အခန်း ၇၇၂
Vol. 38 Ch. 772
အခန်း (၇၇၂)
“အကိုဖုန်း တမင်သက်သက် လုပ်ခဲ့တာ မဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်း သိပ်ပြီး အပြစ်မတင်ပါနဲ့တော့” မေက ချင်ယွမ်ဖုန်း၏ လက်ကို ဆုပ်ကိုင်လိုက်ရင်း “စိတ်မပူပါနဲ့၊ အကိုဖုန်းနဲ့အတူ ရှိနေပေးမှာပါ” ဟု ပြောကြားလိုက်လေသည်။
ချင်ယွမ်ဖုန်း သက်ပြင်းတစ်ချက်ကို အသာချလိုက်မိ၏။ မည်သို့ပင်ဖြစ်စေ ထိုဦးချိုကျိုး သတ္တဝါများ သေဆုံးခဲ့ရသည်မှာ သူ၏ လုပ်ဆောင်ချက်များကြောင့် ဖြစ်ပေရာ ယင်းက ချင်ယွမ်ဖုန်းအား စိတ်အာဃာတနှောင်ကြိုးကို မစွန့်လွှတ်နိုင်အောင် ဖြစ်စေချေသည်။
“ငါ ဒီနေရာကို တကယ်ပဲ ဘာအတွက် လာခဲ့တာလဲ” ချင်ယွမ်ဖုန်းသည် မိမိကိုယ်မိမိ ရေရွတ်လိုက်မိရာမှ ရုတ်တရက် အသိတရားတစ်ခု ဝင်လာချေသည်။
သူ မိစ္ဆာနယ်မြေသို့ စတင်လာခဲ့စဉ်က မူလရည်ရွယ်ချက်မှာ ဘေးအန္တရာယ်များကြားတွင် မိမိကိုယ်မိမိ လေ့ကျင့်ပျိုးထောင်ရန်နှင့် လက်ရှိကျင့်စဉ်အဆင့်ကို ကျော်ဖြတ်ရန်ဖြစ်သော်လည်း ယခုမူ သူသည် ကြောက်ရွံ့တုန်လှုပ်ကာ ဝေခွဲမရ ဖြစ်နေခဲ့ချေပြီ။
သူ၏ ကျင့်စဉ်အဆင့်မှာ တစ်ဖန်ပြန်လည် လှုပ်ခတ်လာသည်နှင့်အမျှ ချင်ယွမ်ဖုန်းသည် အဆင့်တက်လှမ်းနိုင်မည့် မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရလေသည်။
“မေ... ငါတို့ အခုပဲ မြို့ထဲက ထွက်ကြစို့” ချင်ယွမ်ဖုန်းက ပြတ်သားစွာ ပြောလိုက်သည်။
ချင်ယွမ်ဖုန်း မည်သည်ကို ဆုံးဖြတ်လိုက်သည်ကို မေ မသိသော်လည်း သူမအနေဖြင့် သူ့ကို ထောက်ခံရန် ဆုံးဖြတ်ထားဆဲ ဖြစ်ပေရာ စကားတစ်ခွန်းမျှ မဆိုဘဲ သူနှင့်အတူ မြို့ပြင်သို့ လိုက်ပါလာခဲ့ချေသည်။
သူတို့သည် ဆင်းရဲသားရပ်ကွက်သို့ တိုက်ရိုက်ရောက်ရှိလာခဲ့ပြီး ထိုနေရာရှိ လူများ၏ အဓိပ္ပာယ်မဲ့နေသော မျက်ဝန်းများကို မြင်လျှင် ချင်ယွမ်ဖုန်းက ဖြည်းညှင်းစွာ စကားဆိုလိုက်လေသည်။
“ဝဝလင်လင် စားချင်တဲ့သူတွေ ရှေ့ကို တလှမ်းတက်ခဲ့ကြ”
ထိုစကားကို ကြားရလျှင် လူအများအပြား ချက်ချင်း ထရပ်ကြသော်လည်း အခြားလူအများစုမှာမူ ယုံကြည်ရခက် ဖြစ်နေကြသေးချေသည်။
ယခုလို ခေတ်ကာလတွင် ဝမ်းဗိုက်ပြည့်ရုံမျှဖြင့် လုံလောက်လှပြီဖြစ်ရာ မည်သူက ဤမျှ ရက်ရောနိုင်မည်နည်း။
“ကဲ... တော်ပြီ၊ ငါ့အတွက် လှည်းအကြီး ဆယ်စီး လိုတယ်။ အမွှေးတိုင်တတိုင်စာ အချိန်လောက်ကျရင် ဟိုဘက်က တောအုပ်ထဲမှာ ငါ့ကို လာရှာကြ” ထိုသို့ ပြောပြီးနောက် ချင်ယွမ်ဖုန်းသည် မေကို ခေါ်ဆောင်ကာ ဝေးလံသော တောအုပ်ဆီသို့ ဦးတည်လျှောက်လှမ်းသွားခဲ့ချေသည်။
