အခန်း ၃၈၀
Vol. 38 Ch. 380
အခန်း(380)
“ကောင်းပြီလေ၊ ဘာပဲဖြစ်ဖြစ် ငါလည်း ငွေနည်းနည်းလောက်စုဆောင်းထားတာတော့ရှိနေတာပဲ”
ကျန်းကျူးရိက ပွင့်လင်းဖြောင့်မတ်သောလူတစ်ဦး ဖြစ်လေ၏။
သူ၏စိတ်ထဲတွင် ဆုံးဖြတ်ချက်ချပြီးပါက တခြားမည်သည့်အရာကိုမျှ ထပ်မံတွေးတောခြင်း မရှိတော့ပေ။
ထို့နောက် သူက ယန်အန်းကော်ထံမှ ဖုန်းဖြင့် ကျန်းကျူးပင်းထံသို့ ဖုန်းဆက်ကာ ထိုအကြောင်းကို ပြောပြလိုက်လေ၏။
ကျန်းကျူးပင်းကလည်း သူ၏ ဇာတိတွင် နေထိုင်နိုင်ရန်အတွက် အိမ်တစ်လုံးရှိလာမည်ကို သေချာပေါက် စိတ်ဝင်စားသည်။
လီရှန်း ပြောခဲ့သကဲ့သို့ပင်...
အသက်ကြီးလာသည့်အချိန်တွင် ဆွေမျိုးများ၏ အိမ်၌သာ အမြဲတစေ နေထိုင်နိုင်ရန်မဖြစ်နိုင်ပေ။
သူတို့၌ ကိုယ်ပိုင်နေရာတစ်ခုရှိနေရန်လည်း လိုအပ်လေသည်။
ထို့ကြောင့် ညီအစ်ကိုများက ကျန်းရှင်းမင်ကိုမေးမြန်းရန်သာလိုတော့သည်။
“ငါကတော့ တတိယညီရဲ့မိသားစုမှာ အခက်အခဲတချို့ရှိနေမယ်ထင်တယ်”
ကျန်းကျူးရိက အနည်းငယ် စိုးရိမ်ပူပန်သောလေသံဖြင့် ပြောလိုက်လေသည်။
ချန်ဖန်း၏ မိသားစုဝင်များအားလုံးက ဆရာ၊ ဆရာမများ ဖြစ်ကြသောကြောင့် သူတို့၏ မိသားစု အဆင့်အတန်းက မြင့်မားလာခဲ့လေ၏။
သို့သော် သူတို့၏ ငွေကြေးအခြေအနေက အတော်လေး ဆင်းရဲနွမ်းပါးနေဆဲပင်။
ချန်ဖန်းက သူ၏ မိဘများ၏ အိမ်ဘက်သို့ ငွေကြေးထောက်ပံ့ပေးကူညီလေ့ရှိ၏။
ထို့အပြင် သူမနှင့် သူမ၏ ခင်ပွန်းတွင် သားနှစ်ဦးသာရှိလေသည်။
သူတို့က အတော်လေး ကောင်းမွန်သောဘဝဖြင့် ရှင်သန်နေထိုင်နိုင်သည်။
သို့သော် အဆောက်အအုံဝင်းတစ်ခုကို ဝယ်ယူနိုင်ရန်အတွက်တော့ ငွေကြေးအပိုရှိနေကြလိမ့်မည် မဟုတ်ပေ။
“သူတို့ကို အရင်မေးကြည့်ရအောင်၊ သူတို့ ဝယ်ချင်လား၊ မဝယ်ချင်ဘူးလားဆိုတာကတော့ သူတို့သဘောပဲလေ”
အကယ်၍ သူတို့ကို မမေးမြန်းဘဲ ချန်လှစ်ထားခဲ့ပါက ချန်ဖန်းအနေဖြင့် သိရှိသွားသည့်အချိန်တွင် စိတ်မပျော်မရွှင် ဖြစ်ပေလိမ့်မည်။
ဤခယ်မဖြစ်သူက အတော်လေး စိတ်သဘောထား သေးသိမ်သည်ပင်။
“ဒါလည်း ဟုတ်တာပဲ”
