← Chapters

အခန်း ၃၇၈

Vol. 38 Ch. 378

အခန်း ၃၇၈

Vol. 38 Ch. 378

အခန်း(378)

စုရှောင်လော်၏ အဖေကို အရူးအမူး ဖက်တွယ်ထားတတ်သည့် စရိုက်လက္ခဏာကပင် လူအများကို အမှန်တကယ် ခေါင်းခဲစေ၏။

ဤကလေးငယ်က ညဘက်တွင် သူမ၏ ဖခင်ကို မမြင်ရပါက လုံးဝ အိပ်ပျော်လိမ့်မည် မဟုတ်ပေ။

ဤကိစ္စက စုဝေ့ချင်းအတွက်တော့ အမှန်တကယ်ပင် ဆင်းရဲဒုက္ခတစ်ခု ဖြစ်လေ၏။

သူက စာပေဌာနမှ အလားအလာရှိသော လူငယ်တစ်ဦးဖြစ်သည်။

နွေဦးကာလတွင် ဇနီးမောင်နှံနှစ်ဦး ပန်းခြံထဲသို့ လည်ပတ်အပန်းဖြေခြင်း၊ ဆောင်းရာသီတွင် ဆီးနှင်းများကို အတူတကွငေးမောကြည့်ရှုခြင်း စသည့်ကိစ္စများဖြင့်သာ အချိန်များ ကုန်သင့်သည်။

သို့သော် ယခုအချိန်တွင် နေ့စဉ်နှင့်အမျှ ကျောင်းဆင်းသည်နှင့် သူ၏ အဖိုးတန်လွန်းသော သမီးငယ်လေးကို ချော့သိပ်ရန်အတွက်သာ ရာဇဝတ်သားတစ်ဦးကဲ့သို့ သုတေသနအဖွဲ့အစည်းဆီသို့ အပို့ခံနေရတော့သည်။

တခြားလူများက အဖြစ်မှန်ကို မသိရှိကြသော်လည်း စုဝေ့ချင်းက သိရှိနေခဲ့၏။

ထို့ကြောင့် မကြာသေးမီက သူ့အနေဖြင့် စနစ်နှင့် အကြိမ်ပေါင်းများစွာ ရန်ဖြစ်နေခဲ့သည်။

“မင်း ရှောင်လော်နဲ့ တကယ်ပဲ အပြီးတိုင် ချိတ်ဆက်ပေးလို့ မရဘူးလား၊

ငါ ကျိန်ဆိုရဲပါတယ်၊ နောက်ပိုင်းမှာ ငါ့ဘာသာငါ လေ့လာပါ့မယ်၊ မင်းကို တကယ်ပဲ မလိုအပ်တော့ဘူး”

[မရဘူး]

စနစ်၏ အေးစက်လွန်းသော အသံက စုဝေ့ချင်း၏ စိတ်ကူးယဉ်မှုများကို နောက်တစ်ကြိမ် ထပ်မံ၍ ရိုက်ချိုးဖျက်ဆီးပစ်လိုက်လေ၏။

စုဝေ့ချင်းက သူ၏ ဦးခေါင်းကို အုပ်ကိုင်လိုက်ရင်း အလွန်စိတ်ပျက်သွားရသည်။ သို့သော်လည်း သူ၏ သမီးငယ်လေးအတွက်လည်း သနားမိ၏။

သူ၏ သမီးငယ်လေးက စာပေလေ့လာခြင်းကို မြတ်နိုးနခြင်းဖြစ်၍ မှားယွင်းနေခြင်းမရှိပေ။

သူက သူမ၏ ဖခင်တစ်ဦးဖြစ်သည့်အတွက် ကူညီပေးရမည်။

မိဘဟူသည်က သူတို့၏ သားသမီးများအတွက်သာ တွေးတောပေးရမည် မဟုတ်ပါလား။

သို့သော်…

သူက သူ၏ ဇနီးဖြစ်သူနှင့် မတွေ့ရသည်က အတော်ပင်ကြာမြင့်နေခဲ့လေပြီ။

စုဝေ့ချင်းက လီရှန်း၏အကြောင်းကို တွေးတောမိတိုင်း စိတ်နှလုံးထဲ၌ နာကျင်မှုကို ခံစားရလေသည်။

