အခန်း ၃၇၆
Vol. 38 Ch. 376
အခန်း(376)
လီချောင်က အဖေဖြစ်သူ နောက်အိမ်ထောင်နှင့် အဆင်ပြေနေသည့် မြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် ရူးသွပ်လုနီးပါးဖြစ်သွားရသည်။
သို့သော် သူက လိမ္မာပါးနပ်သော လူတစ်ဦးဖြစ်၏။
သူ့အနေဖြင့် သူ၏ လက်ကျန်ဘဝတစ်ခုလုံးတွင် သူ၏ ဖခင်ကိုသာ မှီခိုအားထားရတော့မည်ကိုသိရှိသောကြောင့် လီဟုန်ကျွင့်၏ ခြေထောက်ကို ဖက်တွယ်ကာငိုကြွေးလေတော့၏။
သူ၏ ဘဝခွန်အားများက ခန်းခြောက်သွားခဲ့ရပြီး ခန္ဓာကိုယ်အခြေအနေကလည်း ချို့တဲ့နေခဲ့သည်။
သူ၏မျက်နှာက နွမ်းနယ်ချည့်နဲ့နေသော်လည်း ခန့်ညားသော အရိပ်အယောင် ရှိနေဆဲပင်။
မည်သို့ပင်ဖြစ်စေ သူက သူ၏ ကိုယ်တိုင်မွေးဖွားခဲ့သော သားအရင်း ဖြစ်သကဲ့သို့ တစ်ဦးတည်းသော သားလည်း ဖြစ်ပေသည်။
လီဟုန်ကျွင့်အနေဖြင့် သနားဂရုဏာ မသက်ဘဲမနေနိုင်ခဲ့ပေ။
သူက သူ၏ သားကို လက်ခံစောင့်ရှောက်လိုက်၏။
အဘွားလီကလည်း စိတ်နှလုံး ထိခိုက်ကြေကွဲရ၏။ သူမ အနှစ်သက်ဆုံးမြေးက လီရွှမ် ဖြစ်သော်လည်း လီချောင်ကိုလည်း သဘောကျလေ၏။
ယခင်က လီဟုန်ကျွင့် နှစ်သစ်ကူး နွေဦးပွဲတော်အတွက် ပြန်လာသည့် နှစ်တိုင်းတွင် သူမက ထုန်လင်း၊ သူမ၏သမီးနှင့် လီရှန်းတို့ကို အိမ်မှုကိစ္စများ လုပ်ဆောင်ရန်အတွက် ခိုင်းစေခဲ့သော်လည်း လီချောင်ကို မည်သည့်အလုပ်မျှ မလုပ်စေခဲ့ပေ။
ထို့အပြင် သူမက သူ့ကို ရွာအနှံ့ ခေါ်ဆောင်သွားလေ့ရှိပြီး ထိုရွာသားများကို မြို့ပြမှ ကလေးတစ်ဦး၏ အသွင်အပြင်ကို ပြသလေ့ရှိ၏။
လီရွှမ်က စာပေလေ့လာရာတွင် တော်သော်လည်း စကားပြောဆိုခြင်း မရှိသောကြောင့် ရွာထဲ၌ အနှစ်သာရ မရှိတစ်ယောက်ကဲ့သို့ ဆက်ဆံခံနေရ၏။
အဘွားလီက ကျေးလက်တောရွာမှ အဘွားအိုတစ်ဦး ဖြစ်သော်လည်း လူဟူသည်က စာပေတစ်ခုတည်းကိုသာ အမြဲတစေလေ့လာနေ၍ မရနိုင်ကြောင်းကို သိရှိထား၏။
လီချောင်ပြန်ရောက်ရှိလာခြင်းက အလွန် ကောင်းမွန်လွန်းသည်။ သူက လီရွှမ်ကို စောင့်ရှောက်ပေးနိုင်ပေလိမ့်မည်။
လီချောင်က ကျေးလက်ဒေသသို့ မသွားရောက်မီအချိန်ကတည်းက ဥာဏ်ကောင်းသော ကလေးတစ်ဦး ဖြစ်ခဲ့၏။
လီချောင်က အမှန်တကယ်ပင် ဥာဏ်ကောင်းလွန်းသည်။
