← Chapters

အခန်း ၃၇၅

Vol. 38 Ch. 375

အခန်း ၃၇၅

Vol. 38 Ch. 375

အခန်း(375)

သူတို့၏ ရှားပါးလွန်းသော အားလပ်ရက်တွင် စုဝေ့ချင်းက အရှေ့ခြံထဲ၌ ဝမ်တုန်နှင့်အတူ အလုပ်ရှုပ်နေခဲ့သည်။

လီရှန်းက အနောက်ခြံရှိ စုရှောင်လော်၏ အခန်းကို ရှင်းလင်း သန့်စင်နေခဲ့၏။

နောက်တစ်နေ့တွင် စုဝေ့ချင်းနှင့် လီရှန်းတို့က ခွင့်ရက်တစ်ရက် ယူလိုက်ကြသည်။

သူတို့က ကလေးကို သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်သို့ ကျောင်းသို့အပ်နှံရန် ခေါ်ဆောင်သွားခဲ့ကြလေ၏။

စုဝေ့ချင်း၏ ပါမောက္ခဆရာက သူ၏ တပည့်ဖြစ်သူ၏ သမီးငယ်လေးက ဉာဏ်ကြီးရှင်လူငယ်အတန်းတွင် ကျောင်းဝင်ခွင့်ရရှိသွားကြောင်းကို သိရှိရသည့်အချိန်တွင် အလွန် အံ့အားသင့်သွားရ၏။

အထူးသဖြင့် ထိုကလေးငယ်က အသက်ငါးနှစ်သာ ရှိသေးကြောင်းကို သိရှိရသည့်အချိန်တွင် ပို၍ပင် အံ့သြသွားရ၏။

သူက လူငယ်များထဲမှ သူရဲကောင်းများ ပေါ်ထွက်လာတတ်သည်ဟုသာ ရေရွတ်လိုက်မိသည်။

ထို့နောက် ကျောင်းအုပ်ကြီးကို မကျေမနပ်ဖြစ်နေသော မျက်နှာအမူအရာဖြင့် ပြောလိုက်လေ၏။

“ကျွန်တော် ပြောသားပဲ၊ ကျွန်တော်တို့ကျောင်းမှာလည်း ဉာဏ်ကြီးရှင်လူငယ်အစီအစဉ်တစ်ခု ဖွင့်လှစ်သင့်တယ်၊

အခုတော့ အရည်အချင်းရှိတဲ့ ကလေးတွေ အားလုံးကို သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်က လုယူသွားကြပြီ”

ကျင်းဟွာတက္ကသိုလ်၏ ကျောင်းအုပ်ကြီးကလည်း စကားလုံးမဲ့သွားရလေ၏။

သူရော မလုပ်ချင်ဘဲ နေပါ့မလား။

အထက်လူကြီးများက သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်တစ်ခုတည်းကိုသာ စမ်းသပ်ပရောဂျက်အဖြစ် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်လေ၏။

ထို့အပြင် သူတို့က ကလေးငယ်များသာ ရှိသေးသောကြောင့် စိတ်နေသဘောထားနှင့် စရိုက်လက္ခဏာများကပင် သေသေချာချာ မဖွံ့ဖြိုးသေးပေ။

သူတို့ တက္ကသိုလ်တက်သည့်အချိန်တွင် ငယ်စဉ်က အရည်အချင်းရှိသော်လည်း ကြီးပြင်းလာသည့်အချိန်တွင် အောင်မြင်မှုမရှိပါက အဆင်မပြေပါချေ။

ဆိုရလျှင် သူက သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်၏ လုပ်ဆောင်ချက်အတွက် အနည်းငယ် စိုးရိမ်မိနေသည်။

ထိုအရာက စွန့်စားရလွန်းသော ခြေလှမ်းတစ်ခု ဖြစ်သွားမည်ကို ကြောက်ရွံ့နေခြင်းသာဖြစ်လေ၏။

စုရှောင်လော်က အလွန်ငယ်ရွယ်လွန်းသောကြောင့် ဆရာမက သူမကို စာသင်ခန်းထဲသို့ ခေါ်ဆောင်လာသည့်အချိန်တွင် ဉာဏ်ကြီးရှင်လူငယ်များဖြင့်ပြည့်နှက်နေသော ကျောင်းသားများပင် သူမ၏ အသက်အရွယ်ကြောင့် အံ့အားသင့်သွားကြရသည်။

