← Chapters

အခန်း ၃၇၁

Vol. 38 Ch. 371

အခန်း ၃၇၁

Vol. 38 Ch. 371

အခန်း(371)

“ဒါကြောင့်မို့လို့ မင်းတို့နှစ်ယောက်ရဲ့ကလေးလည်း ထူးချွန်ထက်မြက်တဲ့သူ ဖြစ်နေတာကိုး”

ကျိုးရှင်းချင်က တုကျိမင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အခန်းထဲရှိ တခြားကလေးငယ်တစ်ယောက်ကိုလည်း လှည့်ကြည့်လိုက်လေ၏။

ထိုကလေးက ကျောင်းမှထောက်ခံပေးခဲ့သော ကောင်လေးဖြစ်သော်လည်း သူတို့၏ ကျောင်းဝင်ခွင့် စံနှုန်းများနှင့် ကိုက်ညီခြင်း မရှိသေးပေ။

တစ်ဖက်တွင် စုရှောင်လော်က သူမ၏ဂုဏ်သတင်းနှင့်အညီ ထူးချွန်နေခဲ့လေ၏။

သူမ၏ လက်ရှိလေ့လာသင်ယူထားသည့်ပညာရပ်များက ကျောင်းဝင်ခွင့် ရရှိထားပြီးဖြစ်သော အသက်ကြီးသည့် ကလေးများလောက် မကောင်းမွန်သေးပေ။

သို့သော် သူမ၏ အသက်အရွယ်နှင့် နှိုင်းယှဉ်လျှင်တော့ အတိုင်းထက်အလွန် ထူးချွန်ပြောင်မြောက်နေလေပြီ။

ပို၍ အံ့ဩစရာကောင်းသည်မှာ ဤအောင်မြင်မှုများက စုရှောင်လော်၏ မိဘများက ရည်ရွယ်ချက်ရှိရှိဖြင့် အပြင်းအထန် ပြုစုပျိုးထောင်ခြင်း မဟုတ်ဘဲ ရရှိခဲ့ခြင်းပင်။

ယခုအချိန်တွင် ကျိုးရှင်းချင်၏ စုရှောင်လော်အပေါ် စိုက်ကြည့်သော အကြည့်များက ပို၍လေးနက်လာခဲ့သည်။

သူ့အနေဖြင့် ဤမျှအထိ အလားအလာရှိလွန်းသော ပါရမီရှင်မလေးကို လက်မလွှတ်နိုင်ပေ။

အကယ်၍ သူမကို ကျောင်းသို့ ခေါ်ဆောင်သွားပြီး စနစ်တကျပြုစုပျိုးထောင်ပေးခဲ့မည်ဆိုပါက သူမက နောက်ပိုင်းတွင် နိုင်ငံတော်၏ ထောက်တိုင်စစ်စစ်တစ်ခု ဖြစ်လာပေလိမ့်မည်။

“မင်း ဘယ်လိုထင်လဲ လောင်တု”

ကျိုးရှင်းချင်က တုကျိမင်ကို မေးမြန်းလိုက်လေသည်။

တုကျိမင် စိတ်ထဲတွင်တွေးတောနေမိ၏။

ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ။

ဒီကလေးမလေးက အသက်ငါးနှစ်ပဲ ရှိသေးတာလေ။

ကလေးငယ်တစ်ဦးကို မိဘများနှင့် ခွဲခွာစေပြီး ကျောင်းသို့လာရောက်နေထိုင်ခိုင်းရန် ဖြစ်နိုင်ပါမည်လား။

“သမီးကတော့ အဖေနဲ့ အမေတို့နဲ့ မခွဲနိုင်ပါဘူး”

စုရှောင်လော်က ချက်ချင်းပင် သူမ၏ မိဘများ၏ လက်များကို ဆွဲကိုင်လိုက်လေ၏။

တုကျိမင်ဘက်မှ စကားမပြောနိုင်သေးမီမှာပင် သူမက ပြောဆိုလိုက်သည်။

ကျိုးရှင်းချင်က ကျောင်းအုပ်ကြီးနှင့် စကားပြောဆိုချိန်က ပါရမီရှင်ကလေးများအတန်းကးမှာ ကျောင်းတွင်ရှိနေသော အိပ်ဆောင်တွင်နေထိုင်ရမည်ဖြစ်ပြီး သူတို့ကိုပြုစုစောင့်ရှောက်ရန်အတွက် အထူးသီးသန့်ဆရာများ ရှိလိမ့်မည်ဟု ပြောဆိုခဲ့သည်ကို သူမ ကြားထားသည်။