[မင်းကို သတိပေးလိုမယ်၊ ရဲဘော်လီရှန်းက ကွင်းဆင်းကျန်းမာရေးလုပ်သားတွေကို လေ့ကျင့်သင်ကြားပေးဖို့ သွားနေရတာ၊ ဒါကြောင် သူမက မင်းဆီကို လာပြီးအတူမနေထိုင်နိုင်တာ]

ထို့ကြောင့် စုဝေ့ချင်းတစ်ယောက် သုတေသနအဖွဲ့အစည်း၌ နေထိုင်နေရခြင်းကြောင့် လီရှန်းနှင့်မတွေ့ရခြင်း လုံးဝ မဟုတ်ပေ။

လီရှန်းကသာ အလွန် အလုပ်ရှုပ်နေခြင်းဖြစ်လေ၏။

စုဝေ့ချင်းက နောက်တစ်ကြိမ် သက်ပြင်းချလိုက်မိပြန်သည်။

“ဒါနဲ့ ငါတို့ အိမ်ကို ပြန်မရောက်တာ အတော်လေးကြာနေပြီပဲ၊ ဒီနှစ်တော့ ပြန်ဖို့လုပ်ရမယ်”

သူတို့ တက္ကသိုလ်သို့ ရောက်ရှိလာခဲ့သည့် အချိန်မှစ၍ ပထမဦးဆုံးသော နှစ်၏ နွေရာသီနှင့် ဆောင်းရာသီ ကျောင်းပိတ်ရက်များတွင်သာ နေအိမ်သို့ပြန်ခဲ့သည်။

နောက်ပိုင်းတွင် စုရှောင်လော်က သုတေသနအဖွဲ့အစည်း၏ ပရောဂျက်တစ်ခုတွင်ပါဝင်ရန် ရွေးချယ်ခံခဲ့ရ၏။

သူတို့က မိဘများဖြစ်ကြသောကြောင့် သူတို့၏ ကလေးငယ်ကို တစ်ဦးတည်း ချန်လှစ်ထားခဲ့ပြီး နှစ်သစ်ကူးပွဲတော်အတွက် နေအိမ်သို့ မပြန်နိုင်ကြပေ။

ထို့အပြင် စုရှောင်လော်က စနစ်အပေါ်၌ အလွန် မှီခိုနေရသောကြောင့် ညတိုင်း စနစ်နေရာလွတ်ထဲသို့ ဝင်ကာ စာပေလေ့လာရပေလိမ့်မည်။

နောက်ပိုင်းတွင် နိုင်ငံတော်က လွတ်လပ်စွာ ကုန်သွယ်မှုကို ခွင့်ပြုပေးခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့လေ၏။

သို့သော် နိုင်ငံခြားတိုင်းပြည်များမှ အသိပညာရပ်များအပေါ်တွင်တော့ တင်းကျပ်စွာ လက်ဝါးကြီးအုပ်ထားဆဲ ဖြစ်သည်။

စုရှောင်လော်အနေဖြင့် ရွှေတုံးတစ်တုံးကို သူမ၏ ရင်ခွင်ထဲ၌ ပိုက်ထွေးထားသော လူတစ်ဦးနှင့် တူနေခဲ့သည်။ သို့သော်လည်း တခြားလူများအား ထိုရွှေတုံးကို မြင်တွေ့နိုင်ခွင့်မပြုနိုင်ပေ။

