အခန်း ၇၇၀
Vol. 38 Ch. 770
အခန်း (၇၇၀)
ယခုအခါတွင် ချင်ယွမ်ဖုန်းသည် စိတ်ချလုံခြုံမှုနှင့်အတူ ယုံကြည်ချက်များ ပြည့်ဝလာကာ ခြေလှမ်းများကို သွက်သွက်လှမ်းလိုက်ချေသည်။
ဆေးမီးဖိုအတွင်း၌မူ ထူထပ်လှသော ရောင်စုံဆေးအနှစ်သာရ အလင်းတန်းများက ဝဲပျံလွင့်မျောနေကြပြီ ဖြစ်သည်။
အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလုနီးပါး အချိန်ကြာမြင့်ပြီးနောက်တွင်မူ ချင်ယွံဖုန်းသည် မိစ္ဆာဆေးပင်များ အားလုံးကို အောင်မြင်စွာ သန့်စင်ပြီးမြောက်သွားကာ ဆေးလုံးအဖြစ် စုစည်းခြင်း အဆင့်သို့ စတင်ကူးပြောင်းလိုက်တော့သည်။
ကြီးမားလှသော ဝိညာဉ်စွမ်းအားများက ဆေးမီးဖိုအတွင်းရှိ ဟင်းလင်းပြင်တစ်ခုလုံးကို ပြည့်နှက်သွားစေပြီး ဆေးအနှစ်သာရ အားလုံးကို ဗဟိုချက်ဆီသို့ ဖိသိပ်စုစည်းစေကာ အစဉ်မပြတ် ကျုံ့ဝင်ပေါင်းစပ်သွားအောင် ပြုလုပ်နေပေရာ ထိုသို့သော ဖြစ်စဉ်က အဆက်မပြတ် လည်ပတ်နေတော့သည်။
နောက်ထပ် လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့် ကုန်လွန်ပြီးနောက်တွင် ချင်ယွမ်ဖုန်းသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ဟလိုက်ပြီး လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။
ဆေးမီးဖိုအတွင်း၌မူ ထူးဆန်းသော ရနံ့တစ်မျိုးကို ထုတ်လွှတ်နေသည့် မဟူရာရောင် ဆေးလုံးတစ်လုံးသည် သဏ္ဌာန်ပေါ်ပေါက်ကာ ဖြစ်တည်နေပြီ ဖြစ်သည်။
“တကယ်ကို မွှေးကြိုင်လှတာပဲ” မေက မထိန်းနိုင်ဘဲ ရေရွတ်လိုက်မိသည်။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ရင်း ဆေးမီးဖိုအတွင်းသို့ လက်လှမ်းကာ ဆေးလုံးကို နှိုက်ယူလိုက်သည်။
ယင်းဆေးလုံးပေါ်တွင် သဏ္ဌာန်မကွဲပြားသော နတ်ဘုရားအမှတ်အသား တစ်ခုက တင်ကျန်နေသေး၏။
“ဒီအမှတ်အသားကြောင့် ဆေးစွမ်းက ပိုပြီးတော့ ထိရောက်လာလိမ့်မယ်” ချင်ယွမ်ဖုန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် မေကို အနားသို့ လာရန် လက်ဟန်ပြလိုက်သည်။
“ဒါက မင်းအတွက် ပေးတဲ့ လက်ဆောင်ပဲ” ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုလိုက်သည်။
မေသည် အလွန်အမင်း ဝမ်းသာအားရဖြစ်ကာ မမျှော်လင့်ဘဲ ချီးမြှောက်ခံရသကဲ့သို့ ခံစားလိုက်ရပေသည်။ “ဒါက တကယ်ပဲ ကျွန်မအတွက်လားဟင်”
“ဟုတ်တာပေါ့” ချင်ယွမ်ဖုန်းက ပြောဆိုရင်း မေကို ထိုင်ရန် အချက်ပြလိုက်သည်။ “မင်း ဒါကို သောက်ပြီးတာနဲ့ ငါ သင်ပေးထားတဲ့အတိုင်း ကျင့်ကြံခြင်းကို စတင်လိုက်ပါ။ မကြာခင်မှာပဲ မင်း မိစ္ဆာအရှိန်အဝါရဲ့ တည်ရှိမှုကို အာရုံခံမိလာလိမ့်မယ်လို့ ငါ ယုံကြည်တယ်”
