← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

အခန်း (၈၀)

ရှောင်လန်က အော်ဟစ်လိုက်လေ၏။

“အစ်မ၊ သားနဲ့အတူတူ လာခုန်လေ”

ယွမ်ယွမ်က ငြင်းလိုက်လေသည်။

“နင် အရင်ခုန်ပါ၊ အတူတူခုန်ရင် ကျိုးသွားမှာကို ငါကြောက်တယ်”

ချန်မေ့လန်က အားပေးလိုက်လေ၏။

“စိတ်မပူပါနဲ့၊ အတူတူခုန်ကြပါ”

ချန်မေ့လန် စကားမဆုံးမီမှာပင် ယွမ်ယွမ်သည် ယန်ကျောက်၏ပင့်ချီခြင်းကို ခံရကာ ကုတင်ပေါ်သို့ ပစ်တင်ခံလိုက်ရသည်။ ယွမ်ယွမ်မှာ အံ့ဩတကြီး အော်ဟစ်လိုက်သော်လည်း ချက်ချင်းပင် အပေါ်သို့ ပြန်လည်မြောက်တက်သွားခဲ့၏။

ဝိုးခနဲ အာမေဍိတ်သံနှင့်အတူ သူမက အော်ဟစ်လိုက်သည်။

“ဖေဖေ၊ ဒါက အရမ်းပျော်စရာကောင်းတာပဲ”

ရှောင်ဝမ်သည်လည်း တက်ခုန်ချင်နေသော်ငြား အလွန်ရှက်ရွံ့နေခဲ့သည်။

ဖခင်ဖြစ်သူ ယွမ်ယွမ်အာူ ပင့်ချီလိုက်သည်ကို မြင်သောအခါ သူက ပြုံးကာ လက်ဆန့်ထုတ်ပြီး ဖခင်ဖြစ်သူ ပွေ့ချီမည့်အချိန်ကို စောင့်မျှော်ရင်း ခေါင်းမော့ထားလိုက်၏။

ယန်ကျောက်က သူ့သားအကြီးဆုံးကို ကျော်ဖြတ်သွားကာ ချန်မေ့လန်အား မေးလိုက်သည်။

“မင်း ဟင်းချက်မလား၊ ဒါမှမဟုတ် ငါချက်ရမလား”

ယနေ့ ယန်ရှီရှန်း ဖမ်းဆီးခံရတော့မည် ထင်သည်။ ယွမ်ယွမ်၏ဖခင် ဖမ်းဆီးခံရမည်ဖြစ်သော်လည်း ကလေးမလေးမှာ ဘာမှမသိဘဲ ပျော်ရွှင်နေသည်။

ချန်မေ့လန်က ထိုကိစ္စအတွက် အတော်လေး စိတ်မသက်မသာ ဖြစ်နေမိသည်။

သို့သော် အကြံဉာဏ်လေးတစ်ခုဖြင့် ကုတင်အသစ်တစ်လုံး မမျှော်လင့်ဘဲ ရရှိလိုက်ခြင်းက သူမ၏စိတ်ခံစားချက်ကို များစွာ ကောင်းမွန်လာစေခဲ့သည်။

သူမက ဟင်းသီးဟင်းရွက်များကို ယူကာ ပြန်ဖြေလိုက်လေ၏။

“ကျွန်မပဲ ချက်လိုက်မယ်၊ ရှင်ဘာစားချင်လဲ၊ ရှာလကာရည် အများကြီးပါတဲ့ ဆီလောင်းခေါက်ဆွဲ စားမလား”

ရှောင်ဝမ်က သူ့ဖခင်သည် ရှာလကာရည်အများကြီးပါသော ဆီလောင်းခေါက်ဆွဲအား အလွန်ကြိုက်နှစ်သက်ကြောင်း ပြောခဲ့ဖူးသည်။

သို့သော် ယန်ကျောက်က မှုန်ကုပ်ကုပ်ဖြင့် ရေရွတ်လိုက်လေ၏။

“ရှီရှန်းက ရှာလကာရည် (သဝန်တိုခြင်း ဟုလည်း အဓိပ္ပာယ်ရ) ကြိုက်တာမဟုတ်လား၊ ငါ ရှာလကာရည် လုံးဝမစားဘူး”

စကားပြောနေစဉ်မှာပင် သူသည် ကုတင်ထားရန် ဆေးသုတ်ကာ သေချာပြင်ဆင်ထားသည့် အခြားအိပ်ခန်းတစ်ခန်း၏တံခါးကို သွားဖွင့်လိုက်သည်။