သို့သော် ယခုခေတ်အချိန်တွင် ပါရမီရှင်ကလေးများတန်းရှိ အငယ်ဆုံးကလေးများပင် အသက်ဆယ့်တစ်နှစ် ရှိနေကြလေ၏။

ထို့ကြောင့် သူတို့ကိုယ်သူတို့ သေသေချာချာ ပြုစုစောင့်ရှောက်နိုင်ကြပြီပင်။

စုရှောင်လော်က...

သူမက အသက်ငါးနှစ်ပဲ ရှိသေးတာလေ။

ကျိုးရှင်းချင်က ဤကလေးမလေးကို လက်မလွှတ်ချင်ပေ။

“ဆရာကျိုး၊ ကျွန်တော်တို့ မိဘတွေက ကလေးကို နေ့တိုင်း ကျောင်းအကြိုအပို့ကိုယ်တိုင် လုပ်မယ်ဆိုရင် အဆင်ပြေနိုင်မလား”

စုဝေ့ချင်းက မေးမြန်းလိုက်လေသည်။

“ရှောင်လော်က ဥာဏ်ရည်ထက်မြက်ပါတယ်၊ ကျွန်တော်တို့ မိဘတွေအနေနဲ့လည်း သူမရဲ့ အနာဂတ်ကို မနှောင့်နှေးစေချင်ဘူး”

စုဝေ့ချင်းက ကျိုးရှင်းချင်နှင့် တုကျိမင်တို့နှစ်ဦးလုံးက စုရှောင်လော်အပေါ် အလွန်ကျေနပ်ရနေကြကြောင်းကို ရိပ်မိသည်။

ထို့ကြောင့်ပင် ဆွေးနွေးညှိနှိုင်းရန် အခွင့်အလမ်းရှိနေပေ၏။

“မင်းတို့နှစ်ယောက်လုံးမှာလည်း မင်းတို့ရဲ့ စာသင်ကြားမှုတွေ ရှိနေကြတယ်မလား၊ နေ့တိုင်း လာပြီးကြိုပို့နိုင်ပါ့မလား”

ကျိုးရှင်းချင်က စုရှောင်လော်တစ်ယောက် ကျောင်းတွင် နေထိုင်ခြင်းက ပို၍ကောင်းမွန်သည်ဟု ခံစားနေရဆဲ ဖြစ်သည်။

“ငါတို့ဘက်က သူမကို သီးသန့် ပြုစုစောင့်ရှောက်ပေးမဲ့ အဆောင်နေဆရာမတစ်ဦး စီစဉ်ပေးလို့ရပါတယ်၊ မင်းတို့ ဘယ်လိုထင်လဲ”

“အဆောင်နေဆရာမက ဘယ်လောက်ပဲ ကောင်းပါစေ မိဘတွေကိုတော့ အစားမထိုးနိုင်ပါဘူး၊

ကလေးက အသက်ငယ်လွန်းသေးလို့ မိဘတွေရဲ့ အဖော်ပြုပေးမှုကို လိုအပ်ပါတယ်၊

ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ကျွန်မတို့ ဇနီးမောင်နှံနှစ်ဦးလုံးက နည်းနည်းလောက် ပိုပြီးအလုပ်ရှုပ်ရရင်တောင် အဆင်ပြေပါတယ်”

လီရှန်းကလည်း သူမ၏ကလေးနှင့် မခွဲချင်သောကြောင့် အနားသို့ အမြန်တိုးကပ်ပြီး ပြောဆိုလိုက်လေသည်။

“တကယ်လို့ ကျွန်မတို့မှာ အချိန်မရခဲ့ရင်လည်း ကျွန်မရဲ့ ယောက္ခမဖြစ်ဖြစ်၊ မိသားစုဝင်တွေကိုပဲဖြစ်ဖြစ် ကလေးကို ကြိုပို့ပေးဖို့ ကူညီခိုင်းလို့ရပါတယ်၊ ဒါမှ ကလေးက ကျွန်မတို့ကို နေ့တိုင်း မြင်တွေ့နိုင်မှာလေ”

