အခန်း ၃၇၂
Vol. 38 Ch. 372
အခန်း(372)
ဇနီးမောင်နှံနှစ်ဦးက စုရှောင်လော်ကို ခေါ်ကာ စုမိသားစု၏ လူကြီးမိဘများထံသို့ ဖုန်းခေါ်ဆိုလိုက်ကြလေ၏။
ဖုန်းလိုင်း၏ တခြားတစ်ဖက်ရှိ မိဘများက အလွန် စိတ်လှုပ်ရှားသွားကြသောကြောင့် စကားပင် သေသေချာချာ မပြောနိုင်ကြတော့ပေ။
ဖုန်းချပြီးနောက်တွင် သူတို့က ကျန်းကျူးရိ၏ ရုံးခန်းဆီသို့ ဖုန်းထပ်မံခေါ်ဆိုလိုက်ကြပြန်၏။
ကျန်းကျူးရိက စကားကို ရှင်းလင်းစွာကြားလိုက်ရသည်နှင့် ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်လေတော့သည်။
“မင်း ဘာပြောလိုက်တယ်၊ ရှောင်လော်က တက္ကသိုလ်ရဲ့ ပါရမီရှင်ကလေးများအတန်းကို တက်ဖို့ ရွေးချယ်ခံလိုက်ရတယ် ဟုတ်လား”
ရုံးခန်းထဲရှိ တခြားလူများအားလုံးက ပါရမီရှင်ကလေးများအတန်း ဟူသော စကားလုံးကိုကြားလိုက်ရသည်နှင့် ခန္ဓာကိုယ်ကို မတ်လိုက်ကြပြီး ခေါင်းမော့ကာ နားရွက်များကို စွင့်လျက် သေသေချာချာနားထောင်ကြလေတော့၏။
လွန်ခဲ့သော ကာလတစ်ခုတုန်းက နင်ပြည်နယ်မှလည်း ပေကျင်းမြို့ရှိ ပါရမီရှင်အတန်းသို့ တက်ရောက်ရန်အတွက် ကလေးတစ်ဦးကို ရွေးချယ်စေလွှတ်ခဲ့ဖူးသည်။
ထိုကလေးက အလွန် ဉာဏ်ရည်ထက်မြက်သူဖြစ်ပြီး အသက်ဆယ့်နှစ်နှစ်အရွယ်ဖြင့်ပင် ခက်ခဲလွန်းသော သင်္ချာပုစ္ဆာများကို ဖြေရှင်းနိုင်သူ ဖြစ်သည်ဟု ပြောစကားများ ရှိခဲ့ဖူး၏။
“.. ငါတို့ရဲ့ ရှောင်လော်က အသက်ငါးနှစ်ပဲရှိသေးတာကို တက္ကသိုလ်တက်ရတော့မှာလား၊ ဒါဆို သူမ အရမ်း ပင်ပန်းရှာမှာပေါ့၊
မင်းတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ တကယ်ပါပဲ၊ ဘာလို့ ကလေးကို ဒီလောက် အတင်းဝိုင်းပြီး ဖိအားပေးနေကြရတာလဲ”
တခြားလူများနှင့်မတူဘဲ ကျန်းကျူးရိက သူ၏ မြေးမလေး မောပန်းနွမ်းနယ်နေမည်ကိုသာ စိုးရိမ်ပူပန်နေမိသည်။
သူ၏ ပြောဆိုသံကလည်း အလွန်ပင် ကျယ်လောင်ပြတ်သားလွန်းလေ၏။
သူ၏အသံကို စက်ရုံဝင်းတစ်ခုလုံးက ကြားသိနိုင်စေရန်အတွက် သူ၏ပါးစပ်ဘေးတွင် အသံချဲ့စက်တစ်ခု ချထားလိုသည့်အတိုင်းပင်။
