← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

အခန်း (၇၅) အိပ်မွေ့ချနွယ်ပင်။

အလွန်ထူထပ်သော အပင်များဖြင့် ပြည့်နှက်နေသည်မှာ အပေါက်ဖောက်ထားသော တောအုပ်ကြီးတစ်ခုနှင့် တူနေလေသည်။ ဤနွယ်ပင်များ ရစ်ပတ်ထားသော နေရာသို့ ပထမဆုံးအကြိမ် ဝင်ရောက်စဉ်က မြေပြင်အနေအထား မည်မျှ ရှုပ်ထွေးမည်ကို လုံးဝ သူ သတိမထားမိခဲ့ပေ။

သူ နက်ရှိုင်းစွာ နစ်ဝင်သွားသည့်အချိန်တွင်မူ အပင်များဖြင့် ပြုလုပ်ထားသော လှောင်အိမ် ထဲတွင် အကျဉ်းချခံထားရသကဲ့သို့ ခံစားလိုက်ရ၏။

ကျင်းမင်ဂျွန်နှင့် သူ၏ ဂျူနီယာကျောင်းသူ လေးဦးမှာ ထိုနေရာတွင် ပိတ်မိနေကြသည်။ သူတို့သည် နဂါးများကို ဆင့်ခေါ်ထားကြသော်လည်း ခြေအောက်တွင် ပြိုကျနစ်ဝင်သွားနိုင် သော ဤပျော့ပျောင်းသည့် မြေပြင်ပေါ်တွင် အစွမ်းထက်သော နဂါးများပင် တည်ငြိမ်စွာ မရပ်တည်နိုင်ကြပေ။

ပျံသန်းနိုင်သည့် နဂါးများအနေဖြင့်လည်း အတောင်ပံဖြန့်ရန် ခက်ခဲနေသည်။ ရှုပ်ထွေးနေ သော ဆူးနွယ်ပင် ကွန်ရက်များနှင့် အပေါ်မှ ဖိနှိပ်ထားသော ဧရာမ သစ်ကိုင်းကြီးများက သူတို့ကို ကန့်သတ်ထားသဖြင့် လွတ်လပ်စွာ ပျံသန်းနိုင်ရန် မဖြစ်နိုင်ပေ။

ဤချောက်ကမ်းပါး တောအုပ်ကြီးမှာ အရပ်မျက်နှာတိုင်းတွင် အန္တရာယ်များနှင့် ပြည့်နှက် နေသည်။

လူမျက်နှာကြွက်များမှာ နွယ်ပင်များအတိုင်း အောက်သို့ တွားဆင်းလာကြပြီး မြေပြင်ရှိ ထူထပ်သော အရွက်များနှင့် ရေညှိလွှာများအောက်မှ တိုးဝှေ့ကာ ထူထပ်သော ချုံပုတ်များ ၏ အကာအကွယ်ဖြင့် ရှေ့သို့ တိုးလာကြသည်။

သူတို့၏ ထူးဆန်းသော အော်ဟစ်သံများမှာ နားနားတွင် ကပ်အော်နေသကဲ့သို့ ကြားနေရ သည်။

လည်ပင်းကို အမှတ်မထင် ထိမိသွားသည့် အေးစက်စက် သစ်ရွက်တစ်ရွက်ကပင် ခြေသည်းများဖြင့် ကိုင်ဆွဲခံရသည့်အလား ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည်။

"ငါ အရမ်းပေါ့ဆခဲ့မိတာပဲ"

ကျင်းမင်ဂျွန်က သူ့ကိုယ်ကိုယ် အပြစ်တင်မိသည်။

ပုံမှန်ဆိုလျှင် လူမျက်နှာကြွက် အားလုံး အသိုက်ထဲမှ ထွက်လာကြလျှင်ပင် သူ ဆင့်ခေါ် ထားသည့် ရက်စက်နဂါးကို မယှဉ်နိုင်ပေ။ ထိုမျှမက သူတို့အဖွဲ့ဝင်တိုင်းတွင် လူတိုင်းမှာ ကိုယ်ပိုင် အစစ်မှန် နဂါးများကို ပိုင်ဆိုင်ထားကြသည်။

သို့သော် ဤကဲ့သို့ ရှုပ်ထွေးသော ပတ်ဝန်းကျင်မျိုးတွင် ပိတ်မိနေပါက လူမျက်နှာကြွက် တစ်ကောင်ချင်းစီတိုင်းမှာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည်။ တစ်ချက်မျှ အာရုံ လွတ်သွားပါက ဗိုက်ဖောက်ခံရပြီး အသက်ဆုံးရှုံးသွားနိုင်သည်။

