အခန်း ၇၉
Vol. 8 Ch. 79
အခန်း (၇၉) နဂါးပန်းချီ ဆရာသခင်။
အပြာရောင် ကြွေပြားများ၊ မီးခိုးရောင် အဆောက်အအုံများနှင့် မှင်နံ့ ပြင်းပြင်းတို့ဖြင့် ပြည့်နှက်နေသည်။ ကျန့်အန်း နောက်သို့ ပြန်လှည့်ကြည့်လိုက်သည့်အခါ သူ၏ရှေ့ရှိ မြို့တော်မှာ မူလအရောင်များ ပျောက်ကွယ်သွားပြီး လှိုင်းထနေသော မြင်ကွင်းတစ်ခု အဖြစ် ပြောင်းလဲသွားသည်။
၎င်းမှာ တစ်ချက်ချင်းစီ ရေးဆွဲထားသည့် မှင်စုတ်တံ စုတ်ချက်များဖြစ်ပြီး ကြာပန်းနီမြို့ တစ်ခုလုံး၏ ကျက်သရေကို ဖော်ကျူးထားသည်။ အဝေးမှ လှိမ့်ဝင်နေသော တောင်ကုန်း များနှင့် ရှေးဟောင်းမျှော်စင် အနည်းငယ်မှာပင် ပန်းချီကား၏ နောက်ဆုံးလက်ရာများ အဖြစ် ရှိနေသည်။
သကြားလုံးချောင်း ရောင်းသူမှာ ရိုးရှင်းသည့် စုတ်ချက်အနည်းငယ်မျှသာ။ လက်ဖက်ရည် ဆိုင်တွင် ဖောက်သည်များကို ခေါ်နေသည့် စားပွဲထိုးမှာ မှင်ရိပ်များ စုစည်းထားခြင်းမျှသာ။ အလျင်စလို သွားလာနေသည့် မြင်းများနှင့် ခရီးသွားများမှာမူ ငြိမ်သက်နေသော်လည်း ပင်ပန်းနွမ်းနယ်နေပြီး အလုပ်များနေဟန်ကို အသေးစိတ် ဖော်ကျူးထားသည်။
ကျန့်အန်းသည် သူကိုယ်တိုင်လည်း ပန်းချီကားတစ်ချပ် ဖြစ်သွားသလားဟု သိလိုသဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်စမ်းကြည့်မိသည်။ သို့သော် သူ၏ ခန္ဓာကိုယ်မှာ သွေးသားတို့ဖြင့် တည်ရှိနေဆဲဖြစ်ပြီး နွေးထွေးမှုလည်း ရှိနေသည်။
"ဘယ်ကျွမ်းကျင်က ကျွန်တော့်အတွက် ဧည့်ခံပွဲကို ဒီမှာ ပြင်ဆင်ထားတာလဲ။ ကျွန်တော် ရောက်လာတဲ့အတွက် ဒီမြို့ကို ပန်းချီဆွဲပေးတာဆိုရင်တော့ အလွန်တရာ ကျေးဇူးတင် စရာပဲ" ကျန့်အန်းက ပန်းချီကားထဲရှိ ပန်းချီမြို့တော်ကို လှမ်း၍ ပြောလိုက်သည်။
သူ၏အသံမှာ ပန်းချီမြို့တော်ထဲတွင် ပဲ့တင်ထပ်သွားသော်လည်း မည်သူကမျှ ပြန်မဖြေ ချေ။ ကျန့်အန်း မျက်နှာမူထားသည့် လမ်းမကြီးပေါ်တွင် အနက်ရောင် မျှော်စင်အရိပ်ကြီး တစ်ခု ရုတ်တရက် ပေါ်ထွက်လာ၏။ ထိုအရိပ်ကြီးသည် မားမားမတ်မတ် ရပ်လိုက်သော အခါ မြို့ရိုးမျှော်စင်များနှင့်ပင် အရပ်ချင်း ယှဉ်နိုင်ပြီး ကျယ်ဝန်းသော လမ်းမကြီးပင် ၎င်း၏ ခြေဖဝါးအောက်တွင် ကျဉ်းမြောင်းသွားသယောင် ရှိသည်။