ကျိုးရှင်းချင်အနေဖြင့် လီရှန်းက သူမ၏ ယောက္ခမကို ကူညီခိုင်းမည်ဟူသော စကားကိုကြားလိုက်ရသည့်အချိန်တွင် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်ဟု တွေးတောမိလိုက်လေ၏။

ထို့ကြောင့် သူက တုကျိမင်ထံသို့ လှည့်ကြည့်လိုက်သည်။

တုကျိမင်ကတော့ သူ့ကို ဂရုမစိုက်တော့ဘဲ မတ်တတ်ထရပ်ပြီး စုဝေ့ချင်းနှင့် လီရှန်းတို့၏ အရှေ့သို့ သွားပြီး သူတို့ထံသို့ လက်လှမ်းပေးလိုက်လေသည်။

“ငါတို့တွေ စုဝမ်ယန်ကို ပါရမီရှင်ကလေးများ အတန်းမှာ လာရောက်ပညာသင်ကြားဖို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်၊

ကျောင်းအကြိုအပို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ မင်းတို့မိဘတွေအတွက် အဆင်ပြေသရွေ့ ငါတို့ဘက်ကလည်း လိုက်လျောပေးနိုင်တယ်

ကလေးတွေက မိဘတွေရဲ့ ဘေးနားမှာ နေထိုင်တာက အကောင်းဆုံးပါပဲ”

ပါရမီရှင်အတန်းရှိ တခြားကလေးများကို ကျောင်းတွင် နေထိုင်ခိုင်းရခြင်းမှာ ထိုကလေးများ၏ မိဘများက ပေကျင်းတွင် မနေထိုင်ကြသောကြောင့်သာဖြစ်ပေ၏။

စုဝေ့ချင်း စိတ်သက်သာသွားခဲ့သည်။

သူက တုကျိမင်၏ လက်ကို လျင်မြန်စွာ လှမ်းကိုင်လိုက်လေသည်။

“ဒါဆိုရင်တော့ နောက်ပိုင်းကျရင် ရှောင်လော်ကို သေသေချာချာ ဂရုစိုက်ပေးဖို့ ဆရာတုကို ဒုက္ခပေးရပါဦးမယ်”

စုရှောင်လော်က တုကျိမင်ကို တစ်ချက်၊ စုဝေ့ချင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် လီရှန်း၏ ဘောင်းဘီစကိုဆွဲကိုင်ပြီး ခေါ်လိုက်လေသည်။

“အမေ”

“မကြောက်နဲ့နော် ၊ အဖေနဲ့ အမေက နောက်ပိုင်းကျရင်လည်း သမီးကို နေ့တိုင်း ကျောင်းကို ကိုယ်တိုင်ကြိုပေးမှာပါ”

စုရှောင်လော်၏ မျက်လုံးလေးများက ချက်ချင်းပင် တောက်ပသွားသည်။

“တကယ်လား”

“တကယ်ပေါ့”

လီရှန်းက စုရှောင်လော်၏ နှာခေါင်းလေးကို ညင်သာစွာညှစ်ကာ ချော့မြှူလိုက်လေသည်။

စုရှောင်လော်ကတော့ အလွန်ပင် ပျော်ရွှင်နေခဲ့သည်။

သူမအတွက် မည်သည့်ကျောင်းတွင် စာသင်ရမည်ဆိုသည်က အရေးမကြီးပေ။

အဘိုးကျိုးနှင့် အဘိုးတုတို့ မေးမြန်းခဲ့သော မေးခွန်းများက အလွန် စိတ်ဝင်စားစရာ ကောင်းသည်ဟုထင်မိသည်။

သူမအနေဖြင့် မေးခွန်းအနည်းငယ်ကိုသာ ဖြေခဲ့ရလေ၏။

သို့သော် အိမ်သို့ ပြန်ရောက်လျှင် ဤဘာသာရပ်နှင့် ပတ်သက်သည့် စာအုပ်များကို ရှာဖွေပေးရန် ဦးလေးစနစ်ထံမှ တောင်းဆိုရန် ဆုံးဖြတ်ထားခဲ့လေ၏။