အိမ်ရှိ အခန်းကြီးရှစ်ခန်းအနက် ချန်မေ့လန်က သုံးခန်းကိုသာ ချန်ထားပြီး ကျန်အခန်းများကို သော့ခတ်ကာ ငှားရမ်းထားလေ၏။

ယန်ကျောက်က အဖြူရောင်ဆေးများသုတ်ထားသည့် အသေးဆုံးအခန်းကို သူတို့၏မင်္ဂလာဦးအခန်းအဖြစ် သတ်မှတ်ထားခဲ့သည်။

ကလေးများကို အတန်ကြာ ခုန်ပေါက်ခွင့်ပေးပြီးနောက် ယန်ကျောက်က သူတို့အား ဆွဲချကာ အတိုင်းအတာများ တိုင်းတာပြီး ကုတင်အာယ မည်သည့်နေရာတွင် ထားရမည်ကို ဆုံးဖြတ်လိုက်သည်။

ချန်မေ့လန် ခဏတာ တွေးတောလိုက်မိ၏။

တကယ်တန်းတွင် ယန်ကျောက်သည် စပရိန်မွေ့ရာပို့ဆောင်သော ထရပ်ကားပေါ်တွင် ထိုင်လိုက်လာစဉ် ယန်ရှီရှန်းက သူမနှင့်စကားပြောကာ ငွေပေးရန်ကြိုးစားနေသည်ကို သူ မြင်လိုက်ရသည်။

ထိုအချိန်တွင် သူက ထရပ်ကားပေါ်မှ ခုန်ဆင်းသွားခဲ့ခြင်းဖြစ်သည်။

သူမနှင့် ယန်ရှီရှန်းတို့၏ စကားပြောဆိုမှုကို သူ တစ်ချိန်လုံး နားထောင်နေခဲ့ခြင်းဖြစ်ပေမည်။

‘အဲဒီ ခွေးကောင်လိုလူ၊ ငါက ယန်ရှီရှန်းရဲ့ လာဘ်ထိုးငွေတွေ ယူလိုက်မှာကို ကြောက်နေတာလား၊ ဒါမှမဟုတ် ငါ ယန်ရှီရှန်းနှင့် စကားအကြာကြီး ပြောနေတာကို စိုးရိမ်နေတာလား'

‘ဒါမှမဟုတ် သူ သဝန်တိုနေတာလား'

‘ယန်ရှီရှန်းလို လူဆိုးတစ်ယောက်ကို သူက သဝန်တိုနေတယ်တဲ့လား'

ချန်မေ့လန်က မီးဖိုချောင်ပြတင်းပေါက်အား တွန်းဖွင့်ကာ လှမ်းမေးလိုက်၏။

“ဗိုလ်ကြီးယန်၊ ရှင် ရှာလကာရည်မစားဘူး (သဝန်မတိုဘူး) မဟုတ်လား”

ယန်ကျောက် ခဏတာတုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေလာသည်။

“အင်း၊ ငါ မစားဘူး”

ချန်မေ့လန်က သူမ၏ ဟင်းချက်မည့်အစီအစဉ်ကို ပြောပြလိုက်လေသည်။

“ဒီည ကျွန်တို့အတွက် လျန်ဖီ (liangpi) လုပ်မယ်၊ ဝက်ခေါင်းသားတချို့လှီးပြီး အာလူးခေါက်ဆွဲကို လက်နဲ့လိပ်မယ်၊ ငရုတ်သီးမှုန့်နဲ့ စီချွမ်ငရုတ်ကောင်းတချို့ ထည့်ပြီး ဆီပူပူလောင်းလိုက်မယ်၊

အရမ်းမွှေးနေမှာပဲ၊ ရှင့်ဝေစုထဲကိုတော့ ကျွန်မ ရှာလကာရည်တစ်စက်မှ မထည့်ဘူးနော်”

၎င်းတို့အားလုံးမှာ ရှာလကာရည်မပါလျှင် ပြည့်စုံမှုမရှိသော ဟင်းပွဲများဖြစ်၏။

‘သူ ရှာလကာရည်မပါဘဲ ဘယ်လိုစားမလဲဆိုတာ ငါ ကြည့်ချင်သေးရဲ့’

…………..