ကျင်းမင်ဂျွန်သည် သူ၏ဝိညာဉ်စွမ်းအင် အာရုံခံနိုင်စွမ်းဖြင့် ပတ်ဝန်းကျင်ကို အမြဲတစေ စောင့်ကြည့်နေသည်။ အဝေးမှ ခြေသံများကိုပင် သူ ကြားနိုင်သည်။

သို့သော် ဤအခြေအနေမျိုးတွင် ဆယ်မီတာအတွင်းရှိ လှုပ်ရှားမှုများကိုသာ ကြားနိုင်ပြီး ချောက်ကမ်းပါးများ၏ လှည့်စားတတ်သော တိတ်ဆိတ်မှု အောက်တွင် သေစေနိုင်သော ထောင်ချောက်များ ပုန်းအောင်းနေခြင်းက အလွန်ပင် စိုးရိမ်ဖွယ်ကောင်းလှသည်။

"ဂျူနီယာညီမတို့၊ အဆင်ပြေကြရဲ့လား" ကျင်းမင်ဂျွန်က တိုးတိုးလေး မေးလိုက်သည်။

"လုရှောင်ယောင် ဒူးဒဏ်ရာရသွားတယ်၊ လှုပ်လို့မရတော့ဘူး" ဆံပင်တို ကောင်မလေးက ပြန်ဖြေသည်။

"မင်းတို့ရဲ့နဂါးတွေကို ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်ခိုင်းထားလိုက်၊ မလှုပ်ရှားကြနဲ့။ ငါတို့ ခြေအောက်က မြေသားက အရမ်းပွနေတယ်၊ ပိုပြီးတောင် နစ်မြုပ်သွားနိုင်တယ်" ကျင်းမင်ဂျွန်က သတိပေးလိုက်သည်။

"စီနီယာအစ်ကို... ကျွန်မမျက်လုံးတွေက ဖွင့်ထားလို့ မရတော့ဘူး..."

"မျက်လုံးတွေ ဖွင့်ထားလို့ မရဘူး ဟုတ်လား" ကျင်းမင်ဂျွန်က သူမဆိုလိုသည်ကို ကောင်းကောင်း နားမလည်လိုက်ပေ။ သို့သော် ခဏအကြာတွင် သူကိုယ်တိုင်ပင် ပြင်းထန် သော အိပ်ငိုက်ခြင်း ရေလှိုင်းကြီးတစ်ခု ရိုက်ခတ်လာသည်ကို ခံစားလိုက်ရ၏။ ခန္ဓာကိုယ် မှာ အလွန်ပင်ပန်းနွမ်းနယ်လာပြီး ပျော့ပျောင်းသော တောအုပ်မြေပြင်ပေါ်သို့ပင် ပြိုလဲကျ သွားတော့မလို ဖြစ်လာသည်။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ….၊ ဘာကြောင့် ငါ့ခန္ဓာကိုယ်တစ်ခုလုံးက အားအင်ကုန်ခမ်း ပြီး မျက်ခွံတွေက ဒီလောက်လေးလံနေရတာလဲ……။

"ညနွယ်ပင်လား……"

နောက်ဆုံးတွင် ကျင်းမင်ဂျွန်သည် ချောက်ကမ်းပါး နံရံများတွင် တွယ်ကပ်ပေါက်ရောက် နေပြီး သူတို့ရပ်နေသည့် နေရာအထိ ရှည်ထွက်နေသော ထူထပ်သည့် အစိမ်းရောင် အပင် များကို သတိထားမိသွားသည်။ ၎င်း၏ အရွက်များမှ ထွက်ပေါ်လာသော မွှေးရနံ့များက သည်းမခံနိုင်လောက်အောင် အိပ်ငိုက်ခြင်းကို ဖြစ်ပေါ်စေသည်။

"မကောင်းတော့ဘူး... ဂျူနီယာညီမတို့... မင်းတို့နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထားကြ"

"ဂျူနီယာညီမ…."