“နောက်ပိုင်းကျရင်လည်း ဆရာတို့ကိုပဲ ဒုက္ခပေးရပါဦးမယ်”

စုဝေ့ချင်းက စုရှောင်လော်ကို ချော့မော့ပြီးနောက် ကျိုးရှင်းချင်၊ တုကျိမင်တို့နှင့်အတူ ကျောင်းအပ်နှံရမည့် အချိန်ကို တိုင်ပင်လိုက်လေသည်။

လီရှန်းကလည်း ဆရာနှစ်ဦးကို နှုတ်ဆက်ရန် အနားသို့ လျင်မြန်စွာ တိုးကပ်လာခဲ့လေ၏။

သူ၏ တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ခဲ့သော ကျိုးရှင်းချင်က လီရှန်းကို အပြုံးနှင့်ကြည့်ပြီး ချီးမွမ်းစကား ပြောလိုက်လေသည်။

“မင်းတို့ ဇနီးမောင်နှံနှစ်ယောက်လုံးကလည်း ထူးချွန်ထက်မြက်ကြသလို မင်းတို့ရဲ့ ကလေးကလည်း တကယ့်ကို ထူးချွန်တာပဲ”

“ကျွန်မတို့မှာ ဒီသမီးလေး တစ်ဦးတည်းပဲ ရှိတာပါ၊ နောင်အနာဂတ်မှာလည်း သူမအတွက် မောင်နှမတွေ ထပ်ပြီးမယူဖို့ စီစဉ်ထားတာမို့လို့ သူမကိုပဲ အကောင်းဆုံး ဖြစ်အောင် ပျိုးထောင်ရမှာပေါ့”

မတိုင်ခင်က ကျိုးရှင်းချင်က စုဝေ့ချင်းကိုစနောက်ချင်သည့် လေသံဖြင့် ဤမျှကောင်းမွန်လွန်းသော မျိုးရိုးဗီဇကို အလဟဿ မဖြစ်စေဘဲ နောက်ထပ် ကလေးနှစ်ယောက်လောက် အမြန်မွေးရန်ပြောခဲ့လေ၏။

စုဝေ့ချင်းအနေဖြင့်လည်း မူဝါဒများ ပြောင်းလဲတော့မည်ကို ရိပ်မိသွားခဲ့သောကြောင့် ပြန်ဖြေလိုက်လေ၏။

သူတို့က စကားအနည်းငယ်ခန့် ထပ်မံ ပြောဆိုကြပြီးနောက် ကျိုးရှင်းချင်နှင့် တုကျိမင်တို့က နှုတ်ဆက်၍ ထွက်ခွာသွားကြလေ၏။

ဇနီးမောင်နှံနှစ်ဦးက စုရှောင်လော်ကို ခေါ်ဆောင်ကာ အပြင်သို့ ထွက်လာခဲ့ကြချိန်တွင် မျက်နှာတွင် ဝမ်းနည်းရိပ်များက ဖုံးလွှမ်းနေသော ဆရာမဖန်ကို မြင်တွေ့လိုက်ရသည်။

“စုဝမ်ယန်က နောက်ပိုင်းကျရင် ပါရမီရှင်ကလေးများ အတန်းကို တက်ရောက်တော့မှာပေါ့ဟုတ်လား”

“ဟုတ်ပါတယ်”

စုဝေ့ချင်းက ပြုံးလိုက်သည်။

“ဆရာမဖန်နဲ့ တခြားဆရာမတွေအားလုံးရဲ့ လမ်းညွှန်သွန်သင်ပေးမှုတွေအတွက်လည်း ကျေးဇူးတင်ပါတယ်”

ဆရာမဖန်က သူမ၏ နှုတ်ခမ်းကို တင်းကျပ်စွာ စပိတ်လိုက်မိပြီး စိတ်ထဲတွင် ပိုမို၍ စိတ်ပျက်သွားရ၏။

သူမ၏ကျောင်းမှ ပါရမီရှင်ကလေးတစ်ဦးက ပါရမီရှင်အတန်းသို့ တက်ရောက်ခွင့် ရရှိသွားခြင်းက ကျောင်းအတွက် အလွန်ကောင်းမွန်သော ကိစ္စကြီးတစ်ခု ဖြစ်သော်လည်း သူမအတွက်တော့ မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ သူမကတော့ စုရှောင်လော်က နောက်ပိုင်းတွင် ကျောင်း၌ နာမည်ကြီးလာပြီး