“တကယ်ကြီးလား” မေမျက်ဝန်းအစုံက ဝမ်းမြောက်ဝမ်းသာမှုတို့ဖြင့် ဝိုင်းစက်သွားပြီး ချက်ချင်းပင် စမ်းသပ်ကြည့်ချင်စိတ်များ ပြင်းပြနေတော့သည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ မေကို တရားထိုင်သည့် အနေအထားသို့ ရောက်ရှိအောင် လမ်းညွှန်ပေးလိုက်ပြီးနောက် မေသည် ဆေးလုံးကို ဝါးမြိုချလိုက်တော့သည်။
“ငါ ရေချိုးကန်တစ်ကန် ပြင်ဆင်ဖို့ သွားဦးမယ်” ချင်ယွမ်ဖုန်းက ပေါ့ပေါ့ပါးပါး ပြောဆိုကာ အပြင်သို့ ထွက်ခွာသွားခဲ့သည်။
ဆေးလုံးက မေ၏လည်ချောင်းထဲသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် သန့်စင်သော စွမ်းအင်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားတော့သည်။
မေသည် ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်ပြီး ပူလောင်လှသော နာကျင်မှုကို ချက်ချင်း ခံစားလိုက်ရ၏။
သို့သော်လည်း အခြားသော အေးမြသည့် စွမ်းအားတစ်ခုက နာကျင်မှုကို လျော့ပါးသက်သာစေပေရာ သူမအနေဖြင့် သွားကို တင်းတင်းကြိတ်ကာ အံတုအောင့်အည်းနိုင်ခဲ့သည်။
နောက်ဆုံးတွင် မည်မျှ အချိန်ကုန်လွန်သွားသည်မသိဘဲ ထိုသို့သော ခံစားချက်များ ကွယ်ပျောက်သွားသည့်အခါ မေသည် သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
“အကိုဖုန်း... ကျွန်မ အာရုံခံမိပြီ။ ကျွန်မ တကယ်ပဲ မိစ္ဆာအရှိန်အဝါရဲ့ တည်ရှိမှုကို ခံစားမိနေပြီ” မေက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်ပြီး မွေးညင်းပေါက်များမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စွမ်းအင်များ စီးဝင်နေသည်ကို ခံစားနေရသည်။
သူမသည် ဤစွမ်းအင်ကို ရှင်းလင်းစွာ ခံစားသိရှိနိုင်ပေရာ စိတ်အတွင်း၌ ဝမ်းမြောက်ကြည်နူးမှုကို မအောင့်အီးနိုင် ဖြစ်ရပေသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လျက် လက်မခန့် အထူရှိသော ကျောက်စိမ်းပုလင်းငယ်လေးတစ်ခုကို ထုတ်ယူကာ မေထံသို့ ကမ်းပေးလိုက်သည်။ “ကောင်းပြီ... ဒါဆိုရင်လည်း ဒါကို မြန်မြန် သောက်ချလိုက်ပါဦး”
မေသည် ချင်ယွမ်ဖုန်းကို အကြွင်းမဲ့ ယုံကြည်သူဖြစ်ပေရာ ကျောက်စိမ်းပုလင်းငယ်လေးအတွင်းရှိ အရည်ကို တစ်ကျိုက်တည်းဖြင့် သောက်ချလိုက်တော့သည်။
ချက်ချင်းပင် မေ၏ခန္ဓာကိုယ်မှ များပြားလှသော မဟူရာရောင် ညစ်ညမ်းမှုများ ရုန်းကြွထွက်ပေါ်လာပြီး ရွှံ့နွံများကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ မေ့ခန္ဓာကိုယ်က တုန်ရီလာချေသည်။
ချင်ယွမ်ဖုန်း မျက်မှောင်ကြုတ်လိုက်မိသည်။ အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း ဆေးရည်ကို သောက်ပြီးနောက်တွင် ဤကဲ့သို့သော တုံ့ပြန်မှုမျိုး မဖြစ်ပေါ်သင့်ပေ။