“ဒီနှစ် တရုတ်နှစ်သစ်ကူးပွဲတော်ကျရင် မင်းတို့ ပြန်လာတဲ့အချိန် မင်းရဲ့ အဒေါ်ကို ဝက်အူချောင်းတွေ အများကြီး ပိုလုပ်ခိုင်းလိုက်မယ်၊
ဒါမှ နောက်နှစ်ကျရင် ပေကျင်းကို သယ်သွားပြီး ကလေးကို အားရှိအောင် ကျွေးလို့ရမှာပေါ့၊ ဒီလို ဦးနှောက်အသုံးချရတဲ့ အလုပ်က ပင်ပန်းလွန်းတယ်လေ”
ကျန်းကျူးရိက စုရှောင်လော်ကို သေသေချာချာ ပြုစုစောင့်ရှောက်ရန်အတွက် ညွှန်ကြားချက်တချို့ကို ထပ်မံပေးပြီးနောက်မှသာ ဖုန်းချလိုက်လေတော့၏။
ဤသတင်းကို ကြားသိသွားခဲ့ပြီဖြစ်သော စက်ရုံမှူးသည်လည်း သူ ဖုန်းချပြီးသည်နှင့် ဂုဏ်ပြုစကားပြောရန် ချက်ချင်းပင် ရောက်ရှိလာခဲ့သည်။
“လောင်ကျန်း၊ မင်းတို့ ရှန်းရှန်းရဲ့ သမီးက ပါရမီရှင်ကလေး အတန်းကို တက်ရောက်ဖို့ ရွေးချယ်ခံရတယ်လို့ ငါ ကြားတယ်၊ ဟုတ်လား”
“ဟုတ်ပါ တယ် စက်ရုံမှူး၊ စာပေနှင့်နည်းပညာတက္ကသိုလ်က ကျောင်းဝင်ခွင့်အရာရှိတွေက ရှောင်လော်ရဲ့ဉာဏ်ရည်ကို သိသွားကြလို့ မူလတန်းကျောင်းအထိ ကိုယ်တိုင်လာပြီးတော့ စစ်ဆေးမေးမြန်းခဲ့ကြတာတဲ့၊
ကျွန်တော့်ရဲ့ တူမနဲ့ ခင်ပွန်းသည်နှစ်ယောက်လုံးကလည်း တက္ကသိုလ်ကျောင်းသားတွေ ဖြစ်ကြတာလေ၊
ဒါကြောင့် အဲဒီနေရာတင်ပဲ ချက်ချင်း ကျောင်းလက်ခံလိုက်ကြတာတဲ့”
စက်ရုံမှူးမှာတော့ နားထောင်လေလေ ပိုမို၍ အားကျလေလေ ဖြစ်လာခဲ့၏။
“စက်ရုံမှူး၊ ကျွန်တော် ခွင့်တစ်ရက်လောက် တိုင်ချင်ပါတယ်၊ ကလေးရဲ့ အဘိုးဆီကို ဒီလိုသတင်းကောင်းကို ကိုယ်တိုင်သွားပြောချင်လို့”
“ဒါက သတင်းကောင်းကြီးပဲလေ၊ မင်းရဲ့ ခွင့်ကို ငါ ချက်ချင်း အတည်ပြုပေးလိုက်မယ်”
ကျန်းကျူးရိက ချက်ချင်းပင် ကျေးဇူးတင်ကြောင်း ပြောဆိုလိုက်လေသည်။
ထို့နောက် စားပွဲကို သန့်ရှင်းရေးလုပ်ပြီး အောက်ထပ်သို့ ဆင်းလာတော့သည်။
သူက အောက်ထပ်သို့ ရောက်ရှိချိန်တွင် သူ့ထံသို့ပြေးလာသော ကျန်းရှင်းမင်ကို မြင်တွေ့လိုက်ရသည်။
ကျန်းရှင်းမင်သည်လည်း ဤသတင်းကို ကြားသိပြီးဖြစ်ကြောင်းကို တစ်ချက်ကြည့်ရုံမျှဖြင့် သိရှိနိုင်လေ၏။
