အခန်း ၇၆
Vol. 8 Ch. 76
အခန်း (၇၆) မိစ္ဆာဝိညာဉ်တစ်ကောင် ဖြစ်ပေါ်လာခြင်း။
"ချီး... ချီး... ချီး….."
ပြိုကျနေသော တောင်နံရံများကြားမှ ပြင်းထန်သော အော်ဟစ်သံများ ထွက်ပေါ်လာပြီး ညနွယ်ပင်များ ဖုံးလွှမ်းနေသော အကာအရံ နောက်ကွယ်မှ အဆီပြန်နေသည့် အစိမ်းရောင် မျက်လုံးတစ်စုံ ပေါ်ထွက်လာသည်။
မျက်လုံးများမှာ ညနွယ်ပင် အရွက်များကြားတွင် ရွေ့လျားနေ၏။ ကိုယ်ခန္ဓာကို မမြင်ရဘဲ ထိုအဆိပ်သင့်နေသည့်အလား တောက်ပသော အစိမ်းရောင် မျက်လုံးများမှာ ကြည့်ရှုသူ၏ နှလုံးသားကို ဖောက်ထွင်းသွားသကဲ့သို့ စူးရှလွန်းပြီး အသက်ရှူနှုန်းကိုပင် မြန်ဆန်လာစေ သည်။
"ကျူးမင်လန်၊ ဒါက ညနွယ်ကြွက်ဝံပုလွေပဲ။ ဒီသတ္တဝါက ကျင့်ကြံမှုသက်တမ်း နှစ်ပေါင်း ကိုးရာကျော်နေပြီ၊ အခု မိစ္ဆာတစ်ကောင် ဖြစ်တော့မယ်" ကျင်းမင်ဂျွန်၏ အသံမှာ တနေရာ မှ ထွက်ပေါ်လာသည်။ လူကိုယ်တိုင်ကို မမြင်ရဘဲ အသံကိုသာ ကြားနေရသည်။
ကျင့်ကြံမှုသက်တမ်း နှစ်ပေါင်းကိုးရာ... မိစ္ဆာအဖြစ်သို့ ကူးပြောင်းတော့မည့် သတ္တဝါ တစ်ကောင်။
မိစ္ဆာဝိညာဉ်များနှင့် နတ်ဆိုးဝိညာဉ်များအကြားတွင် အခြေခံကျသော ကွာခြားချက်တစ်ခု ရှိသည်။ နဂါးအဖြစ်သို့ အသွင်ပြောင်းလာသူ အချို့ပင် ဤမိစ္ဆာဝိညာဉ်များ၏ အစာ ဖြစ်သွားတတ်သည်။
"ဒီသတ္တဝါက ငါတို့ကို အသုံးချပြီး မိစ္ဆာအဖြစ် ကူးပြောင်းဖို့ ကြိုးစားနေတာ" ကျင်းမင်ဂျွန် ၏ အသံတွင် ငိုကြွေးသံပါနေပြီး ဒေါသတကြီး ဖြစ်နေသည်။
ကျူးမင်လန်က ထိုရွေ့လျားနေသော ဆိုးရွားသည့် မျက်လုံးများကို စိုက်ကြည့်နေမိသည်။ သူ၏ရင်ထဲတွင်လည်း စိုးရိမ်စိတ်တို့ တဟုန်ထိုး မြင့်တက်လာသည်။
ထိုအချိန်တွင် ညနွယ်ကြွက်ဝံပုလွေသည် နောက်ဆုံးတွင် သူ၏ ကိုယ်ခန္ဓာကို ထုတ်ပြ လိုက်သည်။ ထူထပ်လှသော ညနွယ်ပင်များကြားမှ ထွက်ပေါ်လာသည့် ကောက်ကွေး ချွန်ထက်သည့် ခြေသည်းများတွင် လတ်ဆတ်သော သွေးများ စီးကျနေသည်။
ကျူးမင်လန် မြင်လိုက်ရသည်မှာ ၎င်း၏ သွေးစွန်းနေသော ခြေသည်းတစ်ခုတွင် ချိတ်ဆွဲ ထားသည့် နှလုံးတစ်ခုပင်...
