← Chapters

အခန်း ၃၇၃

Vol. 38 Ch. 373

အခန်း ၃၇၃

Vol. 38 Ch. 373

အခန်း(373)

“ကျွန်မရဲ့ အစ်မက တကယ်ပဲ တက္ကသိုလ် တက်ခွင့်ရသွားတာလား”

စွန်းလီဖန်တစ်ယောက် လီကျူး၏ ယခုလက်ရှိ သနားစရာကောင်းလွန်းသော အခြေအနေကို ကြည့်ရင်း ယခင်က လီဟုန်ကျွင့်နှင့် သူ၏ဇနီးဖြစ်သူတို့ လီရှန်းအပေါ် မည်မျှအထိ နှိပ်စက်ညှဉ်းပန်းခဲ့ကြဖူးကြောင်းကို ပြန်တွေးမိသည်။

ထိုအချိန်တုန်းက လီကျူးက အလွန်ပင် မာနကြီးလွန်းပြီး မည်သူ့ကိုမျှ မျက်စိထဲတွင် မထားခဲ့ပေ။

သနားစရာကောင်းလွန်းသော လီရှန်းကိုတော့ ထည့်ပြောနေရန်ပင် မလိုတော့ပေ။

ထို့ကြောင့် သူမက ကြွားဝါလိုသော လေသံဖြင့် ပြောလိုက်လေသည်။

“ဒါတင်မကသေးဘူး၊ သူတို့ ဇနီးမောင်နှံနှစ်ယောက်လုံး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်ခဲ့ကြတာ၊

အထူးသဖြင့် သူတို့ရဲ့ အသက်ငါးနှစ်အရွယ် သမီးလေးက ပိုပြီးတော့တောင် အံ့ဩစရာ ကောင်းသေးတယ်၊

သူမက ပါရမီရှင်ကလေးတွေပဲ ရှိတဲ့ တက္ကသိုလ်ရဲ့ပါရမီရှင်ကလေးများအတန်းကိုတက်ရောက်ခွင့် ရသွားတာလေ၊ သူတို့ရဲ့ အနာဂတ်ကတော့တွေးလို့မရနိုင်တော့ဘူး”

လီကျူးအနေဖြင့် မနာလိုဖြစ်သွားရသည်။

လီရှန်းက သူမနှင့် ကမ္ဘာမြေနှင့် ကောင်းကင်ကဲ့သို့ ကွာခြားသွားခဲ့လေပြီ။

သူမက ဤဘဝတွင် လီရှန်း၏ အခြေအနေကို အမီလိုက်နိုင်တော့မည် မဟုတ်ပေ။

သူမက တွေးလေလေ ပိုမို၍ နောင်တရလေလေ ဖြစ်လာခဲ့

ပြီ။

အကယ်၍ လီရှန်းတွင် ဤမျှအထိ ကောင်းမွန်သော ကံတရားရှိလာလိမ့်မည်ကို ကြိုတင်သိရှိခဲ့ပါက ထိုအချိန်တုန်းက သူမအပေါ် ပိုမိုကောင်းမွန်စွာ ဆက်ဆံခဲ့လိမ့်မည်။

ထုန်လင်းက ခွင့်မပြုခဲ့လျှင်ပင် သူမကို တိတ်တဆိတ်နွေးထွေးမှုများ ပေးခဲ့သင့်သည်။

သေသေချာချာ တွေးတောကြည့်မည်ဆိုလျှင် အရာအားလုံးက သူမတို့၏ မိခင်ဖြစ်သူ ထုန်လင်း၏ အမြင်ကျဉ်းမြောင်းလွန်းခဲ့ခြင်းကြောင့်သာ ဖြစ်သည်။

သူမက လီရှန်းအပေါ် ကောင်းမွန်စွာ မဆက်ဆံခဲ့သောကြောင့် နောက်ဆုံးတွင် လူတိုင်း ဤကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရခြင်း ဖြစ်သည်။

လီဟုန်ကျွင့်က စက်ရုံတွင် မရှိတော့သောကြောင့် လီကျူးအတွက် ဤနေရာတွင် ဆက်လက်နေထိုင်ရန်မဖြစ်နိုင်တော့ပေ။

