← Chapters

အခန်း ၇၇၁

Vol. 38 Ch. 771

အခန်း ၇၇၁

Vol. 38 Ch. 771

အခန်း (၇၇၁)ချင်ယွမ်ဖုန်းသည် မေ၏ ပြောင်းလဲမှုများကြောင့် အံ့အားသင့်သွားရသော်လည်း ထိုအရာအားလုံးမှာ မိစ္ဆာဘုရင်ဆေးလုံးနှင့် အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်းဆေးလုံးတို့ ပေါင်းစပ်သွားခြင်းကြောင့်ဟုသာ မှတ်ယူလိုက်ချေသည်။

ကံကောင်းထောက်မစွာဖြင့် မေသည် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရခြင်း မရှိသည့်အပြင် အခြေအနေများက ကောင်းမွန်သော ဘက်သို့သာ ဦးတည်ရွေ့လျားနေခဲ့သည်။

မေသည် ရင်ခုန်စိတ်လှုပ်ရှားမှုများ လွှမ်းမိုးနေလျက် မိမိ၏ အဝတ်အစားများကို ကြည့်ကာ မျက်နှာတစ်ခုလုံး နီမြန်းသွားရရှာသည်။

“မင်း... မနေ့ညက...”

မေ၏ တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေသော ပုံစံကို မြင်သောအခါ ချင်ယွမ်ဖုန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး “မနေ့က မင်းတစ်ကိုယ်လုံး ညစ်ပတ်ပေရေနေလို့ ငါလည်း မတတ်သာဘဲ ဆေးကြောသန့်စင်ပေးလိုက်ရတာပါ” ဟု ဆိုလိုက်ချေသည်။

“ဘာပဲဖြစ်ဖြစ်... အစ်ကိုဖုန်း ကျွန်မကို တာဝန်ယူရမယ်” ဟု မေက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းလေးငုံ့ကာ ပြောရှာသည်။

ချင်ယွမ်ဖုန်းသည် မတတ်သာသလို ခေါင်းကို ခါယမ်းလိုက်ရင်း “မင်းလို ကလေးမလေးက အတော်ကို လည်တာပဲ” ဟု ရေရွတ်လိုက်၏။

ထိုသို့ဖြင့် မေသည် ကျင့်ကြံခြင်းကို စတင်ခဲ့ပြီး ချင်ယွမ်ဖုန်းက သူမ၏ ပါရမီအရည်အချင်းကို အမြင့်မားဆုံးအဆင့်သို့ ညှိနှိုင်းပြင်ဆင်ပေးခဲ့ပြီး ဖြစ်ချေသည်။

ဆီယာမြို့တော်ဝန်အိမ်တော်အတွင်း၌မူ ဆန်ဂိုဒေါင်နှင့် ရတနာတိုက်တော်ကို စောင့်ကြပ်နေကြသော သိုင်းပညာရှင် စစ်သည်များသည် ငိုက်မြည်းလာကြပြီ ဖြစ်ရာ တစ်ညလုံး မတ်တတ်ရပ် စောင့်ကြပ်ရခြင်းသည် မည်သူ့အတွက်မျှ သာယာဖွယ်ကောင်းသော အတွေ့အကြုံ မဟုတ်ပေ။

နောက်ဆုံးတွင် စစ်သည်များ ရောက်ရှိလာကြသဖြင့် လူတိုင်း စိတ်သက်သာရာရသွားကြပြီး ချက်ချင်းပင် အိမ်ပြန်ကာ အိပ်စက်အနားယူချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေကြတော့သည်။

“ထုံးစံအတိုင်းပဲ... ငါတို့ ဆန်ဂိုဒေါင်နဲ့ ရတနာတိုက်တော်ကို စစ်ဆေးရမယ်” ဟု ကင်းလာလဲသော စစ်သည်က တည်တည်တံ့တံ့ ပြောလိုက်၏။