မေသည် အလွန်အမင်း နာကျင်နေပုံရပြီး မျက်ခုံးအစုံက နာကျင်မှုကြောင့် တွန့်ချိုးနေသည်။ နောက်ဆုံးတွင် သူမသည် ညည်းတွားသံတစ်ချက် ထုတ်ဖော်ကာ မြေပြင်ပေါ်သို့ သတိလစ်လဲကျသွားတော့သည်။
“ဒုက္ခပါပဲ” ချင်ယွမ်ဖုန်း ချက်ချင်း ပြေးသွားကာ မေကို ပွေ့ချီလိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် သွေးကြောစမ်းကြည့်လိုက်သည်။
“ထူးဆန်းတာပဲ... ဘာဒဏ်ရာမှလည်း မရှိပါလား။ ပြီးတော့ အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း ဆေးရည်နဲ့ မေနဲ့ကြားမှာလည်း ဘာပဋိပက္ခမှ ရှိမနေပုံရဘူး” ချင်ယွမ်ဖုန်းက ဝေခွဲမရစွာဖြင့် မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်သည်။
“ဒါကတော့ သဘာဝကျပါတယ် အရှင်သခင်... အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း ဆေးလုံးဆိုတာ ထိပ်တန်းအဆင့် ရတနာတစ်ခုပဲလေ။ လူသားပဲဖြစ်ဖြစ်၊ မိစ္ဆာပဲဖြစ်ဖြစ် ဒါကို ငြင်းပယ်မှာ မဟုတ်ပါဘူး”
ထိုစဉ်မှာပင် ရှောင်လင်သည် ချင်ယွမ်ဖုန်း၏ စိတ်အာရုံအတွင်း၌ ပေါ်လာခဲ့သည်။
“ဒါဆို အခု သူမ ဘာဖြစ်လို့ ဒီလို ဖြစ်နေရတာလဲ” ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။
ရှောင်လင်က ခေါင်းခါပြလိုက်သည်။ “ကျွန်မလည်း မသိဘူး။ ဒါပေမဲ့ ဒါက အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း ဆေးရည်ကြောင့် မဟုတ်တာတော့ အသေအချာပဲ”
ချင်ယွမ်ဖုန်း ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီ... ဒါဆိုရင်တော့ ငါ သူမကို အရင်ဆုံး ရေဆေးပေးလိုက်ဦးမယ်။ ပြီးမှပဲ တခြားနည်းလမ်းကို စဉ်းစားကြတာပေါ့”
မေခန္ဓာကိုယ်က စေးကပ်နေပေရာ ချင်ယွမ်ဖုန်းသည် သူမကို ပွေ့ချီ၍ သူပြင်ဆင်ထားသော ရေပုံးကြီးထဲသို့ ထည့်လိုက်သည်။
မေသည် ထိုအချိန်အထိ သတိမရသေးပေ။ ချင်ယွမ်ဖုန်းအနေဖြင့် ကိုယ်တိုင်ကိုယ်ကျပင် မေကို သန့်စင်ပေးကာ ခန္ဓာကိုယ်ပေါ်ရှိ ညစ်ကြေးများကို ဆေးကြောပေးရတော့သည်။
ချင်ယွမ်ဖုန်း၏ စိတ်အတွင်း၌ မည်သည့် ကာမရာဂစိတ်မျှ မရှိချေ။ သူသည် မေကို မိမိ၏ သမီးအရင်းကဲ့သို့သာ သဘောထားပေရာ သမီးဖြစ်သူကို ရေချိုးပေးနေရင်း မည်သို့လျှင် မကောင်းသော စိတ်ကူးစိတ်သန်းများ ရှိနိုင်ပါအံ့နည်း။
သို့သော်လည်း ဆေးကြောပေးလေလေ၊ ချင်ယွမ်ဖုန်း၏ မျက်မှောင်က ပိုမို တွန့်ချိုးလာလေလေ ဖြစ်သည်။
