အခန်း ၇၃
Vol. 8 Ch. 73
အခန်း (၇၃) အသက်ရှင်သန်ခြင်းဆိုင်ရာ စွမ်းရည်များ။
ရေကန်ရွာ၏ တောင်စောင်းရှည်ကြီးဆီသို့ နဂါးတစ်ပိုင်းငှက်ပျံများကို စီးနင်းလာသော နဂါးထိန်းအဖွဲ့တစ်ဖွဲ့သည် ညှိုးနွမ်းခြောက်သွေ့နေသော မြက်ခင်းပြင်ပေါ်သို့ ဆင်းသက် လာကြသည်။
သူတို့ထဲမှ လူတစ်ယောက်က မြေပြင်ပေါ်တွင်ရှိနေပြီး ပြင်းထန်သော အပူချိန်ကို ထုတ်လွှတ်နေသည့် ငရဲခွေးနဂါးတစ်ကောင်ကို စီးနင်းထားသည်။ ထိုငရဲခွေးနဂါး ပြေးလွှား လိုက်တိုင်း ၎င်း၏အမွေးများမှ ချော်ရည်ပူများ စီးကျလာပြီး ဖြတ်သန်းသွားရာ လမ်းတစ် လျှောက်တွင် မီးလောင်ထားသည့် အမှတ်အသားများ ကျန်ရစ်နေခဲ့သည်။
"မင်းတို့ ဆင်းလာခဲ့ကြ" ငရဲခွေးနဂါးကို စီးနင်းထားသော နန်မျိုးနွယ်စုမှ လူငယ်က ပြောသည်။
"ဒီနေရာမှာ အဆင့်နိမ့် ဝံပုလွေမိစ္ဆာအုပ်စုကြီး ရှိနေရမှာ မဟုတ်ဘူးလား။ သူတို့ရဲ့ အနံ့ကို ခံပြီး လမ်းကြောင်းအတိုင်း လိုက်လာခဲ့တာလေ" နန်ရီက အနည်းငယ် ဇဝေဇဝါဖြင့် မေးသည်။
"တစ်ယောက်ယောက်က သူတို့ကို အကုန်သတ်ပစ်လိုက်ပြီ၊ မင်းတို့ကိုယ်တိုင် ဆင်းကြည့် လိုက်ဦး" နန်မျိုးနွယ်စုမှ လူငယ်က ဆိုသည်။
ထိုအခါမှသာ နန်မျိုးနွယ်စုမှ အဖွဲ့ဝင်များ ကောင်းကင်မှ ဆင်းသက်လာကြသည်။ မြေပြင်ရှိ မြက်ခင်းပြင်ကြားတွင် တွင်းကြီးတစ်ခု ပေါ်လာပြီး ထိုတွင်းထဲတွင် အလောင်းများစွာကို တစ်ဝက်တစ်ပျက် မြှုပ်နှံထားသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အလောင်းပေါင်း နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့်ရှိကြောင်း သိသာပြီး နွံထဲတွင် နစ်မြုပ်နေသည့် အခြား အလောင်း များလည်း ရှိနေသေးသည်။
နန်ရီမှာ အလွန်အံ့ဩသွားသည်။ သူတို့သည် အဖြူရောင်လဖက်ရည်မြို့ငယ်သို့ အစောဆုံး ရောက်ရှိလာသူများဖြစ်ပြီး မိစ္ဆာအုပ်စုအများဆုံးရှိသည့် လမ်းကြောင်းကိုလည်း လိုက်လာ ခဲ့သူများ ဖြစ်သည်။ သူတို့သည် တခါတည်း အမှတ်များစွာ ရရှိမည်ဟု မျှော်လင့်ထားခဲ့ သော်လည်း မိစ္ဆာအားလုံးမှာ သတ်ဖြတ်ခံလိုက်ရပြီး တောင်စောင်းတွင်းထဲတွင် ပစ်ထား ခြင်း ခံလိုက်ရသည်။