၎င်းက သူ့ခြေသည်းကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး အမျိုးသမီးတစ်ဦး၏ ရယ်သံမျိုးဖြင့် ရယ်မောလိုက်သည်။ ထိုရယ်သံမှာ ကြောက်မက်ဖွယ်ကောင်းပြီး ညအချိန်တွင် ကြားရပါ က အရိုးထဲအထိ စိမ့်ဝင်သွားစေမည့် အသံမျိုး ဖြစ်သည်။
၎င်းသည် သွေးစွန်းနေသော နှလုံးကို ပန်းသီးတစ်လုံးကဲ့သို့ အရသာရှိရှိ ကိုက်စားလိုက် သည်။ ကျူးမင်လန်တို့ကို ပြသလိုသည့်အလား ဖြည်းဖြည်းချင်း ဝါးစားနေဟန်မှာ အမျိုးသမီးတစ်ဦး၏ လှုပ်ရှားမှုကို အတုယူထားသော်လည်း အလွန်ပင် စက်ဆုပ်ဖွယ် ကောင်းလှသဖြင့် မြင်ရသူများ၏ အရေပြားကိုပင် ကျိန်းစပ်သွားစေသည်။
တစ်ယောက်ယောက်တော့ နှလုံး ဆွဲထုတ်ခံလိုက်ရပြီ။ ဘယ်သူ့ နှလုံးလဲ၊ ဘယ်ဂျူနီယာ ညီမလဲ……
ကျူးမင်လန်၏ အကြည့်တို့မှာ ပိုမို အေးစက်သွားသည်။
နဂါးထိန်းတစ်ဦး၏ အတွင်းအင်္ဂါများကို စားသုံးလိုက်ရုံဖြင့် ချက်ချင်းပင် ကျင့်ကြံမှုအဆင့် နှစ်တစ်ရာ သို့မဟုတ် နှစ်ရာခန့် မြင့်တက်လာနိုင်သည်။ ဤနှလုံးမှာ ညနွယ်ကြွက်ဝံပုလွေ အတွက်တော့ အစာစားပြီးနောက် အချိုပွဲမျှသာ ဖြစ်သည်။ ယခု သူသည် မိစ္ဆာဝိညာဉ် တစ်ကောင် ဖြစ်သွားပြီဖြစ်၍ ယခင်ကဲ့သို့ ပုန်းအောင်းနေရန် မလိုတော့ဘဲ အရေပြောင်း၍ လူသားအသွင် ပြောင်းလဲတော့မည့်အလား ထူးဆန်းသော အရှိန်အဝါများ ထွက်ပေါ်နေ သည်။
"ငါ သူမကို မကာကွယ်နိုင်ခဲ့ဘူး..." ကျင်းမင်ဂျွန်၏ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့် အသံမှာ ဝမ်းနည်းစွာ ထွက်ပေါ်လာသည်။
"မင်း လှုပ်ရှားနိုင်သေးလား။ တခြား ဂျူနီယာ ညီမတွေရော ဘယ်လိုနေလဲ" ကျူးမင်လန် က အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် မေးလိုက်သည်။
"ဂျူနီယာညီမ ယန်ကို ရှာမတွေ့သေးဘူး၊ သူမ အောက်ဆုံးအဆင့်ကို ပြုတ်ကျသွားတာ ဖြစ်နိုင်တယ်" ကျင်းမင်ဂျွန်က ပြောသည်။
"မင်း သွားရှာလိုက်၊ ဒီကောင်ကိုတော့ ငါ ကိုင်တွယ်လိုက်မယ်" ကျူးမင်လန်က ဆိုသည်။
"သူက မိစ္ဆာဖြစ်သွားပြီလေ၊ မင်း..." ကျင်းမင်ဂျွန်၏ အသံမှာ နီးကပ်လာသည်။ သူက ကျူးမင်လန်ကို ကူညီပေးလိုပုံရသည်။