သူ ပြန်ရောက်ရှိလာပြီး နှစ်ရက်အတွင်း၌ပင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သိရှုသွားသကဲ့သို့ အဘွားအိုလီ၏ အစီအစဉ်များကိုလည်း နားလည်သဘောပေါက်သွားခဲ့၏။
သူ၏ စိတ်နှလုံးထဲတွင် အဘယ်ကြောင့် ကျေနပ်နေနိုင်ပါမည်နည်း။
ယခင်က မိသားစုထဲတွင် ဩဇာအာဏာအရှိဆုံး လူတစ်ဦး ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ချောင်တွင်ကပ်ကာ နေထိုင်ရသည်။ တခြားလူများကို မှီခိုအားထားပြီး မိထွေး၏ လက်အောက်တွင် ရှင်သန်နေရ၏။
သူက မည်သည့်စကားကိုမှ မပြောခဲ့ပေ။ သူက ထုန်လင်းက မည်သည့်မိသားစုနှင့် လက်ထပ်သွားခဲ့သည်ကို စုံစမ်းကာ သူတို့၏ အိမ်ရှေ့သို့ သွားရောက်ပြီး ငွေကြေးတောင်းခံလေတော့၏။
သူက ထုန်လင်းအနေဖြင့် တခြားလူ၏ အိမ်တွင် မည်ကဲ့သို့သော ဘဝမျိုးဖြင့် ရှင်သန်နေထိုင်နေရသည်ကို လုံးဝ ဂရုမစိုက်ပေ။
နေအိမ်သို့ ပြန်ရောက်ရှိလာပြီးနောက် သူက ထိုငွေကြေးများကို ဝှက်သိမ်းထားလိုက်လေသည်။
ထို့နောက် နေ့စဉ် စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ကာ နာမကျန်းဖြစ်နေသော သခင်လေးတစ်ဦးကဲ့သို့ ပြုမူနေထိုင်ခဲ့၏။
ထို့အပြင် သူက မိထွေး၏ သမီးကို စာပေသင်ပေးခြင်းဟူသော အကြောင်းပြချက်ကို အသုံးပြုကာ သူမကို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုနိုင်ရန်အတွက်လည်း ကူညီပေးခဲ့သည်။
သူက သူ၏ မိထွေးမှ သူ့အပေါ် ကျေးဇူးတင်လာအောင် လုပ်ဆောင်ခဲ့၏။
သူမအနေဖြင့် သူ့ကို နေ့စဉ်နေ့တိုင်း ကောင်းမွန်သော အစားအစာနှင့် သောက်စရာများကိုပေးကာ ပြုစုပေးလာခဲ့သည်။
နောင်တစ်ချိန်တွင် သူမ၏ သမီးငယ်လေးကို တက္ကသိုလ်ကျောင်းသူတစ်ဦး ဖြစ်လာနိုင်စေရန်အတွက် လီချောင်မှ သူမကို သေသေချာချာ သင်ပေးလိမ့်မည်ဟူ၍ မျှော်လင့်နေခဲ့သည်။
လီချောင်သည်လည်း ထိုမိန်းကလေးငယ်ကို အန္တရာယ်ပြုလောက်သည်အထိ စိတ်နှလုံး အောက်တန်းကျလွန်းသူတစ်ဦးတော့ မဟုတ်ပေ။
ဆိုရလျှင် ထိုမိန်းကလေးငယ်က သူ့အတွက် မည်သည့်ခြိမ်းခြောက်မှုမှမရှိပေ။
ထို့အပြင် သူ့အပေါ်တွင်လည်း အလွန် ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးခဲ့သည်။