ကျန်းကျူးရိက ထိုအကြောင်းကို ထပ်မံမတွေးတော့ဘဲ အိမ်သို့သာ ပြန်လာခဲ့လေတော့သည်။
ကျန်းရှင်းမင်မီာ မကြာသေးမီ နှစ်များအတွင်း အလုပ်အကိုင် အဆင်ပြေသော်လည်း သူ၏ ဇနီးသည်ဘက်မှ ဆွေမျိုးများက သူ့ကို ဆွဲချနေခဲ့ကြသည်။
သူ့၏ အစ်ကိုနှင့် ယောက်ဖဖြစ်သူတို့က အိမ်ဝယ်ယူကြတော့မည် ဖြစ်ကြောင်းကို သိရှိရသည့်အချိန်တွင် ကျန်းရှင်းမင်အနေဖြင့် အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားခဲ့ရ၏။
သွေးသားဆွေမျိုးများက အတူတကွ ဝယ်ယူကြမည်ဖြစ်၍ သေချာပေါက် နယ်မြေတစ်ခုတည်းကိုသာ ရွေးချယ်ကြပေလိမ့်မည်။
ထိုသို့ဆိုလျှင် သူတို့၏ ပတ်ဝန်းကျင်၌ ဆွေမျိုးများဖြင့် ဝန်းရံနေပေလိမ့်မည်။
တံခါးဖွင့်ထားသည့် အချိန်တွင် မိသားစုကြီးတစ်ခုကဲ့သို့ ဖြစ်နေမည်ဖြစ်သည်။
တံခါးပိတ်ထားလိုက်သည့် အချိန်တွင်တော့ မိသားစုငယ်တစ်ခုကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ထိုသို့နေထိုင်ခြင်းက ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်အတွက် ဖြစ်စေ စိတ်ကျေနပ်စရာ ကောင်းပေသည်။
သူလည်း သူ၏ ညီအစ်ကိုများနှင့်အတူ နေထိုင်လိုသည်။
ကံဆိုးစွာဖြင့် သူ၏ လက်ထဲတွင် လိုအပ်သော ငွေကြေး လုံးဝ ရှိမနေသောကြောင့် စိတ်ဆန္ဒရှိသော်လည်း မတတ်နိုင်ခဲ့ပေ။
“ကျွန်တော့်မိသားစုအတွက်တော့ ထားလိုက်ပါတော့ အကြီးဆုံးအစ်ကို၊ အကြီးဆုံးအစ်ကိုလည်း ကျွန်တော့်ရဲ့ အခြေအနေကို သိတာပဲလေ”
ကျန်းရှင်းမင်၏ မျက်နှာတစ်ခုလုံးက တွန့်ဆုတ်သည့် အမူအရာဖြင့် ပြည့်နေလေသည်။
ဤအခြေအနေက ကျန်းကျူးရိကို အလွန်စိတ်မကောင်း ဖြစ်သွားစေခဲ့၏။
မိသားစုအားလုံးထဲတွင် ကျန်းရှင်းမင်၏ မိသားစုက ရှင်သန်ရအခက်ခဲဆုံး ဖြစ်သည်။
သူက စိတ်မကောင်းစွာဖြင့် ပြောလိုက်လေ၏။
“ဒါဆိုရင် ငါတို့အားလုံး စုပေါင်းပြီး မင်းကို အရင်ဆုံး ငွေနည်းနည်းလောက်ချေးပေးရင်ရော ဘယ်လိုလဲ”
ကျန်းရှင်းမင်က ပို၍ စိတ်လှုပ်ရှားသွားခဲ့ရသည်။
သို့သော် အသိစိတ်က သူ့ကို တားဆီးလိုက်သောကြောင့် ခေါင်းကို ခါယမ်း၍ ငြင်းပယ်လိုက်၏။