“အကြီးဆုံးအစ်ကို၊ ရှောင်လော်က ပါရမီရှင်ကလေး အတန်းကို တက်ခွင့်ရသွားတယ်ဆို၊ တကယ်ပဲလား”
“ဟုတ်တယ်၊ ငါ အခုပဲ ဖုန်းပြောခဲ့တာ၊ အခု အဖေ့ကို သွားပြောမလို့”
“ဒါဆို အကြီးဆုံးအစ်ကို အမြန်သွားလိုက်တော့၊ ကျွန်တော်ကတော့ ဟုန်မေ့ကို သွားပြောလိုက်မယ်”
ကျန်းရှင်းမင်က ကျန်းကျူးရိ၏အနောက်မှ စက်ဘီးပါကင်ဆီသို့ လိုက်လာခဲ့လေ၏။
ကျန်းကျူးရိက အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်လေသည်။
“မင်း အလုပ်မလုပ်တော့ဘူးလား”
“ကျွန်တော့်ရဲ့ အထက်လူကြီးက ခွင့်ပြုလိုက်ပြီလေ၊ ကျွန်တော် အန်းကော်ဆီသွားပြီးတော့ ဒုတိယအစ်ကိုကိုလည်း ဖုန်းလှမ်းခေါ်ဦးမယ်”
ကျန်းရှင်းမင်၏ ကြွားဝါချင်စိတ်က ထင်ရှားစွာ ထွက်ပေါ်နေလေတော့သည်။
သူတို့၏ ကလေးငယ်၏ အောင်မြင်မှုဆိုသည်မှာ တခြားမည်သည့်အရာထက်မဆို ပျော်ရွှင်စရာ ကောင်းလွန်းသည်မဟုတ်ပါလား။
ထိုနေ့တွင်တော့ စက်မှုယန္တယားစက်ရုံနှင့် ဆေးဝါးစက်ရုံနှစ်ခုလုံးက ဤကိစ္စရပ်ကြောင့် အကြီးအကျယ် လှုပ်ခတ်သွားခဲ့ကြရသည်။
ညနေပိုင်းသို့ရောက်ရှိချိန်တွင် ဤသတင်းက တဖြည်းဖြည်းနှင့် အထည်လိပ်စက်ရုံဆီသို့ပင် ပျံ့နှံ့ရောက်ရှိသွားခဲ့လေ၏။
အထည်လိပ်စက်ရုံရှိ လူများက လီရှန်း တက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိချိန်ကတည်းက နောင်တရနေခဲ့ကြသည်။
လီရှန်းသာ စက်ရုံမှ ထွက်ခွာမသွားခဲ့ပါက သူတို့စက်ရုံတွင်လည်း တက္ကသိုလ်ကျောင်းသူတစ်ဦး ရှိနေမည်ပင်။
ယခုအချိန်တွင် လီရှန်း၏ ကလေးကလည်း တက္ကသိုလ်မှ ပါရမီရှင်ကလေးများအတန်းသို့ တက်ရောက်ခွင့် ရရှိသွားခဲ့ပြီဟူသော သတင်းကို ကြားလိုက်ရကာ ပို၍ပင် နောင်တရမိကြတော့သည်။
စက်ရုံခေါင်းဆောင်ပိုင်းများက သူတို့၏ ဆုံးဖြတ်ချက်မှားယွင်းမှုအတွက် နောင်တရနေကြသည်။
သို့သော် အောက်ခြေအလုပ်သမားများကတော့ ဇာတိရွာသို့ အရှက်တကွဲပြန်သွားခဲ့ရသော လီဟုန်ကျွင့်ကို လှောင်ပြောင်နေကြလေသည်။
ထိုအချိန်မှာပင် ကလေးတစ်ဦးကို ပွေ့ချီထားသော အမျိုးသမီးတစ်ဦးက ဘတ်စ်ကားပေါ်မှ ဆင်းလာပြီး အထည်လိပ်စက်ရုံဆီသို့ လျှောက်လာခဲ့လေသည်။