“မြန်မြန်စစ်စမ်းပါကွာ၊ ပြီးရင် ငါတို့ ပြန်ပြီး အိပ်ရတော့မယ်” ဟု ကင်းစောင့်စစ်သည်က ပြုံးလျက် ဆိုချေသည်။

၎င်းတို့သည် ရယ်မောပျော်ရွှင်စွာဖြင့် ဆန်ဂိုဒေါင်နှင့် ရတနာတိုက်တော် တံခါးကြီးများကို ဖွင့်လှစ်လိုက်ကြရာ ထိုနေရာ၌ ဆိုးဝါးသော အမှုကိစ္စတစ်ခု ဖြစ်ပွားနေလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ကြချေ။

တံခါးပွင့်သွားသည့် ခဏ၌မူ တစ်စီရင်စုလုံး လုံးဝ တိတ်ဆိတ်ခြောက်ကပ်သွားတော့သည်။

တစ်ချိန်က ရိက္ခာ ဆန်ရေစပါးများနှင့် ရတနာပစ္စည်းများ လျှံပစ်နေခဲ့သော ဆန်ဂိုဒေါင်နှင့် ရတနာတိုက်တို့သည် ယခုအခါ လုံးဝ ဟောင်းလောင်းပြင် ဖြစ်နေပြီး ဆန်တစ်စေ့ပင် ကျန်ရစ်ခြင်း မရှိတော့ချေ။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မနေ့က ယင်ကောင်တစ်ကောင်တောင် ပျံမဝင်နိုင်ခဲ့တာကို” ဟု ကင်းစောင့်စစ်သည်တစ်ဦးက စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်ရှာသည်။

ထိုသတင်းသည် ဘက်ခ်၏ နားထဲသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး ၎င်းကို အလွန်အမင်း ထိတ်လန့်သွားစေသဖြင့် လက်ထဲမှ တူပင် လွတ်ကျသွားရချေသည်။

“ပျောက်ကုန်ပြီ ဟုတ်လား၊ ဘာမှမကျန်တော့ဘူး ဟုတ်လား”

ဘက်ခ်သည် ဆန်ဂိုဒေါင်ဆီသို့ အပြေးအလွှား သွားရောက်ကြည့်ရှုပြီးနောက် မူးမေ့လဲလုနီးပါး ဖြစ်သွားရသည်။

“စုံစမ်းကြစမ်း၊ သေချာပေါက် အမြစ်ပြတ်အောင် စုံစမ်းကြစမ်း၊ ဘယ်သူ့ကိုမှ အလွတ်မပေးနဲ့၊ ဒီလောက် တိတ်တဆိတ်နဲ့ ဆန်တွေကို ခိုးယူသွားနိုင်ဖို့ အတွင်းလူ သေချာပေါက် ရှိရမယ်” ဟု ဘက်ခ်က ရက်စက်ကြမ်းကြုတ်စွာ ပြောဆိုလိုက်ချေသည်။

မနေ့ညက ကင်းစောင့်တာဝန် ကျခဲ့သော စစ်သည်တော်များသည် ချက်ချင်းပင် အခက်ကြုံကြရတော့သည်။ လူတိုင်းကို ပြင်းထန်စွာ စစ်ဆေးမေးမြန်းသော်လည်း မည်သူမျှ ဖြောင့်ချက်မပေးကြသလို ထိုသို့ ဖြစ်နိုင်လိမ့်မည်ဟုလည်း မည်သူမျှ မယုံကြည်ကြချေ။

ဆန်ဂိုဒေါင်များနှင့် ရတနာတိုက်တော်များကို ရှာဖွေခဲ့ကြသော်လည်း လျို့ဝှက်ဥမင်လိုဏ်ခေါင်း သို့မဟုတ် ထိုသို့သော အရာမျိုးကို လုံးဝ မတွေ့ရှိရပေ။