ထိုအမည်းရောင်အရိပ်မှာ တစ်လှမ်းချင်း ချဉ်းကပ်လာ၏။ ပန်းချီမြို့တော်မှာ တုန်ခါသွား ပြီးလမ်းဆုံသို့ ရောက်သည့်အခါတွင်မူ ကုန်သည်များ၊ လမ်းသွားလမ်းလာများနှင့် စစ်သည် များအားလုံး ပျောက်ကွယ်သွားသည်။ တစ်လမ်းလုံးမှာ ကျန့်အန်းနှင့် ထိုဧရာမမှင်သားရဲ ကြီးသာ ကျန်ရစ်ခဲ့တော့သည်။
ထိုအမည်းရောင် သတ္တဝါကြီးမှာ သံချပ်ကာ ဝတ်ဆင်ထားပြီး အမွှေးများမှာ လေတိုက်ရာ ယိမ်းနွဲ့နေသည့် မီးတောက်များသဖွယ် လှုပ်ရှားနေသည်။ တစ်ကိုယ်လုံးမှာ မှင်ရည်ဖြင့် ရေးဆွဲထားသော်လည်း မှင်၏ အရင့်အရောင် ကွာခြားမှုကြောင့် မီးတောက်များ ခြုံလွှမ်း ထားသည့် အရှိန်အဝါကို ပြင်းထန်စွာ ခံစားရသည်။
"မီးလျှံချီလင်နဂါးလား"
ကျန့်အန်း ထိုသတ္တဝါကို မှတ်မိလိုက်သည်။
ထို့အပြင် ၎င်းမှာ မှင်ဖြင့် ရေးဆွဲထားသော မီးလျှံချီလင်နဂါး ဖြစ်သည်။ တစ်စုံတစ်ရာ ကြောင့် သူ၏ရှေ့သို့ ခြေလှမ်းလှမ်းလိုက်တိုင်းတွင် အစစ်မှန် မီးလျှံချီလင်နဂါးတစ်ကောင် ရပ်နေသကဲ့သို့ပင် ၎င်း၏ဂုဏ်သိက္ခာနှင့် တန်ခိုးအရှိန်အဝါတို့မှာ မည်သို့မျှ လျော့ပါးသွား ခြင်း မရှိပေ။
၎င်းမှာ ပုံရိပ်ယောင် မဟုတ်ကြောင်း ကျန့်အန်း အသေအချာ သိလိုက်သည်။
သူရောက်ရှိနေသည့် ပန်းချီမြို့တော်မှာ အစစ်အမှန် ဖြစ်ပြီး သူ၏ရှေ့ရှိ မှင်ဖြင့် ရေးဆွဲထား သော မီးလျှံချီလင်နဂါးမှာလည်း အစစ်အမှန်ပင် ဖြစ်သည်။ နတ်ဘုရားအနွယ်ဝင်လူသား တစ်ဦးအနေဖြင့် သူသည် ရိုးရာပန်းချီပညာရပ်များ၏ ပုံရိပ်ယောင်များဖြင့် လှည့်ဖြားခံရစ ရာ အကြောင်းမရှိပေ။
ကြာပန်းနီမြို့ကို ရေးဆွဲပြီး သူ့ကို ထောင်ချောက်ထဲသို့ ကျရောက်စေရန် စောင့်ဆိုင်းနေ သော ပန်းချီဆရာမှာ ပြိုင်ဘက်ကင်း ပညာရှင်တစ်ဦး ဖြစ်ရပေမည်...
