက်မည်မဟုတ်ပေ။
ထို့ကြောင့် မေးစရာရှိလာသည်မှာ ဟူရှောင်မေသည် သူ့ကိုချစ်သောကြောင့် ဤသို့ဖြစ်နေသလော၊ သို့မဟုတ် သူ၏ငွေများကို လိုချင်နေခြင်းလော။
ယန်ရှီရှန်းက ချန်မေ့လန်ကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။
သူမသည် ကုတင်ကြီးအား ချရန် လူများကို ညွှန်ကြားနေပြီး သူမ၏မျက်နှာသည် သူ ချန် ရွာသို့ သူမအား သွားရောက်လက်ထပ်စဉ်က အလုပ်သွားရာဘတ်စ်ကားပေါ်တွင် လက်ချင်းချိတ်ထားချိန်ကကဲ့သို့ တောက်ပဝင်းလက်နေခဲ့သည်။
ယန်ရှီရှန်းသည် နေရာတွင် ရပ်လျက် ဤငွေများအား မည်သို့လုပ်သင့်သည်ကို စဉ်းစားနေဆဲဖြစ်သည်။
…….,
ချန်မေ့လန်ဘက်တွင်မူ။
သူမသည် ကုတင်သယ်ရန် အလုပ်သမားအချို့ကို ခေါ်လိုက်၏။ စောစောက ယန်ကျောက် ထရပ်ကားပေါ်တွင် ပါလာသည်ဟု သူမ ခံစားနေရဆဲဖြစ်သော်လည်း သူ မည်သည့်နေရာသို့ ရောက်သွားသည်ကို မသိတော့ပေ။
ယွမ်ယွမ်က ကုတင်ပတ်လည်တွင် လိပ်ပြာလေးတစ်ကောင်ပမာ ဝဲပျံရင်း မေးလိုက်လေ၏။
“မေမေ၊ ဒီကုတင်ကို ဘယ်အခန်းထဲထည့်မှာလဲ”
ရှောင်လန်က ဆက်လက်တောင့်မခံနိုင်တော့ဘဲ ကုတင်ပေါ်သို့ ခုန်တက်ချင်နေခဲ့လေသည်။
ရှောင်ဝမ်တစ်ယောက်သာ စည်းကမ်းရှိရှိနေရန် ကြိုးစားနေခဲ့သည်။
“သေချာမသိဘဲ မကိုင်ကြနဲ့၊ ညစ်ပတ်သွားရင် အိပ်လို့မကောင်းတော့ပဲ နေလိမ်ါမယ်၊ ပြီးတော့ ဟိုခုန်ဒီခုန်မလုပ်နဲ့၊ တစ်ယောက်ကို တစ်နေ့ တစ်ခါပဲခုန်ခွင့်ရှိတယ်”
ယန်ကျောက်သည် ဟင်းသီးဟင်းရွက်အချို့ကိုကိုင်ဆောင်ကာ ဝင်လာခဲ့သည်။
သူ၏မုတ်ဆိတ်မွေးများပင် ရှည်နေပြီး ကော်လံပတ်လည်တွင် ချွေးကွကခများ စွန်းထင်းနေကာ ရက်အတော်ကြာ အချိန်ပိုဆင်းထားရသည့်ပုံ ပေါက်နေ၏။
သူ တစ်ချက်ကြည့်လိုက်ရာ ကုတင်က ခြံဝင်းထဲတွင် ရှိနေဆဲဖြစ်သည်။
‘ကလေးတွေ ခဏလောက် ခုန်ပေါက်ပြီး ပျော်ပါစေလေ'
ရှောင်လန်သည် ဆီမွန်းမွေ့ရာပေါ်သို့ ပထမဆုံး ခုန်တက်သူဖြစ်ပြီး ယွမ်ယွမ်က သူ့ကို ပင့်တင်ပေးလိုက်၏။ ၎င်းမှာ ဆူးချွန်ဖိနပ်များကို နင်းရသကဲ့သို့ဖြစ်သော်လည်း ပိုမိုနူးညံ့ပြီး တွန်းအားပိုများသည်။
သူ နင်းလိုက်စဉ် တုန်ခါသွားပြီး ကုတင်က သူ့ကို ချက်ချင်းပင် အပေါ်သို့ ပင့်တင်ပေးလိုက်သည်။
သူက အခြားခြေထောက်တစ်ဖက်ဖြင့် အနည်းငယ် အားပြုလိုက်ရာ ကုတင်တစ်ခုလုံး လှုပ်ခါသွားပြီး သူ့ကို လေထဲသို့ မြှောက်တင်ပေးလိုက်၏။
“ဝိုး”
ကုတင်က သူ့ကို အပေါ်ပစ်တင်လိုက်သကဲ့သို့ သူ ခံစားလိုက်ရပြီးနောက် ပြန်ကျလာသောအခါ အနည်းငယ်ကြောက်လန့်သွားကာ ပြုတ်ကျမည်ကို စိုးရိမ်သွားခဲ့သော်လည်း နူးညံ့သောကုတင်က သူ့ကို ဖမ်းယူကာ ရစ်ပတ်ထားပြီးနောက် ထပ်မံ၍ အပေါ်သို့ ပင့်တင်လိုက်ပြန်သည်။
ဤတစ်ကြိမ်တွင် ပို၍မြင့်မားသွားပြီး ပြန်ကျလာသောအခါ နူးညံ့သောငှက်မွေးများပေါ် ကျဆင်းသွားသကဲ့သို့ ရှိသည်။