"သွားလိုက်တော့၊ သေသွားတဲ့လူက ပြန်ရှင်မလာနိုင်တော့ဘူး။ တခြားလူတွေကို ကာကွယ်ပေးဖို့က အရေးကြီးတယ်။ ပြီးတော့ အဲဒီ လူမျက်နှာကြွက်တွေကိုလည်း လျှော့တွက်လို့မရဘူး" ကျူးမင်လန်က ပြောလိုက်သည်။
"ကောင်းပြီ၊ ကျူးမင်လန်၊ ဒီညနွယ်ကြွက်ဝံပုလွေ မိစ္ဆာကို သတိထားပါ"
ညနွယ်ကြွက်ဝံပုလွေ မိစ္ဆာသည် လူသားတစ်ဦးကဲ့သို့ မတ်တပ်ရပ်နေသည်။ ၎င်း၏ ကိုယ်ခန္ဓာကို ဖုံးလွှမ်းထားသည့် အနက်ရောင် သွေးစွန်းနေသော အမွေးများသာ မရှိပါက၊ ၎င်း၏ပုံစံမှာ ခါးကုန်းနေသည့် အဘွားအိုတစ်ဦးနှင့် ဆင်တူပြီး ၎င်း၏ ရှုံ့တွနေသော မျက်နှာမှာ ကောက်ကျစ်လှည့်ဖြားတတ်သည့် အသွင်ရှိ၏။
ဖြစ်နိုင်သည်မှာ ၎င်းသည် မိစ္ဆာဖြစ်လာပြီးနောက် လူသားတို့၏ ကိုယ်တွင်းအင်္ဂါများကို စားသုံး၍ ကျင့်ကြံကာ၊ မိစ္ဆာဝိညာဉ်တစ်ကောင် ဖြစ်လာခြင်းဖြစ်နိုင်ပြီး၊ လူသားတို့၏ ကိုယ်ဟန် အမူအရာများကို အမြဲ အတုယူနေခြင်း ဖြစ်ပေမည်။ သို့သော် ၎င်းမှာ မူလကပင် သတ္တဝါတစ်ကောင် ဖြစ်သည့်အတွက် အတုပထားသော အမူအရာနှင့် အပြုံးများမှာ တောင့်တောင့်ကြီးဖြစ်နေပြီး ထူးဆန်းနေသည်။
ထို့ကြောင့်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းနေခြင်း ဖြစ်သည်။
ကျူးမင်လန်က ညနွယ်ကြွက်ဝံပုလွေ မိစ္ဆာဝိညာဉ် တဖြည်းဖြည်း နီးကပ်လာသည်ကို တည်ငြိမ်စွာ စောင့်ကြည့်နေသည်။
ရုတ်တရက် ညနွယ်ကြွက်ဝံပုလွေထံမှ ထူးဆန်းသော အနံ့တစ်ခု ထွက်ပေါ်လာသည်။ အနံ့ မှာ ဦးနှောက်ထဲသို့ စိမ့်ဝင်သွားစေသည့် ပြင်းထန်သော ရနံ့မျိုးဖြစ်ပြီး ပျို့အန်ချင်စရာ ကောင်းလှသည်။
ကျူးမင်လန်သည် ညနွယ်ပင်များ အများအပြားရှိသည့် နေရာတွင် ရပ်နေသည်။ ထိုရနံ့များ လွင့်ပျံ့သွားပြီးနောက် ညနွယ်ပင်များမှာ ထူးဆန်းစွာ ပြောင်းလဲသွားသည်။ အရွက်များမှာ စိမ်းလန်းသော ခြေသည်းများစွာအဖြစ် ပြောင်းလဲသွားပြီး တစ်ခုနှင့်တစ်ခု ရိုက်ခတ်ကာ နားမခံသာသော ဆူညံသံများကို ထုတ်လွှတ်သည်။
ဆိုးရွားသော တစ္ဆေများကဲ့သို့ ၎င်းတို့သည် ကျူးမင်လန်ဆီကို လက်လှမ်းလာကြသည်။ ညနွယ်ပင်ထူထပ်သော နေရာတွင် အမြဲပုန်းအောင်းနေပြီး အသက်ရှင်သူများကို ချောင်း မြောင်း တိုက်ခိုက်ရန် စောင့်ဆိုင်းနေသည့်အလားပင်။
ဤဆိုးရွားသော ခြေသည်းများကို ရင်ဆိုင်ရာတွင် ကျူးမင်လန်က တုန်လှုပ်ခြင်း မရှိပေ။