သူမက မြို့တော်သို့ပြန်လာနိုင်ရန်အတွက် လိမ်လည်ခဲ့ခြင်းဖြစ်သည်။

သူမက ခင်ပွန်းဖြစ်သူအတွက် ဆေးဝါးများကို ဝယ်ယူရန်အတွက် မိဘများထံမှ ငွေချေးမည်ဟူသော အကြောင်းပြချက်ဖြင့်ရွာမှ ထွက်ခွာလာနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် ယခုအချိန်တွင် လီဟုန်ကျွင့်က ဇာတိရွာသို့ ပြန်သွားခဲ့လေပြီ။

လီချောင်ကလည်း ဝေးကွာလွန်းသော ပင်းချန်တွင် ရှိနေခဲ့သည်။ သူမက မည်သည့်နေရာမှ ငွေရရှိနိုင်ပါမည်နည်း။

သူမ၏ စိတ်အာရုံများက ပြင်းထန်စွာ လှုပ်ခတ်နေရပြီး စွန်းလီဖန်ထံမှ ငွေချေးရန် တောင်းဆိုချင်သော်လည်း ထုတ်ဖော်ပြောဆိုရန် ရှက်ရွံ့နေခဲ့သည်။

ထိုအခိုက်အတန့်တွင် တံခါးအပြင်ဘက်မှ စက်ဘီးဘဲလ်တီးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“..အဖေ၊ ကျွန်တော် ဒီတစ်ကြိမ် စာမေးပွဲမှာ အမှတ် (၉၂) မှတ် တောင် ရတာ”

“ကောင်းပြီ၊ ဒါဆိုရင် ဒီနေ့ညကျရင် မင်းရဲ့ အဘွားကို မင်းအတွက် အသားပါတဲ့ ပေါက်စီတွေ ပေါင်းခိုင်းလိုက်မယ်”

ဒါရိုက်တာလျို့၏ အငယ်ဆုံးသား လျို့ချန်လီ ပြန်ရောက်ရှိလာခြင်းပင်။

စွန်းလီဖန်က ချက်ချင်းပင် အပြင်သို့ ထွက်၍ ကြိုဆိုလိုက်လေ၏။

သူမက မြေးဖြစ်သူကို အိမ်ထဲသို့ ခေါ်ဆောင်လာပြီး လျို့ချန်လီကိုလည်း ပြောဆိုလိုက်သည်။

“လီကျူး ပြန်ရောက်နေတယ်”

လျို့ချန်လီက ခေတ္တမျှ ကြောင်အသွားရပြီး လီကျူးကို အနည်းငယ် အံ့အားသင့်သောအမူအရာဖြင့် စိုက်ကြည့်မိလေသည်။

သူမ၏ မျက်နှာက အလွန်ပင် စိမ်းသက်လွန်းလေ၏။

သူ့အနေဖြင့် ဤအိုမင်းရင့်ရော်နေသော အမျိုးသမီးက တစ်ချိန်က ပန်းတစ်ပွင့်ကဲ့သို့ လှပချောမောခဲ့ဖူးသည့် လီကျူးဖြစ်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

လီကျူး ပိုမို၍ ရှက်သွားရလေတော့သည်။

သူမက ငယ်ရွယ်စဥ်က ဤအိမ်နီးနားချင်း ကောင်လေးအပေါ် တိတ်တဆိတ် သဘောကျခဲ့ဖူးသည်။

သို့သော် ကံမကောင်းစွာဖြင့် သူမ၏ အချစ်က တစ်ဖက်သတ်သာဖြစ်ခဲ့ရ၏။

လျို့ချန်လီက သူမကို ညီမတစ်ဦးကဲ့သို့သာ အမြဲတစေဆက်ဆံခဲ့လေသည်။

ထိုအခိုက်အတန့်တွင် သူမက ဤအခန်းထဲ၌ မတ်တတ်ရပ်နေရန်ပင် ခဲယဉ်းလာရသည်ဝ

“ဒါနဲ့ စကားမစပ်.. ငါ မင်းကို မမေးရသေးဘူး၊ ဒီတစ်ကြိမ် ပြန်လာတာက ဘာလုပ်ဖို့ စိတ်ကူးရှိလို့လဲ”

စွန်းလီဖန်က သူမ၏သားဖြစ်သူကို လီကျူးနှင့် ပတ်သက်မှုမျှ မရှိစေချေလိုပေ။

ထိုကောင်မလေးက ရိုးသားဖြူစင်သူတစ်ဦးမဟုတ်ကြောင်းကို သူမ ကောင်းစွာ မြင်တွေ့ခဲ့ရသည်။

သူမက ယခုလက်ရှိ ချွေးမဖြစ်သူအပေါ် အလွန် ကျေနပ်ပြီး သူတို့၏ မိသားစုငယ်လေးကို လာရောက်နှောင့်ယှက်ဖျက်ဆီးခွင့် ပြုလိမ့်မည် မဟုတ်ပေ။

