အခန်း ၇၆၈
Vol. 38 Ch. 768
အခန်း (၇၆၈) ဘက်ခ်
"ရိက္ခာ ဟုတ်လား။" ရှီလင်သည် မျက်လုံးများ ပြူးကျယ်သွားရင်း "ရူးနေပြီလား ဖုန်း အဲ့မင်းစိုးရာဇာ သူကောင်းမျိုးတွေဆီကလွဲလို့ ကျန်တဲ့နေရာမှာ ရိက္ခာ ဘယ်မှာ သွားရှာလို့ ရမှာလဲ။ အသက်ကို အလဟဿ သွားစတေးမလို့လား။"
"ကျွန်တော့်မှာ ကိုယ်ပိုင် နည်းလမ်း ရှိပါတယ်။ မစိုးရိမ်ပါနဲ့။ ကျွန်တော် သေခဲ့ရင်တောင် တောင်ပေါ် စခန်းကို ဘယ်တော့မှ အမှုပတ်စေမှာ မဟုတ်ပါဘူး။" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာပင် ပြန်လည် ပြောကြားလိုက်ချေသည်။
ရှီလင်သည် ကပျာကယာပင် ခေါင်းခါယမ်းလိုက်ပြီး "ငါ အဲဒီလို သဘောနဲ့ ပြောတာ မဟုတ်ပါဘူး။ မ အတင်း သွားချင်တယ်ဆိုတော့လည်း တောင်အောက် ဆင်းဖို့ ငါ သဘောတူရမှာပေါ့။ ဒါပေမဲ့ သတိတော့ ထားပါဦး။"
"နားလည်ပါပြီ။" ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်သည်။
သူသည် တောင်ပေါ်စခန်းသို့ ပြန်လာပြီးနောက် ဦးချိုကျိုး သတ္တဝါများအား ကျင့်ကြံခြင်းကို ဆက်လက် အားထုတ်ကြရန် မှာကြားခဲ့ပြီး မေကို ခေါ်ဆောင်ကာ တောင်အောက်သို့ ဆင်းခဲ့လေသည်။
အိုင်နာနှင့် ဟောတို့သည် မိမိတို့အပေါ် ကောင်းမွန်စွာ စောင့်ရှောက်ပေးခဲ့သော ချင်ယွမ်ဖုန်းနှင့် ခွဲခွာရမည်ကို လွန်စွာ တွန့်ဆုတ်နေကြသော်လည်း ချင်ယွမ်ဖုန်းအား ကူညီနိုင်မည့်ရက်ကို မျှော်မှန်းလျက် ကျင့်ကြံခြင်းကို သာ၍ ကြိုးစားကြရန် စိတ်ပိုင်းဖြတ်ထားကြချေသည်။
ချင်ယွမ်ဖုန်း၏ ယခုတစ်ခေါက် တောင်အောက်ခရီးစဉ်သည် ရိက္ခာ ရှာဖွေရန် သက်သက်မျှသာ မဟုတ်ဘဲ မိစ္ဆာဆေးပင်များကို ရှာဖွေရန်လည်း ဖြစ်သည်။
ထို မိစ္ဆာဆေးပင်များ ရှိမှသာ မေ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပြောင်းလဲပေးနိုင်မည့် ဆေးလုံးကို ဖော်စပ်နိုင်မည် မဟုတ်လော။
ထိုအချိန်၌ ချင်ယွမ်ဖုန်းသည် သတ္တမအဆင့် ဆေးဖော်စပ်သူ အဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ မေ၏ ပါရမီကို ပြောင်းလဲပေးနိုင်မည့် ဆေးလုံးတစ်လုံး ဖော်စပ်ရန်မှာ ဖြစ်တန်ရာသော အမှု ဖြစ်ပေသည်။