"လုရှောင်ယောင်"

ကျင်းမင်ဂျွန်က ထိတ်လန့်တကြား အကြိမ်ကြိမ် အော်ခေါ်သော်လည်း သူ့ဂျူနီယာညီမများ ထဲမှ မည်သူမျှ ပြန်မဖြေကြပေ။

သူတို့ အိပ်မွေ့ချခံလိုက်ရပြီ။

ဤနေရာတွင် ညနွယ်ပင် များစွာ ပေါက်ရောက်နေပြီး ၎င်းမှာ လူမျက်နှာကြွက်များ၏ အသိုက်လည်း ဖြစ်သည်။ ဆိုလိုသည်မှာ အဆင့်မြင့် ကျင့်ကြံသူ ညနွယ်ကြွက်ဝံပုလွေ မိစ္ဆာ လည်း ဤနေရာတွင် ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ညနွယ်ပင်များ၏ အိပ်ငိုက်စေသော အနံ့နှင့် ညနွယ်ကြွက်ဝံပုလွေ၏ အိပ်မွေ့ချသည့် စွမ်းအားတို့ ပေါင်းစပ်လိုက်သောအခါ အလွန်အားကောင်းသည့် ရှေးဟောင်းနဂါးများပင် လျှင် နက်ရှိုင်းသော အိပ်ပျော်ခြင်းထဲသို့ ကျရောက်သွားနိုင်သည်။

"ကျူးမင်လန်... ကျူးမင်လန်... ဂျူနီယာညီမလေးတွေ အိပ်မွေ့ချခံထားရပြီ၊ သူတို့ကို မြန်မြန် ကယ်ကြပါဦး" ကျင်းမင်ဂျွန်က အိပ်ငိုက်ခြင်းကို ခံနိုင်ရည်ရှိအောင် ကြိုးစားရင်း အထက်တွင်ရှိနေသော ကျူးမင်လန်အား လှမ်းအော်လိုက်သည်။

"ကျွန်တော်လည်း ဝိုင်းခံထားရတယ်" ကျူးမင်လန်၏ အသံမှာ ခပ်အုပ်အုပ် အနေထားဖြင့် ထွက်ပေါ်လာသည်။

"ဂျူနီယာညီမလေးတွေရဲ့ ဗိုက်တွေ ဖောက်ထုတ်ခံရတော့မယ် ကျူးမင်လန်" ကျင်းမင်ဂျွန် ထပ်မံ အော်ဟစ်လိုက်သည်။

ချောက်ကမ်းပါး အထက်တွင် ကျူးမင်လန်မှာ ယခုအခါ လူမျက်နှာကြွက် တစ်ဒါဇင်ကျော် ၏ ဝိုင်းရံခြင်းကို ခံနေရသည်။ သူနှင့် ချူယန်ယန်တို့ တစ်ကိုယ်တည်း ဖြစ်နေသည်ဟု ထင်မှတ်ကာ လူမျက်နှာကြွက်များမှာ သူတို့နှစ်ဦးကိုသာ အဓိကထား၍ တိုက်ခိုက်နေကြ ခြင်း ဖြစ်သည်။

"အဖြူလေး၊ သူတို့ကို ရှင်းပေးလိုက်၊ ငါ အောက်ဆင်းပြီး ကယ်ရမယ်" ကျူးမင်လန်က ပြောသည်။

"အိုး…..."

ငွေနှင်းအရုဏ်ဦးနဂါးဖြူသည် ပတ်ဝန်းကျင်ရှိ ထူထပ်သော အပင်များကို ကြည့်လိုက် သည်။ ကြယ်တာရာကဲ့သို့ တောက်ပသော ၎င်း၏ မျက်လုံးများမှာ အလွန်စူးရှနေသော် လည်း အနည်းငယ် ဂရုမစိုက်ဟန်နှင့် မထီမဲ့မြင်ပြုဟန် အရိပ်အယောင် ပေါ်လွင်နေသည်။

၎င်းသည် ဧရိယာအကျယ်အဝန်းကို သက်ရောက်စေနိုင်သည့် ဆန်းကြယ်မှော်ပညာရပ်ကို မသုံးခဲ့ပေ။ အကြောင်းမှာ ထူထပ်သော အပင်များမှာ လူမျက်နှာကြွက်များအတွက် အကာ အကွယ်နံရံ ဖြစ်နေပြီး ၎င်းတို့ လွတ်မြောက်သွားနိုင်သည့်အတွက် ဖြစ်သည်။

"ဝှီး….."