လီကျူးက အလွန် ရှက်သွားရသော်လည်း ယခုအချိန်တွင် သူမ လာရသည့် ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုရလေ၏။

သို့မဟုတ်ပါက သူမ ရွာသို့ ပြန်ရောက်သည့်အချိန်တွင် လိမ်လည်ထားသော စကားများကို ဖုံးကွယ်နိုင်တော့မည် မဟုတ်ပေ။

“ကျွန်မ.. ကျွန်မ အဖေ့ဆီကနေ ငွေနည်းနည်းလောက် လာချေးတာပါ၊ ကျွန်မရဲ့ ခင်ပွန်းက.. သူက ကျန်းမာရေး သိပ်မကောင်းဘူး၊ ဒါကြောင့် သူ့အတွက် ဆေးဝါးတွေ ဝယ်ပေးဖို့ ငွေနည်းနည်းလောက်လာချေးတာပါ”

သူမက ခေါင်းကို ပိုငုံ့လိုက်သောကြောင့် ကြောက်ရွံ့တုန်လှုပ်ပြီး သနားစရာကောင်းနေခဲ့သည်ဝ

လျို့ချန်လီက သနားကရုဏာစိတ်များ ဖြစ်လာသောကြောင့် မေးမြန်းလိုက်လေသည်။

“သူက ဘာရောဂါ ဖြစ်နေတာလဲ”

“လွန်ခဲ့တဲ့ ဆောင်းရာသီတုန်းက မြစ်ထဲက ရွှံ့နွံတွေကို သယ်ယူတဲ့အလုပ် လုပ်ရင်း ခေါင်းကိုက်နှာစေးပြီး ချောင်းတွေ ဆိုးဆိုးရွားရွားဆိုးခဲ့တာပါ၊

အဲဒါကို ဒီအတိုင်း ပစ်ထားရင် အဆုတ်ကို ထိခိုက်သွားမှာစိုးရိမ်လို့ အိမ်ကိုပြန်ပြီး ငွေနည်းနည်းလောက် လာချေးဖို့ စဉ်းစားခဲ့တာပါ”

“ဒါကို ပစ်ထားလို့ မဖြစ်ဘူးလေ၊ မဟုတ်ရင် တီဘီရောဂါဖြစ်သွားလိမ့်မယ်”

စွန်းလီဖန်က သက်ပြင်းချလိုက်မိသည်။ လီကျူး၏ စကားကို ကြားရသည့်အချိန်တွင် သူမ၏စိတ်ထဲတွင် သနားစိတ်များ ဝင်ရောက်လာခဲ့ရသည်။

လီကျူး ပြောလာသော ဤစကားနှစ်ခွန်းကို ကြည့်ခြင်းဖြင့် ဤကလေးမလေးတွင် လူသားဆန်သော အသိတရား အနည်းငယ်မျှကျန်ရှိနေသေးပုံရသည်။

သူမက ဤမိမ်းကလေးကြီးပြင်းလာသည်ကို ငယ်စဉ်ကတည်းက စောင့်ကြည့်ခဲ့ရသူဖြစ်ပေ၏။

အဆုံးတွင် သူမကို ဤနေရာမှ အမြန်ဆုံး နှင်ထုတ်ချင်သောကြောင့် အိပ်ခန်းထဲသို့ ဝင်ကာ ယွမ်သုံးဆယ်ကို ကိုင်၍ ပြန်ထွက်လာခဲ့သည်။

“လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ငါလည်း ချန်လီကို အိမ်ထောင်ချပေးခဲ့ရပြီး ကလေးမွေးတဲ့ အသုံးစရိတ်တွေနှင့် အများကြီး ကုန်ကျခဲ့တာ၊

အခု ငါတို့မိသားစုလည်း သိပ်ပြီးတော့ မပြည့်စုံဘူး၊ ဒီယွမ်သုံးဆယ်ကိုပဲ ယူသွားပြီး မင်းရဲ့ ခင်ပွန်းသည်ရဲ့ ရောဂါကို သေသေချာချာ ကုသပေးလိုက်ပါ”

“ကျေးဇူးအများကြီး တင်ပါတယ် အဒေါ်”

လီကျူးက ယခုတစ်ကြိမ်တွင် အမှန်တကယ်ပင် မျက်ရည်ကျမိရတော့၏။

ဤယွမ်သုံးဆယ်က သူမအတွက်တော့ တစ်ဖက်လူကို ကျေနပ်လောက်သော အဖြေတစ်ခုကို ပေးနိုင်ပေလိမ့်မည်။