သို့သော် ဘိုးဘေးနဂါးမြို့တော်တွင် ထိုမျှ အစွမ်းထက်သည့် ပညာရှင်မျိုး ရှိပါသလား။
ပန်းချီကားထဲမှ အရာများကို လက်တွေ့ အစစ်မှန်အဖြစ် ပြောင်းလဲနိုင်ပြီး၊ ရေးဆွဲထား သော နဂါးမှာပင် မီးလျှံချီလင်နဂါးအောက် မနိမ့်ကျသည့် အဆင့်မျိုးအထိ ရေးဆွဲနိုင်သူကို ကျန့်အန်း မမှတ်မိပေ။
"ခင်ဗျား ကျွန်တော့်ကို သတ်ချင်ရင် ဘာလို့ ကိုယ်တိုင် မထွက်လာတာလဲ။ ဘိုးဘေး နဂါးမြို့တော်က နတ်ဘုရားအနွယ်ဝင်လူသား တစ်ယောက်အနေနဲ့ ပြောရရင် ကျွန်တော် က ခင်ဗျားထက် စီနီယာပိုကျတယ်" ကျန့်အန်းက ရှေ့သို့ တိုးလာသော မီးလျှံချီလင်နဂါးကို မျက်နှာမူလျက် တစ်လှမ်းမှ မဆုတ်ဘဲ ပြောလိုက်သည်။
သို့သော်လည်း သူ၏အသံသာ ပဲ့တင်ထပ်နေပြီး ပန်းချီဆရာဖြစ်သူ နတ်ဘုရားအနွယ်ဝင် လူသားမှာ ထွက်ပေါ်လာရန် အစီအစဉ် မရှိပေ။
ကျန့်အန်း မျက်မှောင်ကြုတ်လိုက်မိသည်။
ဖြစ်နိုင်တာက အခြားမြို့တော်မှ အစွမ်းထက် ပညာရှင်တစ်ဦးများ ဖြစ်မလား။
လီရင်းမှာ သူ့ကို သတ်ရန် အသည်းအသန် ဖြစ်နေသဖြင့် အရှက်မဲ့စွာပင် အခြားမြို့တော်မှ နတ်ဘုရားအနွယ်ဝင် လူသားတစ်ဦးကို အကူအညီ တောင်းလိုက်သည်လား။
မီးလျှံချီလင်နဂါး၏ ဟိန်းဟောက်သံမှာ နတ်ဘုရား နွားရိုင်းတစ်ကောင်ကဲ့သို့ ပြင်းထန်၏။ ၎င်းက မြေပြင်ကို အားဖြင့် နင်းလိုက်သောအခါ မြို့တော်၏ အစိတ်အပိုင်းအများစုကို လွှမ်းခြုံထားသော မီးလှိုင်းများမှာ ရှေ့သို့ လူးလွန့်ကာ တိုးထွက်လာခဲ့သည်။
မီးလှိုင်းများ ဝင်ရောက်တိုက်ခိုက်လာသည်။ ၎င်းမှာ မှင်စုတ်ချက်များ၏ လှုပ်ရှားမှု ဖြစ်သော်လည်း ပူပြင်းသည့် ခံစားချက်နှင့် ရိုက်ခတ်မှုမှာ တကယ့်မီးတောက်များနှင့် မခြား ပေ။ ကျန့်အန်း၏ ဝတ်စုံလက်မောင်းစများပင် မီးစွဲလောင်တော့မလို ဖြစ်သွားသည်။
ကျန့်အန်းမှာ တောဘဲတစ်ကောင်ကဲ့သို့ ပေါ့ပါးစွာ ခုန်ပျံလိုက်ပြီး မှင်ဖြင့်ရေးဆွဲထားသော အိမ်ခေါင်မိုးများပေါ်တွင် နင်းကာ မြို့ရိုးမျှော်စင်နောက်သို့ လျင်မြန်စွာ ရှောင်တိမ်းလိုက် သည်။
မှင်မီးတောက်လှိုင်းမှာ လမ်းပေါ်ရှိ အိမ်များနှင့် အဆောက်အအုံများကို ဖျက်ဆီးပစ်လိုက် သည်။ မီးလျှံချီလင်နဂါးက ၎င်း၏ခြေလက်များကို လှုပ်ရှားကာ လိုက်လံတိုက်ခိုက်ရာ လမ်းတစ်လျှောက်ရှိ မြို့၏ထက်ဝက်ကိုပင် ဝါးမြိုတော့မည့်အလား မီးတောက်များ မြင့်တက်လာသည်။
မှင်ဖြင့် ဖွဲ့စည်းထားသော မြို့ရိုးမျှော်စင်၏ ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်ပြီးနောက် ကျန့်အန်းမှာ ထောင့်စွန်းမှနေ၍ ကန်ချလိုက်သည်။