“မဖြစ်ဘူး၊ ကျွန်တော် အချိန်တိုအတွင်းမှာ အဲဒီငွေတွေကို ပြန်မဆပ်နိုင်လောက်ဘူး”
ကျန်းကျူးရိက သူ၏ ညီငယ်အပေါ် အနည်းငယ် စိတ်ပျက်သွားရသည်။
သို့သော် ယခုအချိန်တွင် သူ၏ ညီငယ်က အသက်အရွယ် ရရှိလာခဲ့ပြီဖြစ်ပြီး မိသားစုကို ဦးဆောင်နေသူလည်း ဖြစ်လေသည်။
သူက အကြီးဆုံးအစ်ကိုတစ်ဦး အနေဖြင့် ညီဖြစ်သူ၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိတော့ပေ။
သူက အနည်းငယ် ပြတ်သားသော လေသံဖြင့် ပြောလိုက်လေသည်။
“မင်းဘာသာမင်း ဆုံးဖြတ်ချက်ချပေါ့၊ သေသေချာချာ တွေးတောပြီးမှ ဆုံးဖြတ်လိုက်”
ထိုသို့ပြောဆိုပြီးနောက် ထိုင်ရာမှထကာ ထွက်ခွာသွားခဲ့လေတော့၏။
ကျန်းရှင်းမင်သည်လည်း အိမ်တစ်လုံးကို ဝယ်ချင်ခဲ့လေသည်။ ထို့အပြင် သူက သူ၏ အကြီးဆုံးအစ်ကိုကဲ့သို့ ရာထူးအာဏာ မရှိပေ။
သူက အရာရှိများ၏ အိမ်ရာဝင်းတွင် နေထိုင်ခွင့်မရှိသောကြောင့် အငှားအိမ်ရာ အဆောက်အအုံတွင်သာ နေထိုင်နိုင်ခဲ့သည်။
သူတို့မိသားစုဝင် လေးဦးလုံးအတွက် စုစုပေါင်း စတုရန်းမီတာသုံးဆယ်မျှသာ ရှိသည်။
သူ၏ သားသမီးများက ဤကဲ့သို့သော နေအိမ်မျိုးတွင် အိမ်ထောင်ပြုမည်ကို တွေးတောမိတိုင်း သူက အသက်ရှူကျပ်မတတ် ခံစားရလေ၏။
ထိုညတွင် သူက အိမ်သို့ ပြန်ရောက်သည့်အချိန်တွင်တော့ ပထမဦးဆုံးအကြိမ်အဖြစ် ချန်ဖန်းကိုအေးစက်သော မျက်နှာဖြင့် ကြည့်ရှုလိုက်လေသည်။
ချန်ဖန်းအနေဖြင့်လည်း မည်သည့်အရာကိုမှ မပြောရဲခဲ့ပေ။
သူမအနေဖြင့်လွန်ခဲ့သော နှစ်များစွာအတွင်း သူမ၏ မိဘအိမ်ဘက်သို့ ကူညီပံ့ပိုးပေးခဲ့သော ငွေကြေးများက အတော်လေးများပြားခဲ့သည်။
ထိုငွေကြေးက အဆောက်အအုံဝင်းတစ်ခုကို ဝယ်ယူရန်အတွက်ပင် လုံလောက်ပေ၏။
သို့သော် သူမ၏ မိသားစုဝင်များက ထိုငွေကြေးများနှင့် ပတ်သက်၍တစ်ကြိမ်တစ်ခါမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိကြပေ။
ထို့အပြင် ထိုငွေကြေးများကို ပြန်ဆပ်ရန်လည်း လုံးဝ မတွေးတောခဲ့ကြပေ။