ထို့ကြောင့် စိတ္တဇဆန်ပြီး စိတ်ထားပုပ်စပ်လွန်းသော လီချောင်အနေဖြင့် သူမအပေါ် သနားဂရုဏာစိတ် အနည်းငယ် ဖြစ်လာခဲ့၏။
သူက သူမကို စာပေသင်ပေးသည့်အချိန်တွင်လည်း စိတ်ရင်းမှန်တချို့ကို ထည့်သွင်းကာသင်ပေးခဲ့သည််။
ရလဒ်အနေဖြင့် သူ၏မိထွေးဖြစ်သူက လီချောင်ကို ပိုမိုချစ်ခင်လာခဲ့တော့၏။
အဘွားအိုလီအနေဖြင့် မုဆိုးမဝမ်ကို မိသားစုထဲသို့ လက်ခံရန် သဘောတူခဲ့သည့် အကြောင်းရင်းမှာ ထိုမိခင်နှင့် သမီးနှစ်ဦးလုံးကို မိသားစုထဲသို့ သိမ်းပိုက်လိုခြင်းကြောင့် ဖြစ်သည်။
သို့သော် လီချောင်က ထိုမိန်းကလေးငယ်ကို တိတ်တဆိတ်စာပေသင်ပေးရန် ဇွတ်အတင်း ဆုံးဖြတ်ခဲ့၏။
မကြာမီအချိန်အတွင်း၌ပင် အလယ်တန်းအောင်စာမေးပွဲများက ပြီးဆုံးသွားခဲ့သည်။
ထိုမိန်းကလေးငယ်က မြင့်မားသော ရမှတ်များဖြင့် ခရိုင်အဆင့် အထက်တန်းကျောင်းသို့ ကျောင်းဝင်ခွင့် ရရှိသွားခဲ့လေ၏။
သို့သော် လီရွှမ်ကတော် ရွာထဲရှိ အထက်တန်းကျောင်းတွင်သာ တက်ရောက်နိုင်ခဲ့သည်။
ဤကဲ့သို့သော ကွာခြားချက်ကို အဘွားအိုလီအနေဖြင့် လုံးဝ လက်ခံနိုင်ခြင်း မရှိပေ။
သူမက လီဟုန်ကျွင့်ကို ထိုမိန်းကလေးငယ်အတွက် ကျောင်းလခငွေများကို မပေးရန်အတွက်ပင် အတင်းအကျပ် တားမြစ်ခဲ့သည်။
ထို့နောက် သူမကို အိမ်၌သာ စောင့်ဆိုင်းနေစေပြီး လီရွှမ်အသက်တစ်ဆယ့်ရှစ်နှစ် ပြည့်သည့်အချိန်တွင်လက်ထပ်ရန် ပြောဆိုခဲ့၏။
မုဆိုးမဝမ်အနေဖြင့် အသက်အရွယ်ရနေပြီဖြစ်၍ ဤသမီးတစ်ယောက်တည်းသာ ရှိခဲ့သည်။
အဘွားကြီးတစ်ဦးက သမီးဖြစ်သူ၏ အနာဂတ်ကို ဖျက်ဆီးပစ်မည်ကို သူမက အဘယ်ကြောင့် အလိုရှိပါမည်နည်း။
ထို့ကြောင့် သူမက ချက်ချင်းပင် ပြဿနာ ရှာလေတော့၏။
သာမန်အားဖြင့် ရိုးသားဖြောင့်မတ်ပြီး လူအများကြားတွင် ထင်ပေါ်ခြင်းမရှိသော လူများကိုလည်း အထင်မသေးသင့်ပေ။
ထိုကဲ့သို့သော လူမျိုးများက ပြဿနာရှာသည့်အချိန်မျိုးတွင် လုံးဝ ရူးသွပ်သွားတတ်ကြ၏။
သူမက လီဟုန်ကျွင့်က အားကိုး၍မရကြောင်းကို မြင်တွေ့ရသည့်အချိန်တွင် အမျိုးသမီးသမဂ္ဂကို ရှာဖွေရန်အတွက် ခရိုင်မြို့သို့ ညတွင်းချင်းပင် သွားရောက်ခဲ့သည်။