တစ်ခဏအတွင်းမှာပင် မြို့ရိုးမျှော်စင်မှာ အပိုင်းအစများအဖြစ် ပြိုကျသွားသည်။ ကျန့်အန်းမှာ တင်ထားသော လေးမှ လွှတ်လိုက်သည့် မြားတစ်စင်းကဲ့သို့ပင် ပေါက်ကွဲ အားဖြင့် ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။
တိုက်ခိုက်လာသည့် မီးတောက်လှိုင်းကို ဖြတ်ကျော်လိုက်ချိန်တွင် သူ၏ အရှိန်ဟုန်ကြောင့် မီးကန့်လန့်ကာကြီး တစ်ခုလုံး ဆုတ်ပြဲထွက်သွားသည်ကို မြင်လိုက်ရ၏။
မီးလျှံချီလင်နဂါးကို လက်ဗလာဖြင့် ရင်ဆိုင်ရာတွင် ကျန့်အန်း၏ လက်သီးက ထိုခဏ၌ ပြင်းထန်သော အလင်းရောင်များ တောက်ပလာပြီး သူ၏ လက်သီးချက်ကြောင့် ပတ်ဝန်း ကျင်ရှိ ပန်းချီမြို့တော်မှာပင် တွန့်လိမ်သွားရသည်။
မီးလျှံချီလင်နဂါးမှာ နောက်သို့ လျှောကျသွားပြီး လမ်းဆုံတွင် ပေါက်ကွဲသွားသည့် လက်သီးချက်ကြောင့် ပန်းချီမြို့တော်မှာ စွန့်ပစ်ထားသော မှင်ရည်များကဲ့သို့ ပြန့်ကျဲသွား သည်။ တစ်ခဏအတွင်းမှာပင် ပန်းချီမြို့တော်မှာ ၎င်း၏ မူလပုံစံ ပျောက်ဆုံးသွားသည်။
မီးလျှံချီလင်နဂါးမှာ ယိမ်းယိုင်သွားသော်လည်း ပြိုလဲမသွားဘဲ လက်သီးချက်ကြောင့် နောက်သို့ အနည်းငယ်သာ ဆုတ်ခွာသွားရသည်။ ၎င်း၏ မီးတောက်များမှာ ခေတ္တ ငြိမ်းသွားသော်လည်း ထိုကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီးက ဟိန်းဟောက် လိုက်သောအခါ မှင်မီးတောက်များမှာ ၎င်း၏ကိုယ်ခန္ဓာတွင် အရင်ကထက် ပိုမိုပြင်းထန်စွာ တောက်လောင်လာပြန်သည်။
ကျန့်အန်း၏ မျက်နှာအမူအရာမှာ ပိုမို တည်ကြည်လာသည်။
မှင်ဖြင့် ရေးဆွဲထားသော နဂါးဖြစ်သည့်အတွက် အလွယ်တကူ ဖျက်ဆီးနိုင်မည်ဟု သူ ထင်ထားခဲ့သည်။ သို့သော်လည်း မှင်ဖြင့် ပြုလုပ်ထားသော မီးလျှံချီလင်နဂါးမှာ သံမဏိ ကဲ့သို့ ကြံ့ခိုင်မာကျောနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ၏ လက်မောင်းပင် လက်သီးချက်မှတဆင့် တန်ပြန်ရိုက်ခတ်မူကြောင့် ထုံကျင်သွားရသည်။
ထို့အပြင် နတ်ဘုရားအနွယ်ဝင် လူသား၏ စွမ်းအားကို သူအသုံးမပြုခဲ့သည်မှာ နှစ်ပေါင်း များစွာ ကြာပြီဖြစ်၍ သူ၏ခွန်အားမှာလည်း များစွာ လျော့နည်းသွားခဲ့သည်။
အနည်းငယ် နောက်ဆုတ်လိုက်ပြီးနောက် ကျန့်အန်းသည် မီးလျှံချီလင်နဂါးကို စူးစိုက် ကြည့်ကာ ဤပန်းချီကားထဲမှ အားနည်းချက်ကို ရှာဖွေနေသည်။ ၎င်းမှာ ပန်းချီကား ဖြစ်သည့်အတွက် အစစ်မှန် သတ္တဝါနှင့် ကွဲပြားချက် တစ်စုံတစ်ရာ ရှိရပေမည်။ ဤပန်းချီ မြို့တော်နှင့် ပန်းချီနဂါး၏ အနှစ်သာရကို ရှာတွေ့ပါက သူ အလွယ်တကူ အနိုင်ယူနိုင်လိမ့် မည်။
"ဗြုန်း... ဗြုန်း... ဗြုန်း..."