သူမကိုယ်တိုင်လည်း အတန်းပိုင်ဆရာမအနေဖြင့် ဂုဏ်ဒြပ်များကို ရရှိလိမ့်မည်ဟု မျှော်လင့်ထားခဲ့မိ၏။

ယခုအချိန်တွင်တော့ သူမက ပါရမီရှင်အတန်းသို့ တက်ရောက်ခွင့်ရရှိသွားလေပြီ။ ထို့ကြောင့် သူမကိုယ်တိုင် ဉာဏ်ပညာထက်မြက်သောကြောင့်သာ ထိုအတန်းသို့တက်ခွင့်ရသည်ဟု ဂုဏ်သတင်းထွက်တော့မည်ဖြစ်ကာ အတန်းပိုင်ဆရာမဖြစ်သူနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပေ။

ဆရာမဖန်အနေဖြင့် အလွန်အမင်း စိတ်ဓာတ်ကျနေခဲ့ရ၏။

သို့သော် ယခုအချိန်တွင်တော့ သူမက စုဝေ့ချင်းတို့ ဇနီးမောင်နှံကို ဝမ်းသာကြောင်းသာ ပြောနိုင်တော့သည်။

မည်သို့ပင်ဖြစ်စေ သူမက ပါရမီရှင်ကလေးကို သင်ကြားဖူးသော ဆရာမတစ်ဦးဖြစ်ပြီး မည်သည့်အရာမှမရရှိလိုက်သူများနှင့် နှိုင်းယှဉ်လျှင် အများကြကောင်းမွန်သေးသေးမဟုတ်ပါလား။ဟု ခံစားမိလေ၏။

ကျောင်းတံခါး၏ အပြင်ဘက်သို့ ရောက်ရှိလာချိန်တွင်မှသာ လီရှန်းက ခပ်တိုးတိုး ရယ်မောပြီး ပြောလိုက်လေသည်။

“ဆရာမဖန်ရဲ့ မျက်နှာအမူအရာက တကယ့်ကို ရယ်ချင်စရာကောင်းတယ်”

“သူ့မှာ ကိုယ်ပိုင် အကျိုးအမြတ်အတွက် မျှော်လင့်ချက်တချို့ ရှိနေခဲ့ရင်တောင် စိတ်ရင်းကတော့ ဆိုးရွားတဲ့သူတစ်ယောက် မဟုတ်ပါဘူး၊ မရယ်ပါနဲ့တော့”

လီရှန်းက သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရယ်မောရင်းဖြင့် ခေါင်းညိတ်ပြလိုက်လေ၏။

ထို့နောက် အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလဲလိုက်ပြီး ပြောလိုက်သည်။

“ကျွန်မတို့တွေ အိမ်ကို ဖုန်းဆက်ပြီး အဖေနဲ့အမေတို့ကို လှမ်းပြောကြရအောင်၊ ဒါမှ သူတို့လည်း ပျော်နိုင်ကြမှာ”

“ကိုယ်တော့ ဒီလိုပါရမီရှင်ကလေးများအတွက် အထူးတန်းက ကိုယ်တို့မိသားစုနဲ့ သက်ဆိုင်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးထားခဲ့ဘူး”

စုဝေ့ချင်းက ဤအကြောင်းကို တွေးတောမိတိုင်း အံ့ဩမိရသည်။

လီရှန်းက သူ့ကို မေးမြန်းလိုက်လေ၏။

“ရှင် ဘာလို့ ဒီအတန်းရှိတဲ့အကြောင်းကို ကျွန်မကို ထုတ်မပြောခဲ့ရတာလဲ”

“ဒါက လျှို့ဝှက်ချက်မှ မဟုတ်တာ၊ အစ်မမာတောင် သိနေတယ်လေ”

လီရှန်း : “...”

သူမကသာ သူမ၏ ပတ်ဝန်းကျင်မှအခြေအနေများကို သတိမပြုမိဘဲ နေခဲ့မိပုံရသည်။

*

All Chapters