အခန်း ၃၇၉
Vol. 38 Ch. 379
အခန်း(379)
လီရှန်း : “ကျွန်မရဲ့ အဘိုးတို့အိမ်မှာတည်းခိုရင်ရော ဘယ်လိုလဲ”
တုန်ယွမ်ရှိ အဆောက်အအုံဝင်းလေးတွင် ထိုအဘိုးအိုနှင့် အဘွားအို ဇနီးမောင်နှံနှစ်ဦးတည်းသာ နေထိုင်ကြသည်။
“မဖြစ်ဘူး၊ ကိုယ်တို့ သူတို့ဆီကို သွားနှုတ်ဆက်တာပဲ လုပ်ကြတာပေါ့၊ အဲဒီမှာ သွားပြီး တည်းခိုနေရင် သူတို့ကို အနှောင့်အယှက် ဖြစ်စေလိမ့်မယ်၊
ပြီးတော့ ကိုယ်တို့ရှိနေတဲ့ အဲဒီနှစ်ပတ်အတွင်းမှာ အရမ်း စည်ကားနေမှာလေ၊ ကိုယ်တို့ ပြန်သွားတဲ့အချိန်ကျရင် အဘိုးအနေနဲ့ ဒီလိုအပြောင်းအလဲကို ခံနိုင်ရည်မရှိမှာကို ကိုယ် စိုးရိမ်မိတယ်”
အမြဲတစေတိတ်ဆိတ်ငြိမ်သက်နေခြင်းက ကိစ္စမရှိသော်လည်း စည်ကားသိုက်မြိုက်နေပြီးနောက် ပြန်တိတ်ဆိတ်သွားသော ခံစားချက်မျိုးက ခံနိုင်ရည်ရှိရန် အခက်ခဲဆုံးပင်။
ထို့ကြောင့် ထိုနေရာသို့ တစ်ခါတရံမှသာ သွားရောက်လည်ပတ်ခြင်းက ကောင်းမွန်သည်။
လီရှန်းလည်း ထိုစကားက အဓိပ္ပာယ်ရှိသည်ဟု တွေးတောမိလိုက်လေ၏။
သူတို့က လူကြီးမိဘများကို အနှောင့်အယှက် မပေးသင့်ကြပေ။
“ကျွန်မတို့ ပြန်ရောက်တဲ့အချိန်ကျရင် တည်းခိုဖို့ နေရာတစ်ခုတော့ လိုအပ်တယ်”
ဒါမှမဟုတ် ကိုယ်တို့ အိမ်ရာဝင်းတစ်ခုလောက် ဝယ်လိုက်ရင်ရော ဘယ်လိုလဲ”
လီရှန်းအနေဖြင့် နင်ပြည်နယ်၏ မကြာသေးမီ နှစ်များအတွင်း တိုးတက်ပြောင်းလဲလာမှုများကို တွေးတောမိလိုက်၏။
ထိုနေရာတွင် ပုဂ္ဂလိက စက်ရုံများ မိုးရွာပြီးနောက် ပွင့်လာသည့် မှိုများကဲ့သို့ ပေါ်ထွက်လာကြသည်။
ထို့အပြင် နင်ပြည်နယ်က ယန်ဇီမြစ်၊ ပင်လယ်ထွက်ပေါက်နှင့် လေဆိပ်တို့ ရှိနေသောကြောင့် ကောင်းမွန်သော ပထဝီဝင်အနေအထားရှိလေသည်။
ထို့ကြောင့် နင်ပြည်နယ်က နောက်ပိုင်းတွင် ကြီးမားသော တိုးတက်မှုများ ရှိလာပေလိမ့်မည်။
ထို့ကြောင့် အဆောက်အအုံဝင်းငယ်တစ်ခုကို ဝယ်ယူထားခြင်းက လုံးဝ ဆုံးရှုံးနိုင်စရာ မရှိပေ။
ထို့အပြင် ဤနှစ်နှစ်တာကာလများအတွင်း၌ အဆောက်အအုံဝင်းများကို အလွန် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်လေ၏။