ခရိုင်မြို့မှ အမျိုးသမီးသမဂ္ဂအရာရှိများ ကျေးရွာကွန်မြူနီတီ ခေါင်းဆောင်များနှင့်အတူ လီကျားရွာသို့ ရောက်ရှိလာကြလေ၏။
ထို့အချိန်တွင် အဘွားအိုလီက နေအိမ်၌ လီဟုန်ကျွင့်နှင့် ငြင်းခုန်နေဆဲပင်။
သူမက ထိုမုဆိုးမက တိတ်တဆိတ် ထွက်ပြေးသွားခဲ့ပြီဖြစ်ကြောင်းကိုသာ အဆက်မပြတ် ပြောဆိုနေခဲ့၏။
မုဆိုးမဝမ်က ခြံဝင်းအပြင်ဘက်တွင် ရပ်နေချိန်တွင် သူမ၏ယောက္ခမဖြစ်သူက သူမအပေါ် ထိုကဲ့သို့သော စကားလုံးများကို ပြောဆိုနေသည်ကို ကြားလိုက်ရသည်။
သူမက ချက်ချင်းပင်အော်ဟစ်လိုက်ကာ အထဲသို့ ပြေးဝင်သွားပြီး အဘွားအိုလီနှင့် လုံးထွေးသတ်ပုတ် လေတော့၏။
“မင်း ဒါကို တမင်သက်သက် လုပ်တာမလား”
လီရွှမ်က လီချောင်၏ အနားတွင် ရပ်လိုက်ပြီးနောက် ဒေါသတကြီး လေသံဖြင့် စစ်ဆေးမေးမြန်းလိုက်လေ၏။
“ဟုတ်တယ်၊ ငါ တမင်သက်သက် လုပ်တာ”
လီချောင်က လီရွှမ်ကို ကြည့်ကာ ပြုံးလိုက်လေသည်။ သူ၏အမူအရာက အနည်းငယ် စိတ္တဇဆန်နေခဲ့၏။
လီရွှမ်၏ မျက်လုံးများက ဒေါသကြောင့် နီရဲလာရသည်။
“မင်း ဘာဖြစ်လို့ ဒါကို လုပ်ရတာလဲ၊ အဘွားက မင်းအပေါ် ဘယ်လောက်တောင် ကောင်းခဲ့လဲဆိုတာ မေသွာတာလား”
“ကောင်းတယ် ဟုတ်လား”
တစ်ဖက်လူက ဒေါသထွက်နေသည်ကို မြင်ရသည့်အချိန်တွင် လီချောင်၏ ရူးသွပ်နေသောစိတ်က ပို၍ ပြင်းထန်လာရကာ လှောင်ပြုံးဖြင့် ပြောလိုက်လေ၏။
“အဲဒီအဘွားကြီးသာ ငါ့အပေါ် ကောင်းခဲ့မယ်ဆိုရင် အရာအားလုံးကို မင်းတစ်ယောက်တည်းအတွက်ပဲ စီစဉ်ပေးနေမှာ မဟုတ်ဘူး၊
ငါ့မိသားစု ဒီလိုအခြေအနေအထိ ပျက်စီးသွားရတာက အဲဒီအဘွားကြီးကြောင့်ပဲ”
“သူမက မင်းကို ခရိုင်မြို့က ကျောင်းမှာ အမြဲတက်စေချင်နေခဲ့တာ၊ အဲဒီလိုသာ မဟုတ်ခဲ့ရင်.. သူမက လီကျူးကိုပဲ အမြဲနှိပ်စက်ညှဉ်းပန်းမနေခဲ့ရင် လီကျူးက ငါ့နာမည်ကို တိတ်တဆိတ် စာရင်းသွင်းပြီး ကျေးလက်ဒေသကို အပို့ခံရအောင် လုပ်ပါ့မလား”
“သူမက တစ်ခုခုကို ပိုပြီးတော့ လိုချင်လေလေ၊ ငါက အဲဒီအရာကို ပိုပြီးတော့ ဖျက်ဆီးပစ်ချင်လေလေပဲ”
“ခရိုင်မြို့မှာ စာသင်ရမဲ့ အခွင့်အရေး ပဲဖြစ်ဖြစ်၊ မင်းအတွက် ရှာပေးထားတဲ့ ဇနီးပဲဖြစ်ဖြစ်ပေါ့”