ရုတ်တရက် ငွေနှင်းအရုဏ်ဦးနဂါးဖြူသည် နှင်းကျားသစ်ဖြူ တစ်ကောင်ကဲ့သို့ အရှိန်ဖြင့် ခုန်အုပ်လိုက်ပြီး အနီးအနားတွင် ပုန်းအောင်းနေသည့် လူမျက်နှာကြွက် တစ်ကောင်ကို ခြေသည်းများဖြင့် ဖိနင်းလိုက်သည်။

၎င်း၏ အေးစက်သော ခြေသည်းများဖြင့် တစ်ချက်နင်းလိုက်ရုံဖြင့် လူမျက်နှာကြွက်မှာ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ နှစ်ပိုင်းပြတ်သွားတော့သည်။

"ကျွိ…. ကျွိ …. ကျွိ … ကျွိ ……"

ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ နောက်ကွယ်မှ အသံတစ်ခု ထွက်ပေါ်လာပြီး လူမျက်နှာကြွက် ကြီးတစ်ကောင် ထွက်ပေါ်လာသည်။ ၎င်းသည် သူ၏ အပေါင်းအပါ သေဆုံးသွားမူကို အသုံးချကာ ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ နောက်ကျောကို အလစ်အငိုက် တိုက်ခိုက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

"ဖြန်း……"

နဂါးအမြီးက လူမျက်နှာကြွက်၏ ဦးခေါင်းခွံကို တည့်မတ်စွာ ရိုက်ခတ်သွားသည်။ ရိုက်ချက်က အလွန်လျင်မြန်လွန်းသဖြင့် အပ်တစ်ချောင်းသာသာ အရိပ်ကိုသာ မြင်လိုက်ရ သည်။ ငွေနှင်းအရုဏ်ဦးနဂါးဖြူသည် အမြီးကို ပြန်ရုတ်လိုက်သောအခါ မည်သည့် အညစ် အကြေးမျှ ကပ်မနေဘဲ အလွန်သန့်စင်နေဆဲ ဖြစ်သည်။

ကျူးမင်လန်က ချူယန်ယန်ကို အပေါ်တွင်သာ နေရန် မှာကြားခဲ့သည်။ ငွေနှင်းအရုဏ်ဦး နဂါးဖြူ ရှိနေသဖြင့် သူမ လုံခြုံလိမ့်မည်။

သူသည် ချိတ်ဆွဲထားသော နွယ်ပင်များအတိုင်း အောက်သို့ လျှောဆင်းသွားရန် ရွေးချယ် လိုက်သည်။ သို့သော် အောက်ခြေတွင် ထူထပ်သော အပင်များ ဖုံးလွှမ်းနေသဖြင့် ဂျူနီယာ ညီမများကို မမြင်ရသည့်အပြင် သူမတို့ ဆင့်ခေါ်ထားသည့် နဂါးများကိုပင် မမြင်နိုင်တော့ ပေ။

"ဝါးစိမ်းလေး၊ တစ်ခုခုလုပ်ပေးနိုင်မလား" ကျူးမင်လန်က မေးသည်။

နတ်ဘုရားသူတော်စင်နဂါးစိမ်းသည် အတောင်ပံများကို ခတ်ကာ ထိုထူထပ်သော ညနွယ် ပင်များထဲသို့ တည့်တည့် ဆင်းသက်သွားသည်။ ၎င်း၏ ခေါင်းကို အနည်းငယ် မော့လိုက်ပြီး စာကလေးမြည်သံကဲ့သို့ သာယာနာပျော်ဖွယ်ကောင်းသော အသံဖြင့် မြည်ဟီးလိုက်သည်။

ဤမြည်ဟီးသံမှာ သဘာဝတရားနှင့် ဆက်သွယ်ပြောဆိုနေသကဲ့သို့ပင်။ ထိုသို့ မြည်ဟီး လိုက်သည်နှင့် ရိုင်းစိုင်းစွာ ပေါက်ရောက်နေသော အပင်များမှာ ဆုတ်ခွာသွားသည့် ဒီရေ လှိုင်းများကဲ့သို့ တဖြည်းဖြည်းချင်း ဖယ်ရှားသွားကြပြီး ချောက်ကမ်းပါး အောက်ခြေရှိ မြေပြင်ကို ပေါ်လွင်လာစေသည်။

ထိုအချိန်တွင် ကျူးမင်လန်သည် သံမဏိခြေသည်းကျားနဂါး တစ်ကောင်ကို မြင်လိုက်ရ ၏။ ထိုနဂါးမှာ ကွမ်ဟုခေါ်သည့် ဆံပင်တို ဂျူနီယာကျောင်းသူ၏ အနီးတွင် ဟိန်းဟောက် ကာ အစောင့်အရှောက်အဖြစ် ရပ်တည်နေသည်။