ပြုပြင်ပြောင်းလဲမှုများနှင့် တံခါးဖွင့်ဝါဒကိုကျင့်သုံးပြီးနောက် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပူးပေါင်းလာခဲ့သည်။
ထို့ကြောင့် မည်သည့်အကြောင်းကြောင့်မသိဘဲ ပြည်ပသို့ ရွှေ့ပြောင်းအခြေချခြင်း လှိုင်းလုံးကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
အကယ်၍ မိသားစုတစ်ခုတွင် ပြည်ပတွင် ဆွေမျိုးတစ်ဦးလောက် ရှိနေပါက သူတို့က ပြည်ပသို့ သွားရောက်နိုင်ရန် နည်းလမ်း ရှာဖွေတတ်ကြလေ၏။
ထိပ်တန်းကျောင်းသား၊ ကျောင်းသူများကပင် သူတို့၏ နိုင်ငံထဲ၌ လေးစားခြင်းခံရသော သုတေသနပညာရှင်များအဖြစ် နေထိုင်ရခြင်းထက် ပြည်ပနိုင်ငံများတွင် စားပွဲထိုး သို့မဟုတ် ပန်းကန်ဆေးသမားအဖြစ် လုပ်ကိုင်ရန်ကိုသာ ပိုမိုရွေးချယ်လာကြသည်။
လီရှန်းအနေဖြင့် ဤလုပ်ရပ်ကို စက်ဆုပ်မိသော်လည်း ထိုကဲ့သို့သော အခြေအနေများကို အခွင့်ကောင်းယူနိုင်ခဲ့သည်။
ကျန်းရိကော်ထံတွင် အကြွေးတင်ခဲ့သော ယွမ်သုံးသောင်းကိုတော့ စုဝေ့ချင်း တက္ကသိုလ် ဒုတိယနှစ်သို့ ရောက်နေသည့် အချိန်ကတည်းက အပြီးတိုင် ဆပ်နိုင်ခဲ့၏။
မကြာသေးမီ နှစ်များအတွင်း ကျန်းကျိက နွေရာသီရောက်တိုင်း ကုသမှုခံယူရန်အတွက် ပေကျင်းမြို့သို့ လာရောက်လေ့ရှိသည်။
သူ၏ ဝက်ရူးပြန်ရောဂါက လုံးဝ ပျောက်ကင်းရန်ကုသ၍ မရနိုင်သေးသော်လည်း သူ ကြီးပြင်းလာသည်နှင့်အမျှ ရောဂါလက္ခဏာများက အတော်ပင် လျော့ပါးသက်သာလာခဲ့၏။
ထို့အပြင် သူက စုဝေ့ချင်း၏ တပည့်တစ်ဦးဖြစ်လာခဲ့ပြီး ဆောင်းပါးများ ရေးသားနည်းကိုလည်း လေ့လာသင်ယူခဲ့သည်။
ထိုကလေးငယ်က ဥာဏ်ကောင်းပြီး အရာအားလုံးကို လျင်မြန်စွာ နားလည်သဘောပေါက်နိုင်၏။
မကြာသေးမီ နှစ်များအတွင်း သူက ကလေးသူငယ်သင်ကြားရေး သတင်းစာများတွင် ဆောင်းပါးတစ်စောင်၊ နှစ်စောင်ခန့် ထုတ်ဝေ ဖြန့်ချိနိုင်ခဲ့လေပြီ။
ဆောင်းပါးတစ်စောင် ထုတ်ဝေရတိုင်း သူက ထိုစာသားများကို သေသေချာချာ ညှပ်ယူ၍ကာ သိမ်းဆည်းလေ့ရှိသည်။