ထိုအရာများသည် ဟင်းလင်းပြင်ထဲသို့ အငွေ့ပျံ ပျောက်ကွယ်သွားသကဲ့သို့ပင် ဖြစ်နေချေသည်။

“သိုလှောင်လက်စွပ်ပဲ... တစ်ယောက်ယောက်က သိုလှောင်လက်စွပ်ကို သုံးပြီး ငါ့ပစ္စည်းတွေကို ခိုးသွားတာပဲ ဖြစ်ရမယ်” ဟု ဘက်ခ်က ဖြစ်ပျက်သွားသည်ကို ရိပ်မိသွားပြီး အံကြိတ်ကာ ပြောလိုက်သည်။

ဤမျှများပြားလှသော ရိက္ခာများကို သာမန်အတိုင်း သယ်ဆောင်သွားရန်မှာ လုံးဝ မဖြစ်နိုင်ချေရာ တစ်စုံတစ်ဦးက ဟင်းလင်းပြင်ဆိုင်ရာ မှော်လက်နက်ကို အသုံးပြုခဲ့၍သာ ဖြစ်တန်ရာသည်။

အဖန်ဖန် စဉ်းစားသုံးသပ်ပြီးနောက်တွင် ဘက်ခ်သည် ထိုအပြစ်ကို တော်လှန်ရေးအဖွဲ့အပေါ်သို့သာ ပုံချလိုက်သဖြင့် ဒေါသတကြီး ဖြစ်နေတော့သည်။

“မနေ့က ငါတို့ ဖမ်းလာတဲ့ ဦးချိုကျိုးတွေအားလုံးကို ဒီနေ့ပဲ သတ်ပစ်ကြစမ်း၊ တစ်ယောက်မှ အသက်မချန်နဲ့” ဟု ဘက်ခ်က ကြိမ်းမောင်းလိုက်ချေသည်။

“သခင်ကြီး... ကျွန်တော်တို့က...”

“သွားပြီးတော့ ထပ်မေးချေ၊ အဲဒီ ကျွန်ပိုင်ရှင်တွေဆီမှာ ဦးချိုကျိုးတွေ အများကြီး ရှိသေးတယ်၊ အားလုံးကို ငါ့ဆီ ပို့ခိုင်းလိုက်” ဟု ဘက်ခ်က ဒေါသတကြီး အမိန့်ပေးလိုက်၏။

အိမ်တော်ထိန်းသည် ခေါင်းညိတ်ကာ ထိုအမှုကို လုပ်ဆောင်ရန် လောလောလောလောဖြင့်

ထွက်ခွာသွားတော့သည်။

ဆီယာမြို့အတွင်း၌ ဦးချိုကျိုးနေသော လူတစ်ရာကျော်ကို အလွန် သွေးပျက်ဖွယ်ကောင်းသော အဝန်းအဝိုင်း၌ ကွပ်မျက်လိုက်ကြသဖြင့် တော်လှန်ရေးအဖွဲ့နှင့် ပတ်သက်သော ပြောဆိုဆွေးနွေးမှုများသည် ပိုမို ပြင်းထန်လာခဲ့ချေသည်။

မြို့တွင်းရှိ လူများသည် တော်လှန်ရေးအဖွဲ့အပေါ် မူလကပင် အကြည်ညို ပျက်ပြားနေကြရာ ယခုအခါတွင်မူ ထိုဦးချိုကျိုးများ သေဆုံးရခြင်းသည် တော်လှန်ရေးအဖွဲ့ကြောင့်ဟု ယုံကြည်ကာ ပိုမို၍ပင် မုန်းတီးသွားကြတော့သည်။

မြို့တော်ဝန်အိမ်တော်ကလည်း တော်လှန်ရေးအဖွဲ့၏ ရက်စက်ကြမ်းကြုတ်သော ပြစ်မှုများကို အမျိုးမျိုး ထုတ်ပြန်ကြေညာခဲ့သဖြင့် ဆီယာမြို့အတွင်းရှိ တော်လှန်ရေးအဖွဲ့၏ ဂုဏ်သိက္ခာသည် အောက်ခြေသို့ ထိုးဆင်းသွားရချေသည်။