သူမအနေဖြင်် ထိုအသိပညာများ၏ အရင်းအမြစ်ကို ထုတ်ဖော်ရှင်းလင်း၍ မရနိုင်ပေ။

ထို့ကြောင့် သူမဘာသာသာ ကြိုးစားအားထုတ်ပြီး လေ့လာဆည်းပူးရသည်။

သူမက လေ့လာတတ်မြောက်ပြီး လက်တွေ့ဘဝထဲ၌ ပေါင်းစပ်အသုံးချနိုင်သည့် အချိန်မျိုးတွင်မှသာ ဤအောင်မြင်မှုများကို သူမ၏ ကိုယ်ပိုင်နာမည်ဖြင့် ထုတ်ဝေဖြန့်ချိလေ့ရှိ၏။

စုရှောင်လော်က ကလေးငယ်တစ်ဦးမျှသာ ဖြစ်သော်လည်း စနစ်၏ စနစ်တကျပညာပေးမှုများကြောင့် လက်ရှိ လူ့အဖွဲ့အစည်းထဲ၌ ခေတ်စားနေသော မျိုးချစ်စိတ်ဓာတ်များကို အောင်မြင်စွာ မွေးမြူနိုင်ခဲ့သည်။

ယခုအချိန်တွင် သူတို့က တရုတ်နိုင်ငံကို ကမ္ဘာ့ဩဇာအာဏာကြီးမားသော နိုင်ငံများကြားတွင် ထင်ပေါ်ကျော်ကြားလာစေရန်အတွက် အလွန်ကြီးမားသော ယုံကြည်ချက်များဖြင့် လုပ်ဆောင်နေကြလေ၏။

လီရှန်းက ဤအကြောင်းကို သိရချိန်တွင် စကားလုံးမဲ့သွားရကာ စနစ်ကိုဖျောင်းဖျပြောဆိုလိုက်လေ၏။

“ငါတို့က အခုလေ့လာရေးစနစ်တစ်ခု ဖြစ်နေပြီ မဟုတ်ဘူးလား၊ ကလေးတွေကို အရင်တုန်းကလိုမျိုး စည်းကမ်းတွေအများကြီးနဲ့ ပညာမပေးပါနဲ့တော့”

စနစ်ကတော့ အလွန်ယုံကြည်ချက် ပြည့်ဝနေလျက် ပြောလိုက်လေသည်။

“မင်း ဒီစနစ်ကို ယုံကြည်ရမယ်”

သူက ပစ်မှတ်များစွာကို ဖြောင့်မတ်ပြီး ရည်မှန်းချက်ကြီးမားသော ပုဂ္ဂိုလ်များဖြစ်အောင် ပျိုးထောင်ပေးနိုင်ခဲ့သည်။

သူတို့က နောက်ဆုံးတွင် ကြီးမားသော အောင်မြင်မှုများကို ရရှိခဲ့ကြလေ၏။

ထို့ကြောင့် စနစ်၏ အတွေ့အကြုံများက အသုံးဝင်ပြီး သူ၏ နည်းလမ်းများကလည်း ပြီးပြည့်စုံကြောင်း သက်သေပြနေသည်။

ယခု စုရှောင်လော်သည်လည်း ယခင်က ပုဂ္ဂိုလ်များကဲ့သို့ပင် သေချာပေါက် အောင်မြင်ပေလိမ့်မည်။

သို့သော် လီရှန်းအနေဖြင့် စိတ်နှလုံး ထိခိုက်စွာ ပြောလိုက်လေ၏။

“ဒါက ငါ့ရဲ့ သမီးအရင်းနော်၊ မင်း သူမကို ဒီလောက်တောင် ဖိအားပေးနေရင် သူမမှာ ကလေးဘဝဆိုတာ ဘယ်လိုလုပ် ရှိနိုင်တော့မှာလဲ”

လီရှန်းက စုရှောင်လော်ကို အောင်မြင်ပြီး ထူးချွန်ထက်မြက်သော ကလေးတစ်ဦး ဖြစ်လာခြင်းထက် ပျော်ရွှင်ချမ်းမြေ့စွာသာ ရှင်သန်နေထိုင်စေချင်ခဲ့သည်။