နောက်ပိုင်းတွင် စုရှောင်လော်က ကျောင်း၌ နေထိုင်ခြင်းမရှိကြောင်းကို သိရှိသွားကြသည့်အချိန်တွင်လည်း မည်သူကမျှ မနာလိုမဖြစ်ကြပေ။

သူမက အလွန်ပင် ငယ်ရွယ်လွန်းလွန်းသောကြောင့် ဖြစ်လေ၏။

ထို့အပြင် သူမ၏ မိသားစုက ပေကျင်းတွင် နေထိုင်ကြပြီး မိဘနှစ်ပါးလုံးကလည်း တက္ကသိုလ်တက်နေသူများ ဖြစ်ကြသောကြောင့် သူတို့နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

*

“ဆရာ ကျွန်တော် သယ်ယူပို့ဆောင်ရေးအဖွဲ့ကို နောက်ထပ် မသွားချင်တော့ဘူး”

ဝမ်တုန်က စုတ်တံကို ကိုင်ဆွဲလှုပ်ရှားရင်း စုဝေ့ချင်းကို ပြောဆိုလိုက်လေ၏။

“ဘာဖြစ်လို့လဲ”

စုဝေ့ချင်းက သူ့ကို အပြစ်တင်ကြိမ်းမောင်းခြင်း မပြုဘဲ အကြောင်းပြချက်ကိုသာ မေးမြန်းလိုက်လေ၏။

“ကျွန်..ကျွန်တော် ကားမမောင်းတတ်ဘူး၊ အဲဒီထိုင်ခုံပေါ်မှာ ထိုင်ပြီး လက်ကိုင်ဘီးကို ကိုင်လိုက်တာနဲ့ တစ်ကိုယ်လုံး တုန်ရင်လာတာပဲ”

ဝမ်တုန်က ခေါင်းကို ငုံ့ချလိုက်ပြီးလျှင် စိတ်ပျက်အားလျော့နေသော လေသံဖြင့် ပြောဆိုလိုက်၏။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းက သူက သယ်ယူပို့ဆောင်ရေး ကုမ္ပဏီမှ ဆရာတစ်ဦးထံတွင် မော်တော်ကားပြင်ဆင်သည့် ပညာရပ်ကို သင်ယူနေခဲ့သည်။

သူ၏ဆရာဖြစ်သူက သူ့အပေါ် သံသယစိတ်ဖြင့် စောင့်ကြည့်နေခဲ့၏။

သို့သော် သူက ပညာရပ်များကို ခိုးယူလေ့လာခြင်းဖြင့် အရည်အချင်းများကို အောင်မြင်စွာ တတ်မြောက်ခဲ့လေ၏။

မော်တော်ကား ပြင်ဆင်နည်းကို တတ်မြောက်သွားသည်နှင့် စက်ရုံဝင်းထဲ၌ ကုန်တင်ကားကို နှစ်ပတ်ခန့် ပတ်ကာ မောင်းနှင်ပြနိုင်ရုံမျှဖြင့် အချိန်ပြည့် ယာဉ်မောင်းတစ်ဦး ဖြစ်လာနိုင်လေ၏။

သို့ရာတွင်…

သူကိုယ်တိုင်လည်း ကားမောင်းသည့်အချိန်၌ ကားမူးတတ်လိမ့်မည်ဟူ၍ လုံးဝ ထင်မှတ်မထားခဲ့ပေ။

သူက သာမန်အားဖြင့် ကားမူးတတ်သူ မဟုတ်ပေ။

သို့သော် လက်ကိုင်ဘီးကို ကိုင်လိုက်သည်နှင့် သူ၏ ခေါင်းက မူးဝေလာခဲ့ပြီး သူ၏အရှေ့ရှိ လမ်းမကြီးက ယိမ်းထိုးလှုပ်ရှားနေသကဲ့သို့ ခံစားရကာ မျက်နှာတစ်ခုလုံးက ချက်ချင်းပင် ဖြူဖျော့သွားတတ်၏။

သူ၏ ဆရာဖြစ်သူက ကားသော့ကိုပင် မလှည့်ရသေးမီ အချိန်၌ပင် လန့်ဖျန့်သွားရပြီး သူ့ကို ကားပေါ်မှ အလျင်အမြန် ဆွဲချခဲ့ရသည်။