ယခင်က သာမန်လူသားများကိုသာ အိပ်မွေ့ချနိုင်စွမ်းရှိသည့် အိပ်မွေ့ချခြင်းနှင့် ထင်ယောင်ထင်မှား ဖြစ်စေသည့် ပုံရိပ်ယောင်စွမ်းရည်တို့သည် ညနွယ်ကြွက်ဝံပုလွေ မိစ္ဆာ ဝိညာဉ်ထံတွင် ပိုမိုတိုးတက်ပြောင်းလဲသွားခဲ့သည်။ ယခုမူ ထိုစွမ်းရည်တို့မှာ အလွန်ပင် လက်တွေ့ဆန်၍ ကြောက်မက်ဖွယ်ကောင်းလှပြီး စိတ်ကူးယဉ် အိပ်မက်ဆိုးများကို သားကောင်၏ စိတ်ထဲသို့ တိုက်ရိုက် သွတ်သွင်းပေးနိုင်သည်အထိ ဖြစ်လာခဲ့သည်။
ကျူးမင်လန်၏ စိတ်မှာမူ ကြည်လင်၍ တည်ငြိမ်နေသည်။ သူသည် ထင်ယောင်ထင်မှား ပုံရိပ်ယောင်များကို ကြောက်ရွံ့ခြင်း မရှိပေ။
ညနွယ်ကြွက်ဝံပုလွေ မိစ္ဆာဝိညာဉ်သည် အခွင့်ကောင်းယူ၍ နီးကပ်လာသည်။
၎င်း၏ သာမန်လူသားများကို အမဲလိုက်သည့် အလေ့အထမှာလည်း ငြီးငွေ့လာပြီ ဖြစ်သည်။ ကုန်သည်အုပ်စုကြီးမျိုး မဟုတ်ပါက၊ နဂါးထိန်းများမှာ ၎င်းအတွက် နောင်တွင် အနှစ်သက်ဆုံး အစာဖြစ်လာတော့မည်။
သူဖန်တီးထားသည့် ထင်ယောင်ထင်မှား ပုံရိပ်များကို အသုံးချကာ ညနွယ်ကြွက်ဝံပုလွေ မိစ္ဆာဝိညာဉ်သည် ထိုလူသား၏ ဘေးသို့ ချဉ်းကပ်လာခဲ့သည်။ သို့သော် ထိုလူသားမှာမူ နှလုံးတစ်ခုမှ သွေးကို လျှာဖြင့် လျက်နေသည့် ထင်ယောင်ထင်မှား ပုံရိပ်ကိုသာ မိုက်မဲစွာ စိုက်ကြည့်နေမိသည်။
ယခင်က လူသားများကို စားသုံးရာတွင် အလွန်သတိထားခဲ့သော်လည်း ယခုမူ ၎င်းသည် တိုက်ရိုက်ပင် လှုပ်ရှားတော့မည် ဖြစ်သည်။ ပစ်မှတ်မှာ နဂါးတစ်ကောင် ပိုင်ဆိုင်ထားသူ ဖြစ်နေပါစေ၊ ထိုနဂါးမှာလည်း ချောက်တွင်းထဲ၌ ပိတ်မိနေပြီး အချိန်တိုအတွင်း ပြန်တက် လာနိုင်မည် မဟုတ်သည်ကို ၎င်းအနေဖြင့် ကောင်းကောင်း သိရှိထားသည်။
ညနွယ်ကြွက်ဝံပုလွေ မိစ္ဆာဝိညာဉ်သည် ကျူးမင်လန်၏ လည်ပင်းဆီသို့ တိုးကပ်သွားပြီး ဤထူးခြားသည့် လူသားနဂါးထိန်း၏ အနံ့ကို ရှူရှိုက်ချင်နေသည်။
သို့သော် ထိုအချိန်တွင် ကျူးမင်လန်က ခေါင်းကို လှည့်လိုက်သည်။ သူ၏ အနက်ရောင် မျက်ဝန်းတို့မှာ ညနွယ်ကြွက်ဝံပုလွေကို စိုက်ကြည့်လိုက်သည်၊ သူ၏ ရှေ့တည့်တည့်၌ လူသားတစ်ဦး၏ နှလုံးသားကို စားပြနေသည့် ထိုမိစ္ဆာဝိညာဉ်၏ ပရိယာယ်ကို ထိုးဖောက် မြင်နေသည့်အလားပင်။
"ချီး……."