ကြီးမားသော အရိပ်တစ်ခုနှင့် သေးငယ်သော အရိပ်တစ်ခု၊ ထို ရုပ်သွင်နှစ်ခုသည် တောင်တန်းကြီးအတွင်း သို့ လျင်မြန်စွာပင် ပျောက်ကွယ်သွားကြချေတော့သည်။
မကြာသေးမီက ဆီယာမြို့အတွင်း၌ မနှစ်မြို့ဖွယ်ရာ ဖြစ်ရပ်အချို့ ဖြစ်ပွားခဲ့သဖြင့် မြို့သူမြို့သားများအကြား စိုးရိမ်ထိတ်လန့်မှုများ ကျယ်ပြန့်စွာ လွှမ်းမိုးနေခဲ့သည်။
မြင့်မားလှသော မြို့ရိုးကြီးများသည် အတွင်းဘက် ကမ္ဘာကို သီးခြား ကမ္ဘာတစ်ခုအဖြစ် အပြင်ဘက်နှင့် ဖြတ်တောက်ထားသကဲ့သို့ ရှိပေသည်။
မြို့တွင်းရှိ လူများသည် မြို့ပြင်၌ ဒုက္ခသည်များ ရှိနေသည်ကို သိကြသော်လည်း မိမိတို့မှာမူ ပေါများလှသော ရိက္ခာများကို စားသုံးကာ သုခ ခံစားနေကြရသည်။
ထိုသို့ ခံစားရခြင်း၏ အဖိုးအခအဖြစ် သူတို့သည် မြို့ပြင်ပ ကမ္ဘာအကြောင်းကို ဘာမျှ မသိရှိကြဘဲ အမှောင်ဖုံးနေကြရချေသည်။
သူတို့၏ အမြင်တွင်မူ တော်လှန်ရေးသမားများသည် လူဆိုးလူမိုက်များ ဖြစ်ကြပြီး ဒုက္ခသည်များမှာမူ သေထိုက်သော လူအုပ်စုကြီးမျှသာ ဖြစ်ကာ သူတို့ကိုယ်သူတို့သာ စစ်မှန်သော နတ်ဆိုးများအဖြစ် မှတ်ယူနေကြသလဲ့သို့ ရှိချေသည်။
ချင်ယွမ်ဖုန်းသည် မေကို ခေါ်ဆောင်ကာ ဆီယာမြို့၏ လမ်းမများထက်တွင် လျှောက်လှမ်းနေခဲ့သည်။
တစ်မြို့လုံးတွင် စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ထားသော်လည်း ယင်းက ချင်ယွမ်ဖုန်းအတွက်မူ အခက်အခဲ တစ်စုံတစ်ရာ မဖြစ်စေခဲ့ပေ။
ထိုသူနှစ်ဦးသည် ဝတ်ရုံရှည်ကြီးများကို ခြုံစလွယ် ဝတ်ဆင်ထားသဖြင့် လူမြင်ကွင်းတွင် အနည်းငယ် ထူးဆန်းနေသကဲ့သို့ ရှိသည်။ ရှေ့နားတွင် ကင်းလှည့်နေသော သိုင်းပညာရှင်များကို မြင်လိုက်ရသဖြင့် ချင်ယွမ်ဖုန်းသည် မေကို ဆွဲကာ လမ်းကြားတစ်ခုထဲသို့ တိုက်ရိုက် ဝင်ရောက် တိမ်းရှောင်လိုက်သည်။
"အကိုဖုန်း... တို့တွေ ဘာလို့ ဒီလောက် အန္တရာယ်များတဲ့ နေရာကို လာကြတာလဲ။"
မေက နံရံပေါ်တွင် ကပ်ထားသော ချင်ယွမ်ဖုန်း၏ ဖမ်းဝရမ်း စာရွက်ကို ကြည့်ရင်း မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ကာ "မင်းလည်း သိုင်းပညာရှင်တစ်ယောက် ဖြစ်ချင်တာ မဟုတ်ဘူးလား။"