သူက တစ်စောင်ကို စုဝေ့ချင်းထံသို့ ပေးပို့ပြီး တခြားတစ်စောင်ကို သူ၏ ကိုယ်ပိုင်စုဆောင်းမှုအဖြစ် သိမ်းဆည်းထားလေ့ရှိ၏။
သူ၏ ပထမဦးဆုံးသော စာမူခကို ရရှိပြီးနောက် သူက ကျန်းရိကော်အတွက် သားရေခါးပတ်တစ်ခု ဝယ်ယူပေးခဲ့လေသည်။
ကျန်းရိကော်အနေဖြင့် မျက်ရည်ကျရလောက်သည်အထိ စိတ်လှုပ်ရှားသွားခဲ့ရ၏။
ကျန်းရိကော်၏ စိတ်နှလုံးထဲတွင် သူ၏မြေးဖြစ်သူထံတွင် အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် နည်းလမ်းတစ်ခု ရှိနေခြင်းက တခြားအရာအားလုံးထက် ပိုမိုအရေးကြီးပုံရသည်။
ကျန်းရိကော်၏ အကြွေးများကို ဆပ်ပြီးနောက်တွင်လည်း သူတို့ဇနီးမောင်နှံနှစ်ဦးက အားလပ်စွာနေထိုင်ခြင်းမရှိကြပေ။
သူတို့က စီးပွားရေးလုပ်ငန်းများကို မလုပ်ကိုင်တတ်သကဲ့သို့ ငွေကြေးကို မည်သို့ လှည့်ပတ်၍အသုံးချရမည်ကို မသိရှိပေ။
သို့သော် ပေကျင်းမြို့က မြို့တော်တစ်ခု ဖြစ်သည့်အတွက် နောက်ပိုင်းတွင် သေချာပေါက်စည်ကားဝပြောလာလိမ့်မည်ကို သိရှိကြသည်။
ထို့ကြောင့် ထိုပြည်ပရွှေ့ပြောင်းမှု လှိုင်းလုံးကြီးကို အခွင့်ကောင်းယူလျက် ထိုဇနီးမောင်နှံနှစ်ဦးက အိမ်ရာပိုင်ဆိုင်မှုအမြောက်အမြားကို ဝယ်ယူခဲ့ကြ၏။
သူတို့က နန်းတော်ပြတိုက်ဟောင်း ၏အနီးရှိ အဆောက်အအုံဝင်းများနှင့် အသစ်တည်ဆောက်ထားသော ဗီလာအိမ်ရာများကို ပိုင်ဆိုင်ထားကြလေပြီ။
နောက်ဆုံးတွင် သူတို့၌ ပိုလျှံသော လက်ကျန်ငွေဟူ၍ပင် မရှိတော့ပေ။
စုဝေ့ချင်း၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကလည်း အောင်မြင်စွာ တိုးတက်လာခဲ့သည်။
သူက စာအုပ်သုံးအုပ်ကို ထုတ်ဝေပြီးနောက် ရုပ်ရှင်ဒါရိုက်တာတစ်ဦးက သူ၏ ဆောင်းပါးတစ်ပုဒ်ကို သဘောကျနှစ်သက်သွားခဲ့၏။
ထိုဒါရိုက်တာက သူ့ထံသို့ ကိုယ်တိုင် လာရောက်လည်ပတ်ခဲ့ပြီးနောက် ထိုဆောင်းပါးကို ဝယ်ယူကာ ရုပ်ရှင်ဇာတ်ညွှန်းတစ်ခုအဖြစ် ပြောင်းလဲဖန်တီးခဲ့သည်။
ဤသည်ကို အနုပညာရုပ်ရှင်တစ်ကားအဖြစ် ရိုက်ကူးထုတ်လုပ်ကာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များသို့ ပေးပို့ပြီး ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်နေပုံရ၏။