ဒေါသထွက်ပြီး အရှက်ရသွားသော ညနွယ်ကြွက်ဝံပုလွေသည် ပြင်းထန်စွာ အော်ဟစ် လိုက်သည်။ အနီရောင် အမွေးထူများဖြင့် ဖုံးလွှမ်းထားသော ၎င်း၏ ခန္ဓာကိုယ်မှာ သွေးစွန်း နေသည့် မိစ္ဆာတစ်ကောင်ကဲ့သို့ ကျူးမင်လန်ဆီသို့ အရှိန်ပြင်းစွာ ခုန်အုပ်လိုက်သည်။
ရှည်လျားသော ဟိန်းသံတစ်ခု တဟုန်ထိုး ထွက်ပေါ်လာချိန်တွင်၊ အပြစ်အနာအဆာကင်း မဲ့သည့် ငွေနှင်းအရုဏ်ဦးနဂါးဖြူသည် သေးငယ်လှပသည့် နဂါးငယ်လေးပုံစံဖြင့် ရှုပ်ထွေး နေသော အပင်နွယ်များကြားတွင် ကြယ်ဖြူတစ်စင်းကဲ့သို့ လျင်မြန်စွာ ပျံသန်းကျဆင်းလာ သည်။
"ဘုန်း……"
ပြင်းထန်သော စွမ်းအင်လှိုင်းကြီးတစ်ခု ရိုက်ခတ်သွားသည်။ ညနွယ်ကြွက်ဝံပုလွေသည် ကျူးမင်လန် အနီးသို့ပင် မရောက်မီမှာပင် အဖြူလေး၏ 'ကြယ်ကြွေ' တိုက်ကွက်ကြောင့် လွင့်စင်သွားရ၏။ ၎င်း၏ ပတ်ဝန်းကျင်ရှိ တစ္ဆေလက်သည်းကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော ညနွယ်ပင်များမှာလည်း ချက်ချင်းပင် ပျက်စီးသွားတော့သည်။
မိစ္ဆာကြွက်ငယ် တစ်ဒါဇင်ကျော်မှာ အဖြူလေးကို မယှဉ်နိုင်ပေ။ ၎င်းတို့အားလုံးကို သုတ်သင်ရှင်းလင်းပြီးနောက် အဖြူလေးသည် သစ်ကိုင်းတစ်ခုပေါ်တွင် ခပ်တည်တည် နားနေကာ အောက်တွင် ထင်ယောင်ထင်မှား ပုံရိပ်ယောင် အစွမ်းများဖြင့် လှည့်စားနေ သည့် ညနွယ်ကြွက်ဝံပုလွေကို အေးစက်စွာ စိုက်ကြည့်နေခဲ့ ဖြစ်သည်။
"ဒီကောင်က မင်းနဲ့ဆို ပြိုင်ဘက်ဖြစ်နိုင်လောက်တယ်" ကျူးမင်လန်က အဖြူလေးကို ပြောသည်။
ကျူးမင်လန်၏ စကားကို သဘောမတူသကဲ့သို့ ငွေနှင်းအရုဏ်ဦးနဂါးဖြူသည် ပြိုကျနေ သော နွယ်ပင်များကြားတွင် လျင်မြန်စွာ လှုပ်ရှားသွားပြီး အဖြူရောင် အရိပ်များကို ညနွယ် ကြွက်ဝံပုလွေ ပတ်လည်တွင် ပုံဖော်လိုက်သည်။
အနီရောင်အရိပ်အဖြစ် ပြောင်းလဲသွားသော ညနွယ်ကြွက်ဝံပုလွေသည် ငွေနှင်းအရုဏ်ဦး နဂါးဖြူ၏ ပြင်းထန်သော တိုက်ခိုက်မှုများကို ရှောင်တိမ်းနေသော်လည်း၊ မိစ္ဆာဝိညာဉ် အပြည့်အဝ ဖြစ်နေသည့်တိုင် ပျံသန်းနိုင်သည့် ငွေနှင်းအရုဏ်ဦးနဂါးဖြူထက် နှေးကွေးနေ ဆဲ ဖြစ်သည်။
သွေးစက်များ ပေါ်ထွက်လာသည်။ ငွေနှင်းအရုဏ်ဦးနဂါးဖြူနှင့် အနီးကပ် တိုက်ခိုက်မှုများ တွင် ညနွယ်ကြွက်ဝံပုလွေသည် အကြိမ်ကြိမ် ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ သွေးရောင် အမွေး များမှာ သူ၏ မိစ္ဆာသွေးများဖြင့် ပေကျံသွားသည်။
"ရှီး… ရှီး… ရှီး… ရှီး……"