ထိုလူများသည် အလွန် သံသယဝင်နေကြသော်လည်း အခြားလုပ်စရာ အလုပ်မရှိသဖြင့် သွားရောက်စမ်းသပ်ရန် ဆုံးဖြတ်လိုက်ကြပြီး လူငါးဆယ်၊ ခြောက်ဆယ်ခန့် စတင် လှုပ်ရှားကြလေသည်။ မြင်းလှည်းများ မရှိသော်လည်း ဘီးတပ်လှည်းများမူ မရှားပေ။
ထို့ကြောင့် လူငါးဦး သို့မဟုတ် ခြောက်ဦးစီ ပါဝင်သော လှည်းကြီးဆယ်စီးကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့ပြီး ချင်ယွမ်ဖုန်းအား ရှာဖွေရန် ထွက်ခွာခဲ့ကြချေသည်။
သူတို့ ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာသောအခါ အားလုံးမှာ အံ့အားသင့်လွန်းသဖြင့် စကားပင် မဆိုနိုင်ကြတော့ပေ။
အဘယ်ကြောင့်ဆိုသော် ချင်ယွမ်ဖုန်း၏ နောက်ကွယ်တွင် တောင်ပုံရာပုံ ဖြစ်နေသော ရိက္ခာနှံပြားများ ရှိနေသောကြောင့် ဖြစ်ချေသည်
“အံ့သြမနေကြနဲ့၊ ဒါတွေက မြို့စားမင်းရဲ့ ရိက္ခာတွေပဲ” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်ရင်း “ငါ့ကို ကူညီပြီး ဒါတွေကို နေရာတခုဆီ ပို့ပေးဖို့ လိုတယ်၊ အလုပ်ပြီးရင် လူတိုင်း ရိက္ခာတအိတ်စီ ရကြလိမ့်မယ်” ဟု ဆိုလေသည်။
အားလုံးက ချက်ချင်း ခေါင်းညိတ်လိုက်ကြ၏။ ဝဝလင်လင် စားရသရွေ့ ထိုရိက္ခာများ မည်သည့်နေရာမှ ရောက်ရှိလာသည်ကို သူတို့ ဂရုမစိုက်ကြပေ။
မေသည် ရှေ့သို့ တစ်လှမ်းတက်ကာ ရိက္ခာနှစ်အိတ်ကို ဆွဲကိုင်ပြီး လှည်းပေါ်သို့ အဝေးမှ လှမ်းပစ်တင်လိုက်လေသည်။
မိစ္ဆာဘုရင်ဆေးလုံးနှင့် အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း ဆေးရည်တို့၏ ဗတ္တိဇံခံယူမှုကို ဖြတ်သန်းခဲ့ပြီးဖြစ်ပေရာ မေသည် ယခုအခါ သိုင်းပညာရှင် အဆင့်နှင့် နှိုင်းယှဉ်နိုင်စွမ်း ရှိနေပြီး ခန္ဓာကိုယ်အင်အားမှာ သာမန်လူများထက် များစွာ သာလွန်နေခဲ့ချေပြီ။
ဤလုပ်ရပ်သည် မကောင်းသောအကြံရှိသူ အများအပြား၏ စိတ်ကူးကို ပယ်ဖျက်ပေးလိုက်၏။ မေ၏ လက်သီးတစ်ချက်သည် သူတို့၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားနိုင်သည်ကို သူတို့ လုံးဝ သံသယမရှိကြပေ။
“ကဲ... အခုပဲ စလုပ်ကြစို့၊ ရိက္ခာအားလုံးကို လှည်းပေါ်တင်ကြ။ လမ်းမှာ စားပိုင်ခွင့်ရှိပေမယ့် လေလွင့်တာမျိုးနဲ့ ဝှက်သိမ်းတာမျိုးတော့ မလုပ်ကြနဲ့” ချင်ယွမ်ဖုန်းက အေးဆေးစွာ ပြောရင်း မြေပြင်မှ ကျောက်ခဲတစ်လုံးကို ကောက်ယူလိုက်လေသည်။
