အခန်း ၃၇၄
Vol. 38 Ch. 374
အခန်း(374)
လီချောင်တစ်ယောက်ရုန်းကန်နေရသည့်အချိန်မှာပင် ပေကျင်းတွင်ရှိနေသော လီရှန်းသည်လည်း ရန်ရှောင်ထံမှ ဟဲထန်၏ စစ်ဆေးမေးမြန်းမှု အစီရင်ခံစာကို လက်ခံရရှိလိုက်လေ၏။
“ကျွန်မ ဒါကို ဖတ်လို့ဖြစ်ရဲ့လား”
ဒါက လျှို့ဝှက်ချက်အဖြစ်သတ်မှတ်ထားတာ မဟုတ်ဘူ့လား။
“ကျွန်တော် လျှို့ဝှက်ချက်အဆင့်ရှိတဲ့ အချက်အလက်တွေကို ယူမလာခဲ့ဘူး၊ ပြီးတော့ ဒီအထဲမှာ ပါဝင်ပတ်သက်နေတဲ့လူက မင်းနဲ့ သက်ဆိုင်နေတယ်”
သူမနှင့် သက်ဆိုင်နေတာလား။
လီရှန်းက ထိုအစီရင်ခံစာကို လျင်မြန်စွာ လှမ်းယူ ဖွင့်လှစ်ကြည့်ရှုလိုက်လျှင် အထဲတွင် လီချောင်ဟူသော နာမည်ကို မြင်တွေ့လိုက်ရလေ၏။
“ဒါက..”
လီရှန်း၏ စိတ်ထဲတွင် မကောင်းသော အငွေ့အသက်များကို ခံစားလိုက်ရသည်။
“အင်း”
ရန်ရှောင်က ခေါင်းညိတ်ပြလျက် သူမ၏ အတွေးကို အတည်ပြုပေးလိုက်လေသည်။
ဟဲထန်က လီချောင်ကိုလည်း ထိုဆေးလုံးလေးများကို ပေးခဲ့သည်။
“သူက ဆေးလုံးနှစ်လုံး သောက်ခဲ့ဖူးတယ်လို့ ပြောတယ်၊ တတိယမြောက် ဆေးလုံးကို ပေးဖို့ပြင်ဆင်နေတုန်းမှာပဲ တက္ကသိုလ်ဝင်စာမေးပွဲက စတင်ခဲ့တာ၊
သူက ပေကျင်းကို လာနိုင်ဖို့အတွက် ရက်ပေါင်းများစွာ စာတွေကိုပဲ လေ့လာနေခဲ့တဲ့အတွက် လီချောင်က ဒီဘေးအန္တရာယ်ကနေ သီသီလေး လွတ်မြောက်သွားခဲ့ပုံရတယ်”
“ဒါဆိုရင် အခု လီချောင်က...”
“သူက ပင်းချန်မှာ ရှိနေတုန်းပဲ၊ ဒါပေမဲ့ အထက်လူကြီးတွေက သူ့ကို မြို့တော်ကို ပြန်စေလွှတ်ပြီး သူရဲ့ဆွေမျိုးသားချင်းတွေကို ပြုစုစောင့်ရှောက်စေချင်တယ်”
ရန်ရှောင်၏ ဤစကားက လီရှန်းအနေဖြင့် လီချောင်၏ ကိစ္စရပ်များကို လွှဲပြောင်းကိုင်တွယ်ပေးရန် စိတ်ကူးရှိမရှိကို မေးမြန်းခြင်း ဖြစ်သည်။
လီရှန်းက ချက်ချင်းပင် ခေါင်းကိုခါပြလိုက်ပြီးပြောလိုက်လေ၏။
“ကျွန်မနဲ့ သူ့ကြားက ဆက်ဆံရေးက အနေတော်ပါပဲ၊ ပြီးတော့ သူနဲ့ သူ့ရဲ့ညီမက မိဘတွေနဲ့ အတူနေကြတာ မဟုတ်ဘူးလေ၊
ကျွန်မရဲ့ အဖေနဲ့ အဒေါ်ထုန်တို့ကလည်း အသက်ကြီးနေကြပါပြီ၊
ကျွန်မ ထင်တာကတော့ သူ့ကို မိဘများဆီ ပြန်သွားခွင့်ပြုလိုက်တာက ပိုပြီးကောင်းလိမ့်မယ်”
သူမက ဤမျှအထိ ပူလောင်လွန်းသော ပြဿနာအိုးကြီးကို လွှဲပြောင်းရယူလိုစိတ် မရှိပေ။
“ဒါနဲ့ စကားမစပ်.. ကျွန်မနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို သူတို့ကို လုံးဝ အသိမပေးပါနဲ့”