သူမ အလွန်ပင် စိုးရိမ်ပူပန်ရသောကြောင့် တစ်ညလုံး မအိပ်နိုင်ဘဲ ဖြစ်နေခဲ့ရတော့၏။
ကျန်းရှင်းမင်နှင့် သူ၏ဇနီးတို့ကြားတွင် ဖြစ်နေသော ကိစ္စများက ပေကျင်းမြို့တွင်နေထိုင်နေကြသော မိသားစုဝင် သုံးဦးအပေါ်တွင်တော့ သက်ရောက်မှု မရှိခဲ့ပါချေ။
စုရှောင်လော်၏ သုတေသနပရောဂျက်က ပြီးဆုံးသွားခဲ့ပြီဖြစ်သောကြောင့် အနားယူရန်အတွက် အိမ်သို့ စောစောပြန်လာခဲ့လေသည်။
သူမ၏ကိုယ်ရံတော် ချီစုန့်မှာတော့ အဆောက်အအုံဝင်း၏ အရှေ့ဘက်ဆောင်တွင် နေထိုင်၏။
အသက်ရှစ်နှစ်အရွယ်ရှိပြီဖြစ်သော စုရှောင်လော်က ကလေးငယ်တစ်ဦး၏ အသွင်သဏ္ဌာန်များ စတင်ပျောက်ကွယ်လာခဲ့ပြီ ဖြစ်သည်။
သူမက မိန်းမပျိုကလေးတစ်ဦးအဖြစ်သို့ ကြီးပြင်းလာခဲ့လေ၏။
သူမ၏ ပါးပြင်မှ ကလေး အဆီလေးများ လျော့ပါးသွားခဲ့ပြီး ပို၍ပင်လှပလာခဲ့သည်။
သူမ၏ ဆံနွယ်များက နက်မှောင်ကာ အသားအရေက ဆီးနှင်းကဲ့သို့ ဖြူစင်ပြီး နှုတ်ခမ်းအစုံကလည်း နီရဲနေခဲ့လေသည်။
သူမက ပုံပြင်ထဲမှ စနိုးဝှိုက်ကဲ့သို့ လှပသည်။
စုရှောင်လော်ကို ကာကွယ်စောင့်ရှောက်ပေးရသော ချီစုန့်တွင်လည်း ညီမတစ်ဦး ရှိလေသည်။
သို့သော် ညီမဖြစ်သူ၏ ကြမ်းတမ်းလွန်းသော အသွင်အပြင်ကို တွေးတောလိုက်မိကာ စုရှောင်လော်၏ နူးညံ့သိမ်မွေ့လွန်းသော အသွင်အပြင်ကို ကြည့်ရှုသည့်အချိန်တွင် သူတို့နှစ်ဦးကို နှိုင်းယှဉ်ရန်ပင် အနည်းငယ် ရှက်ရွံ့မိနေခဲ့သည်။
သူ့အနေဖြင့် သူ၏ ညီမအပေါ် မတရားကြောင်းကိုလည်း ခံစားလိုက်ရ၏။
မည်သို့ပင်ဖြစ်စေ ညီမဖြစ်သူ၏ ဘဝက အလွန်သနားစရာကောင်းလွန်းသည်မဟုတ်ပါလား။
“အစ်ကိုရှောင်တုန်၊ ဒါက မှားနေတယ်”
စုရှောင်လော်က ဝမ်တုန်၏ အိမ်စာထဲမှ မှားယွင်းနေသော အဖြေတစ်ခုကို လက်ညှိုးထိုးပြလိုက်လေ၏။
ဝမ်တုန်တစ်ယောက် ချက်ချင်းပင် ခဲဖျက်ကို ယူလိုက်ပြီးနောက် မှားယွင်းနေသော အဖြေကို ဖျက်ပစ်လိုက်လေသည်။
သူက ယခုအချိန်တွင် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီမှထွက်ခွာခဲ့လေပြီ။