“တကယ်ပဲ အလုပ်လုပ်လို့ မရဘူးလား”

စုဝေ့ချင်းက ဤကဲ့သို့သော ရောဂါမျိုးကို တစ်ကြိမ်တစ်ခေါက်မျှ မကြားဖူးခဲ့ပေ။

ဝမ်တုန်က စိတ်ပျက်စွာဖြင့် ခေါင်းကို ခါယမ်းလိုက်ရင်း ပြောလိုက်လေ၏။

“အဲဒီအပေါ်မှာ ထိုင်လိုက်တာနဲ့တင် မထိန်းချုပ်နိုင်ဘဲ တုန်ယင်လာတာ”

စုဝေ့ချင်းက လီရှန်းကို အလျင်အမြန်ပင် လှမ်း၍ ခေါ်လိုက်လေ၏။

လီရှန်း : “...”

“ တုန်ရင်နေတာက မင်းမှာ ထူးခြားတဲ့ အခြေအနေရှိလို့လား၊ ဒါမှမဟုတ် ကားမောင်းနေလို့လား”

သူမက မေးမြန်းလိုက်လေ၏။

ဝမ်တုန်က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို ခါပြလိုက်လေသည်။

သူကိုယ်တိုင်လည်း မသိရှိပေ။

တခြားရွေးချယ်စရာ မရှိတော့သောကြောင့် လီရှန်းက စုဝေ့ချင်းကို ဝမ်တုန်ကို အနီးအနားရှိ ကုန်တိုက်တစ်ခုသို့ ခေါ်ဆောင်သွားရန်အတွက် ပြောဆိုလိုက်လေ၏။

သူတို့က အရောင်းကောင်တာများဆီသို့ မသွားကြဘဲ ဝမ်တုန်ကို ပြတင်းပေါက်အနီးသို့သာ ခေါ်ဆောင်သွားခဲ့ကြလေ၏။

ဝမ်တုန်အနေဖြင့် ပြတင်းပေါက်၏ အနီး၌ ရပ်လိုက်သည်နှင့် ခြေထောက်များက ပျော့ခွေသွားပြီး လဲပြိုကျသွားခဲ့ရလေ၏။

သူ့တွင် ပြင်းထန်သော အမြင့်ကြောက်ရောဂါရှိနေခြင်း ဖြစ်သည်။

လီရှန်းက ဝမ်တုန်ကို ဂရုဏာသက်စွာဖြင့် ကြည့်ရှုလိုက်ရင်း ပြောလိုက်လေ၏။

“ကြည့်ရတာ၊ မင်း အထပ်မြင့်တိုက်တွေပေါ်မှာ နေထိုင်လို့ ရမှာမဟုတ်တော့ဘူး

အဲဒီကုန်တင်ကား မောင်းနှင်ခန်းရဲ့အမြင့်ကတောင် မင်းရဲ့ခြေထောက်တွေကို ပျော့ခွေသွားစေနိုင်လေတယ်၊

တကယ်လို့ မင်းသာ တတိယထပ်တွေ၊ စတုတ္ထထပ်တွေမှာ နေထိုင်ရင် ကြောက်လန့်လွန်းပြီး သေဆုံးသွားနိုင်တယ်”

ဝမ်တုန်က မျက်နှာပျက်ယွင်းစွာဖြင့် ပြောဆိုလိုက်လေ၏။

“ကျွန်တော့်မှာ ဒီလိုပြဿနာရှိနေတာကို အရင်က တစ်ခေါက်မှ သတိမထားမိခဲ့ဘူး”

“ဒါက မင်း အရင်က ပြတင်းပေါက်နားမှာ မရပ်ဖူးလို့ပဲ”

ပြတင်းပေါက်နှင့် ဝေးဝေးတွင် နေထိုင်သရွေ့ အခန်းထဲ၌ ရပ်နေခြင်းက ကိစ္စမရှိပေ။

အဓိက အချက်က ထိုအမြင့်ကို လှမ်း၍ မမြင်ရရန်သာ ဖြလေ၏။

ဝမ်တုန်က သက်ပြင်းချလိုက်ရင်း ပြောလိုက်လေသည်။

“ဒါဆိုရင်တော့ ကျွန်တော် ယာဉ်မောင်းတစ်ယောက် လုံးဝ ဖြစ်နိုင်တော့မှာ မဟုတ်ဘူး”