[ဒါပေမဲ့ သူမက အရမ်း ပျော်ရွှင်နေတာပဲ]

စနစ်က သံသယစိတ်များဖြင့် ပြည့်နှက်နေလျက် ပြန်ပြောလိုက်လေ၏။

စုရှောင်လော်သည်ကား စာပေလေ့လာနေရသည့် အချိန်တွင် အပျော်ရွှင်ဆုံးဖြစ်နေတတ်သည်။

စနစ်က စုရှောင်လော်၏ စိတ်ခံစားမှုများကို အမြဲတစေစောင့်ကြည့်စစ်ဆေးနေခဲ့လေ၏။

အကယ်၍ သူမဘက်မှ စာပေလေ့လာခြင်းကို မုန်းတီးသည့် အရိပ်အယောင်အနည်းငယ်မျှ ပြသခဲ့ပါက သူမကို သေချာပေါက် ဆော့ကစားခွင့်ပေးလိမ့်မည်။

သူက စနစ်တစ်ခုသာ ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သော အာဏာရှင်တစ်ဦး မဟုတ်ပေ။

စနစ်က ထူးဆန်းသော မေးခွန်းတစ်ခုကို မေးမြန်းလိုက်လေ၏။

[မင်းတို့အားလုံးက ဘာလို့ စာပေလေ့လာတာကို နာကျင်စရာကောင်းတဲ့အရာလို့ ခံစားနေကြရတာလဲ]

လီရှန်း : “...”

ဒါကိုဘယ်လိုများပြန်ဖြေရမှာလဲ။

တကယ်တမ်းမှာ မသိစိတ်အရလည်း ဖြစ်နိုင်တယ်။

မည်သည့်ကမ္ဘာတွင်မဆို ကျောင်းသား၊ ကျောင်းသူများအတွက်တော့ စာပေသင်ကြားရေး ခံနိုင်ရည်မရှိလောက်သော ဝန်ထုပ်ဝန်ပိုးတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

ကမ္ဘာပေါင်းများစွာတွင် တာဝန်ပေါင်းများစွာကို ထမ်းဆောင်ခဲ့ပြီးနောက် သူမအနေဖြင့် ထုံထိုင်းပြီး နာကျင်သော မျက်နှာအမူအရာများဖြင့် စာပေလေ့လာနေကြသော ကလေးငယ်များကို မြင်တွေ့ခဲ့ရဖူးသည်ဟုသာ ပြောရပေလိမ့်မည်။

သို့သော် သူမကိုယ်တိုင်ကတော့ ကိစ္စမရှိပေ။

သူမက နေ့စဉ်နှင့်အမျှ အသိပညာအသစ်များကို လေ့လာချင်နေကာ စိတ်ခံစားချက်များလည်း ကောင်းမွန်နေခဲ့သည်။

သူမအနေဖြင့် စာပေလေ့လာခြင်းကို နာကျင်စရာတစ်ခုဟု မထင်မှတ်ခဲ့ပေ။

စာပေလေ့လာခြင်းက သေချာပေါက်ပျော်ရွှင်စရာကောင်းသောကိစ္စဖြစ်ပြီး ရှောင်လော်ကလည်း ပျော်ရွှင်နေခဲ့၏။

ကလေးများကို လူကြီးများ၏ အတွေးအခေါ်များဖြင့် ကန့်သတ်မထားသင့်ပေ။

စနစ်၏ စကားလုံးများက သူမကို သတိပြုမိသွားစေခဲ့လေ၏။

လီရှန်းတစ်ယောက် သူမကိုယ်တိုင်ပင် ဝင်ရောက်စွက်ဖက်လွန်းနေသည်လားဟု စတင်သံသယဝင်မိလာခဲ့သည်။