"သူတို့ရဲ့ ဝိညာဉ်တွေက လွင့်ပျယ်သွားပြီ၊ ခန္ဓာကိုယ်တွေလည်း ကြေမွနေတယ်။ သာမန် တောရိုင်းတိရစ္ဆာန်တွေရဲ့ အလောင်းတွေနဲ့ ဘာမှမထူးခြားတော့ဘူး။ တိုက်ပွဲက အပြတ် အသတ် နိုင်သွားတာပဲ။ ငါတို့ အကယ်ဒမီမှာ ဒီလောက်တောင် စွမ်းအားကြီးတဲ့လူမျိုး ရှိလို့လား။ နဂါးစစ်သူကြီးအဆင့် ဖြစ်နေရင်တောင် ဒီလောက်ထိအောင် လုပ်နိုင်ဖို့ ခက်ခဲ လိမ့်မယ်" ငရဲခွေးနဂါးကို စီးနင်းသူ လူငယ်က ပြောသည်။
"တောင်စောင်းအောက်ခြေမှာ ရွာလေးတစ်ရွာ ရှိပုံပဲ။ သွားပြီး မေးကြည့်ရအောင်" နန် မျိုးနွယ်စုမှ ဆံပင်ရှည် အမျိုးသမီးက ပြောသည်။
"အလကား အချိန်ကုန်သွားတာပဲ၊ ဒေါသထွက်စရာကောင်းလိုက်တာ။ အခု အဖြူရောင် လဖက်ရည်မြို့ငယ်ကို ပြန်သွားရင် ကျင်းမင်ဂျွန်တို့အဖွဲ့က ငါတို့ကို ကျော်တက်သွားတော့ မှာပဲ"
"ရွာထဲသွားပြီး သန့်ရှင်းတဲ့ရေ ရအောင်ယူ၊ ပြီးရင် နောက်တစ်နေရာကို သွားဖို့ ပြင်ကြမယ်။ ဒီနှစ်မှာ လီမျိုးနွယ်စုနဲ့ တွန်မျိုးနွယ်စုတို့ကို နောက်တစ်ကြိမ် ထပ်ပြီး မရှုံးမခံနိုင်ဘူး" ငရဲခွေးနဂါးကို စီးနင်းထားသော လူငယ်က ဆိုသည်။
"ဒီတစ်ခေါက် ဘာမှမရလိုက်ရင် တခြားသူတွေရဲ့ နောက်မှာ ရောက်သွားလိမ့်မယ်။ ငါတို့ မိစ္ဆာဝိညာဉ်တွေရဲ့ သဲလွန်စကို ရှာကြည့်ကြရအောင်။ မိစ္ဆာဝိညာဉ်တစ်ကောင်ကို ဖမ်းနိုင် ရင် ငါတို့ရဲ့ အဆင့်သတ်မှတ်ချက်က လုံခြုံသွားမှာပါ" နန်မျိုးနွယ်စုမှ ဆံပင်ရှည် အမျိုးသမီးက ပြောသည်။
"ကောင်းပြီ၊ မိစ္ဆာဝိညာဉ်တွေကိုပဲ ရှာကြမယ်။ ကိုင်တွယ်ဖို့ ခက်ခဲတဲ့ မိစ္ဆာဝိညာဉ် တစ်ကောင် တွေ့ရင်တော့ ကြာပန်းနီမြို့မှာရှိတဲ့ နန်လင်းရှာကို ချက်ချင်း အကြောင်းကြား လိုက်။ သူမ အဲဒီမိစ္ဆာကို ရှင်းလင်းပေးနိုင်ရင် ငါတို့ အမှတ်တစ်ဝက်တော့ ရဦးမှာပါ" သူတို့ သဘောတူညီကြသည်။
ရေကန်ငယ်တောင် စာပို့စခန်းနှင့် မိုင်နှစ်ဆယ်အကွာတွင် ရှိသော ခရီးသွားတည်းခိုခန်း တစ်ခုတွင် အိပ်ခန်းသုံးခုနှင့် ကုန်သည်ဆိုင်လေး တစ်ဆိုင်ရှိသည်။