ဤတစ်ကြိမ်တွင် ကျင်းတုန်းလမ်းတစ်လျှောက်ရှိ ကျောက်မီးသွေးသူဌေး ဆယ်ဂဏန်းကျော် ဖမ်းဆီးခံခဲ့ရပြီး အားလုံးမှာ လာဘ်ပေးလာဘ်ယူပြစ်မှုများဖြင့် စွဲချက်တင်ခံခဲ့ရသည်။

သေချာသည်မှာ ထိုကျောက်မီးသွေးသူဌေးများသည် ထောင်မှလွတ်မြောက်ရန်အတွက် နောက်ကွယ်မှ ကြိုးဆွဲခြင်းနှင့် လာဘ်ထိုးခြင်းများကို အစွမ်းကုန် ကြိုးပမ်းကြမည်သာဖြစ်၏။

ယန်ရှီရှန်းသည် ဟူရှောင်မေထံ ငွေများပေးအပ်ခဲ့ခြင်း ရှိ၊ မရှိကိုမူ မည်သူမျှ တပ်အပ်မသိနိုင်ပေ။

သို့သော် နောက်ဆုံးတွင် သူသည် မည်သူမျှမမြင်အောင် တိတ်တဆိတ်ဖြင့် ယွမ်တစ်သိန်းနှင့် Xialiကားသော့ကို ချန်မေ့လန်၏မွေ့ရာအောက်သို့ ထိုးထည့်သွားနိုင်ခဲ့သည်။

၎င်းမှာ ယန်ရှီရှန်း ရုတ်တရက် လိပ်ပြာသန့်သွားပြီး ချန်မေ့လန်အတွက် ငွေအချို့ ချန်ထားရစ်ချင်၍မဟုတ်သလို ယန်ကျောက်အား ဆက်လက်လာဘ်ထိုးလိုသောကြောင့်လည်း မဟုတ်ပေ။

အဓိကအကြောင်းရင်းမှာ သူ့တွင် သားယောက်ျားလေး မရှိသေးဘဲ ကျောင်းတိဟူသော သမီးမိန်းကလေးတစ်ယောက်သာ ရှိသောကြောင့်ဖြစ်သည်။

အကယ်၍ သူသာ ထောင်ဒဏ်ကျခံရမည်ဆိုပါက အတိတ်က ရန်ပွဲများနှင့် လူသတ်မှုများတွင် ပါဝင်ပတ်သက်ခဲ့ဖူးသော ယန်ရှီရှန်းအတွက် ရှီးဖျင်ထောင်ထဲတွင် သေမလောက်မုန်းတီးနေသော ရန်သူများစွာ ရှိနေပြီး သူ၏ ပိန်လှီလှီခန္ဓာကိုယ်လေးဖြင့်ဆိုလျှင် ထောင်ထဲရောက်ပြီး သုံးရက်အတွင်းမှာပင် ရိုက်သတ်ခံရနိုင်ခြေရှိနေ၏။

ဤယွမ် တစ်သိန်းမှာ သူ၏နာရေးစရိတ်အတွက်ဖြစ်သည်။

သူ ငယ်ရွယ်သေးပြီး အနာဂတ်တွင် အခြားကလေးများ ရလာနိုင်သေးသော်လည်း လောကကြီးကို သူ ရှင်းရှင်းလင်း မြင်တတ်နေပြီဖြစ်သည်။

သူသာ သေဆုံးသွားပါက သူ့ကို အစ်ကိုဟုခေါ်ကာ အတူသောက်စားခဲ့ဖူးသူများ၊ ယခုအချိန်အထိ အစ်ကိုဟု ခေါ်ဝေါ်နေသူများအားလုံးသည် ချွင်းချက်မရှိ သူ့အား တံတွေးနှင့်ထွေးကြမည်ကို သူ ကောင်းကောင်းကြီးသိသည်။

သူတို့အားလုံးက ‘သူခံထိုက်လို့ ခံရတာ’ ဟုသာ ပြောဆိုကြပေလိမ့်မည်။

သူ၏ရုပ်အလောင်းကို ပြင်ဆင်ပေးပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ် အဝတ်အစားများ ဝတ်ဆင်ကာ သူ့အား မြေမြှုပ်သင်္ဂြိုဟ်ပေးမည့် တစ်ဦးတည်းသောသူမှာ ကျောင်းတိသာရှိပေမည်။

သူ၏ကျောင်းတိလေးသည် မြေပြင်ပေါ်သို့ ကန်ချခံရပြီးနောက်တွင်ပင် ငိုကြွေးကာ တောင်းပန်ခဲ့ရှာသည်။

ယန်ရှီရှန်း၏နားထဲတွင် ကလေးမလေး၏ငိုသံများပင် ကြားယောင်လာမိသည်။

“ဖေဖေ၊ သမီး ဘာအမှားလုပ်မိလို့လဲဟင်၊ သမီး ပြင်ပါ့မယ်၊ ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့နော်”