“ကျွန်မ..ကျွန်မ အဒေါ်အတွက် အကြွေးစာချုပ် တစ်စောင် ရေးပေးပါ့မယ်”

လီကျူးက ကလေးကို တခြားလက်တစ်ဖက်သို့ အလျင်အစလို လွှဲပြောင်းပွေ့ချီလိုက်လေသည်။

ထို့နောက် မူလတန်းကျောင်းသုံး သင်္ချာမှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ယူပြီး စားပွဲပေါ်ရှိ လက်သမားသုံး ခဲတံဖြင့် အကြွေးစာချုပ်တစ်စောင်ကို ရေးသားလေတော့၏။

ဆွန်လီဖန်က ငြင်းပယ်ခြင်းမပြုဘဲ ထိုအကြွေးစာချုပ်ကို လက်ခံလိုက်လေသည်။

လီကျူးက စက်ရုံတွင် တစ်ညတာမျှ တည်းခိုချင်ခဲ့သော်လည်း လျို့မိသားစုဝင်များက တစ်ဦးပြီးတစ်ဦး ပြန်ရောက်ရှိလာကြသောကြောင့် အိမ်ခန်းက လျင်မြန်စွာပင် ပြည့်ကျပ်သွားခဲ့လေ၏။

ထို့ကြောင့် တခြားရွေးချယ်စရာ မရှိတော့သောကြောင့် အထည်အလိပ်စက်ရုံမှ ထွက်ခွာလာခဲ့တော့သည်။

သူမတွင် သွားစရာနေရာ မရှိတော့သောကြောင့် မီးရထားဘူတာရုံသို့သာ ပြန်ရောက်ရှိလာခဲ့လေ၏။

ပြီးနောက်တွင် အန်းဟွေးပြည်နယ်သို့ သွားမည့် အမြန်ဆုံးရထားလက်မှတ်ကို ဝယ်ယူကာ ကျေးလက်ဒေသသို့ ပြန်သွားခဲ့လေတော့သည်။

သူမ ရွာထဲသို့ ဝင်လာချိန်မှာပင် ရွာထဲတွင်ရှိနေသော လူကြီးလူငယ်များအားလုံးက သူမကို မယုံကြည်နိုင်သောအမူအရာဖြင့် စိုက်ကြည့်နေကြသည်ကို မြင်တွေ့လိုက်ရသည်။

အမျိုးသမီးတစ်ဦးကလည်း လီကျူး၏ အိမ်ဆီသို့ အပြေးအလွှား သွားကာ အော်ဟစ်ပြောဆိုလိုက်လေ၏။

“ဝမ်အာ၊ မင်းရဲ့ မိန်းမ ပြန်ရောက်လာပြီ၊ မင်းမိန်းမ ထွက်ပြေးသွားတာ မဟုတ်ဘူး”

သေချာပေ၏။ လီကျူး ထွက်ခွာကတည်းက ရွာလူကြီးများက ရိပ်မိခဲ့ပြီး သူမ ထွက်ပြေးတော့မည် ဖြစ်ကြောင်းကို လူတိုင်း သိရှိထားခဲ့ကြပုံရသည်။

သို့သော် ယခုအချိန်တွင် သူမ ပြန်ရောက်လာခြင်းက လူတိုင်းကို အံ့အားသင့်သွားစေခဲ့၏။

လီကျူးက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ကလေးကို ပွေ့ချီလျက် အိမ်သို့ ဖြည်းညှင်းစွာလျှောက်လှမ်းသွားလေတော့သည်။

ယခုတစ်ကြိမ်တွင် သူမက ကျေးလက်တောရွာတွင်သာ အခြေချနေထိုင်သွားပြီး မည်သည့်အချိန်တွင်မှ ထပ်မံထွက်ခွာခြင်းမပြုရန် စိတ်ဆုံးဖြတ်လိုက်လေ၏။

သူမ၏ ကံကြမ္မာကို လက်ခံလိုက်သော လီကျူးနှင့်မတူဘဲ လီချောင်ကတော့ မြို့တော်သို့ ပြန်ရောက်ရှိနိုင်ရန်အတွက် နည်းလမ်းမျိုးစုံဖြင့် အစွမ်းကုန် ကြိုးစားနေခဲ့သည်။