သူမ၏ သမီးငယ်လေးက လက်ရှိဘဝအပေါ် မကျေနပ်ချက်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

သို့သော် သူမက မိခင်တစ်ဦးအနေဖြင့် မကျေနပ်မှုများကို ထုတ်ဖော်နေခဲ့၏။

ဤအခြေအနေက သူမ၏ ကလေးများကို ဆွဲချတတ်သော ထိုဆိုးဝါးလွန်းသည့် မိခင်များနှင့် မကွာခြားတော့ပေ။

လီရှန်းတစ်ယောက် သူမကိုယ်သူမ ပြန်လည်သုံးသပ်ခဲ့လေ၏။

ထိုအချိန်တွင်ပင် စုဝေ့ချင်းလည်း ပြန်ရောက်ရှိလာခဲ့သည်။

စုဝေ့ချင်းက ယခုအချိန်တွင် စတုတ္ထနှစ်ကျောင်းသားတစ်ဦးဖြစ်နေခဲ့လေပြီ။

သူက တက္ကသိုလ်၌ နည်းပြဆရာအကူအဖြစ် အောင်မြင်စွာ လုပ်ကိုင်နေခဲ့လေသည်။

ထို့အပြင် သူက တရုတ်ဘာသာစကားနှင့် စာပေဘာသာရပ်ဖြင့် မဟာဘွဲ့ကိုလည်း ဆက်တက်နေခဲ့လေ၏။

သူ၏ဆရာများက ကျင်းဟွာတက္ကသိုလ်ကျောင်းမှ ဖြစ်လေသည်။

သူ ဘွဲ့လွန်ရရှိသည်နှင့် ဆရာတစ်ဦးအဖြစ် ရာထူးတိုးမြှင့်ခြင်းခံရလိမ့်မည်။

ထို့နောက်တွင် ကျွမ်းကျင်မှုဆိုင်ရာ ရာထူးဘွဲ့တစ်ခု ရရှိရန်အတွက် ကြိုးစားအားထုတ်ရပေလိမ့်မည်။

“ဘာဖြစ်လို့လဲ၊ မင်းကို ကြည့်ရတာ နည်းနည်းစိတ်မကြည်သလိုပဲ”

စုဝေ့ချင်းက အိမ်ထဲသို့ ဝင်လာသည်နှင့် လီရှန်းတစ်ယောက် ခေါင်းကို ငုံ့ထားပြီး စိတ်ခံစားချက် မကောင်းဖြစ်နေကြောင်းကို မြင်တွေ့လိုက်ရသည်။

“မင်း အိမ်ကို မပြန်ချင်ဘူးလား”

စုဝေ့ချင်းက စနောက်၍ မေးမြန်းလိုက်လေ၏။

“ရှင် ဘာတွေပြောနေတာလဲ၊ သေချာပေါက် ပြန်ချင်တာပေါ့”

လီရှန်းက ချက်ချင်းပင် ခေါင်းကို မော့လိုက်သည်။

“ကျွန်မတို့ ပြန်မရောက်တာ နှစ်နှစ်တောင် ရှိပြီ၊ ကျွန်မတို့ရဲ့မိဘတွေက ရှောင်လော်ကို ဘယ်လောက်တောင် လွမ်းဆွတ်နေကြမလဲ၊

ပြီးတော့ ကျွန်မရဲ့အဘိုးဆိုရင်လည်း အသက်အရွယ် ဒီလောက်ကြီးနေပြီဆိုတော့ အခု ဘယ်လိုနေမလဲမသိဘူး၊ ကျွန်မ ပြန်သွားကြည့်ချင်တယ်”

ကျန်းရူတုန်၏အကြောင်းကို ပြောဆိုမိသည့်အချိန်တွင် လီရှန်း၏ မျက်လုံးများထဲ၌ မျက်ရည်များဖြင့် ပြည့်နှက်လာခဲ့ရ၏။