ထိုစကားကို ကြားရလျှင် မေ၏ မျက်နှာလေးမှာ ညှိုးငယ်သွားရရှာသည်။ အစောပိုင်းက ဦးချိုကျိုး သတ္တဝါများနှင့် အတူရှိစဉ်က မေသည် ယုံကြည်မှုများ ပြည့်နှက်နေခဲ့သော်လည်း လက်တွေ့နှင့် နီးကပ်လာသောအခါ မိမိကိုယ်ကိုယ် ကျင့်ကြံခြင်း လမ်းစဉ်နှင့် လုံးဝ မကိုက်ညီကြောင်း သိရှိရသဖြင့် စိတ်ပျက်အားငယ်မှုများ တိုးပွားလာခဲ့ရချေသည်။
"အကိုဖုန်း... ကျွန်မကို နှစ်သိမ့်ပေးဖို့ မလိုပါဘူး။ ကျွန်မ ကျင့်ကြံလို့ မရဘူးဆိုတာ ကျွန်မဘာသာ သိပါတယ်။" မေက တည်ငြိမ်စွာပင် ပြောလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းခါယမ်းလိုက်ရင်း "မဟုတ်ဘူး... ငါ့ကို ယုံစမ်းပါ။ မင်းကို စစ်သည်တော်တစ်ယောက် ဖြစ်အောင် ငါ အသေအချာ လုပ်ပေးမှာပါ။"
မေသည် ချင်ယွမ်ဖုန်းကို ဖော်မပြတတ်သော မျက်ဝန်းအစုံဖြင့် စိုက်ကြည့်နေမိသည်။
"ကျေးဇူးတင်ပါတယ် အကိုဖုန်း။ ကျွန်မအပေါ်ကို ဒီလောက်အထိ ကောင်းပေးခဲ့တဲ့လူ တစ်ယောက်မှ မရှိဖူးဘူး။" မေက ချင်ယွမ်ဖုန်း၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ချေသည်။
ချင်ယွမ်ဖုန်းက ပြုံးပြလိုက်ပြီးမေကို ခေါ်ဆောင်ကာ လမ်းကြားထဲမှ ထွက်၍ မြို့စားမင်း အိမ်တော်ရှိရာသို့ ဦးတည် လျှောက်လှမ်းခဲ့ကြသည်။
မြို့စားမင်း အိမ်တော်သည် ဆီယာမြို့တွင် အဆန်းပြားဆုံး၊ အလှပဆုံး နေရာတစ်ခု ဖြစ်ပြီး နတ်ဘုရားဝိညာဉ် ဘုရင်၏ ယုံကြည်စိတ်ချရသော လူယုံတော် ဖြစ်သည့် မင်းစိုးရာဇာ အရာရှိကြီး ဘက်ခ်၏ နေအိမ်လည်း ဖြစ်ပေသည်။
လွန်ခဲ့သော ရှေးပဝေသဏီက မိစ္ဆာနယ်မြေသည် ယခုကဲ့သို့ ဖရိုဖရဲ ဖြစ်မနေခဲ့ပေ။ ထိုစဉ်က မိစ္ဆာဘုရင်သည် မိစ္ဆာနယ်မြေ တစ်ခုလုံးကို အုပ်ချုပ် စိုးစံခဲ့ပြီး လက်အောက်ခံ နယ်စားမင်းများကို စနစ်တကျ စီမံ ခန့်ခွဲခဲ့သည်။
သို့သော် တစ်နေ့သောအခါတွင် မိစ္ဆာဘုရင်သည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရာ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို မည်သူမျှ မသိရှိကြတော့ပေ။
ထိုအခါမှစ၍ နယ်စားမင်းများသည် နယ်မြေလုပွဲများ ဆင်နွှဲကာ အဆုံးမရှိသော စစ်ပွဲများကို ဖန်တီးခဲ့ကြသဖြင့် နောက်ဆုံးတွင် အခြားသော ကမ္ဘာငယ်လေးများကို ကျူးကျော် တိုက်ခိုက်ပြီး မိမိတို့၏ အောင်မြင်မှုများကို ဝါကြွားရသည့် ယခုကဲ့သို့သော အခြေအနေသို့ ဆိုက်ရောက်လာခဲ့ရချေသည်။