လီရှန်းက ပြဿနာများကို ထပ်မံ၍ မဖိတ်ခေါ်လိုပေ။
ရန်ရှောင်က ခေါင်းကို ညိတ်ပြလိုက်ပြီး ပြောဆိုလိုက်လေသည်။
“ကောင်းပါပြီ၊ ဒါဆိုရင် ကျွန်တော် ပင်းပြည်နယ်ကိုသွားပြီး သူ့ကို ပိုင်မားခရိုင်သို့ ပို့ဆောင်ပေးလိုက်ပါ့မယ်”
လီရှန်းက လီချောင်ကို လက်ခံရန် ငြင်းပယ်လိုက်သည့် ကိစ္စနှင့် ပတ်သက်၍ သူ လုံးဝ အံ့ဩခြင်း မရှိပေ။
စုံစမ်းစစ်ဆေးမှုများအရ လီရှန်းအနေဖြင့် လီချောင်၏ ဘေးအန္တရာယ်အပေါ်တွင် ထပ်မံ ဒုက္ခမပေးခဲ့ခြင်းမှာပင် သဘောကောင်းလွန်းပြီဟု ခံစားမိသည်။
ရန်ရှောင်က လီရှန်း၏ ရွေးချယ်မှုကို ရှင်းလင်းစွာ သိရှိသွားပြီးနောက်ပြန်သွားခဲ့လေ၏။
သူက အရှေ့ဝင်းခြံဘက်သို့ ပတ်လာခဲ့ချိန်တွင် စုဝေ့ချင်းနှင့် သူ၏တပည့်ဖြစ်သူ ဝမ်တုန်တို့က ကျောက်စားပွဲပေါ်တွင် ဝပ်လျက် စုတ်တံအသေးစားလေးဖြင့် ပန်းချီကားတစ်ချပ်ကို ဆေးကြောနေကြသည်ကို တိုက်ဆိုင်စွာ မြင်တွေ့လိုက်ရသည်။
မျက်စိလျင်သော ရန်ရှောင်က ထိုမြင်ကွင်းကို မြင်တွေ့ရသည့်အချိန်တွင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မေးမြန်းလိုက်သည်
“မင်းတို့တွေ ဒီလက်ရေးလှပန်းချီကို ပြန်ပြုပြင်ထိန်းသိမ်းဖို့ စီစဉ်နေကြတာလား”
ယေဘုယျအားဖြင့် ပန်းချီကားတစ်ချပ်၏ အတွင်းအသားကို ဆေးကြောခြင်းဆိုသည်မှာ ကညစ်စာနှင့် ပန်းချီကားများကို ပြန်လည်ပြုပြင်မွမ်းမံခြင်း၏ ပထမဦးဆုံးသော အဆင့်ဖြစ်၏။
ထိုသို့ ဆေးကြောရာတွင် သတ်မှတ်ထားသော စည်းကမ်းချက်များက အလွန် တင်းကျပ်လွန်း၏။
ဆေးကြောရာတွင် အနည်းငယ်မျှ လျော့ရဲသွားပါကလည်း အဆင်မပြေနိုင်သကဲ့သို့ ပြင်းထန်လွန်ကဲသွားပါကလည်း မဖြစ်နိုင်ပေ။
“ဟုတ်တယ်၊ ဒီကောင်လေးက ဒီလိုအလုပ်မျိုး လုပ်ရတာကို သဘောကျတယ်၊ ပြီးတော့ သူက စိတ်တည်ငြိမ်မှုလည်း ရှိတယ်၊
ပန်းပုထုတာကို သင်နေတာလည်း အတော်ကြာပြီဆိုတော့ ဒီနေ့ကစပြီး သူ့ကို ကညစ်စာနဲ့ ပန်းချီကားတွေ ပြန်ပြင်တဲ့ပညာသင်ပေးမလို့”
စုဝေ့ချင်းက စုတ်တံကို ကိုင်ဆွဲလျက် ကိုယ်ခန္ဓာကို ဆန့်တန်းလိုက်ပြီးနောက် သူ၏ ခါးအောက်ပိုင်းကို လက်ဖြင့် ပုတ်လိုက်လေ၏။
ပစ္စည်းကိရိယာကို အချိန်ကြာမြင့်စွာ ဝတ်ဆင်ထားရခြင်းက အမှန်တကယ်ပင် ပင်ပန်းနွမ်းနယ်လွန်းသည်ဟု ပြောရပေလိမ့်မည်။