သူ့နောက်ရှိ မြို့ရိုးမျှော်စင် ပြိုကျသွားသည့် အသံမှာ တုန်ဟီးသွားသည်။ ကျန့်အန်းသည် သူ့နောက်ကျောဘက်မှ ထွက်ပေါ်လာသည့် မကြုံစဖူး ထိတ်လန့်ဖွယ် အရှိန်အဝါကို ခံစား လိုက်ရပြီး လည်ပင်းတစ်လျှောက် အေးစိမ့်သွားကာ တစ်ကိုယ်လုံး ကြက်သီးများ ဖြန်းဖြန်း ထလာသည်။
သူ နောက်သို့ လှည့်ကြည့်လိုက်သောအခါ... ကြာပန်းနီမြို့၏ မြို့ရိုးများမှာ မိစ္ဆာဝိညာဉ် အဆင့် သတ္တဝါများ၏ တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိသည့် ခိုင်ခံ့မြင့်မားသော မြို့ရိုးများ ဖြစ်သည်။ ထိုမြို့ရိုးများကိုလည်း ပန်းချီမှင်ရည်များဖြင့် ရေးဆွဲထားခြင်း ဖြစ်သော်လည်း ကျန့်အန်း မယုံကြည်နိုင်စွာ ကြည့်နေစဉ်မှာပင် မြို့ရိုးများမှာ လှုပ်ရှားရုန်းကန်ကာ ဆန့်ထွက်လာသည်။
မြို့ရိုးရှိ အုတ်များမှာ ကြေးခွံများကဲ့သို့၊ ခံတပ်များမှာ အရိုးများကဲ့သို့ ဖြစ်လာသည်။ ကြာပန်းနီမြို့ကို စောင့်ရှောက်ထားသော မြို့ရိုးမှာ အသက်ဝင်လာပြီး နဂါးရစ်ခွေမြို့တော် အဖြစ် ပြောင်းလဲသွားသည်။ ရစ်ခွေနေသော နဂါးကြီးက ၎င်း၏ကျောက်သားခေါင်းကို ဖြည်းညင်းစွာ မော့လိုက်ပြီး ကျန့်အန်းကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အထက်စီးမှ ငုံ့ကြည့်နေသည်။
ကျန့်အန်းမှာ အလွန်ပင် တုန်လှုပ်ချောက်ချားသွားသည်။ ဤအဆင့်ရှိ ပန်းချီပညာမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ဤ နတ်ဘုရားအနွယ်ဝင် လူသားသည် သူမြင်ဖူးသမျှ နဂါးများကို သူကိုယ်တိုင် ဖန်တီးထား သည့် ‘နဂါးသတ္တဝါ’ အဖြစ်သို့ ပြောင်းလဲနိုင်ခြင်းပင်။
ကြာပန်းနီမြို့၏ မြို့ရိုးတွင် နတ်ဘုရားအနွယ်ဝင် လူသား၏ စွမ်းအားမျိုးကို မပိုင်ဆိုင်နိုင် ပေ။ ထိုစွမ်းအားမျိုး ပိုင်ဆိုင်သည်ဟု နာမည်ကြီးသည့် နေရာမှာ ဘိုးဘေးနဂါး မြို့တော် ဖြစ်ပြီး၊ ဘိုးဘေးနဂါးမြို့တော်၏ မြို့ရိုးများမှာ နဂါးအရိုးများဖြင့် တည်ဆောက်ထားသည် ဟု ဆိုကြသည်။
ဤပန်းချီဆရာမှာ ဘိုးဘေးနဂါးမြို့တော်မှ နတ်ဘုရားအနွယ်ဝင်လူသား တစ်ဦးဖြစ်သည် မှာ ထင်ရှားပြီး ဘိုးဘေးနဂါး မြို့တော်၏ စစ်မှန်သော နဂါးအရိုးကို မြင်ဖူးသူ ဖြစ်ရပေမည်။ မဟုတ်ပါက ဤမျှ အစွမ်းထက်သော ပန်းချီပညာကို မည်သို့ ရရှိနိုင်ပါမည်နည်း။