နတ်ဘုရားဝိညာဉ် ဘုရင်၏ လူယုံတော်တစ်ဦး အနေဖြင့် ဘက်ခ်သည် လွန်စွာ သက်တောင့်သက်သာရှိသော ဘဝကို ပိုင်ဆိုင်ထားပေသည်။
မြို့စားမင်း တစ်ဦးဖြစ်သဖြင့် စစ်တိုက်ရမည့် အရေးကို စိုးရိမ်စရာ မလိုဘဲ မြို့ကိုသာ စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ပေသည်။
သို့သော် မကြာသေးမီက ဖြစ်ပွားခဲ့သော အခြင်းအရာများကြောင့် ဘက်ခ်၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှု အငွေ့အသက်များ လွှမ်းမိုးနေခဲ့ရသည်။
"သခင်ကြီး... ညစာ အဆင်သင့် ဖြစ်ပါပြီ။" အိမ်တော်ထိန်းက အနားသို့ တိုးကပ်လာကာ တိုးညင်းစွာ သတင်းပို့လိုက်သည်။
ဘက်ခ်က ခေါင်းခါယမ်းလိုက်ရင်း "ဟူး... ငါ အစားစားချင်စိတ် မရှိဘူး ဖြစ်နေတယ်။"
အိမ်တော်ထိန်းက စာနာနားလည်ပေးသည့် အမူအရာဖြင့် "သခင်ကြီး... ဟိုနတ်ဆိုး' ကိစ္စကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရတုန်းလား။ ကျွန်တော်တို့ရဲ့ စစ်သည်တော်တွေ အဲ့ကောင်ကို အသေအချာ ဖမ်းခေါ်လာနိုင်မှာပါ။"
ဘက်ခ်က ခေါင်းခါယမ်းလိုက်ကာ "သူက လွန်စွာ အစွမ်းထက်တယ်။ ဒါပေမဲ့ ငါ ဘာလို့သူအကြောင်းကို တစ်ခါမှ မကြားဖူးရတာလဲ။ ဒီလောက် စွမ်းအားကြီးတဲ့လူက လူမသိသူမသိ ဖြစ်မနေသင့်ဘူး။"
"ဒီလို ဖြစ်နိုင်ပါတယ် သခင်ကြီး။ သူက တော်လှန်ရေးအဖွဲ့ကနေ နှစ်ပေါင်းများစွာ လျှို့ဝှက် ပျိုးထောင်ထားတဲ့ သိုင်းပညာရှင် ဖြစ်နိုင်ပါတယ်။" အိမ်တော်ထိန်းက တည်ငြိမ်စွာပင် မှတ်ချက်ချလိုက်သည်။
ဘက်ခ်သည် စားပွဲကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ပြီး "ပိုဆိုးတာက အဲ့ကောင်က ငါ့မြို့အနီးအနားမှာ ပေါ်လာတာပဲ။ ဒီအတိုင်းသာ ဆက်သွားရင် ငါတော့ အပြစ်ပေးခြင်းကို ခံရတော့မှာ အမှန်ပဲ။"
အိမ်တော်ထိန်း၏ မျက်လုံးများက အရောင်တောက်သွားပြီး ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာကာ "သခင်ကြီး... ကျွန်တော့်မှာ အကြံတစ်ခု ရှိပါတယ်။"
"ပြောစမ်းဦး။" ဘက်ခ်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။