ဤနေရာသည် မြို့နယ်အသီးသီးမှ လူများဆုံဆည်းရာ နေရာလည်း ဖြစ်သည်။ ငါးရက် တစ်ကြိမ်တွင် ကုန်သည်များ၊ လယ်သမားများ၊ ထင်းခုတ်သမားများ၊ မုဆိုးများနှင့် လက်ဖက်စိုက်ပျိုးသူများက ဤနေရာတွင် စုဝေးလေ့ရှိသည်။
ကံကောင်းစွာဖြင့် စာပို့စခန်းသည် ဈေးရက်တွင် တိုက်ခိုက် မခံလိုက်ရပေ။ မဟုတ်ပါက သေဆုံးသူအရေအတွက်မှာ ဆယ်ဆခန့် ပိုမိုများပြားပြီး ရာဂဏန်းအထိ ရောက်သွားနိုင် ပေသည်။
ကျူးမင်လန်တို့အဖွဲ့သည် လူသားစားမိစ္ဆာများ၏ နောက်ကြောင်းကို လိုက်ရန် လက်လျှော့ လိုက်ပြီ ဖြစ်သည်။ အကြောင်းမှာ နန်မျိုးနွယ်စုဝင်များက သူတို့အဖွဲ့ မရောက်မီကပင် ထွက်ပြေးရာလမ်းကြောင်းကို ပိတ်ဆို့ပြီး လိုက်လံနှိမ်နင်းနေကြပြီ ဖြစ်သောကြောင့် ဖြစ်သည်။
သူတို့ ယခု ရှာတွေ့နိုင်သည့် အကြီးမားဆုံး မိစ္ဆာအုပ်စုမှာ စာပို့စခန်းမှ အဖြူရောင် လဖက်ရည်မြို့ငယ်အထိ တစ်ညလုံး တိုက်ခိုက်ခဲ့သော လူမျက်နှာကြွက်များ ဖြစ်သည်။ ၎င်းတို့မှာ အတွင်းအင်္ဂါများကို စားသုံးရန် နှစ်သက်သော မိစ္ဆာများ ဖြစ်ကြသည်။
ကျိန်းယွီ၏ စစ်သည်များလည်း စာပို့စခန်းတွင် ရှိနေကြပြီး၊ ထိုနေရာက သွေးကွက်များမှာ ခြောက်သွေ့နေပြီ ဖြစ်သည်။ သူတို့သည် လူသားစားမိစ္ဆာများ၏ ဖရိုဖရဲဖြစ်အောင် လုပ်ဆောင်နေကြသည်ကို အခွင့်ကောင်းယူပြီး၊ လူသားစားမိစ္ဆာများကို လိုက်လံနှိမ်နင်း ဟန်ဖြင့် ဓားပြများ၏ သဲလွန်စကို ရှာဖွေနေကြခြင်း ဖြစ်သည်။
သူတို့သည် သဲလွန်စတစ်ခုခုကို ရရှိသွားပုံရသည်။ ကျိန်းယွီသည် တောင်နိမ့်များဆီသို့ ထွက်ခွာသွားခဲ့ပြီ။ ကျူးမင်လန်နှင့် ကျင်းမင်ဂျွန်တို့သည် စာပို့စခန်းကို ရှာဖွေပြီးနောက် ပုံမှန်မဟုတ်သော သွေးစွန်းအမှတ်အသားတစ်ခုကို တွေ့ရှိလိုက်၏။
"ဒီသွေးက လူသွေးမဟုတ်ဘူး။ လူမျက်နှာကြွက်တစ်ကောင်ကို ဓားနဲ့ တိုက်ခိုက်နိုင်တဲ့ မုဆိုးတစ်ယောက်ရဲ့ သွေးပဲဖြစ်ရမယ်" ကျင်းမင်ဂျွန်က သွေးစွန်းအမှတ်အသားကို ထောက်ပြကာ လေးလေးနက်နက် ပြောသည်။
ကျူးမင်လန်က သေချာစွာ စစ်ဆေးကြည့်သော်လည်း ကြွက်သွေးနှင့် လူသွေးကြားတွင် မည်သည့် ကွာခြားချက်မျှ မမြင်တွေ့ခဲ့ပေ။