သေချာပေပြီ။ ထိုရုပ်ရှင်များက ကြီးမားသော ရုပ်ရှင်ပွဲတော်ကြီးများတွင်ပါဝင်ရန် အရည်အချင်းမပြည့်မီသေးဘဲ အာရှရုပ်ရှင်ပွဲတော်များသို့သာ ဝင်နိုင်ခဲ့သည်။
သို့သော် နိုင်ငံတကာအဆင့်သို့ တက်လှမ်းနိုင်ခြင်းကပင် အလွန် ကြီးမားသော ခြေလှမ်းတစ်လှမ်း ဖြစ်လေ၏။
“ကောင်းပြီလေ၊ ကျွန်မ ကျွန်မရဲ့ ဦးလေးဆီကို ဖုန်းဆက်လိုက်မယ်”
လီရှန်းက ချက်ချင်းပင် သတင်းစာအရောင်းဆိုင်ဆီသို့ သွားခဲ့လေ၏။
မည်သည့်အချိန်တွင် စတင်ခဲ့သည်ကို မည်သူကမျှ မသိရှိကြသော်လည်း ပေကျင်းမြို့၏ လမ်းမများနှင့် လမ်းကြားအမြောက်အမြားတွင် သတင်းစာအရောင်းဆိုင်လေးများကို တိတ်တဆိတ် ပွင့်လှစ်လာခဲ့ကြ၏။
ဤသတင်းစာဆိုင်လေးများက သတင်းစာများကိုသာ ရောင်းချခြင်း မဟုတ်ကြဘဲ မုန့်များနှင့် စီးကရက်များကိုပါ ရောင်းချကြသည့်အပြင် ဖုန်းလည်း ဆက်သွယ်နိုင်ကြသည်။
သို့သော် ဖုန်းခေါ်ဆိုခက အနည်းငယ် ဈေးကြီးလွန်း၏။
ကျန်းကျူးရိတစ်ယောက် လီရှန်းက အိမ်သို့ ပြန်လာချိန်တွင် အိမ်၌ မနေထိုင်ကြဘဲ အဆောက်အအုံဝင်းတစ်ခု ဝယ်ယူချင်နေကြသည့်အတွက် အလွန်မကျေမနပ်ဖြစ်နေခဲ့သည်။
သို့သော် လီရှန်းက စကားတစ်ခွန်းတည်းဖြင့် သူ၏ ပါးစပ်ကို ပိတ်သွားစေခဲ့၏။
“ဦးလေး.. တကယ်လို့ ဝေ့ချင်းနဲ့ ကျွန်မနဲ့ အသက်ကြီးလာတဲ့အချိန် ဒီခရိုင်မြို့လေးကို ပြန်လာပြီး နေချင်တယ်ဆိုရင်ရော၊
ကျွန်မတို့က ဆွေမျိုးတွေအိမ်မှာပဲ အမြဲ သွားပြီးတော့ နေလို့မရဘူးလေ၊
ကျွန်မတို့မှာ ကိုယ်ပိုင်နေရာတစ်ခု ရှိဖို့ လိုအပ်တာပဲ၊ ပြီးတော့ အခုအချိန်မှာ အိမ်ဈေးတွေက အရမ်းကို သက်သာနေတာ.. ဘာလို့ မဝယ်ဘဲ နေရမှာလဲ၊ သားသမီးတစ်ဦးတည်းပဲ ယူရမယ်ဆိုတဲ့ မူဝါဒထွက်လာတာ နှစ်နည်းနည်းပဲ ရှိသေးတာ၊
အဲဒီမတိုင်ခင်တုန်းက မိသားစုတိုင်းမှာ သားသမီး ခုနစ်ယောက်၊ ရှစ်ယောက်လောက် ရှိခဲ့ကြတယ်၊ ဒီအိမ်က နောင်တစ်ချိန်ကျရင် နေရာကျပ်နေတော့မှာလေ၊
အဲဒီအချိန်ကျမှ ဝယ်မယ်ဆိုရင်တော့ ဈေးသက်သက်သာသာနဲ့ ရတော့မှာ မဟုတ်ဘူး”