ဝမ်တုန်က လျင်မြန်ဖြတ်လတ်ကာ တာဝန်သိတတ်စွာ စုတ်တံကို လှမ်းယူလိုက်ပြီးပြောလိုက်လေသည်။
“ဆရာ၊ ကျွန်တော့်ဘာသာ ကျွန်တော် လုပ်ပါရစေ”
စုဝေ့ချင်းက စုတ်တံကို လွှတ်ပေးလိုက်ပြီးနောက် ဝမ်တုန်အတွက် နေရာဖယ်ပေးလိုက်ရင်း ပြောလိုက်လေ၏။
“အထိအတွေ့ ခံစားချက်ကို မိအောင်ပဲ လုပ်ကြည့်၊ ပျက်စီးသွားရင်လည်း စိတ်ဓာတ်မကျနဲ့၊ မင်းလေ့ကျင့်ဖို့အတွက် အမှိုက်စက္ကူတွေ အများကြီးရှိတယ်”
ထို့နောက် သူက ရန်ရှောင်ဘက်သို့ လှည့်ကာပြောပြလိုက်လေ၏။
“ကျွန်တော် သူ့ကို ကုန်ဟောင်းဆိုင်ကို ခေါ်သွားပြီး စွန့်ပစ်ထားတဲ့ ပန်းချီကားအဟောင်းတွေ အများကြီး ရှာဖွေပေးထားတယ်လေ”
ထိုပန်းချီကားတို့က ရှေးဟောင်းပေစာအုပ်များ မဟုတ်ကြဘဲ နေအိမ်များ၏ ဧည့်ခန်းအလယ်တွင် အလှဆင်ရန် ချိတ်ဆွဲထားတတ်သော အသက်ရှည်စေရန် နိမိတ်အတွက် ဝထင်းရှူးနှင့် ကြိုးကြာကဲ့သို့သော ပန်းချီကားမျိုးများသာ ဖြစ်၏။
တချို့သော မိသားစုများက ပန်းချီကားများက ဟောင်းနွမ်းစုတ်ပြဲသွားသည့်အချိန်မျိုးတွင် အသစ်လဲလှယ်တတ်ကြသည်။
စုဝေ့ချင်းက အနုပညာလက်ရာ အတန်အသင့်ရှိသော်လည်း တန်ဖိုးမကြီးမားသောကြောင့် လေ့ကျင့်ရန် သင့်တော်လွန်းသော ထိုကဲ့သို့သော ကညစ်စာနှင့် ပန်းချီကားမျိုးကို ရှာဖွေနေခြင်းဖြစ်၏။
ရန်ရှောင်က ဆွံ့အသွားရလျက် ပြောလိုက်လေသည်။
“..မင်းက ဆရာတစ်ယောက်ဖြစ်ဖို့ တကယ့်ကို စိတ်အားထက်သန်တာပဲ”
အစပိုင်းတွင် သူက အပျင်းပြေ လုပ်နေခြင်းသာ ဖြစ်မည်ဟု ထင်မှတ်ခဲ့သည်။
သို့သော် တစ်ဖက်လူက အမှန်တကယ်ပင် အလေးအနက်ထား၍ လုပ်ဆောင်နေပုံရ၏။
“ကလေးက ကျွန်တော့်ကို ဆရာလို့ ခေါ်မှတော့ ကျွန်တော်လည်း သေသေချာချာ နှလုံးသွင်းရမှာပေါ့”
စုဝေ့ချင်းက သူ၏ လုပ်ဆောင်ချက်တွင် မည်သည့်အရာမှ မှားယွင်းသည်ဟု မထင်မှတ်ပေ။
မကြာသေးမီက သူက အားလပ်ချိန်များတွင် ရှေးခေတ်မှလူကြီးလူကောင်းများ တတ်မြောက်အပ်သော အတတ်ပညာ ခြောက်ပါးကို လေ့လာနေခဲ့လေ၏။
မြင်းစီးခြင်းနှင့် မြားပစ်ခြင်းကဲ့သို့သော အတတ်ပညာများကို လေ့လာရန်အတွက်တော့ အခွင့်အရေးမရှိသောကြောင့် မတတ်မြောက်နိုင်ပေ။
သို့သော် သူလေ့လာနိုင်သော အတတ်ပညာများကို လေ့လာဆည်းပူးနေခဲ့၏။
သူ့တွင် ပညာရှင်တစ်ဦး၏ စိတ်ဓာတ်မျိုး ရှိနေသောကြောင့် ဝမ်တုန်ကို အလွန်သဘောကျသည်။