ရှီလင်မှာမူ အိမ်ထဲ၌ ငြိမ်ငြိမ်လေး ထိုင်နေရင်းဖြင့်ပင် ကောင်းကင်မှ ဘေးဒုက္ခ မိုးကြိုးပစ်ချခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားရရှာသည်။ သတင်းကို ကြားရသောအခါ သူမသည် အလွန်အမင်း ဒေါသထွက်ကာ ငိုလုနီးပါးပင် ဖြစ်သွားရချေသည်။

“တပ်မှူး... ဆီယာမြို့က သတင်းတစ်ခု ထပ်ပြီး ထုတ်ပြန်ထားပါတယ်၊ နောက်ထပ် သုံးရက်နေရင် ဦးချိုကျိုး တစ်ထောင်ကျော်ကို ကွပ်မျက်ဦးမယ်လို့ ဆိုပါတယ်” ဟု အရာရှိတစ်ဦးက မိမိ စုံစမ်းရရှိထားသော သတင်းကို ရှီလင်ထံ တင်ပြလိုက်၏။

ဇေခါက မျက်မှောင်ကြုတ်လိုက်ပြီး “ဒါက ငါတို့ တော်လှန်ရေးအဖွဲ့ကို ဦးတည်ပြီး လုပ်တာပဲ တပ်မှူး၊ အခုအချိန်မှာ ဘယ်သူ့ကိုမှ တောင်အောက် ဆင်းခွင့်မပြုဖို့ ကျွန်တော် အကြံပြုချင်ပါတယ်၊ မဟုတ်ရင် သူတို့ ထောင်ချောက်ထဲကို တည့်တည့်တိုးမိလိမ့်မယ်” ဟု ဆိုချေသည်။

ရှီလင်က ခေါင်းကို ခါယမ်းလိုက်ရင်း “ ငါတို့ တော်လှန်ရေးအဖွဲ့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို မှတ်မိသေးရဲ့လား၊ ကျွန်စနစ်ကို ဖျက်သိမ်းဖို့ပဲ၊ အခု ငါတို့ ရဲဘော်ရဲဘက် ထောင်ပေါင်းများစွာ ကွပ်မျက်ခံရတော့မယ်၊ ငါတို့က ဒီအတိုင်း ထိုင်ကြည့်နေရမှာလား” ဟု မေးလိုက်သည်။

“ဒါက ငါတို့ရဲ့ အင်အားကို ထိန်းသိမ်းဖို့အတွက်ပဲ၊ အားလုံး သေကုန်ကြရင် ကျွန်တွေအတွက် စကားပြောပေးမယ့်သူ ကျန်တော့မှာ မဟုတ်ဘူး” ဟု ဇေခါက အေးစက်စက် ပြောလိုက်၏။

“မဟုတ်ဘူး... ငါတို့ ရှောင်ပြေးလို့ မဖြစ်ဘူး” ဟု ရှီလင်က ပြတ်ပြတ်သားသား မတ်တတ်ရပ်လိုက်ရင်း “သေရမယ်ဆိုတာ သိရင်တောင် လုပ်သင့်လုပ်ထိုက်တဲ့ အရာအချို့ ရှိစမြဲပဲ” ဟု ဆိုချေသည်။

“ငါတို့က သူတို့ သေသွားတာကို ထိုင်ကြည့်နေမယ်ဆိုရင် နောင်အနာဂတ်မှာ ဘယ်ဦးချိုကျိုးက ငါတို့ တော်လှန်ရေးအဖွဲ့ထဲကို ဝင်ချင်တော့မှာလဲ”