ညနွယ်ကြွက်ဝံပုလွေက ဒေါသတကြီး ဟိန်းဟောက်၏။ ဤလူသားများကြားထဲတွင် နဂါးစစ်သူကြီးအဆင့်အထိ သန်မာသူတစ်ဦး ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်ထားမ ခဲ့ပေ။ ပြီးပြည့်စုံသော မိစ္ဆာအမဲလိုက်ပွဲမှာ ယခုမူ အမဲလိုက်ခံရမည့် အခြေအနေသို့ ရောက်ရှိသွားသည်။
တောရိုင်းသတ္တဝါအဖြစ်မှ မိစ္ဆာဝိညာဉ်အဖြစ်သို့ ကူးပြောင်းပြီးနောက် ညနွယ်ကြွက် ဝံပုလွေသည် ယခင်ကကဲ့သို့ နဂါးများကို မြင်လျှင် ထွက်ပြေးခြင်း မပြုတော့ပေ။ ၎င်းသည် ငွေနှင်းအရုဏ်ဦးနဂါးဖြူနှင့် အကွာအဝေးတစ်ခု ထိန်းထားပြီးနောက် ၎င်း၏ နောက်ကွယ် တွင် ဖုံးကွယ်ထားသော အမြီးကြီးကို ပြင်းထန်စွာ ခါယမ်းလိုက်ကာ အဆိပ်မြူခိုးများအား လွှတ်ထုတ်လိုက်သည်။
ဤအဆိပ်မြူခိုးများမှာ ဖြည်းဖြည်းချင်း လွင့်နှံ့နေခြင်း မဟုတ်ဘဲ မုန်တိုင်းတစ်ခုကဲ့သို့ တိုက်ခတ်လာပြီး ပတ်ဝန်းကျင်ရှိ အပင်များကို ချက်ချင်းဆိုသလို ပုပ်ဆွေးသွားစေသည်။
ငွေနှင်းအရုဏ်ဦးနဂါးဖြူသည်လည်း လေကို ထိန်းချုပ်နိုင်သည့် စွမ်းရည်ရှိသူ ဖြစ်သည်။ သူက ငြိမ်သက်စွာ ရပ်တည်နေလိုက်သည်။ အဖြူရောင် လေဝဲ နဂါးတစ်ကောင်က သူ၏ ပတ်ပတ်လည်တွင် လှည့်ပတ်ကာ မည်သည့်အရာမျှ ဖောက်ထွင်း၍ မရနိုင်သော အကာအရံ တစ်ခုကို ဖန်တီးလိုက်သည်။
"ဝှီး……၊ ဝှီး…..၊ ဝှီး……"
အစပိုင်းတွင် လေပြင်းများမှာ ငွေနှင်းအရုဏ်ဦးနဂါးဖြူ ပုံစံငယ်လေးသာ ဖြစ်သော်လည်း သူ၏အကြည့်များ ပိုမိုစူးရှလာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ လေပြင်းများမှာ ပိုမို ပြင်းထန် လာကာ သစ်ပင်များပင် မကာကွယ်နိုင်တော့ပေ။
အဆိပ်မြူခိုးများမှာ လွင့်စင်သွားပြီး ညနွယ်ကြွက်ဝံပုလွေပင် မတ်တပ် မရပ်နိုင်တော့ပေ။ ၎င်းက ခြေလေးချောင်းဖြင့် မြေကြီးကို မြဲမြံစွာ စိုက်ဝင်ထားပြီး အဆိပ်သင့်ခြင်း မရှိသေး သည့် နွယ်ပင်များကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားရသည်။
ငွေနှင်းအရုဏ်ဦးနဂါးဖြူက ခေါင်းကို မော့ကာ ရှည်လျားစွာ ရွတ်ဖတ်လိုက်သည်။
ညှိုးနွမ်းနေသော အရွက်များ ပြန့်ကျဲနေသည့် မြေပြင်မှ ရေခဲအရိုးကြီးများမှာ ခုနစ်မီတာ ရှစ်မီတာအထိ မြင့်တက်လာသည်။ ၎င်းတို့မှာ အရိုးတိုင်များကဲ့သို့ ထောင်မတ်နေခြင်း မဟုတ်ဘဲ စွယ်များကဲ့သို့ ကွေးညွတ်နေသည်။ ထိုရေခဲအရိုးများမှာ ညနွယ်ကြွက်ဝံပုလွေ မိစ္ဆာအားဝန်းရံလျက် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များဖြင့် မာန်ဖီနေကြ သည်...