“ဒါပေမဲ့ ဒါတွေအားလုံးကို သင်ယူပြီးတော့ ဘာအသုံးကျမှာလဲ၊ မင်း ဒီလောက်တောင် အားအင်တွေအကုန်ခမ်းခံပြီးတော့ သူ့ကို ဘာဖြစ်စေချင်လို့လဲ”
ရန်ရှောင်က စုဝေ့ချင်းအနေဖြင်် ပျော်ရွှင်ဖို့အတွက်သက်သက်အတွက် သင်ပေးနေခြင်းဟု မထင်မှတ်ပေ။
ယခုကဲ့သို့သော ခေတ်ကာလတွင် ဤအလုပ်ခွင်၌ ကျင်လည်နေသူမဟုတ်ဘဲ အချိန်နှင့် ခွန်အားများကို အလွန် အသုံးချ၍ လေ့လာနေပါက လူအများက ငတုံတစ်ဦးဟုသာ ထင်မြင်ကြပေလိမ့်မည်။
ဝမ်တုန်၏ အစ်ကိုနှင့် အစ်မဖြစ်သူတို့က သူတို့၏ ညီငယ်ကို ငတုံးတစ်ယောက်ဟု ထင်မြင်ကြသော်လည်း အဒေါ်မာနှင့် ဦးလေးဝမ်တို့ကတော့ အတော်ပင် ထောက်ခံအားပေးကြ၏။
သို့ရာတွင် ဝမ်တုန်အနေဖြင့် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုကို သင်ယူနေခြင်းကို ထောက်ခံခြင်းထက် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ စုဝေ့ချင်းထံတွင် ပညာသင်ယူနေခြင်းကို ပိုမို၍ ထောက်ခံအားပေးကြခြင်း ဖြစ်သည်ဟု ပြောရပေလိမ့်မည်။
တက္ကသိုလ်ကျောင်းသားတစ်ဦး ဖြစ်ရခြင်းက တခြားအရာအားလုံးထက် ပို၍ တန်ဖိုးရှိ၏။
“သူ့ကို အရင်ဆုံး စာဖတ်ခိုင်းပြီး စာမေးပွဲတွေ ဖြေခိုင်းမယ်၊ ပြီးမှ နန်းတော်ပြတိုက်ဟောင်းက လမ်းညွှန်ပြသပေးမယ့်သူတစ်ယောက် ရှာပေးရမယ်၊
သူက အရည်အချင်းရှိတော့ အကူအလုပ်သမားအဖြစ် ဝင်လုပ်လို့ရတယ်လေ”
ရန်ရှောင်၏ မျက်လုံးများ ပြူးကျယ်သွားရကာ ပြောလိုက်လေသည်။
“မင်းက တကယ်ကို သတ္တိရှိတာပဲ”
ထိုနေရာက တရားဝင်အစိုးရအဖွဲ့အစည်းတစ်ခု ဖြစ်လေ၏။
“ဟားဟား.. ရည်မှန်းချက် ရှိတာကတော့ အမြဲတမ်း ကောင်းတဲ့အရာပါပဲ”
စုဝေ့ချင်းက ရယ်မောလိုက်ရင်း သူကိုယ်တိုင်လည်း အကောင်းမြင်လွန်းနေခဲ့သည်ကို သတိပြုမိသွား၏။
သို့သော် သူက လက်လျှော့မည် မဟုတ်ပေ။
ဇွဲရှိလျှင် အောင်မြင်နိုင်၏။
ထို့အပြင် ဝမ်တုန်က အမှန်တကယ်ပင် အရည်အချင်းရှိသူ ဖြစ်သည်။
“အမှန်ပါပဲ”
ရန်ရှောင်က နားလည်မှုရှိစွာဖြင့် ခေါင်းကို ညိတ်လိုက်ပြီးနောက်မေးမြန်းလိုက်လေ၏။
“ဒါနဲ့ ကျွန်တော် မကြာခင် ပိုင်မားခရိုင်ကို သွားဖို့ အစီအစဉ်ရှိတယ်၊ ဘာပစ္စည်းတွေ မှာချင်လဲ”
ရန်ရှောင်က လီရှန်းနှင့် စကားပြောချိန်က လီချောင်၏ အကြောင်းကိုသာ အာရုံစိုက်၍ စကားပြောနေခဲ့သည်။
ထို့ကြောင့် သူတို့အတွက် ပစ္စည်းများ သယ်ဆောင်ပေးရန် လိုအပ်သည်လားဟူ၍ မေးမြန်းရန် မေ့လျော့နေခဲ့၏။