သူ၏ လေသံထဲတွင် စိတ်သက်သာရာရသွားသည့် အရိပ်အယောင်တချို့ပင် စိမ့်ဝင်နေခဲ့လေ၏။

သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတွင် အလုပ်သင်အဖြစ် လုပ်ကိုင်ခဲ့ရသော အချိန်များက သူ့အတွက် နှိပ်စက်ညှဉ်းပန်းမှုတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

“ကောင်းပြီလေ၊ ငါ မနက်ဖြန် မင်းနဲ့အတူ စက်ရုံကိုလိုက်ခဲ့ပြီး မင်းအတွက် စာရေးအလုပ်မျိုးရနိုင်မလားဆိုတာ ကြိုးစားကြည့်ပေးမယ်၊

ဒီအတောအတွင်းမှာ မင်းက စာဖတ်တာကိုပဲ အာရုံစိုက်ပြီး အထက်တန်းအောင်လက်မှတ် ရအောင် အရင်လုပ်၊

အဲဒီနောက်မှ မင်းရဲ့ဆရာက မင်းအတွက် ကောင်းမွန်တဲ့ အလုပ်တစ်ခု ရှာဖွေပေးလိမ့်မယ်”

ဝမ်တုန်က အလျင်အမြန်ပင် ခေါင်းကိုညိတ်လိုက်လေ၏။

သူ၏ ဆရာဖြစ်သူက သူ့ဘက်မှ ရပ်တည်ပေးထားသောကြောင့် သူက နောက်ဆုံးတွင် မိဘများကို ရင်ဆိုင်ရဲသွားခဲ့သည်။

တခြားတစ်ဖက်တွင်တော့ ရန်ရှောင်က ယခင်က ဆောက်လုပ်ရေးတပ်မဟာဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် စိုက်ပျိုးမွေးမြူရေးခြံတစ်ခုဖြစ်လာခဲ့သော ပင်းချန်စိုက်ပျိုးရေးခြံသို့ အပြေးအလွှား သွားခဲ့၏။

လီချောင်က ကျန်းမာရေး ချို့တဲ့နေသော်လည်း အလုပ်ကို ဆက်လုပ်နေသောကြောင့် နေ့စဉ်နှင့်အမျှ ဆင်းရဲဒုက္ခ ခံစားနေရ၏။

သာမန်မွန်းလွဲပိုင်း အချိန်တစ်ခုတွင် အသင်းခေါင်းဆောင်က အလျင်အမြန် ပြေးဝင်လာပြီး သူ့ကို ဝက်ခြံထဲမှ ဆွဲထုတ်သွားခဲ့သည်။

ထိုအချိန်မှသာ ထိုလူက သူ့ကို ပိုင်မားခရိုင်သို့ ပြန်ခေါ်ဆောင်ရန် ရောက်ရှိလာခြင်း ဖြစ်ကြောင်းကို သူ သိရှိသွားရ၏။

ထိုသတင်းကို ကြားရသည့်အချိန်တွင် လီချောင်အနေဖြင့် ငိုကြွေးရင်း ရယ်မောလာခဲ့သည်။

လီချောင်က သူ တောင့်တခဲ့သည့်အတိုင်း မြို့ပြသို့ ပြန်ရောက်ရှိလာခဲ့၏။

သူ့ကို အထည်အလိပ်စက်ရုံသို့ ခေါ်လာသည့်အချိန်တွင် စက်ရုံ၏ အကြီးအကဲများက အံ့အားသင့်သွားကြရသည်။

လီမိသားစုက ဘာတွေဖြစ်နေကြတာလဲ။

လွန်ခဲ့သော ရက်အနည်းငယ်က လီကျူး ပြန်ရောက်ရှိလာချိန်ကပင် သူတို့က အတော်လေးစိတ်အနှောင့်အယှက် ဖြစ်ခဲ့ရ၏။

စွန်းလီဖန်က လီကျူး၏ မိသားစုအခြေအနေကိုပင်မမေးမြန်းတော့ဘဲ သူမကို ယွမ်သုံးဆယ်ပေးကာ ပြန်လွှတ်လိုက်ခဲ့သည်။