သူမ၏ ဖြူဖျော့ပိန်ချုံးနေသော မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများက အပြည့် ရှိနေခဲ့၏။
“အမေ “
ထိုအမျိုးသမီး၏ ရင်ခွင်ထဲမှ ကလေးငယ်၏ အားအင်ချည့်နဲ့လွန်းသော အသံလေး ထွက်ပေါ်လာခဲ့သည်။
အမျိုးသမီးက ကလေး၏နောက်ကျောကို ပုတ်ပေးလိုက်ကာ ပြောလိုက်လေ၏။
“မကြောက်နဲ့နော်၊ အမေ သမီးကို အဖိုးနဲ့အဖွားဆီ ခေါ်သွားပေးမယ်၊ အမေတို့တွေ ရွာကို ဘယ်တော့မှ ပြန်မသွားတော့ဘူး”
လီကျူး ပြန်ရောက်လာခဲ့သည်။
ဤသတင်းက မိနစ်သုံးဆယ်ပင်မပြည့်မီ စက်ရုံဝင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။
တစ်စုံတစ်ဦးက ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းလွှင့်ခြင်းမဟုတ်ဘဲ သူမကိုယ်တိုင်က အကြီးအကျယ် ပြဿနာရှာခဲ့သောကြောင့် ဖြစ်လေ၏။
သူမ ထွက်ခွာသွားခဲ့သော ထိုနှစ်တွင် စက်ရုံက ပြည်သူ့ရဲတပ်ဖွဲ့ နှင့် မြေနေရာ လဲလှယ်ခဲ့ဖူး၏။
မူလက အရာရှိများက နေထိုင်သော ဝင်းခြံများအားလုံးကို ဖြိုဖျက်လိုက်ကြပြီး ရဲစခန်းတစ်ခုအဖြစ် ပြောင်းလဲဆောက်လုပ်ခဲ့ကြသည်။
လီကျူးအနေဖြင့် ကျေးလက်တောရွာတွင် ဆက်လက်မနေနိုင်တော့ပေ။
ထို့ကြောင့် မြို့တော်တွင် ဆက်လက်နေထိုင်နိုင်ရန်နှင့် အလုပ်အကိုင်များကို ဆက်ခံနိုင်ရန်အတွက် မိဘများထံသို့တောင်းပန်ရန် ပြန်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် သူမက စက်ရုံတံခါးဝသို့ပင် ဝင်ရောက်ခွင့်မရဘဲနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
သူမက စက်ရုံတံခါးဝတွင် ထိုင်ချလိုက်ကာ အော်ဟစ်ငိုယိုပြီး ပြဿနာရှာလေတော့၏။
အဆုံးတွင် သူမ၏ ယခင်အိမ်နီးနားချင်းဖြစ်သူ စွန်းလီဖန်က အရှေ့သို့ထွက်လာပြီး သူမကို အထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
သူမက ထုန်လင်းကို အမြဲတစေ အထင်သေးခဲ့သည်။
အကယ်၍ ဒါရိုက်တာလျို့သာ ကိစ္စရပ်များက ပိုဆိုးသွားမည်ကို စိုးရိမ်ခြင်းမရှိခဲ့ပါက သူမအနေဖြင့်လည်း ဤကိစ္စကို ဝင်ရောက်စွက်ဖက်လိမ့်မည် မဟုတ်ပေ။