ခြေသည်းများသဖွယ် မြေပြင်ပေါ်ကို မြဲမြံစွာ စိုက်ဝင်နေပြီး ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ လွယ်ကူရိုးရှင်းသော ထိန်းချုပ်မှုအောက်တွင် ထိုမြင့်မားလှသော ရေခဲအရိုးတိုင်ကြီးများ လေထဲတွင် တစ်ခုနှင့်တစ်ခု ဖြတ်ကျော်သွားသည်ကို မြင်တွေ့နိုင်သည်။ ၎င်းတို့သည် အစွယ်များပါဝင်သော စက်ဝိုင်းပုံစံ ပါးစပ်ပေါက်ကြီးတစ်ခုအဖြစ် အသွင်ယူကာ ညနွယ် ကြွက်ဝံပုလွေမိစ္ဆာဝိညာဉ်အား ပိတ်ဆို့လာတော့သည်။
"ကျွိ…… ကျွိ……၊"
သနားစရာကောင်းသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ညနွယ်ကြွက်ဝံပုလွေ၏ ခန္ဓာကိုယ်မှာ ရေခဲအရိုးများကြားတွင် ပိတ်မိသွားရုံသာမက ပိုမိုပါးလွှာပြီး ရှည်လျားသော ရေခဲဆူးများဖြင့် ထိုးဖောက်ခံလိုက်ရသည်။ ၎င်းသည် ရေခဲတိုင်များကို ဆုပ်ကိုင်ကာ လွတ်မြောက်ရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်သည်။
ရေခဲအရိုးများမှာ အကျဉ်းထောင်တစ်ခုကဲ့သို့ ဖြစ်နေပြီး ရေခဲဆူးများမှာ ရှည်လျားသော အမွှေးများကဲ့သို့ ဖြစ်နေကာ ညနွယ်ကြွက်ဝံပုလွေမှာမူ ညှမ်းပမ်းနှိပ်စက်ခံနေရသော ဝိညာဉ်တစ်ခုကဲ့သို့ သွေးအိုင်ထဲတွင် ရောက်ရှိသွားတော့သည်။
"သတ်လိုက်တော့" ကျူးမင်လန်က အေးစက်စွာ ပြောလိုက်သည်။
၎င်း၏ဝိညာဉ်ကို ဖျက်ဆီးပစ်ရန် လိုအပ်မလိုအပ် မသိသော်လည်း၊ သူ့ရှေ့မှောက်မှာပင် လူသားတစ်ဦး၏ နှလုံးကို စားသုံးပြခဲ့သည့် ဤသတ္တဝါကို အကြွင်းမဲ့ ပျက်စီးသွားစေရန် ကျူးမင်လန် လွန်စွာမှပင် လိုလားနေသည်။
မိစ္ဆာဝိညာဉ် အသစ်တစ်ကောင်အနေဖြင့် နဂါးသားတော်အဆင့်ရှိ နဂါးများကို အမဲလိုက် နိုင်ပေမည်။ သို့သော် ငွေနှင်းအရုဏ်ဦးနဂါးဖြူကဲ့သို့ နဂါးစစ်သူကြီးအဆင့်ရှိ နဂါး တစ်ကောင်ကို ယှဉ်ပြိုင်ရန် ကြိုးစားခြင်းမှာမူ မိုက်မဲလွန်းရာကျပေသည်။
မိုးပြာနဂါး ဆန်းကြယ်မှော်ပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်သော အဖြူလေးသည် ယခုအခါ အဆင့်မြင့်အဆင့် နဂါးစစ်သူကြီးတစ်ကောင် ဖြစ်နေလေပြီ။ နှစ်တစ်ထောင် သို့မဟုတ် နှစ်နှစ်ထောင်ကျော် ကျင့်ကြံခြင်းသက်တမ်းရှိသော မိစ္ဆာဝိညာဉ်များသည် သူ့ကို ယှဉ်ပြိုင် နိုင်ချေရှိသော်လည်း ဤညနွယ်ကြွက်ဝံပုလွေ မိစ္ဆာဝိညာဉ်နှင့် တိုက်ရိုက် ရင်ဆိုင် တိုက်ခိုက်ရာတွင်မူ မည်သို့မျှ မယှဉ်နိုင်ပေ။
ဤကမ္ဘာလောက၏ ရက်စက်ကြမ်းတမ်းသော စည်းမျဉ်းများအရ ခွန်အားရှိရုံနှင့် ကြီးစိုးနိုင် သည် မဟုတ်ပေ။ မိစ္ဆာငယ်လေးများသည် ထွက်ပြေးလွယ်ကြပြီး မိစ္ဆာဝိညာဉ်တို့မှာမူ အလွန်ကောက်ကျစ်စဉ်းလဲကြသည်။ သေးငယ်သော အသိဉာဏ်ရှိသည့် သတ္တဝါလေးများ ကိုပင် လျှော့တွက်၍ မရပေ။ အခွင့်အရေးရသည်နှင့် အဆုံးသတ်တွင် မည်သူ အသက်ရှင် ကျန်ရစ်နိုင်မည်ကို ပြောရန် ခက်ခဲလှသည်။
ဤညနွယ်ကြွက်ဝံပုလွေ မိစ္ဆာဝိညာဉ် ...