ကျင်းမင်ဂျွန်က သွေးစွန်းအမှတ်အသားများကို ပိုမိုထက်မြက်စွာ သိမြင်နိုင်စွမ်းရှိပုံရသည်။ ဝိညာဉ်စွမ်းအင်ဖြင့် ပံ့ပိုးထားသော သူ၏မျက်လုံးများဖြင့် အခြားသူများ မမြင်နိုင်သည့် အရာအချို့ကို သူ မြင်တွေ့နိုင်ခဲ့သည်။
ကျူးမင်လန်၏ ဝိညာဉ်စွမ်းအားမှာ မိစ္ဆာတို့၏ အငွေ့အသက်ကို အထူးပင် အာရုံခံနိုင်စွမ်းရှိ သည်။ သို့သော်လည်း ၎င်းအငွေ့အသက်မှာ မကြာသေးခင်က ကျန်ရစ်ခဲ့မှသာ ထိရောက် သည်။ ယခုကဲ့သို့ ကြာမြင့်နေပြီဖြစ်သော သဲလွန်စများကို ရှာဖွေရန် ပိုမိုခက်ခဲသည်။
ဒဏ်ရာရသွားသော လူမျက်နှာကြွက်မှာ သူတို့၏ စခန်းကို ရှာဖွေရာတွင် အဓိကသော့ချက် ဖြစ်လာသည်။ သူပါဝင်နေသည့် ဤအဖွဲ့မှာ အမှန်တကယ်ပင် အစွမ်းထက်ကြောင်း ကျူးမင်လန် သဘောပေါက်လိုက်သည်။
အမှန်စင်စစ်၊ အစစ်မှန် နဂါးထိန်းများမှာ ကိုယ့်အိမ်ကိုယ် နေထိုင်သည့် ပျင်းရိသူအချို့နှင့် လုံးဝ မတူညီကြပေ။
သွေးစွန်းရာ လမ်းကြောင်းအတိုင်း လိုက်ပါခဲ့ရင်း သူတို့အဖွဲ့သည် တောင်တန်းများအတွင်း သို့ တိုက်ရိုက် ချီတက်လာကြသည်။ သတိကြီးမားသော လူမျက်နှာကြွက်များကို ဖရိုဖရဲ မဖြစ်စေရန် သူတို့၏နဂါးများကို အနားတွင် မခေါ်ထားဘဲ၊ ချူယန်ယန်၏ လေလွင့်နဂါးကို သာ မိစ္ဆာတို့၏ အငွေ့အသက်ကို ရှာဖွေရန် ရှေ့မှ စေလွှတ်ထားသည်။
လေလွင့်နဂါးမှာလည်း အလွန်သေးငယ်ပြီး အရွယ်အစားအားဖြင့် ဒေါင်းတစ်ကောင်သာ သာ ရှိသည်။ ၎င်း၏အငွေ့အသက်မှာ သာမန်ငှက်ဝိညာဉ် တစ်ကောင်နှင့်ပင် တူညီသဖြင့် အမဲလိုက်နေစဉ် လူမျက်နှာကြွက်များ ရှာဖွေတွေ့ရှိသွားမည်ကို စိုးရိမ်စရာ မလိုပေ။
ခေါင်းလောင်းသံကဲ့သို့ သာယာနာပျော်ဖွယ်ကောင်းသော အသံဖြင့် လေလွင့်နဂါးလေး သည် တောင်တန်းလေကို ခံစားရင်း ပေါ့ပါးသွက်လက်စွာ ကခုန်နေသည်။ လမ်းကြောင်း ရှာဖွေရာတွင် အနည်းငယ် ရှုပ်ထွေးလာတိုင်း လေလွင့်နဂါးလေးက ပိုမိုရှင်းလင်းသော လမ်းကြောင်းကို ညွှန်ပြပေးတတ်ပြီး ပျောက်ကွယ်သွားသည့် ခြေရာများနှင့် သွေးစွန်းရာ များသည်လည်း သူတို့၏ မျက်စိရှေ့တွင် ပြန်လည် ပေါ်လာသည်။
"ယီ... ယီ... ယီ..."