“ငါတို့ တော်လှန်ရေးအဖွဲ့ရဲ့ အားသာချက်က ဦးချိုကျိုးအားလုံးရဲ့ ထောက်ခံမှုကို ရထားတာပဲ၊ အကယ်၍ ဒီအင်အားကို ဆုံးရှုံးသွားရင် ငါတို့ ပျက်စီးဖို့ သိပ်မလိုတော့ဘူး”

ထိုသို့ ပြောပြီးနောက် ရှီလင်သည် လိုဏ်​ဂူအပြင်ဘက်သို့ လျှောက်လှမ်းသွားကာ တောင်ပေါ်ရှိ ဦးချိုကျိုးအားလုံးကို စုဝေးစေလိုက်ချေသည်။ ယခုအခါ တောင်ပေါ်စခန်း၌ ဦးချိုကျိုး သုံးရာကျော် ရှိနေပြီ ဖြစ်သည်။

ထိုသုံးရာကျော်သော လူများထဲတွင် ချင်ယွမ်ဖုန်း ခေါ်ဆောင်လာခဲ့သော လူသုံးဆယ်မှလွဲ၍ ကျန်ရှိသော သူအားလုံးသည် ချင်ယွမ်ဖုန်း ချန်ထားခဲ့သော ကျင့်စဉ်ပညာရပ်များကို ကြိုးစားပမ်းစား ကျင့်ကြံနေကြဆဲ ဖြစ်သည်။

ပါရမီအရည်အချင်း လုံးဝ မရှိသော သူများသာလျှင် လမ်းစဉ်လွဲ ကျင့်စဉ်များကို ကျင့်ကြံကြချေသည်။

ရှီလင်က အကြောင်းကိစ္စကို ပြောပြလိုက်သောအခါ တစ်ပြင်လုံး တိတ်ဆိတ်သွားတော့သည်။

“ငါ ငါတို့ ရဲဘော်တွေကို သွားပြီး ကယ်တင်မလို့ပဲ၊ ဒါပေမဲ့ ဒီခရီးက အသက်ရှင်ဖို့ လမ်းစ အလွန်နည်းပါးတဲ့ သေမင်းတမန် ခရီးတစ်ခု ဖြစ်လိမ့်မယ်၊ ငါနဲ့အတူ လိုက်ခဲ့ချင်တဲ့သူ ရှိလားလို့ သိချင်ပါတယ်” ဟု ရှီလင်က မေးလိုက်၏။

ဦးချိုကျိုးနေသော လူသားများအားလုံး ခေါင်းကို ငုံ့ထားကြချေသည်။ ၎င်းတို့သည် လွတ်လပ်ခွင့်ကို ရရှိကာ ဝဝလင်လင် စားသောက်နေရခါစသာ ရှိသေးရာ ယခုအခါတွင်မူ ၎င်းတို့အား အသေခံရန် တောင်းဆိုနေခြင်း ဖြစ်သဖြင့် မည်သူမျှ လိုက်ပါလိုစိတ် မရှိကြချေ။

ရှီလင်သည် ဤရလဒ်ကို ကြိုတင်ခန့်မှန်းထားသော်လည်း စိတ်ပျက်မိခြင်းကိုမူ မတတ်နိုင်ရှာပေ။ “ငါ နားလည်ပါတယ် ဇေခါ... ဒီနေရာကို မင်းဆီ လွှဲအပ်ခဲ့မယ်၊ အားလုံးကို ဆက်ပြီးတော့ ဦးဆောင်ပေးပါဦး” ဟု ပြောလိုက်ချေသည်။

“တပ်မှူး...” ဟု ဇေခါက ရှီလင်ကို တိုးညင်းစွာ ခေါ်လိုက်ရှာသည်။

ရှီလင်က ပြုံးလိုက်ပြီး “ငါ့ကိုပဲ ငါတို့ စခန်းတစ်ခုလုံးရဲ့ ကိုယ်စား သွားခွင့်ပြုပါ၊ အနည်းဆုံးတော့ သူတို့အတွက် ကြိုးစားပေးနေတဲ့သူ ရှိသေးတယ်ဆိုတာကို သူတို့ သိခွင့်ရတာပေါ့” ဟု ဆိုချေသည်။