လီချောင်၏ အသံက ကျယ်လောင်ခြင်းမရှိသော်လည်း သူ၏ စကားလုံးများက လီရွှမ်ကို ရေခဲတိုက်ထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားရစေ၏။
သူက လီချောင်အနေဖြင့် အရာအားလုံးကို သူနှင့် သူ၏ အဘွားအပေါ်သို့ ပုံချအပြစ်တင်လိမ့်မည်ဟူ၍ လုံးဝမျှော်လင့်မထားသောကြောင့် ကြောင်အစွာ ပြောလိုက်လေသည်။
“ဒါက မင်းရဲ့အမေက မင်းတို့ရဲ့အစ်မအပေါ် မကောင်းဘဲ သူမရဲ့ အိမ်ထောင်ရေးကို လှည့်စားခဲ့တဲ့အတွက်ကြောင့် ဖြစ်လာရတဲ့ပြသနာဆိုတာ ရှင်းနေတာပဲလေ၊
ပြီးတော့ မင်းအမေကပဲ သူမကို ကျေးလက်ဒေသကို သွားစေချင်ခဲ့တာ၊ အဲဒါကြောင့်ပဲ မင်းရဲ့အစ်မက မင်းတို့အပေါ် အဲဒီလိုလုပ်ရပ်တွေနဲ့ ပြန်ပြီးတုံ့ပြန်ခဲ့တာပဲ၊
မင်းက မင်းရဲ့အစ်မကို ရင်မဆိုင်ရဲလို့ အားနည်းတဲ့သူကိုပဲ ရွေးပြီး နှိပ်စက်တာလား၊ လီချောင်၊ မင်းက ယောက်ျားတစ်ယောက် မဟုတ်ဘူးလား”
“ပါးစပ်ပိတ်ထားစမ်း”
လီချောင်တစ်ယောက် နောက်ဆုံးတွင် ဒေါသထွက်သွားရကာ အော်ဟစ်လိုက်လေ၏။
“လီရှန်းရဲ့ မျိုးရိုးနာမည်က လီပဲလေ၊ မင်းတို့လို လီမိသားစုဝင်တွေတောင် သူမကို ဂရုမစိုက်ကြတာ၊ ငါ့အမေက ဘာဖြစ်လို့ သူမအပေါ်ကောင်းရမှာလဲ၊
ငါ့အမေနဲ့ သူမနဲ့ ဘာပတ်သက်လို့လဲ၊ သူတို့ကြားမှာ ဘာသွေးသားမှ မတော်စပ်ဘူး၊ အဲဒီလီရှန်းကလည်း မင်းလိုမျိုး အပိုဝန်ထုပ်ဝန်ပိုးတစ်ခုပဲ၊
သူမမှာ တန်ဖိုးမရှိတဲ့ ဘဝပဲ ရှိတာ၊ သူမက သူမရဲ့ အမေအရင်းကို သေစေခဲ့တာ၊
အိုး.. ဒါနဲ့ မင်းလည်းပဲ မင်းရဲ့ မိဘတွေကို သေစေခဲ့တာမဟုတ်ဘူးလား၊ မင်းတို့လို လူမျိုးတွေက ပျော်ရွှင်မှုကိုရရှိဖို့ လုံးဝ မထိုက်တန်ဘူး”
ခွပ်!
လီရွှမ်က လက်သီးတစ်ချက်ဖြင့် လီချောင်ကို လဲပြိုကျသွားအောင် ထိုးနှက်လိုက်လေ၏။
သို့သော် လီချောင်က လဲကျသွားသည့် အခိုက်အတန့်တွင် လီရွှမ်ကို သရော်လှောင်ပြောင်သော အပြုံးတစ်ခုကို ပြသခဲ့၏။
“အား! လူသတ်နေကြပြီ”
မုဆိုးမဝမ်၏ စူးရှသော အော်ဟစ်သံကိုကြားလိုက်ရချိန်တွင် လီချောင်က သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်လိုက်လေတော့၏။
သူ့တွင် အနာဂတ်ဟူ၍ မရှိတော့သောကြောင့် တခြားလူများတွင်လည်း ရှိမနေသင့်ပေ။
*