နတ်ဘုရား သူတော်စင်နဂါးစိမ်းက အပြင်ထွက်ပြီး လေညှင်းခံလိုကြောင်း တောင်းဆိုလာ သည်။ ကျူးမင်လန်က စဉ်းစားပြီးနောက် ဤနဂါးလေးသည် နဂါးငယ်အဆင့်သို့ ရောက်ရှိ ပြီးဖြစ်သော်လည်း အရှိန်အဝါမှာ အလွန်အားနည်းနေသေးသဖြင့် လေ့ကျင့်ခန်း လုပ်ရန် အပြင်ထွက်နိုင်ကြောင်း ခွင့်ပြုပေးလိုက်သည်။
ဝါးစိမ်းလေးသည် သဘာဝတရား၏ အနှစ်သာရကို နှစ်သက်သည်။ တောင်တန်းများနှင့် သစ်တောများက ၎င်းကို ပိုမိုကြီးမားသော စွမ်းအားကို ပေးစွမ်းနိုင်သည်။
ထို့အပြင် သူတော်စင်နဂါးစိမ်းလေးသည် လေလွင့်နဂါး 'အစ်မကြီး' ကိုလည်း သဘောကျပုံ ရသည်။ ၎င်း၏ အနည်းငယ် တောင့်တင်းနေသေးသော အတောင်ပံများကို ခတ်ကာ လေလွင့်နဂါးလေး၏ လှပသော အမြီးနောက်တွင် လိုက်ပါ၍ ပျံသန်းခြင်းပညာရပ်ကို သင်ယူနေသည်။
"ဒါက သစ်သားနဂါးလား" လုရှောင်ယောင်က မေးသည်။
လုရှောင်ယောင်သည် အမျိုးသမီးကျောင်းသူ ငါးဦးထဲတွင် အလှအပပြင်ဆင်ရာ၌ ဝါသနာ ကြီး ဖြစ်သည်။ သူမသည် လမ်းခရီးတစ်လျှောက် အခွင့်အရေးရတိုင်း မိတ်ကပ်လိမ်းခြယ် ပြီး သူမ၏ အနီရောင်နှုတ်ခမ်းနှင့် မျက်ခုံးတန်းများကို အလှပဆုံး ဖြစ်နေစေရန် အမြဲ ဂရုစိုက်သည်။
"ဒါက သစ်သားပုပ် နဂါးတစ်ကောင်များ ဖြစ်နေမလား။ သစ်သားပုပ်က ဘာမှ ထုဆစ် ပုံဖော်လို့မှ မရတာ၊ ဟား……၊ ဟား။"
အဟွတ်….၊ အဟွတ်….၊ နတ်ဘုရား သူတော်စင်နဂါးစိမ်းလေးကို သူတို့က သစ်သားပုပ် နဂါးဟု နောက်ပြောင်လိုက်သည့်အခါ ကျူးမင်လန်မှာ သူ၏ဝါးစိမ်းလေးဘက်က မည်သို့ ပြန်ပြောရမှန်း မသိဘဲ ခေတ္တမျှ ငိုင်သွားရသည်။
"နောက်ပိုင်း လူမျက်နှာကြွက်တွေနဲ့ တွေ့ရင်တော့ ဒီနဂါးလေးကို အမြန်ဆုံး သိမ်းထား လိုက်တာ ကောင်းမယ်။ ဒီနဂါးငယ်လေး သေသွားရင် နှမြောစရာပဲ" ချူယန်ယန်က ပြောသည်။
ဘိုးဘေးနဂါးမြို့တော်တွင် နဂါးငယ်တစ်ကောင်သည် အလွန်တန်ဖိုးကြီးမား၏။ အကယ်၍ သွေးမျိုးဆက်ကောင်းပြီး အလားအလာရှိပါက အံ့အားသင့်ဖွယ် မြင့်မားသော ဈေးနှုန်းဖြင့် လေလံတင်ရောင်းချနိုင်သည်။ ကျူးမင်လန်၏ အစိမ်းရောင်နဂါးလေးမှာ ထူးခြားကြောင်း လူတိုင်း မြင်နိုင်သော်လည်း သူတို့က ထုတ်ဖော်မပြောရန်သာ ရွေးချယ်လိုက်ကြသည်။