ကွမ်မှာမူ အသိစိတ်မရှိဘဲ ထူထပ်သော အရွက်များပေါ်တွင် လဲလျောင်းနေ၏။ သူမအနီး တွင် လူမျက်နှာကြွက်အချို့မှာ သွားရည်များ တမြားမြားကျလျက် လှည့်လည်နေကြသည်။ သူတို့သည် ထိုနဂါးထိန်းမလေး၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းပြီး အတွင်းအင်္ဂါများကို စားသောက်ရန် အလွန်တပ်မက်နေပုံရသည်။

မိစ္ဆာသတ္တဝါများအတွက်မူ နဂါးထိန်းများမှာ လူသားများကြားရှိ ကျင့်ကြံသူများကဲ့သို့ပင် ဖြစ်သည်။ သာမန် လူမျက်နှာကြွက်မိစ္ဆာများသာ နဂါးထိန်းတစ်ဦးကို ဝါးမြိုနိုင်ပါက သာမန်လူ ရာပေါင်းများစွာကို ဝါးမြိုစားသောက်ခြင်းနှင့် ညီမျှပြီး ၎င်းတို့၏ ကျင့်ကြံမှုမှာ အနည်းဆုံး နှစ်ငါးရာ သို့မဟုတ် ခြောက်ရာအထိ တိုးတက်လာနိုင်ဖွယ် ရှိသည်။

ထို့ကြောင့်ပင် သံမဏိခြေသည်းကျားနဂါး တစ်ကောင် အနားတွင် ရှိနေပါလျက်နှင့်ပင် သူတို့မှာ ထိုနေရာမှ ထွက်ခွာသွားရန် အစီအစဉ် မရှိကြခြင်း ဖြစ်သည်။

"သွားမည်းကြီး၊ သွားမည်းကြီး"

ကျူးမင်လန်က သူ့ဘေးတွင် နဂါးမရှိတော့ကြောင်း သတိပြုမိသွားကာ အလောတကြီး အော်ခေါ်လိုက်သည်။

"အိုး... အိုး…."

မလှမ်းမကမ်းတွင် သွားမည်းကြီးက တုံ့ပြန်သံပေးသည်။ သို့သော် ၎င်းမှာ ထောင်ချောက် တွင်းသို့ ထပ်မံပြုတ်ကျသွားဟန်ရှိပြီး ပင့်ကူအိမ်ထဲတွင် ပိတ်မိနေသော ပိုးကောင်ငယ် လေးကဲ့သို့ ထူထပ်သော နွယ်ပင်များဖြင့် ရစ်ပတ်ချည်နှောင်ခြင်း ခံထားရသည်။

မိုးပြာနဂါးနက်ကို ခေါ်ယူရန်မှာ မဖြစ်နိုင်တော့သဖြင့် ကျူးမင်လန်သည် သူ၏ဘေးတွင်ရှိ သော နတ်ဘုရားသူတော်စင်နဂါးစိမ်း ဘက်သို့ လှည့်ကြည့်လိုက်သည်။

ဝါးစိမ်းလေးတွင် အခြားစွမ်းရည်များ ရှိနေသည်မှာ အမှန်ပင်။ ၎င်း၏ ဒေါင်လိုက်မျက်လုံး များ တောက်ပသွားပြီးနောက် အပေါ်ရှိ ဧရာမ နွယ်ပင်ကြီးများမှာ ရေဘဝဲခြေတံများကဲ့သို့ လူမျက်နှာကြွက်များဆီသို့ ပတ်ရစ်သွားကာ လျင်မြန်စွာ ချည်နှောင်၍ ဇောက်ထိုး ဆွဲမ ထားလိုက်သည်။

ထိုအခါ သံမဏိခြေသည်းကျားနဂါးမှာ မိုးခြိမ်းသကဲ့သို့ ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ သူက ချည်နှောင်ခံထားရသော လူမျက်နှာကြွက် အားလုံးကို အပိုင်းပိုင်းအစစ ဖြစ်အောင် တိုက်ခိုက်လိုက်ပြီး သူတို့ကိုယ်တိုင် နှစ်သက်စွာ လုပ်ဆောင်လေ့ရှိသည့် နာကျင်မှုကို ပြန်လည် မြည်းစမ်းစေလိုက်သည်။

All Chapters