သူ အနည်းငယ်မျှ အားစိုက်လိုက်ရုံဖြင့် ထိုကျောက်ခဲသည် မှုန့်မှုန့်ညက်ညက် ကြေမွကာ လွင့်စင်သွားခဲ့ချေသည်။
“နောက်ဆက်တွဲ အကျိုးဆက်ကို ငါ ထပ်ပြောဖို့ မလိုတော့ဘူး ထင်တယ်၊ ဒါ့အပြင် ဒါက မြို့စားမင်းရဲ့ ရိက္ခာတွေပဲ၊ ငါ မင်းတို့ကို ယူခိုင်းရင်တောင် ယူရဲတဲ့ သတ္တိ ရှိကြလို့လား”
ချင်ယွမ်ဖုန်းသည် တည်ငြိမ်သော လေသံဖြင့် ခြိမ်းခြောက်စကား ဆိုလိုက်ရာ ဤနေရာသို့ လာခဲ့ကြသူအားလုံးမှာ နာခံစွာဖြင့် ခေါင်းငုံ့သွားကြရလေသည်။
မကြာမီ ရိက္ခာအိတ်ပေါင်း ထောင်ချီကို လှည်းများပေါ်သို့ တင်ဆောင်ပြီးနောက် လူများသည် လှည်းများကို စတင်တွန်းရွှေ့ကြလေသည်။
မေက ရှေ့မှ ဦးဆောင်ပြီး ချင်ယွမ်ဖုန်းက အကွာအဝေးတစ်ခုမှ လိုက်ပါလာခဲ့၏။
သို့သော် မကြာမီပင် ချင်ယွမ်ဖုန်းသည် သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ချေသည်။
ဤသည်မှာ ချင်ယွမ်ဖုန်းက မေနှင့် ကြိုတင်တိုင်ပင်ထားပြီးသား ကိစ္စတစ်ခု ဖြစ်ပေသည်။
သူသည် ကိစ္စအချို့ကို ဖြေရှင်းရန် ဆီယာမြို့သို့ ပြန်သွားရန် လိုအပ်သဖြင့် ထိုလူများကို ဦးဆောင်ကာ သတ်မှတ်ထားသော နေရာသို့ ရိက္ခာများ ပို့ဆောင်ရန် သူမအား တောင်းဆိုခဲ့ခြင်း ဖြစ်ချေသည်။
ထိုနေရာသည် တော်လှန်ရေးအဖွဲ့၏ စခန်းနှင့် အလှမ်းဝေးသော်လည်း ထိုနေရာ၌ တော်လှန်ရေးအဖွဲ့၏ ကင်းစောင့်များ ရှိနေသဖြင့် ၎င်းတို့က ရိက္ခာများကို လွှဲပြောင်းရယူနိုင်မည် ဖြစ်သည်။
ဤဒုက္ခသည်များသည် စခန်းတည်ရှိရာနေရာကို သိရှိနိုင်မည် မဟုတ်သလို ရိက္ခာများကိုလည်း ရရှိထားကြသဖြင့် သဘာဝအတိုင်း ဆူပူသောင်းကျန်းရန် ဝံ့ရဲကြမည် မဟုတ်ပေ။
ချင်ယွမ်ဖုန်း ပျောက်ကွယ်သွားခြင်းက ဒုက္ခသည်များ၏ ကြောက်ရွံ့မှုကို ပိုမိုပြင်းထန်စေခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူသည် မိမိတို့အား အမှောင်ထဲမှ စောင့်ကြည့်နေသည်ဟု သူတို့ ယုံကြည်နေကြသောကြောင့် ဖြစ်ချေသည်။
အမှန်စင်စစ် ချင်ယွမ်ဖုန်းသည် ဆီယာမြို့သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ချေသည်။ သူ၌ လုပ်ဆောင်ရန် အရေးကြီးသော ကိစ္စတစ်ခု ရှိနေသဖြင့် မေကို ဝေးရာသို့ ပို့ဆောင်ထားရန် လိုအပ်ခဲ့ခြင်း ဖြစ်ပေသည်။
ချင်ယွမ်ဖုန်း၏ ခြေလှမ်းများသည် အရာများစွာကို စွန့်လွှတ်လိုက်ပြီး မိမိ၏ မူလရည်ရွယ်ချက်သို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ပေါ့ပါးသွက်လက်နေချေသည်။ သူသည် မိမိ၏ ကျင့်စဉ်အဆင့်မှာလည်း လှုပ်ခတ်လာပြီး နောက်ထပ်အဆင့်တစ်ခုသို့ တက်လှမ်းနိုင်တော့မည့်အလား ခံစားလိုက်ရ၏။