သူက အသက်ရှင်သန်နိုင်ရန်အတွက် မြို့တော်သို့ ပြန်လာမှသာဖြစ်နိုင်လိမ့်မည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က ပင်ကျိုးပြည်နယ်ရှိ ထုတ်လုပ်မှုနှင့်ဆောက်လုပ်ရေးတပ်မဟာကို ဖျက်သိမ်းလိုက်ကြသည်။

ထို့အစား လယ်ယာမြေစီမံခန့်ခွဲရေးဗျူရိုဖြင့် အစားထိုးခဲ့ကြလေ၏။

ထိုထုတ်လုပ်မှုနှင့်ဆောက်လုပ်ရေးတပ်မဟာတွင် အလုပ်လုပ်ရန် ကျေးလက်ဒေသဆင်းလာခဲ့ကြသော ပညာတတ်လူငယ်များက သူတို့အတွက် ထွက်ပေါက်များကို ရှာဖွေခဲ့ကြတော့သည်။

သူတို့က လယ်သမားအဖြစ် ဆက်နေကြခြင်းဖြစ်စေ၊ မြို့တော်သို့ ပြန်ရောက်ရှိနိုင်မည့် နည်းလမ်းများကို ရှာဖွေကြခြင်းဖြစ်စေ ပြုလုပ်ခဲ့ကြသည်။

အမျိုးသမီးပညာတတ်လူငယ်အများစုကတော့ မြို့တော်တွင် နေထိုင်စရာနေရာတစ်ခု ရှိနေသရွေ့ ကလေးရှိနေသော လူကိုလက်ထပ်ရမည့် မိထွေးအဖြစ် ဖြစ်စေ၊ မသန်စွမ်းသည့်အမျိုးသားကို ဖြစ်စေ လက်ထပ်ခဲ့ကြသည်။

အမျိုးသား ပညာတတ်လူငယ်များကတော့ ကံကောင်းခြင်း မရှိကြပေ။

တချို့က ဟဲထန်ကဲ့သို့ စာမေးပွဲအောင်မြင်၍ ထွက်ခွာသွားနိုင်ကြသော်လည်း အများစုက မူလလယ်ယာမြေတွင်သာ ကျန်ရစ်ခဲ့ကြရ၏။

လက်နက်စက်ရုံများ အလုပ်သမားများကို ခေါ်ယူခဲ့သောကြောင့် ပညာတတ်လူငယ်များစွာက လက်နက်စက်ရုံများသို့ သွားခဲ့ကြသည်။

သို့သော် လီချောင်ကဲ့သို့သော လူမျိုးက လက်နက်စက်ရုံ၏ အလုပ်သမားခေါ်ယူမှု စံနှုန်းများနှင့် ကိုက်ညီခြင်း မရှိပေ။

လီချောင်တစ်ယောက် ဤနေရာသို့ ရောက်ရှိစအချိန်က ဆင်းရဲဒုက္ခများစွာကို ခံစားခဲ့ရဖူး၏။

နောက်ပိုင်းတွင် လီရှန်း၏ ကျေးဇူးကြောင့် ဟဲထန်၏ ဂရုစိုက်မှုကို ခံခဲ့ရဖူးသည်။

သို့သော် သူက ပင်းပြည်နယ်သို့ ရောက်ရှိစအချိန်က ကြုံတွေ့ခဲ့ရသော ဆင်းရဲဒုက္ခများကြောင့် သူ၏ကျန်းမာရေးက အလွန် ဆိုးရွားနေခဲ့၏။

သူ ငယ်ရွယ်စဉ်အချိန်မှာပင် ဆံပင်များ ဖြူဖွေးနေခဲ့ပြီး အသက်နှစ်ဆယ်ကျော် အရွယ်မျှသာ ရှိသေးသော်လည်း အသက်လေးဆယ်ကျော် အရွယ်ကဲ့သို့ ဖြစ်နေလေသည်။

သူက သူ့တွင် ရောဂါရှိနေကြောင်း ကို သိရှိထားပြီး ရောဂါကုသရန်အတွက် မြို့တော်ရှိ ဆေးရုံကြီးတစ်ခုသို့ ပြန်သွားချင်ခဲ့သည်။

သို့သော် သူ့အနေဖြင့် ထိုအချိန်တုန်းက ထွက်ပြေးခဲ့ခြင်းဖြစ်ပေ၏။ ယခုပြန်လာလျှင် သူ၏မိဘများက သူ့ကို ခွင့်လွှတ်နိုင်မည်လား မသိနိုင်ပေ။

*

All Chapters