"ဘိုးဘေးနတ်ဘုရား နဂါးသမီးတော် 'ဧကရီဘုရင်မ'၊ ပန်းချီပညာရဲ့ အထွတ်အထိပ် နယ်ပယ်၊ မင်းက လီရင်းရဲ့ သမီးလား" ကျန့်အန်းက ဤမြို့ကို ပန်းချီဆွဲသူ မည်သူ ဖြစ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားသည်။
သို့သော် သူ ဘိုးဘေးနဂါးမြို့တော်မှ ထွက်ခွာလာစဉ်က လီရင်း၏သမီးမှာ ကလေးအရွယ် သာ ရှိသေးသည်။ ဆယ်စုနှစ်တစ်ခုကျော်အကြာတွင် သူမသည် ဤမျှ ထူးခြားသော နတ်ဘုရားပညာရပ်ကို ကျွမ်းကျင်သွားခဲ့ပြီလား။ ကျန့်အန်း၏ စကားကို မည်သူကမျှ ပြန်မဖြေချေ။ တစ်ဖက်လူမှာ သေခါနီး လူတစ်ယောက်နှင့် စကားပြောရန်ပင် စိတ်ဝင်စား ပုံ မရပေ။
မြို့ရိုးနဂါး၏ ဖိအားပေးမှုကြောင့် ကျန့်အန်းမှာ ခြေတစ်လှမ်းမျှ ရှေ့မတိုးနိုင်တော့ပေ။ သူ၏ရှေ့တွင်မူ မီးလျှံချီလင်နဂါးမှာ သူ့ထံသို့ ပြေးဝင်လာသည်။ ကျန့်အန်းက ခါးသီးစွာ ပြုံးလိုက်သော်လည်း သူ့မျက်ဝန်းထဲတွင်မူ ရှင်ခြင်းနှင့် သေခြင်းတရားအပေါ် လျစ်လျူရှုမှု များသာ ရှိနေသည်။
သူ၏ နတ်ဘုရားအနွယ်ဝင် လူသား ဖြစ်တည်မှုကို ဖော်ထုတ်လိုက်မိခြင်းက ဤသို့သော သတ်ဖြတ်ခြင်း ဘေးအန္တရာယ်နှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။ သူ၏ နှလုံးသားထဲတွင် အမျက်ဒေါသ သို့မဟုတ် မုန်းတီးမှု မရှိဘဲ ထိုကလေးငယ် နှစ်ဦးအတွက် သာ စိုးရိမ်နေမိသည်။
သူ မီးလျှံချီလင်နဂါးကို အနိုင်ယူနိုင်စွမ်း ရှိပါသည်။ အကြောင်းမှာ သူသည် တစ်ချိန်က ချီလင်နဂါး၏ ဦးချိုတစ်ခုကိုပင် ချိုးဖျက်ခဲ့ဖူးသောကြောင့် ဖြစ်သည်။
သို့သော် သူ၏နောက်ရှိ မြို့ရိုးနဂါးမှာ ဘိုးဘေးနဂါး၏ ဝိညာဉ်ကို ပိုင်ဆိုင်ထားသည်။ ပန်းချီ ဆရာက ၎င်းကို ရေးဆွဲနိုင်သည်ဆိုကတည်းက သူမအဆင့်မှာ သူ့အထက်တွင် ရှိနေသည် မှာ သေချာသည်။ သူသည် ကံကြမ္မာကို အရှုံးမပေးဘဲ၊ ကံတရားကို ယုံကြည်ခြင်း မရှိသည့် ထိုလူငယ်လေးတစ်ယောက် မဟုတ်တော့ပေ။ သူသည် ဘဝတစ်သက်တာလုံးဆိုင်ရာ စိတ်အားထက်သန်မှုနှင့် တိုက်ခိုက်ရေးစိတ်ဓာတ်တို့ကို အကုန်အစင် အသုံးပြုပြီးနောက်၊ အိုမင်းကာလကို အေးချမ်းစွာ ကုန်ဆုံးနိုင်မည့် နေရာတစ်ခုကို ရှာဖွေနိုင်လိမ့်မည်ဟု တွေးထင်ခဲ့သည်။ သို့သော် နောက်ဆုံးတွင်မူ လီရင်းနှင့် ပတ်သက်နေသည့် ကံကြမ္မာ၏ ချည်နှောင်မှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။
"ဝူး..."