ထိုခဏ၌ အိုင်နာနှင့် ဟောတို့က ရုတ်တရက် မတ်တတ်ရပ်လိုက်ကြရင်း “တပ်မှူး... ကျွန်တော်တို့ တပ်မှူးနဲ့အတူ လိုက်ပါဖို့ ဆန္ဒရှိပါတယ်” ဟု အော်ပြောလိုက်ကြသည်။

ချင်ယွမ်ဖုန်းနှင့်အတူ ပြန်လာခဲ့ကြသော ဦးချိုကျိုး စစ်သည်တော် သုံးဆယ်လုံးသည်လည်း တစ်ပြိုင်နက် မတ်တတ်ရပ်လိုက်ကြပြီး “တပ်မှူး... ကျွန်တော်တို့လည်း လိုက်ပါဖို့ ဆန္ဒရှိပါတယ်” ဟု ဟစ်အော်လိုက်ကြချေသည်။

ရှီလင်သည် ဆွံ့အသွားရပြီး မျက်ဝန်းအစုံ၌ မျက်ရည်များ ဝဲတက်လာကာ “ကောင်းပြီ... ငါတို့ အတူတူ သွားကြတာပေါ့” ဟု ခေါင်းညိတ်လိုက်ရှာသည်။

ကျန်ရှိနေသော အရာရှိများသည်လည်း ရှီလင်နှင့်အတူ လိုက်ပါရန် အပြေးအလွှား ထွက်လာကြသော်လည်း ရှီလင်က ငြင်းပယ်လိုက်ရင်း “မင်းတို့အားလုံး ဒီမှာ နေခဲ့ရမယ်၊ တော်လှန်ရေးအဖွဲ့မှာ လူ အမြဲလိုတယ်၊ ငါတို့ ထွက်သွားပြီးရင် စခန်းတွင်းက အရာအားလုံးကို ဇေခါက ကွပ်ကဲလိမ့်မယ်၊ ဘယ်သူမှ မနာခံဘဲ မနေရဘူး” ဟု ဆိုချေသည်။

အချို့သော ကိစ္စရပ်များကို မှာကြားပြီးနောက် ရှီလင်သည် အိုင်နာ၊ ဟောတို့နှင့်အတူ တောင်အောက်သို့ ဆင်းသွားတော့သည်။

ဤလူစု၏ ဝမ်းနည်းကြေကွဲဖွယ် ကောင်းလှသော ကျောပြင်များကို ကြည့်ရင်း တောင်ပေါ်ရွာရှိ မည်သူမျှ အချိန်အတော်ကြာအောင် စကားမဆိုနိုင်ဘဲ ငြိမ်သက်နေကြတော့သည်။

ဤအချိန်၌ ဆီယာမြို့အတွင်း ရှိနေသော ချင်ယွမ်ဖုန်းသည်လည်း တိတ်ဆိတ်ငြိမ်သက်နေချေသည်။

“အကိုဖုန်း... ဘာဖြစ်လို့လဲ” ဟု မေက ချင်ယွမ်ဖုန်း၏ ဘေး၌ ဝင်ထိုင်လိုက်ရင်း “ ဦးချိုကျိုး သတ္တဝါတွေကြောင့်လား” ဟု မေးလိုက်ရှာသည်။

ချင်ယွမ်ဖုန်းသည် တစ်စုံတစ်ရာကိုမျှ ဖုံးကွယ်မထားဘဲ ခေါင်းညိတ်လိုက်ရင်း “ဟုတ်တယ်... သူတို့ ကွပ်မျက်ခံရတာ ငါ့ကြောင့်ပဲ ဖြစ်ရမယ်” ဟု ဆိုလိုက်ချေတော့သတည်း။

All Chapters