………

ကလေးများသည် ရှာလကာရည်ဆမ်းထားသော လျန်ဖီခေါက်ဆွဲသုပ်ကို အလွန်နှစ်ခြိုက်စွာ စားသောက်နေကြ၏။

မွေ့ရာပေါ်တွင် ခုန်ပေါက်ကစားထားသဖြင့် ချွေးများရွှဲနစ်နေသော သူတို့သည် ယခုအခါ အချဉ်ဓာတ်လေးပါသော အေးမြသည့်ခေါက်ဆွဲပန်းကန်များကို ကိုင်လျက် ဝက်ပေါက်စလေးသုံးကောင်ပမာ ပြွတ်ခနဲ ပြွတ်ခနဲ စုပ်ယူစားသောက်နေကြသည်။

ယန်ကျောက်သည် ကုတင်တပ်ဆင်ခြင်းကို အပြီးသတ်လုပ်ဆောင်နေပြီး အချိန်အတော်ကြာသည်အထိ အပြင်ထွက်၍ ထမင်းလာစားခြင်းမရှိသေးပေ။

‘ငါက သူ့ဟင်းထဲကို ရှာလကာရည် မထည့်ပေးခဲ့တာကြောင့် သူ တကယ်ပဲ စိတ်ဆိုးသွားတာများလား'

ချန်မေ့လန်က သူ့ကိုခေါ်ရန် အခန်းထဲသို့ ဝင်သွားလိုက်သည်။ အခန်းထဲ၀င်၀င်ခြင်း သူမ၏မျက်လုံးထဲသို့ ဝင်ရောက်လာသောအရာမှာ မျက်စိကျိန်းလောက်အောင် တောက်ပလွန်းသည့် ခေါင်းရင်းဘုတ်ပြားကြီးဖြစ်ပြီး ဆိုးရွားလှသော ပန်းရောင်တောက်တောက်ကြီးဖြစ်ကာ တောက်ပသောအလင်းပြန်မှုပင် ရှိနေသေး၏။

ဤကုတင်ကို ယန်ကျောက် ရွေးချယ်ခဲ့ခြင်းဖြစ်ဖို့ရာ သေချာလှသည်။ အရောင်မှာ မျက်စိကန်းလုမတတ် တောက်ပနေသည်။

သို့သော် ယန်ကျောက်က မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်လေ၏။

“ခေါင်းရင်းဘုတ်ပြားအရောင်ကို မင်း သဘောကျတယ်မလား”

သူမက မည်သို့လုပ်၍ သဘောကျနိုင်မည်နည်း။ ချန်မေ့လန်သည် ၎င်းကို အချိန်အကြာကြီး ကြည့်နေမိပါက အိပ်မက်ဆိုးများမက်မည်ကိုပင် စိုးရိမ်နေမိသည်။

ချန်မေ့လန်က ပြုံးကာ အားနာနာဖြင့် တုံ့ပြန်လိုက်သည်။

“သဘောကျပါတယ်၊ အရမ်းလှတာပဲ”

အနည်းဆုံးတော့ သူက ကုတင်ကို သယ်ယူလာပြီး တပ်ဆင်ပေးခဲ့သည်မဟုတ်လော။

‘ဒီအရောင်ကြီး... မနက်ဖြန်ကျရင် တစ်ယောက်ယောက်ကို ငှားပြီး ဆေးပြန်သုတ်ခိုင်းရမယ်'

ပန်းရောင်ကုတင်ကြီး၊ ပန်းရောင် ကုတင်ဘေးစားပွဲလေးများ။

သူမ အခန်းထဲမှထွက်ရန် နံရံကိုမှီပြီးသွားရမည့်အလား ခံစားလိုက်ရသည်။

ယန်ကျောက်သည် ချန်မေ့လန်ထံသို့ မိကျောင်းသားရေ ပိုက်ဆံအိတ်တစ်ခုကို ကမ်းပေးလိုက်၏။ ၎င်းမှာ ယန်ရှီရှန်း စောစောက သူမအားပေးရန် ကြိုးစားခဲ့သော ပိုက်ဆံအိတ်ပင်ဖြစ်သည်။

“ပိုက်ဆံတွေ၊ ယန်ရှီရှန်းဆီကဟာတွေ”

သူက ၎င်းကို မွေ့ရာထဲသို့ ထိုးထည့်ထားခဲ့ခြင်းဖြစ်ပြီး ယန်ကျောက် ကုတင်တပ်ဆင်ချိန်မှသာ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက် ယန်ကျောက်က သူမအား ယွမ် ၁၀၀ တန် ငွေစက္ကူတစ်ရွက်ကို ကမ်းပေးလိုက်သည်။