ထိုစကားကို ကြားရသည့်အချိန်တွင် ကျန်းကျူးရိလည်း စတင်တွေးတောလာသည်။
“နောက်ပိုင်းကျရင် တကယ်ပဲ ဈေးကြီးလာမှာလား”
“ဒါပေါ့၊ ဦးလေးလည်း မြင်တဲ့အတိုင်းပဲ၊ ဒီနှစ်နှစ်အတွင်းမှာ ကျွန်မတို့ရဲ့ လစာတွေ ဘယ်လောက်တောင် တိုးလာခဲ့လဲ၊ ကျွန်မတို့ ပေကျင်းမှာ ဒါတွေကို အားလုံးကိုမြင်တွေ့ခဲ့ရပြီးပြီ၊
ကျွန်မရဲ့ အကြီးဆုံးအစ်ကိုနဲ့ ဒုတိယအစ်ကိုတို့က စစ်တပ်ထဲမှာ ရှိနေကြပေမဲ့ သူတို့လည်း တစ်နေ့ကျရင်တော့ ပြန်လာလည်ပတ်ကြမှာပဲ၊
ပိုင်မားခရိုင်က ကျွန်မတို့ရဲ့ နေရပ်ဇာတိလေ၊ ကျွန်မတို့မှာ အိမ်ရှိနေသရွေ့တော့ ဒီမှာပဲနေချင်မှာပေါ့
တကယ်လို့ ဦးလေးမှာလည်း ငွေပိုတွေရှိနေမယ်ဆိုရင် ကျန်းချောင်နဲ့ သူရဲ့အစ်ကိုနှစ်ယောက်အတွက် အိမ်တစ်လုံးစီ ဝယ်ပေးထားတာ အကောင်းဆုံးပဲ”
ထိုဇနီးမောင်နှံနှစ်ဦးက တက္ကသိုလ်သို့ တက်ရောက်ခွင့် ရရှိခဲ့သည့် အချိန်မှစ၍ လူကြီးမိဘများသည်လည်း သူတို့၏ အကြံပြုချက်များကို အလေးအနက်ထားကာ နားထောင်တတ်လာခဲ့ကြသည်။
စာပေတတ်မြောက်ခြင်းက အကျိုးကျေးဇူး အမြောက်အမြားကို သယ်ဆောင်လာပေးတတ်၏။
ဖုန်းချလိုက်ပြီးနောက်တွင် ကျန်းကျူးရိက အိမ်ဝယ်ယူမည့် ကိစ္စကို သေသေချာချာ မှတ်သားထားလိုက်လေသည်။
သူက ဖန်ချင်းကို ထိုအကြောင်းကို ထုတ်ဖော်မပြောသေးဘဲ တစ်ယောက်တည်း ညလုံးပေါက်တွေးတောနေခဲ့၏။
နောက်တစ်နေ့မနက်တွင် သူက ရဲစခန်းသို့ သွားကာ ယန်အန်းကော်ကို ရှာဖွေခဲ့သည်။
ဤယောက်ဖဖြစ်သူက မိသားစုထဲ၌ ဥာဏ်အကောင်းဆုံးပင်။
သူက တစ်ဖက်လူ၏ အမြင်များကို နားထောင်ချင်ခဲ့သည်။
ယန်အန်းကော်နှင့် ကျန်းဟုန်မေ့တို့တွင် သားနှစ်ဦး ရှိလေသည်။
သူတို့အနေဖြင့် ယခင်က ရဲစခန်း၏ ဝင်းထဲ၌ နေထိုင်ခဲ့ကြ၏။
ထိုအိမ်က ယခင်ကတော့ အတော်လေးပင် ကျယ်ဝန်းလွန်းသည်ဟု ထင်မြင်ခဲ့ရသည်။
သို့သော် ကလေးများ ကြီးပြင်းလာသည့်အချိန်တွင် ထိုအိမ်က ကျုံ့ဝင်သွားသကဲ့သို့ ဖြစ်လာခဲ့ရပြီး တဖြည်းဖြည်းနှင့် ကျဉ်းမြောင်းလွန်းသည်ဟု ခံစားလာရ၏။