ကျန်းရူတုန်မှာ ယခင်ဘဝက အစောပိုင်းကာလတွင် သေဆုံးခဲ့ရသည်။

သို့သော် ဤဘဝတွင် နှစ်အနည်းငယ်မျှ အသက်ရှည်နေခဲ့လေပြီ။

ဖုန်းထဲမှ သူ၏အသံက အားအင်ပြည့်ဝနေဆဲဖြစ်ပေ၏။ သို့သော်လည်း မည်သို့ပင်ဖြစ်စေ သူက အသက်အရွယ် ကြီးရင့်လာခဲ့ပြီဖြစ်သည်။

လီရှန်းအနေဖြင့် တစ်စုံတစ်ခု ဖြစ်ပွားသွားရကာ သူ၏နောက်ဆုံးအချိန်ကို မမြင်တွေ့လိုက်ရမည်ကို အမှန်တကယ်ပင် စိုးရိမ်မိနေခဲ့၏။

“ဒါဆိုရင် ကိုယ်တို့ ဒီနှစ်ပြန်ကြတာပေါ့၊ ကိုယ်တို့ရဲ့ကျောင်းနှစ်ကျောင်းလုံး ပိတ်ပြီလေ၊

ကိုယ် မနေ့က ရှောင်လော်ကို မေးကြည့်တော့ နွေဦးပွဲတော်အတွက် နှစ်ပတ်လောက် ကျောင်းပိတ်ရက်ပေးမယ်တဲ့၊ ကိုယ်တို့ ချီစုန့်ကိုပါ ခေါ်သွားရုံပဲ”

ချီစုန့်က စုရှောင်လော်၏ ကိုယ်ရံတော်ဖြစ်ပြီး စုရှောင်လော်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသူဖြစ်၏။

သူက အသက်တစ်ဆယ့်ရှစ်နှစ်မျှသာ ရှိသေးသော်လည်း အလွန်သန်မာပြီးခန္ဓာကိုယ်လည်းတောင့်တင်းသည်။

“ကျွန်မတို့ တကယ်ပြန်လို့ရတာလား”

လီရှန်း၏ မျက်လုံးများက တောက်ပသွားရသည်။

“ရတာပေါ့၊ ဒါနဲ့ ကိုယ် ခုနက ဖုန်းသွားကိုင်သေးတယ်”

“ ဘယ်သူဖုန်းဆက်လို့လဲ”

“ကိုယ့်ရဲ့ ဒုတိယအစ်ကိုလေ..သူလည်း ဒီနှစ် နွေဦးပွဲတော်မှာအိမ်ကို ပြန်လာမလို့တဲ့၊

ကြည့်ရတာ ဒီနှစ်ကတော့ မိသားစုဝင်တွေအားလုံး စုံစုံလင်လင်နဲ့ ပြန်ဆုံရမဲ့ နှစ်တစ်နှစ် ဖြစ်လာလိမ့်မယ် ထင်တယ်”

“ဒါဆို ကျွန်မတို့ ပြန်ရောက်တဲ့အချိန်ကျရင် ဘယ်မှာတည်းခိုကြမလဲ”

လီရှန်းအနေဖြင့် အစပိုင်းတွင် ဝမ်းသာမိခဲ့သော်လည်း ပြန်လည်တွေးတောမိခဲ့၏။

စုဝေ့ယန်၏ မိသားစုလည်း ပြန်လာကြမည်ဖြစ်ပြီး သူတို့၏ သားသုံးဦးလုံးကလည်း ကြီးပြင်းလာခဲ့ကြလေပြီ။

ထို့အပြင် သူတို့၌ ချီစုန့်လည်း ရှိနေသေးသည် မဟုတ်ပါလား။

အိမ်သို့ ပြန်ရန် လွယ်ကူသော်လည်း တည်းခိုနေထိုင်ရန်အတွက်က နေရာ ခက်ခဲနေခဲ့သည်။

*

All Chapters