"တော်လှန်ရေးသမားတွေက သူတို့ကိုယ်သူတို့ ကျွန်တွေကို ကယ်တင်ဖို့ ရောက်လာတာလို့ ကြွေးကြော်နေကြတာ မဟုတ်ဘူးလား။
အဲဒါကြောင့် ကျွန်တော်တို့ ကျွန်တစ်သုတ်ကို ဖမ်းဆီးပြီး သုံးရက်အတွင်း သတ်ပစ်မယ်လို့ လူသိရှင်ကြား ကြေညာလိုက်ရင် တော်လှန်ရေးသမားတွေ ပေါ်လာမလားဆိုတာ ကြည့်ရုံပေါ့။" အိမ်တော်ထိန်းက ကောက်ကျစ်စွာ ပြုံးရင်း အကြံပြုလိုက်ချေသည်။
ဘက်ခ်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ကောက်ကျစ်လှသော အပြုံးကြီး တစ်ခုကို ဖော်ကျူးလိုက်သည်။
ယင်းက လှည့်စား၍ မရသော အကြံအစည် အမှန်ပင် ဖြစ်ပေသည်။ အကယ်၍ တော်လှန်ရေးအဖွဲ့က လူလာမကယ်လျှင် သာမန် ပြည်သူများနှင့် ဦးချိုကျိုး သတ္တဝါများအကြား သူတို့၏ ဂုဏ်သိက္ခာမှာ ထိုးဆင်းသွားပေလိမ့်မည်။
အကယ်၍ သူတို့သာ လူလာကယ်ခဲ့လျှင်လည်း အထပ်ထပ် အလွှာလွှာ ချထားသော ချုံခိုတိုက်ကွက်များ ကြောင့် မည်သူလာလာ သေရမည်သာ ဖြစ်ပေသည်။
ယင်းက ဆီယာမြို့ အနီးအနားရှိ တော်လှန်ရေးသမားများကို တစ်ပါတည်း ရှင်းလင်းပစ်နိုင်မည့် အကောင်းဆုံး အခွင့်အရေးပင် မဟုတ်လော။
"သိပ်ကောင်းတဲ့ အကြံပဲ။" ဘက်ခ်သည် တွေးမိလေလေ သာ၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်ကာ "အိမ်တော်ထိန်း... အခုချက်ချင်း တပ်မှူးတွေ အားလုံးကို လှမ်းခေါ်လိုက်စမ်း။ ငါ အခုပဲ ဒီအစီအစဉ်ကို စတင်ချင်နေပြီ။"
အိမ်တော်ထိန်းက ခေါင်းညိတ်ပြကာ လျင်မြန်စွာပင် ထွက်ခွာသွားတော့သည်။
ဆီယာမြို့၏ မြို့စားမင်း ဘက်ခ်၏ လက်အောက်တွင် အစွမ်းထက်လှသော တပ်မှူးကြီး ကိုးယောက် ရှိပေသည်။
တပ်မှူးကြီးများ၏ လက်အောက်တွင် တပ်စုမှူးများ ရှိကြပြီး ယင်းတို့၏ လက်အောက်တွင် တပ်စိတ်မှူးများ ရှိကြပြန်သည်။
တစ်ဆင့်ပြီးတစ်ဆင့် တင်းကျပ်လှသော ရာထူး အဆင့်ဆင့် စီမံမှုပင် ဖြစ်သည်။
တပ်မှူးကြီး ကိုးယောက်သည် မြို့စားမင်း အိမ်တော်သို့ လျင်မြန်စွာပင် ရောက်ရှိလာကြသည်။
ဘက်ခ်၏ အကြံဉာဏ်ကို ကြားရလျှင် တပ်မှူးနှစ်ဦးက မျက်မှောင်ကုတ်သွားကြသည်မှအပ ကျန်ရှိသော တပ်မှူးများမှာမူ သဘောတူညီသည့် အနေဖြင့် ခေါင်းညိတ်ပြကြချေသည်။