“ကြည့်ရတာ... သူမ ခန္ဓာကိုယ်က ဖွံ့ဖြိုးစပြုလာတာလား” ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်လိုက်သည်။ “ဒါက မဖြစ်နိုင်တာ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတင် ဘာအပြောင်းအလဲမှ မရှိသေးဘူးလေ”
မေ၏ရင်သားအစုံက တစ်နေရာ၌ ဖောင်းကြွလာရသည့် အကြောင်းအရင်းကို ချင်ယွမ်ဖုန်း နားမလည်နိုင် ဖြစ်နေရသည်။
သူသည် မေနှင့် နေ့စဉ်နေ့တိုင်း အတူရှိနေသူဖြစ်ရာ မေခန္ဓာကိုယ်သည် အာဟာရချို့တဲ့မှုကြောင့် တစ်ကြိမ်တစ်ခါမျှ ဖွံ့ဖြိုးမှုမရှိခဲ့သည်ကို အသေအချာ သိရှိထားပေသည်။
“မေက ဝတ်ရုံရှည်ကို အမြဲတမ်း ဝတ်ဆင်ထားလို့ ငါ သတိမထားမိတာ ဖြစ်နိုင်မလား” ချင်ယွမ်ဖုန်း မိမိကိုယ်မိမိ ပြန်လည်မေးခွန်းထုတ်လိုက်သည်။
ချင်ယွမ်ဖုန်းသည် မေကို လျင်မြန်စွာ သန့်စင်ပေးလိုက်ပြီးနောက် သိုလှောင်အိတ်အတွင်းမှ သန့်ရှင်းသော အဝတ်အစားတစ်စုံကို ထုတ်ယူကာ ဝတ်ဆင်ပေးလိုက်သည်။ ထို့နောက်တွင်မူ မေကို ပွေ့ချီ၍ တဲအိမ်ငယ်တစ်ခုအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ဤအရာများ အားလုံးသည် ချင်ယွမ်ဖုန်း၏ သိုလှောင်အိတ်အတွင်းမှ ထုတ်ယူထားခြင်း ဖြစ်သည်။ တဲအိမ်ငယ်အပြင် ချင်ယွမ်ဖုန်း၏ သိုလှောင်အိတ်အတွင်း၌ သူ၏ခရီးစဉ်အတွက် လိုအပ်မည့် အခြားအရာများစွာလည်း ရှိနေသေးသည်။
ဤသည်ကိုပင် အမြဲတစေ အသင့်ပြင်ဆင်ထားခြင်းဟု ဆိုရပေမည်။
မေကို နေရာချထားပေးပြီးနောက် ချင်ယွမ်ဖုန်းသည် မေ၏အသက်ရှူသံက တည်ငြိမ်သွားသည်ကို သတိပြုမိလိုက်ရာ သူမသည် ရိုးရိုးရှင်းရှင်းပင် အိပ်ပျော်သွားသည့်နှယ် ရှိတော့သည်။
“တကယ်လို့ မေက မနက်ဖြန်အထိ နိုးမလာဘူးဆိုရင်တော့ ငါ သူမကို မိစ္ဆာသမားတော်တစ်ယောက်ဆီ ခေါ်သွားရလိမ့်မယ်” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ရေရွတ်ရင်း တဲအိမ်ငယ်ဘေး၌ စောင့်ကြပ်နေလိုက်သည်။
နံနက်စောစောတွင် ပျက်စီးနေသော အမိုးအက်ကြောင်းများကြားမှ ပထမဆုံးသော နေရောင်ခြည်တန်းများ ဖြာကျလာသည့်အခါ မေသည် ရုတ်တရက် မျက်လုံးပွင့်လာပြီး ဝုန်းခနဲ ထထိုင်လိုက်တော့သည်။
သူမသည် တဲအိမ်ငယ်ကို ကြည့်လိုက်ပြီး ဝေခွဲမရသော စိတ်ဖြင့် ဦးခေါင်းကို အသာအယာ ပွတ်သပ်နေမိသည်။ သူမ၏ ဦးခေါင်းက ကိုက်ခဲနေဆဲပင် ဖြစ်၏။
“မေ... မင်း နိုးပြီလား” ချင်ယွမ်ဖုန်းက တဲအိမ်တံခါးဝတ်ရုံကို မတင်လိုက်ပြီး စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
မေက ခေါင်းညိတ်ပြသည်။ “ကျွန်မ ဘာဖြစ်သွားတာလဲ”
ချင်ယွမ်ဖုန်းက ပြုံးလျက် ခေါင်းခါပြလိုက်သည်။
“ငါလည်း မသိဘူး။ ဒါပေမဲ့ မင်းက ငါ့ကို တကယ်ပဲ ထိတ်လန့်သွားစေတာပဲ။ မနေ့က မင်း ရုတ်တရက်ကြီး သတိလစ်သွားတာလေ”