ကျန်းကျူးရိက သူ၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောပြလိုက်သည့်အချိန်တွင် ယန်အန်းကော်လည်း ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့ရသည်။
“ဒါက ရှန်းရှန်းပြောခဲ့တာလား”
သူက ကျန်းကျူးရိကို မေးမြန်းလိုက်လေ၏။
“ကျွန်တော်ကတော့ ပေကျင်းမှာ ရှိတဲ့လူတွေက အိမ်နေရာအတွက် အပြင်းအထန် ခံစားနေကြရတာဖြစ်မယ်ထင်တယ်၊
ကျွန်တော်တို့က ပေကျင်းနဲ့ ဝေးနေတော့ မူဝါဒတွေ ကျွန်တော်တို့ဆီကို ရောက်လာတဲ့အချိန်ဆိုရင် အဲဒီနေရာမှာ အကောင်အထည်ဖော်ပြီးသား ဖြစ်နေပြီလေ၊
ကျွန်တော်ကတော့ ရှန်းရှန်း ပြောတာ ကိုလက်ခံသင့်တယ်ထင်တယ်၊ ကလေးတွေက ကြီးပြင်းလာကြပြီဆိုတော့ ကျွန်တော်တို့လို လူကြီးတွေအနေနဲ့ သူတို့ငယ်ငယ်တုန်းကလိုမျိုး အားလုံးကို အတူ စုစည်းပြီး ထားလို့မရတော့ဘူး၊
သူတို့ကို မိသားစု တစ်ခုစီအဖြစ် အစောကြီးကတည်းက ခွဲခြားပေးထားတာက ပိုပြီးတော့ ကောင်းမွန်လိမ့်မယ်၊
‘အကွာအဝေးတစ်ခု ရှိနေတာက သံယောဇဉ်ကို ပိုမိုတိုးပွားစေသလို အမြဲတမ်းအတူရှိနေရင်လည်း ရန်သူတွေ ဖြစ်သွားကြတယ်’ဆိုတဲ့စကားလိုပေါ့”
သို့သော် အိတ်ကပ်ထဲ၌ ငွေကြေးအပြည့်အစုံ ရှိနေသူများသာလျှင် ထိုကဲ့သို့ တွေးတောရဲကြလိမ့်မည်။
ယန်အန်းကော်အနေဖြင့် ကျန်းကျူးရိ၏ စကားများက အဓိပ္ပာယ်ရှိသည်ဟု ခံစားမိလိုက်လေသည်။
ကလေးများက ကြီးပြင်းလာကြသည်နှင့်အမျှ သူတို့၌ ကိုယ်ပိုင်လျှို့ဝှက်ချက်ငယ်လေးများ ရှိလာကြလေ၏။
အကယ်၍ သူတို့ကို အခန်းတစ်ခန်းစီ သီးသန့်ခွဲခြားပေးရမည်ဆိုလျှင် အိမ်၌ အခန်းအလုံအလောက် ရှိမနေပေ။
သို့သော် အခန်းမခွဲဘဲ ထားပါကလည်း ထိုညီအစ်ကိုနှစ်ဦးက အဆင်ပြေသည့်အချိန်တွင် ကောင်းသော်လည်း အဆင်မပြေဘဲ သဘောထားကွဲလွဲသည့် အချိန်မျိုးတွင် တစ်ဦး၏မျက်နှာကို တစ်ဦးက လုံးဝ မမြင်ချင်ဘဲနေလိမ့်မည်။
“မင်းပြောတာ မှန်တယ်၊ မနက်ဖြန် ငါ့ရဲ့အလုပ်ပိတ်ရက်ဆိုတော့ ငါတို့ အိမ်ရာတွေလိုက်ကြည့်ကြတာပေါ့”
ယန်အန်းကော်က သူ၏ စီးကရက်ကို ခပ်ပြင်းပြင်းရှိုက်ဖွာကာ ခေါင်းညိတ်လိုက်သည်။
*