ရုတ်တရက်၊ မှင်ရည်များအားလုံး ရေကဲ့သို့ စီးကျသွားသည်။ သူ၏ရှေ့တွင် ပြေးဝင်လာ သည့် မီးလျှံချီလင်နဂါးမှာ ပြန့်ကျဲသွားသည့် မှင်ရည်အိုင်များအဖြစ် ပြောင်းလဲသွားပြီး တောက်လောင်နေသည့် မီးတောက်များမှာ တစ်စက်ချင်းစီ ကျဆင်းလာသည်။
သူ့နောက်ရှိ ထိတ်လန့်ဖွယ်ကောင်းသော ပန်းချီ ရစ်ခွေနဂါးမှာ ဖြည်းညင်းစွာ မြေပြင်ပေါ် သို့ လဲကျသွားပြီး တွန့်လိမ်ကာ ပန်းချီမြို့တော်ကို ၎င်း၏ ခန္ဓာကိုယ်အရှည်ကြီးဖြင့် ဝန်းရံ ထားလိုက်သည်။ အရှိန်အဟုန် အားလုံးမှာ တစ်ခဏချင်းတွင် ပျောက်ကွယ်သွားသည်။
ရယ်စရာကောင်းသလို ခမ်းနားသော အိပ်မက်တစ်ခုမှ နိုးထလာသကဲ့သို့ သူသည် ဆိုဖာ ပေါ်တွင် ပြန်လည် နိုးထလာသည်။
ဈေးလမ်းမ၏ ဆူညံသံများမှာ ကျန့်အန်း၏ နားထဲသို့ ပြန်လည် ရောက်ရှိလာပြီး ပတ်ဝန်း ကျင်မှာလည်း လမ်းသွားလမ်းလာများဖြင့် ပြည့်နှက်နေ။ လမ်းနှစ်ဖက်စလုံးတွင် မီးခိုး ရောင် ကြွေပြားများဖြင့် မိုးထားသော အိမ်များ ရှိသည်။
သူ့ရှေ့တွင် ကျောက်ခင်းလမ်းမကြီးက ကျယ်ဝန်းစွာ ရှိနေပြီး အဝေးမှ တောင်ကုန်းနိမ့်များ ပေါ်တွင် ရှေးဟောင်းမျှော်စင်များ ရှိနေသည်။
သူ့နောက်တွင်မူ ကြာပန်းနီမြို့၏ မြို့ရိုးများမှာ တိတ်ဆိတ်ခန့်ငြားစွာ ထည်ရှိနေသည်။ အဖြူရောင် ကျောက်တုံးများ၊ မီးခိုးရောင် ကျောက်ဆောင်များနှင့် မျှော်စင်များမှာ ငြိမ်သက်နေပြီး မည်သည့် နဂါးသတ္တဝါအဖြစ်မျှ ပြောင်းလဲသွားခြင်း မရှိပေ။
အရာအားလုံးမှာ အိပ်မက်တစ်ခုကဲ့သို့ ဝေဝါးနေသည်။ ကျန့်အန်း၏ အကြည့်များမှာ ကြာပန်းနီမြို့၏ စည်ကားလှသော လမ်းမများပေါ်တွင် လှည့်ပတ်ကြည့်ရှုနေသော်လည်း ပန်းချီဆရာကို မတွေ့ရသေးပေ။ သို့သော် ပန်းချီနဂါး၏ စောင့်ကြည့်ခြင်းကို ခံလိုက်ရသည့် ထိတ်လန့်မှုမှာ သူ့ဝိညာဉ် အနက်ရှိုင်းဆုံးအထိ ဆက်လက် ပျံ့နှံ့နေသည်။
ကြာပန်းနီမြို့၊ ရှေးဟောင်းမျှော်စင် တောင်ကုန်း။
အနီရောင် ကြာပန်းရေကန်၊ နက္ခတ်ကြည့်စင်၊ ကျောက်စားပွဲ၊ မှင်စုတ်တံနှင့် အပြာရောင် သားမွေးနုအင်္ကျီကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး။ သူမ၏ မျက်ဝန်းများမှာ ကြာပန်းနီမြို့နှင့် လမ်းမပေါ်ရှိ လူအုပ်ကြီးကို ပြန်လည် ရောင်ပြန်ဟပ်နေသည့် ရေကန်ကဲ့ သို့ နက်ရှိုင်းလှပသည်။
တောက်တောက်ပြောင်ပြောင် အဝတ်အစားကို ဝတ်ဆင်ထားသည့် လူတစ်ယောက်မှာ နဖူးပေါ်တွင် ချွေးစက်များစီးကျလျှက် ထိုအမျိုးသမီး ပန်းချီဆွဲနေသည်ကို အလွန်အလေး အနက်ထားကာ ကြည့်နေသည်။
"ပြောပါ" နန်လင်းရှာက ဆိုသည်။