မေက မျက်မှောင်ကြုတ်လိုက်ပြီး ပြီးခဲ့သည့်ညက ဖြစ်ပျက်ခဲ့သည်များကို သေချာစွာ ပြန်လည်စဉ်းစားနေမိသည်။
“အကိုဖုန်း ပေးတဲ့အရာကို သောက်ပြီးတဲ့နောက်မှာ ကျွန်မရဲ့ စိတ်ထဲမှာ ပုံရိပ်တွေ အများကြီး ရုတ်တရက် ပေါ်လာခဲ့တယ်။ အဲဒါတွေက ကျွန်မရဲ့ အတိတ်က အကြောင်းအရာတွေပဲ။ ဒါပေမဲ့ အရင်က အဲဒီအရာတွေကို ကျွန်မ လုံးဝ မမှတ်မိခဲ့ဘူး။ မနေ့ညကမှပဲ ပြန်ပြီး သတိရလာတာ” မေက အနည်းငယ် ဝေခွဲမရသော လေသံဖြင့် ဆိုလိုက်သည်။
“မင်းရဲ့ အတိတ်က ပုံရိပ်တွေလား” ချင်ယွမ်ဖုန်း မျက်မှောင်ကြုတ်လိုက်မိသည်။
“ဟုတ်တယ်... ကျွန်မ နေရာအများကြီးကို ရောက်ခဲ့ပြီး လူအများကြီးနဲ့လည်း ဆုံတွေ့ခဲ့ဖူးပုံရတယ်။ ဒါပေမဲ့ အရင်ကတော့ ဒီအရာတွေကို လုံးဝ မမှတ်မိခဲ့ဘူး။ တကယ့်ကို ရှည်လျားလှတဲ့ အချိန်ကာလကြီး တစ်ခု ကုန်လွန်သွားခဲ့သလိုမျိုးပဲ” မေက ပြောဆိုသည်။
ချင်ယွမ်ဖုန်း သက်ပြင်းချလိုက်မိသည်။ ဤသည်မှာ အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း ဆေးရည်ကြောင့် မဟုတ်သည်မှာ အသေအချာပင်။
အကြောင်းအရင်းက မေထံ၌သာ ရှိပေလိမ့်မည်။
“မင်း ဒါကို သဘောမပေါက်နိုင်ရင်လည်း ဆက်ပြီး မစဉ်းစားပါနဲ့တော့။ အခုဆိုရင် မင်းက သိုင်းပညာရှင်တစ်ယောက် ဖြစ်နေပြီပဲဥစ္စာ” ချင်ယွမ်ဖုန်းက မေကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။
မေသည် တဲအိမ်ပြင်ပသို့ ခြေလှမ်းလှမ်းလိုက်ပြီး သူမ၏ လက်မောင်းများကို ဝေ့ယမ်းလိုက်ရာ ခန္ဓာကိုယ်အတွင်း၌ စွမ်းအားများ ရုန်းကြွလာသည်ကို ခံစားလိုက်ရသည်။
သူမသည် လွန်စွာ ဝမ်းမြောက်သွားပြီး ခုန်လွှားလျက် ချင်ယွမ်ဖုန်း၏ လက်မောင်းကို ဖက်တွယ်လိုက်တော့သည်။
“အကိုဖုန်း... တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ကျွန်မ အခု တကယ်ပဲ သိုင်းပညာရှင်တစ်ယောက် ဖြစ်သွားပြီ” မေက စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်သော်လည်း ထို့နောက်တွင်မူ အနည်းငယ် မိန်းမောတွေဝေသွားရပြန်သည်။ မေက အရပ် ပိုရှည်လာပါလား။ သူမ၏ ခန္ဓာကိုယ်က အမှန်တကယ်ပင် ဖွံ့ဖြိုးစပြုလာပြီး ထိုသို့သော ပြောင်းလဲမှုက လွန်စွာ လျင်မြန်လှပေသည်။
ချင်ယွမ်ဖုန်းက မေကို ကြည့်လိုက်သည့်အခါ သူမ၏ ရုပ်သွင်က ရင့်ကျက်တည်ငြိမ်လာသည်ကို သတိပြုမိလိုက်သည်။ သူမသည် အရင်ကကဲ့သို့ အသားညိုညိုနှင့် မိန်းကလေးငယ်လေး မဟုတ်တော့ဘဲ လွန်စွာ ပိုမို လှပချောမောလာချေပြီ ဖြစ်သည်။
မေတစ်ယောက် လုံးဝ ရင့်ကျက်ကြီးပြင်းလာသည့် အခါတွင်မူ ဧကန်မုချ အလွန်အမင်း ချောမောလှပသော မိန်းမလှလေးတစ်ဦး ဖြစ်လာပေလိမ့်မည်ဟု ကြိုတင်တွေးဆ၍ ရနေတော့သည်။