“ဟူး...” ချင်ယွမ်ဖုန်း သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ရင်း “ငါလည်း ကောင်းကောင်းကြီး သောင်းကျန်းပစ်ရတာပေါ့” ဟု ရေရွတ်လိုက်လေသည်။
အကြီးအကဲဘက်ခ်သည် သူ၏ ရိက္ခာများနှင့် ရတနာများ ခိုးယူခံလိုက်ရသဖြင့် အလွန်အမင်း ဒေါသထွက်နေခဲ့ချေသည်။
ဦးချိုကျိုး စစ်သည်တော် ရာပေါင်းများစွာကို သတ်ဖြတ်ခြင်းကလည်း သူ၏ ဒေါသကို မငြိမ်းချမ်းစေနိုင်ခဲ့ပေ။
ထို့ကြောင့် မြို့စားမင်း၏ စံအိမ်တော်သည် အမြောက်အမြားရှိသော ဦးချိုကျိုးလူသားများကို ဝယ်ယူစုဆောင်းကာ သုံးရက်အကြာတွင် သတ်ဖြတ်ရန် ပြင်ဆင်လာခဲ့ချေသည်။
ဆီယာမြို့သို့ ရောက်ရှိလာကြသော ကျွန်ပိုင်ရှင်ကြီးများသည် သဘာဝအတိုင်း အလွန် ဝမ်းမြောက်နေကြလေသည်။
၎င်းတို့ထဲမှ တစ်ဦးချင်းစီမှာ တော်လှန်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ကျန်းမာကြံ့ခိုင်ကာ လှပသော ဦးချိုကျိုးလူသားများမှာ အလုအယက် ခေါ်ဆောင်ခံရခြင်း သို့မဟုတ် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပြီ ဖြစ်သည်။
ကျန်ရှိနေသော ဦးချိုကျိုးလူသားများမှာ ထက်ဝက်ခန့်သာ ရှိတော့ပြီး အရည်အသွေးမှာလည်း သိပ်မကောင်းလှသဖြင့် ၎င်းတို့အားလုံးကို မြို့စားမင်း စံအိမ်တော်သို့ ရောင်းချပစ်လိုက်ကြ၏။
ဦးချိုကျိုးလူသားများသည် မျှော်လင့်ချက်ကင်းမဲ့ခြင်းများဖြင့် ပြည့်နှက်နေခဲ့ကြပေရာ မြို့စားမင်း၏ စံအိမ်တော်သို့ ရောင်းချခံရခြင်းသည် ၎င်းတို့ သေဆုံးတော့မည်ကို ဆိုလိုခြင်း ဖြစ်သောကြောင့် ဖြစ်ချေသည်။
ချင်ယွမ်ဖုန်းသည် လမ်းမကြီးမှတစ်ဆင့် မြို့စားမင်း စံအိမ်တော်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့ရာ ကာကွယ်ရေးအစောင့်များမှာ ပိုမို တင်းကျပ်လာပြီး သိုင်းပညာရှင် အရေအတွက်လည်း တိုးပွားလာသည်ကို တွေ့ရှိလိုက်ရလေသည်။
ယခုကဲ့သို့သော အခြေအနေမျိုးတွင် ချင်ယွမ်ဖုန်း အရေးယူဆောင်ရွက်မည်ဆိုပါက မြို့စားမင်း စံအိမ်တော်အတွင်းသို့ ရောက်ရှိနေနှင့်ပြီးဖြစ်သော ဦးချိုကျိုးလူသားများကို ထိခိုက်နစ်နာစေမည် ဖြစ်သည်။
ချင်ယွမ်ဖုန်းအနေဖြင့် မြို့စားမင်း စံအိမ်တော်အတွင်းသို့ တိတ်တဆိတ် ခိုးဝင်သွားလျှင်ပင် ထိုဦးချိုကျိုးလူသားများကို ကယ်တင်နိုင်ဦးမည် မဟုတ်ပေ။