“မင်းရဲ့ပိုက်ဆံ၊ မင်းအတွက် ငါပြန်ယူလာပေးတယ်”

အသေးစိတ်ကို မသိသော်လည်း သူမ၏ယခင်ဘဝက ချန်မေ့လန်သည် ကိုယ်ကျင့်တရားကင်းမဲ့သော စီးပွားရေးသမားနှစ်ဦး၏ ဇနီးဖြစ်ခဲ့ဖူးသည်။

တလောက ညပိုင်းတွင် ယန်ကျောက်က ယွမ် ၁၀၀ တန်တစ်ရွက်ကို ထုတ်ယူသွားခဲ့၏။

သူ၏ ပြတ်သားရက်စက်မှုအရ သူသည် ထောင်ချောက်တစ်ခုခု ဆင်ခဲ့ခြင်းဖြစ်မည်ဟု သူမ ခန့်မှန်းလိုက်သည်။ မဟုတ်ပါက သူ ယန်ရှီရှန်းကို မည်သို့ဖြုတ်ချနိုင်မည်နည်း။

ယခု သူက သူမအား ယန်ရှီရှန်း၏ငွေများကို လက်ခံစေချင်နေသည်။ မည်သို့လုပ်ဥ ဖြစ်နိုင်မည်နည်း။ ယန်ရှီရှန်း၏ ညစ်ပတ်သောငွေများကို သူမ လုံးဝယူမည်မဟုတ်ပေ။

အကယ်၍ သူမ ယူလိုက်ပါက သူမသည်လည်း ပြစ်မှုရှိသူတစ်ဦးဖြစ်ကြောင်း ယန်ကျောက်က သံသယဝင်သွားပေလိမ့်မည်။

ချန်မေ့လန်က ယွမ် ၁၀၀ ကိုသာ ယူလိုက်ပြီး ပိုက်ဆံအိပ်ကိုမူ မျက်မှောင်ကြုတ်ကာ ငြင်းဆန်လိုက်သည်။

“လွှင့်ပစ်လိုက်ပါ၊ ယန်ရှီရှန်းရဲ့ ညစ်ပတ်တဲ့ ပိုက်ဆံတွေကို ကျွန်မ မယူနိုင်ဘူး”

ချန်မေ့လန် မယူသည်ကို မြင်သောအခါ ယန်ကျောက်က ၎င်းကို မွေ့ရာပေါ်တွင် ပြန်တင်ထားလိုက်ပြီး အခန်းထဲမှ ထွက်ခွာသွားရင်း အကြံပြုလိုက်၏။

“သူ့အတွက် သိမ်းထားပေးလိုက်ပါ၊ ခဏနေလို့ သူ ထောင်ကထွက်လာရင် အဲဒါတွေလိုအပ်လိမ့်မယ်”

သူမ၏ ယခင်ဘဝက ယန်ရှီရှန်း ထောင်ကျသွားသောအခါ ဟူရှောင်မေသည် သူ့ကိုမကယ်တင်ခဲ့ပေ။

ထိုအစား သူမက ချန်မေ့လန်ထံသို့ ငွေလာချေးကာ ယန်ရှီရှန်းကိုထုတ်ရန် ငွေပေးစေချင်ခဲ့သည်။

နောက်ပိုင်းတွင် ယန်ရှီရှန်း ပြန်လည်နာလန်ထူလာခဲ့သော်လည်း ဟူရှောင်မေက သူနှင့်အတူမနေခဲ့ပေ။

သူမတွင် သားတစ်ယောက်ရလာပြီးနောက် ယန်ရှီရှန်းနှင့် ကွာရှင်းကာ ယန်ကွမ်ရွာတွင် ပြန်လည်နေရာချထားရေး အိမ်ရှစ်လုံး ပိုင်ဆိုင်သွားပြီး နာမည်ကြီးကာ ဝင်ငွေကောင်းသော စံပြဆရာမတစ်ဦး ဖြစ်လာခဲ့သည်။

အမှန်တကယ်တွင် ချန်မေ့လန် ဤယွမ်တစ်သိန်းကို သိမ်းထားခြင်းက ပိုကောင်းပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ယန်ရှီရှန်း ထောင်မှထွက်လာချိန်တွင် သူ့အခြေအနေမှာ လုံးဝ ကွဲပြားသွားမည်ဖြစ်သည်။

All Chapters