ဝင်းခြံလေးကို ဖြိုဖျက်လိုက်ပြီးနောက်ပိုင်း ဒါရိုက်တာလျို့နှင့် စွန်လီဖန်တို့က အိမ်အသစ်တစ်လုံးကို ရွေးချယ်ခဲ့ကြသည်။
ထိုအိမ်က အသစ်ဆောက်လုပ်ထားသော နှစ်ထပ်အရာရှိအိမ်ရာ ဖြစ်၏။
ပထမထပ်တွင် အောက်ထပ်ဝင်းခြံ ပါဝင်ပြီး ဒုတိယထပ်တွင် အပေါ်ဆုံးထပ်ရှိ ခေါင်မိုးပြင် ပါဝင်သည်။
ဒါရိုက်တာလျို့၏ အိမ်က ယခုထက်ထိ ပထမထပ်တွင် ရှိနေဆဲဖြစ်၏။
လီကျူးတစ်ယောက် အထဲသို့ ဝင်လာလေလေ ပတ်ဝန်းကျင်က ပို၍ စိမ်းသက်လာလေလေဖြစ်ပြီး သူမ၏ နှလုံးသားကလည်း ပိုမိုလေးလံလာခဲ့၏။
“အဒေါ်၊ ကျွန်မရဲ့ အဖေရော ဘယ်မှာလဲ”
သူမ ထွက်ခွာသွားချိန်က သူမ၏အဖေက စက်ရုံတွင် စက်ပြင်ဆရာတစ်ဦးအဖြစ် ရှိနေဆဲပင်။
သူမက မိဘများ၏ ဘက်လိုက်မှုကို မခံနိုင်ဖြစ်ခဲ့ရသောကြောင့် လီချောင်ကို ကျေးလက်ဒေသသို့ တိတ်တဆိတ် ကျေးလက်ဒေသဆင်းခိုင်းခဲ့သည်။
လွန်ခဲ့သော နှစ်များအတွင်း သူမက အပြစ်ရှိသကဲ့သို့ ခံစားရသောကြောင့် မိသားစုထံသို့ လုံးဝ ဆက်သွယ်ခြင်း မပြုခဲ့ပေ။
သို့သော် ယခု သူမ ပြန်လာချိန်တွင် တံခါးစောင့်က စက်ရုံတွင် လီဟုန်ကျွင့်ဟူသော နာမည်ဖြင့် ဝန်ထမ်းမရှိတော့ကြောင်း ပြောလာသည်။
“ကျူးကျူး၊ မင်းတို့မိသားစုရဲ့ အခြေအနေက.. အတော်လေးကို ရှုပ်ထွေးလွန်းတယ်၊ အဒေါ် မင်းကို ဖြည်းဖြည်းချင်းပဲ ပြောပြပါ့မယ်”
လီကျူးက ခေါင်းကို ညိတ်ပြလိုက်လေ၏။ စွန်းလီဖန်၏ မျက်နှာအမူအရာကို ကြည့်ပြီး သူမ၏ နှလုံးသားကလည်း အနည်းငယ် နစ်မွန်းသွားရလေ၏။
လက်တွေ့အမှန်တရားက သူမ ကြားချင်သောအရာမျိုး မဟုတ်တော့ကြောင်းကို သူမ ရိပ်မိလိုက်လေသည်။
“ကျွန်မကို မြန်မြန်ပြောပြပါ အဒေါ်၊ ကျွန်မ ခံနိုင်ရည် ရှိပါတယ်”
“ဟင်း.. မင်း ထွက်သွားပြီး နှစ်ရက်လောက်အကြာမှာပဲ မင်းရဲ့အဖေက မင်းအစ်မရဲ့ ဦးလေးကို သွားပြီး တိုင်ကြားခဲ့တယ်၊