တစ်ခုတည်းသော နည်းလမ်းမှာ သုံးရက်အကြာတွင် သိုင်းပညာရှင်များက ဦးချိုကျိုးလူသားများကို မြို့စားမင်း စံအိမ်တော်မှ ခေါ်ထုတ်ကာ မြို့လယ်ရှိ ရင်ပြင်သို့ ခေါ်ဆောင်သွားမည့် အချိန်ကို စောင့်ဆိုင်းရန်သာ ဖြစ်ချေသည်။
ထိုနေရာကား ဘက်ခ်က ဦးချိုပါသော လူသားများအတွက် ပြင်ဆင်ထားသည့် ကွပ်မျက်ကွင်း ဖြစ်ပေသည်။
ထိုနေရာတွင် လာရောက်ကြည့်ရှုသူ အများအပြား ရှိနေမည်မှာ သေချာလှပေရာ ရှုပ်ထွေးပွေလီမှုကို အခွင့်ကောင်းယူ၍ ထိုဦးချိုကျိုးလူသားများ ထွက်ပြေးလွတ်မြောက်နိုင်သင့်ချေသည်။
သူ ဘက်ခ်ကို သတ်ဖြတ်နိုင်သရွေ့ ထိုဦးချိုကျိုးလူသားများကို ဆီယာမြို့မှ ခေါ်ထုတ်သွားနိုင်မည် ဖြစ်သည်။
ထိုသို့ တွေးတောရင်း ချင်ယွမ်ဖုန်းသည် မြို့စားမင်း စံအိမ်တော်မှ ထွက်ခွာလာခဲ့လေသည်။
သုံးရက်အကြာတွင် မေသည် ဒုက္ခသည်အုပ်စုကို ခေါ်ဆောင်ကာ သတ်မှတ်ထားသော နေရာသို့ ရောက်ရှိလာခဲ့ပြီး ဒုက္ခသည် တစ်ဦးချင်းစီအား ရိက္ခာတစ်အိတ်စီ ပေးကမ်းကာ ပြန်လွှတ်လိုက်လေသည်။
ဒုက္ခသည်များ အားလုံး ထွက်ခွာသွားပြီးနောက် ဦးချိုကျိုးနေသော လူအနည်းငယ်သည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့ကြချေသည်။
“မင်းက... မေ မဟုတ်လား” ဦးချိုကျိုးလူသားတစ်ဦးက မေကို မှတ်မိသွားပြီး အနည်းငယ် ဝေခွဲမရသည့် လေသံဖြင့် မေးမြန်းလိုက်၏။
မေသည် ယခင်ကနှင့်မတူဘဲ လွန်စွာ ပြောင်းလဲသွားခဲ့ချေပြီ။ သူမ၏ ကိုယ်လုံးကိုယ်ထည်မှာ ပိုမို ကျော့ရှင်းလှပလာပြီး အရပ်မှာလည်း လက်တစ်ဆစ်ခန့် ပိုမိုမြင့်မားလာကာ စူးစိုက်ကြည့်ရန်ပင် ခက်ခဲလှလောက်အောင် လှပလွန်းနေခဲ့ချေသည်။
“ဟုတ်ပါတယ်” မေက ပြုံးရွှင်စွာဖြင့် “ဒါတွေက အကိုဖုန်းက ငါ့ကို သယ်ခိုင်းလိုက်တဲ့ ရိက္ခာတွေပဲ၊ မင်းတို့ တောင်ပေါ်စခန်းက လူတွေကို ချက်ချင်း အကြောင်းကြားပြီး ရိက္ခာတွေ လာသယ်ခိုင်းလိုက်တော့” ဟု ဆိုလေသည်။
“တပ်မှူးရယ်၊ အိုင်နာနဲ့ ဟောတို့ရယ်က စခန်းကနေ ထွက်သွားကြပြီ” ဦးချိုကျိုးလူသားတစ်ဦးက ခပ်ပေါ့ပေါ့ ပြောဆိုပြီးနောက် စခန်းသို့ အကြောင်းကြားရန် လျင်မြန်စွာ ထွက်ခွာသွားခဲ့ချေသည်။
“ထွက်သွားကြပြီဟုတ်လား... ဘာလို့ ထွက်သွားကြတာလဲ” မေသည် မျက်မှောင်ကြုတ်လိုက်မိ၏။
ထိုနေရာတွင် ကျန်ရှိနေခဲ့သော ဦးချိုကျိုးလူသားက သက်ပြင်းတစ်ချက်ချကာ “ဆီယာမြို့ရဲ့ မြို့စားမင်းက ရူးသွပ်သွားပုံရတယ်၊ သူက ဦးချိုကျိုးလူသားတွေကို အမြောက်အမြား ဝယ်ယူပြီး ဒီနေ့မှာ ကွပ်မျက်ဖို့ စီစဉ်နေတာ၊ တပ်မှူးက သူတို့ကို သွားရောက်ကယ်တင်ဖို့ ထွက်သွားတာပဲ” ဟု ဆိုလေသည်။