သို့သော် ယခု လီချောင်က နောက်တစ်ကြိမ် ပြန်ရောက်ရှိလာခဲ့ပြန်၏။

ယခုတစ်ကြိမ်တွင် ယွမ်သုံးဆယ်မျှဖြင့် ဖြေရှင်း၍ ရနိုင်သော ကိစ္စမျိုး မဟုတ်ပေ။

ကံကောင်းစွာဖြင့် ရန်ရှောင်က အထည်အလိပ်စက်ရုံထံမှ ငွေကြေးတောင်းခံရန် ရည်ရွယ်ချက် မရှိပေ။

သူက လီဟုန်ကျွင့်၏ နေရပ်လိပ်စာကိုသာ မေးမြန်းလိုက်ပြီးနောက် လီချောင်ကို လီကျားရွာသို့ ခေါ်ဆောင်သွားခဲ့လေ၏။

လီကျားရွာ၌ ။

ထုန်လင်းနှင့်ကွာရှင်းပြတ်စဲပြီးနောက် လီဟုန်ကျွင့်က အတန်ကြာအောင် စိတ်ဓာတ်ကျဆင်းနေခဲ့၏။

ထို့နောက် သူက သူ၏မိခင်ဖြစ်သူ၏ ကူညီမှုဖြင့် ကလေးတစ်ဦးပါလာသော မုဆိုးမငယ်လေးတစ်ဦးနှင့် လက်ထပ်ခဲ့၏။

ထိုမုဆိုးမလေး၏ မျိုးရိုးအမည်က ဝမ်ဖြစ်ပြီး အိမ်နီးနားချင်းဖြစ်သော တာ့ဝမ်ကျွမ်းရွာမှ ဝမ်လော်စစ်၏ ဇနီးဖြစ်၏။

ဝမ်လော်စစ်က ဆောင်းရာသီတွင် ရေခဲပြင်ပေါ်၌ တိတ်တဆိတ် ငါးဖမ်းတတ်သည်။

သို့သော် ရေခဲပြင်က အလွန် ပါးလွှာနေခဲ့သောကြောင့် ရေထဲသို့ ကျပြီး နစ်မြုပ်သေဆုံးသွားခဲ့ရ၏။

သူ့ကို ပြန်တွေ့ရှိသည့် အချိန်တွင် သူ၏ ရုပ်အလောင်းက အလွန် ဖောင်းပွနေခဲ့လေပြီ။

ဝမ်လော်စစ်တွင် သားယောက်ျားလေး မရှိဘဲ သမီးမိန်းကလေးတစ်ဦးသာ ရှိသောကြောင့် မုဆိုးမဝမ်က သူမ၏ သမီးငယ်ကို ခေါ်ဆောင်ကာ လီဟုန်ကျွင့်နှင့် လက်ထပ်ခဲ့လေ၏။

အဘွားအိုလီက မုဆိုးမဝမ်နှင့် လက်ထပ်ပေးရန် စဉ်းစားခဲ့သည့်အချိန်တွင် မုဆိုးမဝမ်နှင့်အတူ ပါလာသော သမီးငယ်လေးကို သဘောကျခဲ့ခြင်း ဖြစ်သည်။

ထိုမိန်းကလေးငယ်က ချောမောလှပရုံသာမက သွက်လက်ဖြတ်လတ်ပြီး လုပ်ကျွေးပြုစုရာတွင်လည်း ကျွမ်းကျင်၏။

အရေးကြီးဆုံး အချက်က သူမတွင် နူးညံ့သိမ်မွေ့သော စရိုက်ရှိပြီး လီရွှမ်နှင့် အတန်းတူကာ ပညာအရည်အချင်းလည်း တူညီကြ၏။

ထို့ကြောင့် အဘွားအိုလီက ထိုမိခင်နှင့် သမီးဖြစ်သူတို့ကို မိသားစုထဲသို့ အတူ လက်ထပ်ယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ရန်ရှောင်က လီချောင်ကို ခေါ်ဆောင်၍ ပြန်ရောက်ရှိလာသည့်အချိန်တွင် ထိုမိသားစုဝင် သုံးဦးတို့က သဟဇာတဖြစ်စွာ နေထိုင်နေကြသည်ကို မြင်တွေ့လိုက်ရ၏။

*

All Chapters