"ကျွန်တော် ဆရာတစ်ဦးရဲ့ စီစဉ်ပေးမှုအတိုင်း ကြည်လင်ရေမြစ်မြို့မှာရှိတဲ့ မိစ္ဆာဖမ်းဆီးတဲ့ မှော်ဆရာအဖွဲ့ကို ကူညီဖို့ သွားခဲ့တာပါ။ ကျွန်တော် ရောက်တဲ့အချိန်မှာ မှော်ဆရာသုံးဦးစ လုံး အသက်မဲ့နေပြီ၊ အေးအေးချမ်းချမ်း သေဆုံးသွားပေမဲ့ မိစ္ဆာသားရဲတွေကတော့ ပျောက်ကွယ်သွားပြီ" ကျူးမင်လန်က သက်ပြင်းချကာ နန်လင်းရှာအား ဖြစ်ကြောင်း ကုန်စင် ပြောပြလိုက်သည်။
တောင်ပေါ်သို့ တက်လာစဉ်က ကျူးမင်လန်သည် မြို့တစ်မြို့လုံး မှင်ရည်များအဖြစ် ထူးဆန်းစွာ ပြောင်းလဲသွားသည်ကို မြင်တွေ့ခဲ့ရသည်။ နန်လင်းရှာ ဘာလုပ်နေမှန်း သူ မသိသော်လည်း မှော်ဆရာသုံးဦး ရုတ်တရက် သေဆုံးသွားခြင်းမှာ အလွန်အစွမ်းထက် သည့် မိစ္ဆာသားရဲတစ်ကောင် ရောက်ရှိနေကြောင်း သေချာနေသဖြင့် သူသည် အကယ်ဒမီ မှ တာဝန်ရှိသူများထံ ချက်ချင်း အစီရင်ခံရမည် ဖြစ်သည်။
"ငါ ဖြေရှင်းလိုက်မယ်" နန်လင်းရှာက သူမဘေးရှိ မှင်စုတ်တံဘူးကို စတင် သိမ်းဆည်း လိုက်သည်။
"သတိထားပါ၊ သခင်မလေး။ အဲဒီမိစ္ဆာသားရဲက အနည်းဆုံး နှစ်ပေါင်း သုံးထောင် ကျင့်ကြံ ခြင်းအခြေခံကို ပိုင်ဆိုင်ထားတာပါ" ကျူးမင်လန်က သတိပေးလိုက်သည်။
နန်လင်းရှာက စုတ်တံကို ဆက်လက် ကိုင်ထားသော်လည်း ယခုတစ်ခါတွင်မူ ကန်ဗတ်စ် စပေါ်တွင် ရေးဆွဲခြင်း မဟုတ်ဘဲ လေဟာနယ်ထဲတွင် စတင် ရေးသားလိုက်သည်။
ပန်းချီမှင်ရည်များမှာ လေထဲတွင် ကျဆင်းမသွားဘဲ အသက်ဝင်လှသော ချီလင်နဂါး တစ်ကောင်အဖြစ် တဖြည်းဖြည်း ပုံဖော်လာသည်။
နဂါးမျက်လုံးကို ပေါ့ပါးစွာ တို့ထိလိုက်သည်နှင့် ပန်းချီရေးဆွဲထားသော ချီလင်နဂါးမှာ အသက်ဝင်လာတော့သည်။
"မင်း ငါ့ကိုယ်စား ကြာပန်းနီမြို့ကို တာဝန်ယူပေးထားပါ" မီးလျှံချီလင်နဂါးက ခေါင်းငုံ့ပေး လိုက်ပြီး နန်လင်းရှာက ဘေးတစ်စောင်း တက်ထိုင်လိုက်ရင်း ကျူးမင်လန်ကို ပြောလိုက် သည်။
အလျင်အမြန်ပင် ချီလင်နဂါးသည် နန်လင်းရှာကို သယ်ဆောင်ကာ တောင်ကုန်းနိမ့်များ၏ ကျောရိုးတစ်လျှောက် အရှိန်အဟုန်ဖြင့် ပြေးလွှားသွားသည်။ သူမ ရောက်နေသည့်နေရာ မှာ ဆယ်မိုင်ကျော် ဝေးကွာသွားပြီ ဖြစ်ရာ မြို့တစ်မြို့ကို မည်သို့ တာဝန်ယူရမည်ကို မေးခွန်းထုတ်ရန်ပင် ကျူးမင်လန်တွင် အချိန်မရှိတော့ပေ...
ကျူးမင်လန်က ပါးစပ်ကို ပိတ်လိုက်ပြီး ငြိမ်းချမ်းနေသော ကြာပန်းနီမြို့ကို ကြည့်လိုက်ရာ သူ၏ ခေါင်းကိုက်မှုမှာ ပိုမို ပြင်းထန်လာသည်။
ကူညီတောင်းရန် လာခဲ့ရာမှ တာဝန်ယူရမည့်သူ ဖြစ်လာရသည်။ နဂါးထိန်းအကယ်ဒမီသို့ ဝင်ရောက်လာသည်မှာ မကြာသေးသည့် ကျောင်းသားတစ်ဦးအတွက် ဤမျှကြီးမားသော တာဝန်များကို မည်သို့ ရရှိသွားသနည်း။