"သခင်ကြီး... အဲ့လိုပြုလုပ်ခြင်းက ဦးချိုကျိုး သတ္တဝါတွေအပေါ် လွန်စွာ မတရားရာ မကျဘူးလား။" တပ်မှူး ဆယ်လီက မေးမြန်းလိုက်သည်။
မြို့စားမင်းက ပြုံးလိုက်ရင်း "မင်းက ဦးချိုကျိုး သတ္တဝါတွေနဲ့ တရားမျှတမှုအကြောင်း ပြောနေတာလား။ မိစ္ဆာဘုရင် ပျောက်ကွယ်သွားကတည်းက ကျွန်စနစ်ရဲ့ တည်ရှိမှုက သက်သေပြပြီးသားပဲ။ ဒီလို နိမ့်ကျတဲ့ လူတန်းစားတွေက အရိုးခံအတိုင်း မင်းစိုးရာဇာတွေအပေါ် အလုပ်အကျွေး ပြုရတာကမှ စစ်မှန်တဲ့ တရားမျှတမှုပဲ။"
"သူတို့ရဲ့ သေခြင်းတရားနဲ့ တော်လှန်ရေးသမားတွေကို ဖမ်းဆီးနိုင်ခဲ့ရင် သူတို့တောင် ငါ့ကို ကျေးဇူးတင်ရဦးမယ်။"
ဆယ်လီသည် မျက်မှောင်ကို သာ၍ ကုတ်လိုက်မိပြီး မိမိ၏ အသိစိတ်အရ ကျွန်စနစ်သည် လုံးဝ မတည်ရှိသင့်ကြောင်း လက်ခံထားပေသည်။
သို့သော် သူသည်လည်း ဆီယာမြို့၏ တပ်မှူးတစ်ဦး ဖြစ်သဖြင့် လက်အုပ်ချီ နှုတ်ဆက်ကာ "နားလည်ပါပြီ မြို့စားမင်း။ ကျွန်တော်တို့ အခုပဲ သွားရောက် ပြင်ဆင်လိုက်ပါ့မယ်။" ဟုသာ ပြောနိုင်ခဲ့ချေသည်။
ဘက်ခ်က ခေါင်းညိတ်ပြပြီး တပ်မှူးများကို သွားရောက် ပြင်ဆင်ရန် ညွှန်ကြားလိုက်ကာ သူကိုယ်တိုင်မှာမူ အစားစားချင်စိတ်များ ပြန်လည် နိုးထလာသဖြင့် အိမ်တော်ထိန်းနှင့် အတူ ထမင်းစားခန်းသို့ ဦးတည်
လျှောက်လှမ်းသွားခဲ့တော့သည်။
သူတို့၏ စကားပြောသံ အားလုံးသည် ချင်ယွမ်ဖုန်း၏ နားထဲသို့ အတိုင်းသား ရောက်ရှိနေခဲ့ပေသည်။ ညမှောင်လာသည်နှင့် သူသည် မေကို ဘေးကင်းရာ၌ ထားခဲ့ပြီး မြို့စားမင်း အိမ်တော်အတွင်းသို့ အရိပ်တစ်ခုအလား တိတ်တဆိတ် ထိုးဖောက် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ယုတ်မာလှသော အစီအစဉ်ကို ကြားလိုက်ရလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ချင်ယွမ်ဖုန်းမှာ ချက်ချင်းပင် လက်ရဲဇာတ်ရဲ ပြုလုပ်မိလုနီးပါး ဖြစ်သွားခဲ့ရသည်။
သို့သော် သူသည် ထို တပ်မှူးကြီး ကိုးယောက်လုံးမှာ ဘိုးဘေးနယ်ပယ် အဆင့်ရှိ သိုင်းပညာရှင်များနှင့် နှိုင်းယှဉ်နိုင်ကြောင်း အာရုံခံမိလိုက်သည်။ မြို့စားမင်း ဘက်ခ်သည် ကောက်ကျစ်သော်လည်း သူ၏ အရှိန်အဝါမှာမူ ချင်ယွမ်ဖုန်းနှင့် အဆင့်တူမျှသာ ရှိပေသည်။