လူသားများကို စားသုံးခြင်းမှာ ၎င်း၏ အဓိက ရည်ရွယ်ချက် မဟုတ်ပေ။ ၎င်းသည် နဂါးထိန်းများကိုသာ အဓိက စားသုံးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ကောက်ကျစ်စဉ်းလဲပြီး ဆိုးရွားလှ၏။ ကျင်းမင်ဂျွန်နှင့် ကျောင်းသူငါးဦးတို့မှာ ပေါ့ဆလွန်း ကြသည်။ သူတို့သည် မြေပြင်အနေအထားကို ကြိုတင် စူးစမ်းခြင်းမပြုဘဲ ဤရှုပ်ထွေးလှ သော တောအုပ်ကြီးထဲသို့ အလောတကြီး ဝင်ရောက်မိခဲ့ကြသည်။
ရလဒ်အနေဖြင့် နဂါးများမှာ ချောက်တွင်းနက်ထဲတွင် ပိတ်မိကုန်ပြီး လူများမှာလည်း အိပ်မွေ့ချခံလိုက်ရသည်။ ကျူးမင်လန်နှင့် အဖြူလေးတို့သာ မရှိခဲ့လျှင် ချူယန်ယန်နှင့် ကျင်းမင်ဂျွန်တို့လောက်သာ အသက်ရှင်ကျန်ရစ်မည့်သူများ ဖြစ်ပေလိမ့်မည်။
ဤမိစ္ဆာဝိညာဉ်အသစ်၏ စွမ်းရည်ကို တွေးတောရင်း ကျူးမင်လန်သည် နဂါးထိန်းတို့၏ အသက်ရှင်သန်ရေးအတွက် စိုးရိမ်မိသည်။ နဂါးထိန်းအများစုသည် နက်ရှိုင်းသော တောအုပ်ကြီးများနှင့် ရှေးဟောင်းသစ်တောများအတွင်းသို့ မဝင်ရောက်ရဲခြင်းမှာ မထူးဆန်းတော့ပေ။ အစွမ်းထက်သော နတ်ဘုရားအနွယ်ဝင် လူသားများပင်လျှင် အလွန် သတိထားကြရသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
မိစ္ဆာနှင့် တောရိုင်းသတ္တဝါတို့၏ နယ်မြေတွင် အလွန်အမင်း လွှမ်းမိုးနိုင်စွမ်းရှိသည့် စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ခြေလှမ်းတစ်လှမ်း မှားရုံဖြင့် မိမိကိုယ်တိုင် အစာ ဖြစ်သွားနိုင်ပေသည်။
"ကျွိ…..၊ ကျွိ……"
ညနွယ်ကြွက်ဝံပုလွေ မိစ္ဆာဝိညာဉ်သည် လူမျက်နှာကြွက်များကို အကူအညီတောင်းခံသည့် အလား ဆက်တိုက် အော်ဟစ်နေသည်။
သို့သော် အခြေအနေက ဤမျှဆိုးရွားနေပြီဖြစ်ရာ အနီးအနားတွင်ရှိနေသော လူမျက်နှာ ကြွက်များမှာ အတင်းအဓမ္မ ထွက်ပေါ်လာရန် မဝံ့ရဲကြတော့ပေ။ ငွေနှင်းအရုဏ်ဦးနဂါးဖြူ ၏ ပြင်းထန်သော အရှိန်အဝါကြောင့် ၎င်းတို့၏ သစ္စာရှိမှုထက် အသက်ရှင်လိုသည့် ဆန္ဒက ပိုမိုကြီးမားနေပုံရသည်။