လက်ရှိတွင် စုဝေ့ချင်း၏ အကူအညီဖြင့် နန်းတော်ပြတိုက်ဟောင်းမှ ယဉ်ကျေးမှုအမွေအနှစ်ပြန်လည်ပြုပြင်မွမ်းမံသူ ပညာရှင်ကြီး ကျန်းကျောက်လင်း၏ အလုပ်သင်တစ်တပည့်ဦး ဖြစ်လာခဲ့သည်။
လဝက်ခန့် အလုပ်သင်အဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် သူက အချိန်ပြည့်ဝန်ထမ်းရာထူးသို့ တိုးမြှင့်ခြင်း ခံခဲ့ရလေ၏။
ယခုအချိန်တွင် ကညစ်စာနှင့် ပန်းချီကား ပြန်လည်ပြုပြင်ရေးအဖွဲ့နှင့်အတူ ပရောဂျက်များတွင် လုပ်ကိုင်နေခဲ့သည်။
သို့သော် သူ၏ ပညာအရည်အချင်းက အနည်းငယ် နိမ့်ပါးနေသေး၏။
ထို့ကြောင့် ကျန်းကျောက်လင်းအနေဖြင့် စုဝေ့ချင်းထံသို့ တိတ်တဆိတ်ရောက်လာကာ ဝမ်တုန်ကို အနည်းဆုံး တက္ကသိုလ်အဆင့်အထိ ပညာအရည်အချင်းမြင့်မားလာစေဖို့ စာပေသင်ပေးရန် အကူအညီတောင်းခံခဲ့သည်။
ယခုကဲ့သို့သော ခေတ်ကာလတွင် တက္ကသိုလ်ဘွဲ့လက်မှတ်တစ်ခုက အလွန်တန်ဖိုးကြီးမားလွန်းနေဆဲပင်။
ထို့ကြောင့် ဝမ်တုန်ကလည်း စာပေကို ကြိုးစားပြီး လေ့လာနေခဲ့သည်။
စုရှောင်လော်၏ အမြင်တွင် ဝမ်တုန်က အနည်းငယ်တုံးအသူတစ်ယောက်ကဲ့သို့ဟု ထင်မြင်ရသော်လည်း သူမက အထင်မသေးပေ။
သူ နားမလည်ပါက သူမက သူ့ကို ထပ်မံသင်ပေးလေ့ရှိ၏။
ထို့ကြောင့် လက်ရှိတွင်လည်း သူမက စာအုပ်ကိုယူလိုက်ကာ ထိုပုစ္ဆာကို ဝမ်တုန်အား နောက်တစ်ကြိမ် ပြန်ရှင်းပြလိုက်လေသည်။
စုရှောင်လော်က မှတ်ဉာဏ်ကောင်းမွန်သူဖြစ်၍ သိပ္ပံပညာရပ်များတွင်သာမက လူမှုရေးသိပ္ပံဘာသာရပ်များတွင်လည်း ထူးချွန်ထက်မြက်သည်။
သူမ ငယ်စဉ်အချိန်က စုဝေ့ချင်းက စနစ်အကြံပေးခဲ့သော မျိုးဗီဇပြုပြင်ပြောင်းလဲရေးဆေးရည်ကို ငြင်းပယ်ခဲ့သည်။
သို့သော် စုရှောင်လော်တစ်ယောက် ထိုအကြောင်းကို သိရှိသွားသည့်အချိန်တွင် ချက်ချင်းပင် အသုံးပြုရန် ဆုံးဖြတ်ခဲ့လေ၏။
ထိုလုပ်ငန်းစဉ်က အလွန်နာကျင်ခဲ့ရသည်။
သို့သော် စုရှောင်လော်က လုံးဝ တိတ်ဆိတ်ကာကြံ့ကြံ့ခံနိုင်ခဲ့၏။
ထိုအပြုအမူကြောင့် စနစ်ကိုယ်တိုင်ပင် သူမ၏အပေါ်တွင် သနားမိခဲ့ရသည်။
သူက သူ့ကိုယ်တိုင် စုရှောင်လော်နှင့် အပြီးတိုင် ချိတ်ဆက်ကာ Host အဖြစ် မသတ်မှတ်ခဲ့မိသည်ကိုပင် နောင်တရမိနေခဲ့၏။