ကျူးမင်လန် ခေါင်းညိတ်လိုက်သည်။ နဂါးငယ်လေးမှာ အသက်လုပွဲတစ်ခုကို ဖြတ်သန်း လာခဲ့ပြီး ဖြစ်၍ ကျားကိုပင် အကြောက်လန့်မရှိဘဲ ရင်ဆိုင်ကြသည့် အခြားနဂါးငယ်များ ကဲ့သို့ မဟုတ်ပေ။ ၎င်းအနေဖြင့် မိုက်ရူးရဲဆန်စွာ ပြုမူမည် မဟုတ်ပေ။
ထိုသို့ တွေးတောနေစဉ်အတွင်းမှာပင် ဝါးစိမ်းလေးသည် သူ၏ အကြည့်အောက်မှ ပျောက်ကွယ်သွားသည်။ သူက လေလွင့်နဂါးလေးကို ကြည့်လိုက်ရာ သူ့နဂါးငယ်လေးမှာ လေလွင့်နဂါးလေး၏ နောက်တွင် မရှိတော့ပေ။
စိတ်ပူသွားသော ကျူးမင်လန်မှာ သူ၏ ဝိညာဉ်အာရုံခံမှုကို အသုံးပြု၍ သစ်ပင်များကြား တွင် ရှာဖွေလိုက်ရာ ဝါးစိမ်းလေးမှာ သူ့အနီးပတ်ဝန်းကျင်တွင် ရှိနေကြောင်း ခံစားလိုက် ရသည်။
"ယီ... ယီ... ယီ..."
အောက်သို့ ရွဲကျနေသော အရွက်ဖုံးများကြားတွင် ဝါးစိမ်းလေးသည် အတောင်ပံများကို ခတ်ကာ နေရာတွင် တည်ငြိမ်စွာ ပျံဝဲနေသည်။ ၎င်း၏ ချစ်စရာကောင်းသော ဒေါင်လိုက် မျက်လုံးများမှာ ကျူးမင်လန်ထံတွင် စူးစိုက်ကြည့်နေပြီး သူ၏ ပါးပြင်လေးများပေါ်တွင် ဉာဏ်များသော အပြုံးတစ်ပွင့်ကို ဆောင်ထားသည်။
ကျူးမင်လန် သေချာကြည့်လိုက်မှ ဤနတ်ဘုရား သူတော်စင်နဂါးစိမ်းလေးမှာ ပင်ကိုယ် သဘာဝ ထူးခြားသော စွမ်းရည်ရှိကြောင်း သဘောပေါက်လိုက်သည်။ ၎င်း၏ အမွေး အတောင်များနှင့် အကြေးခွံများမှာ အရောင်ပြောင်းလဲနိုင်ပြီး အဝါရောင် အစိမ်းရောင် အရွက်များနှင့် ရောနှောသွားနိုင်ကာ ၎င်း၏ အမွေးများမှာလည်း အရွက်များနှင့် တစ်ပုံစံ တည်း တူညီနေသည်။
နဂါးငယ်လေးသည် သူ့ကို သူ၏စွမ်းရည်များကို ပြသနေခြင်း ဖြစ်သည်။ သို့သော်လည်း ဤစွမ်းရည်မှာ ပတ်ဝန်းကျင်နှင့် လုံးဝ ရောယှက်သွားနိုင်သည့်အတွက် အလွန်ထူးခြားလှ သည်။
အသက်ရှင်သန်ဖို့ စွမ်းရည်တစ်ခုပေါ့... အသက်ကို တန်ဖိုးထားတာက ကောင်းပါတယ်။ ကျူးမင်လန်သည် အချိန်မရွေး အားကိုးလို့ရမည့် တည်ငြိမ်သော စွမ်းရည်မျိုးကို သဘော ကျသည်။