အဲဒါက အကြီးအကျယ်ပြဿနာဖြစ်သွားခဲ့ရတယ်၊ မင်းအစ်မကလည်း တကယ့်ကို ဥာဏ်ရည်ထက်မြက်တယ်၊ သူမက အထက်တန်းကျောင်းပြီးတာနဲ့ ဆေးဝါးစက်ရုံရဲ့ အလုပ်ခေါ်စာမေးပွဲကို ဖြေဆိုပြီး ပထမအဆင့်နဲ့ အလုပ်ခန့်အပ်ခြင်း ခံခဲ့ရတာ၊
နောက်ပိုင်းကျတော့ စက်ရုံရဲ့ ဒုတိယစက်ရုံမှူးက သဘောကျလို့ သူရဲ့ တတိယသားနဲ့ လက်ထပ်ပေးလိုက်ကြတယ်၊
မင်းအဖေက ဒီအကြောင်းကို မသိဘဲနဲ့ မင်းအစ်မရဲ့အလုပ်က ဦးလေးဖြစ်သူက စီစဉ်ပေးတာလို့ပဲ ထင်မှတ်နေခဲ့တာလေ”
စွန်းလီဖန်က အတိတ်က နာကျည်းစရာ ကိစ္စရပ်များကို လီကျူးအား အသေးစိတ် ပြန်ပြောပြလေတော့သည်။
လီကျူးတစ်ယောက် နားထောင်ရင်း သူမ၏ မျက်နှာက ပိုမို၍ ဖြူဖျော့လာခဲ့လေ၏။
သူမအနေဖြင့် လီဟုန်ကျွင့်က ဤမျှအထိ မိုက်မဲလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
ကောင်းမွန်လွန်းသော တရားဝင်အလုပ်ကို ဆုံးရှုံးခဲ့ရရုံမျှမက သူ၏ ဇာတိရွာသို့ပင် အရှက်တကွဲဖြင့် ပြန်သွားခဲ့ရ၏။
ဒါဆိုရင် သူမကရော ဘာဖြစ်လို့ ပြန်လာခဲ့ရဦးမှာလဲ။
နေရာနှစ်ခုလုံးက တောရွာချင်း တူညီနေသော်လည်း အန်းဟွေးပြည်နယ်တွင် သူမ၌ ခင်ပွန်း၊ သားသမီးများနှင့် သူမ၏ ကိုယ်ပိုင်အိမ် ရှိနေသည်။
သို့သော် ဤနေရာတွင်...
သူမ ပြန်သွားပါက မိဘများက သူမအတွက် ခင်ပွန်းတစ်ဦးကို သေချာပေါက် ထပ်မံရှာဖွေပေးကြပေလိမ့်မည်။
သူတို့က သူမကို အနည်းငယ်မျှ ကူညီနိုင်မည်မဟုတ်သည့်အပြင် ခန်းဝင်ပစ္စည်း ရရှိရန်အတွက်သာ သူမကို အတင်းအကျပ် အိမ်ထောင်ချပေးရန်ပင် ကြံစည်ကြပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ လီချောင်သည်ကား အဆမတန် ပိုမိုခက်ခဲလွန်းသော ပင်းချန်တွင် ရှိနေသည် မဟုတ်ပါလား။
တကယ်လို့ သူတို့သာ သူမရဲ့ ခန်းဝင်ပစ္စည်းများကို ယူပြီး လီချောင်ထံကို ထောက်ပံ့ပေးခဲ့ရင် ဘယ်လိုလုပ်မလဲ။
မဖြစ်ဘူး။ သူမ ပြန်သွားမှ ဖြစ်မယ်။
ထိုနေရာရှိ အခြေအနေများက မည်မျှပင် ဆိုးရွားပါစေ၊ သူမ၏ အိမ်ပင် ဖြစ်သည်။
ထို့အပြင်…
ကလေး၏ ဖခင်ဖြစ်သူက ရှန်ဟိုင်းမြို့မှ စေလွှတ်လိုက်သော ပညာတတ်လူငယ်တစ်ဦးဖြစ်ပေ၏။ ကျေးလက်တွင်မွေးဖွားခဲ့သည့် ရွာသားအစစ်တစ်ဦး မဟုတ်ပေ။
*