သို့မှသာ စုရှောင်လော်အနေဖြင့် သေဆုံးသွားသည့်တိုင်အောင် သူမနှင့်အတူ ကမ္ဘာပေါင်းများစွာသို့ ဆက်လက်သွားနိုင်လိမ့်မည်။
သို့သော် နောက်တစ်ကြိမ် ပြန်တွေးမိပြန်သည်ဝ အကယ်၍ သူ့အနေဖြင့် စုဝေ့ချင်းနှင့်သာ အပြီးတိုင်ချိတ်ဆက်ခြင်း မပြုခဲ့ပါက စုရှောင်လော်ကို မွေးဖွားသန့်စင်နိုင်ခွင့် ရှိမရှိကိုပင် မသိရှိနိုင်ပေ။
စနစ်ကလည်း အနည်းငယ် စိတ်ရှုပ်ထွေးနေရသည်။ စုဝေ့ချင်းအနေဖြင့် တခြားသော ကမ္ဘာများသို့ သွားပြီး တာဝန်များကို ထမ်းဆောင်ရန် အလိုရှိနိုင်ပါမည်လား။
သူက အလွန် ပျင်းရိလွန်းသူ ဖြစ်သည်။
အကယ်၍ သူကိုယ်တိုင် မသွားချင်ပါက စုရှောင်လော်ထံသို့ လွှဲပြောင်းပေးရန်အတွက် သဘောတူညီနိုင်ပါမည်လား။
စနစ်က ဆောင်းရာသီ ကျောင်းပိတ်ရက်သို့ ရောက်ရှိလာသည့်တိုင်အောင် ထိုအကျပ်အတည်းကို တွေးတောနေခဲ့ရလေတော့၏။
ဇနီးမောင်နှံနှစ်ဦးက ပစ္စည်းများကို ရက်အနည်းငယ်မျှ ကြာအောင် သိမ်းဆည်းခဲ့ကြပြီးနောက် ရထားလက်မှတ်များကို ဝယ်ယူခဲ့ကြလေသည်။
ရထားပေါ်သို့ မတက်ရသေးခင် စုဝေ့ချင်းက သတင်းစာအရောင်းဆိုင်ရှိ အများသုံးဖုန်းမှတစ်ဆင့် စုဝေ့မင်ထံသို့ ဖုန်းဆက်သွယ်ခဲ့သည်။
သူက သူတို့ ရောက်ရှိမည့်ရက်နှင့် အချိန်နာရီတို့ကို ပြောခဲ့ပြီးမှ ရထားပေါ်သို့ တက်ခဲ့လေ၏။
ထိုရထားက ယခင်အတိုင်းပင် အရာရှိများအတွက် သီးသန့်အတွဲ ဖြစ်သည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင် ချီစုန့်ရှိနေခဲ့သည့်အပြင် စုရှောင်လော်ကလည်း အသက်အရွယ် ရရှိလာခဲ့ပြီဖြစ်သောကြောင့် လက်မှတ်တစ်စောင်ကို ဝယ်ယူခဲ့ရ၏။
ထိုသို့ဖြင့် အိပ်စင်လေးခုလုံးကို သူတို့လေးယောက်လုံးသုံးခဲ့ကြသည်။
အရာရှိများအတွက် ရထားတွဲက အလွန် တိတ်ဆိတ်ငြိမ်သက်နေခဲ့လေသည်။ ထို့ကြောင့် သူတို့ လေးဦးလုံးက လမ်းခရီးတစ်လျှောက်တွင် ကောင်းမွန်စွာ အနားယူနိုင်ခဲ့ကြသည်။
ထို့ကြောင့် အိမ်သို့ရောက်ရှိသည့် အချိန်တွင် အနည်းငယ်မျှပင် ပင်ပန်းနွမ်းနယ်ခြင်း မရှိကြတော့ပေ။
*