“အဆင်ပြေမယ်ဆိုရင် ကျွန်တော့်အတွက် ဘဲကင်နည်းနည်းလောက် သယ်သွားပေးပါလား”
ပြီးခဲ့သည့်အကြိမ်က စုဝေ့မင်၏ ခရီးဆောင်အိတ်များက အလွန် များပြားလွန်းသောကြောင့် ဘဲကင်ကို မယူနိုင်ခဲ့ပေ။
“ရတာပေါ့၊ ကျွန်တော် ဒီတစ်ခေါက် စစ်တပ်လေယာဉ်နဲ့ သွားမှာလေ”
သူက လျင်မြန်စွာ သွားရောက်ပြီး လျင်မြန်စွာ ပြန်လာရန်လိုအပ်၏။
အစပိုင်းတွင် ပင်းပြည်နယ်သို့ သွားရောက်ရမည် ဖြစ်သည်။
ထို့နောက်မှ နင်ပြည်နယ်သို့ ခရီးဆက်ရမည် ဖြစ်သည်
ခရီးစဉ်က အလွန် လျင်မြန်မည်ဖြစ်သောကြောင့် လမ်းခရီးတွင် ဘဲကင်များ ပုပ်သိုးသွားမည်ကို စိုးရိမ်ရန် မလိုအပ်ပေ။
စုဝေ့ချင်းက ခေါင်းညိတ်လိုက်ရင်း ပြောလိုက်လေသည်။
“စစ်တပ်လေယာဉ်လား၊ တာဝန်တစ်ခုခု သွားထမ်းဆောင်ကြတာ ထင်တယ်”
သူက ထပ်မံ၍ အသေးစိတ် မမေးမြန်းတော့ဘဲ ရန်ရှောင်၏ ပခုံးကို ပုတ်လိုက်ရင်း ပြောလိုက်လေသည်။
“လမ်းခရီးမှာ ဘေးအန္တရာယ်ကင်းပါစေ ရဲဘော်ရန်”
ရန်ကျိမင်တွင် ဤမြေးတစ်ယောက်တည်းသာ ရှိသောကြောင့် သူ့ထံတွင် မည်သည့်အရာမှ ထိခိုက်ပျက်စီးခြင်း မရှိစေလိုပေ။
သို့မဟုတ်ပါက ထိုအဘိုးအိုက ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပါချေ။
“မင်း ပြောစရာ မလိုပါဘူး”
ရန်ရှောင်က ခပ်တိုးတိုးရယ်မောလိုက်ရင်း စုဝေ့ချင်း၏ ပခုံးကို လက်သီးဖြင့် အသာအယာ ထိုးလိုက်ပြီး ပြောလိုက်လေသည်။
“ ဒီတစ်ခေါက် တာဝန်က ရိုးရှင်းပါတယ်၊ ဒါပေမဲ့ ခန့်မှန်းရသလောက်တော့ လဝက်လောက် ကြာမယ်ထင်တယ်၊ အဘိုးကို စောင့်ရှောက်ပေးဖို့ မင်းတို့နှစ်ယောက်ကိုပဲ ဒုက္ခပေးရတော့မယ်”
“ဒါက ကိစ္စမရှိပါဘူး၊ ကျွန်တော်တို့ လုပ်ပေးနိုင်တဲ့ အသေးအမွှားလေးပါပဲ”
ရန်ရှောင်က လက်ကို ဝှေ့ယမ်းပြလိုက်ပြီးနောက် မည်သည့်အရာများကို ယူဆောင်လာရမည်နည်းဟူ၍ အနည်းငယ် ထပ်မံမေးမြန်းပြီး အလျင်အမြန်ပင် ထွက်ခွာသွားလေ၏။
သူက ပင်းပြည်နယ်သို့ သွားကာ လီချောင်ကို ရှာဖွေရဦးမည် ဖြစ်သကဲ့သို့ တရုတ်-ဆိုဗီယက် နယ်စပ်သို့လည်း သွားရောက်ရဦးမည် ဖြစ်လေ၏။
မကြာသေးမီက ဆိုဗီယက်ယူနီယံအတွင်း ခြေအနေတချို့ ရှုပ်ထွေးလှုပ်ခတ်နေသောကြောင့် သူက သတင်းအချက်အလက်တချို့ကို သွားရောက် စုံစမ်းထောက်လှမ်းနိုင်ခဲ့သည်။
ရန်ရှောင်ကို လိုက်လံပို့ဆောင်ပြီးနောက် စုဝေ့ချင်းက ဝမ်တုန်ကို ပန်းချီပန်းဆေးကြောနည်း ဆက်လက်သင်ပေးရန် ပြန်လာခဲ့လေ၏။
*