← Chapters

အခန်း ၇၇၃

Vol. 38 Ch. 773

အခန်း ၇၇၃

Vol. 38 Ch. 773

အခန်း (၇၇၃) အရေးယူဆောင်ရွက်ခြင်း

“ဒီကိစ္စရဲ့ နောက်ကွယ်မှာ တခြား လျှို့ဝှက်ချက်တွေ ရှိနေသေးတာလား”

မေ၏ မျက်ဝန်းများ အံ့အားသင့်စွာ ကျယ်ပြန့်သွားခဲ့ရချေသည်။

ချင်ယွမ်ဖုန်းသည် ထိုသတင်းကို မေအား အသိမပေးဘဲ လျှို့ဝှက်ထားခဲ့ခြင်း ဖြစ်ပေသည်။ ထိုအချိန်ကျမှသာ ချင်ယွမ်ဖုန်းသည် သူမအား အဘယ်ကြောင့် တစ်ဦးတည်း ပြန်လည်စေလွှတ်ခဲ့ကြောင်း မေတစ်ယောက် သဘောပေါက် နားလည်သွားတော့သည်။

“မဖြစ်ဘူး၊ ကျွန်မ ပြန်သွားပြီး ကူညီမှဖြစ်မယ်”

မေက အရေးတကြီး ပြောဆိုလိုက်သော်လည်း ဦးချိုကျိုးနေသော လူတစ်ဦးက သူမအား တားဆီးကာ ဖျောင်းဖျလေသည်။

“သူတို့ ထွက်သွားတာ သုံးရက်တောင် ရှိနေပြီ။ ဒီနေ့ဆို ဆီယာမြို့ကို ရောက်လောက်ပြီ။ အခုအချိန်မှာ မင်း ပြန်သွားရင်လည်း အချိန်မမှီတော့ပါဘူး”

မေသည် ဒေါသလည်းထွက်၊ စိုးလည်းစိုးရိမ်ဖြစ်ကာ မကျေမနပ်ဖြင့်သာ ခြေဆောင့်နိုင်ရှာတော့သည်။

“အကိုဖုန်း... ရှင်သာ ပြန်မလာခဲ့ရင် ကျွန်မ တစ်သက်လုံး ရှင့်ကို ခွင့်မလွှတ်ဘူး”

ဤနေရာသည် တော်လှန်ရေးအဖွဲ့ခွဲ၏ စခန်းချရာနေရာနှင့် ခြေကျင်ခရီး လမ်းတစ်ဝက်ခန့် ကွာဝေးပြီး စခန်းမှ ကင်းစောင့်များ ချထားသည့် အဝေးဆုံး နယ်နိမိတ်လည်း ဖြစ်ချေသည်။

ချင်ယွမ်ဖုန်းသည် ယင်းကို သိရှိသောကြောင့် စခန်းတည်နေရာ ပေါက်ကြားမည်ကို စိုးရိမ်ခြင်းမရှိဘဲ စစ်ဘေးရှောင် ဒုက္ခသည်များကို ဤနေရာသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။

ထို့ကြောင့် ဒေါသထွက်နေသော မေသည် ကျန်ရှိနေသော ကင်းစောင့်နှစ်ဦးကို ဦးဆောင်ကာ ရိက္ခာများကို တောင်ပေါ်စခန်းဆီသို့ သယ်ယူရန် စတင်တော့သည်။

ယင်းနေရာသည် တောနက်တောင်ကုန်းများထဲတွင် ဖြစ်သော်လည်း ရိက္ခာအိတ် ပေါင်းထောင်ချီသည်ကား အလွန် ထင်ရှားပေါ်လွင်လွန်းလှချေသည်။

ထိုအချိန်တွင် ဆီယာမြို့အတွင်း၌မူ သောင်းသောင်းဖျဖျ ပျော်ပွဲရွှင်ပွဲကြီး ဆင်နွှဲနေကြပြီး မြို့အတွင်း နေထိုင်ကြသော မိစ္ဆာအမြောက်အမြားသည် ဦးချိုကျိုးနေသူများအား ကွပ်မျက်မှုကို ကြည့်ရှုရန် ရင်ပြင်တော်ပတ်ပတ်လည်၌ စုရုံးရောက်ရှိနေကြသည်။

ဆီယာမြို့၏ မြို့တံခါးလေးရပ်လုံးကို ဖွင့်လှစ်ထားသဖြင့် စစ်ဘေးရှောင် ဒုက္ခသည်များသည်လည်း မြို့ထဲသို့ ဝင်ရောက်ကာ ကွပ်မျက်မှုကို ကြည့်ရှုနိုင်ကြပေသည်။

ရှီလင်နှင့် အခြားသူများအတွက်မူ ယင်းက ထိုသူတို့အား ကြိုဆိုရန် တံခါးကို ဖွင့်လှစ်ပေးထားသကဲ့သို့ပင် ဖြစ်တော့သည်။

မြို့အနှံ့တွင် အင်အားတောင့်တင်းလှသော မိစ္ဆာစစ်သည်တော် အမြောက်အမြားကို ဖြန့်ကျက်ချထားပြီး ဖြစ်ပေရာ အကယ်၍ မျှော်လင့်မထားသော အဖြစ်အပျက်တစ်ခုခု ပေါ်ပေါက်လာပါက မြို့တံခါးများကို ချက်ချင်းပိတ်ဆို့ကာ ရန်သူများကို အိုးထဲကပုစွန်ပမာ ဖမ်းဆီးပိတ်လှောင်နိုင်ရန် စီမံထားခြင်း ဖြစ်သည်။

“သွားကြစို့”

ရှီလင်၊ အိုင်နာနှင့် ဟောတို့သည် ဒုက္ခသည်များအသွင် ဖန်တီးကာ မြို့ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။

ယင်းသည် ထောင်ချောက်တစ်ခုဖြစ်ကြောင်း သိရှိနေပါသော်လည်း သူတို့၌ ခုန်ဝင်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိချေ။

အဘယ်ကြောင့်ဆိုသော် ယင်းက တော်လှန်ရေးရဲဘော်တို့၏ ယုံကြည်ချက် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

အကယ်၍ ယုံကြည်ချက်သာ ပြိုလဲသွားပါက အရာအားလုံး ဆုံးရှုံးသွားပေလိမ့်မည်။

ချင်ယွမ်ဖုန်းသည်လည်း ရင်ပြင်တော်၏ အပြင်ဘက်သို့ ရောက်ရှိလာပြီး အတွင်းရှိ ဦးချိုကျိုးနေကြသူများကို အေးစက်စွာ စောင့်ကြည့်နေခဲ့သည်။

အကယ်၍ ရင်ပြင်တော်သာ ကျယ်ဝန်းခြင်းမရှိပါက ပျောက်ဆုံးနေသော အဆိုပါ ဦးချိုကျိုး အင်အားထောင်ချီကို ဆံ့နိုင်လိမ့်မည် မဟုတ်ချေ။

ထိုသူတို့အားလုံး၏ မျက်ဝန်းထဲတွင်မူ နက်ရှိုင်းသော မျှော်လင့်ချက်မဲ့မှုများ ရိပ်သန်းနေကြသည်။

ရင်ပြင်တော်၏ အလယ်ဗဟို အမြင့်ဆုံးနေရာတွင်မူ ဘက်ခ်က ထိုင်နေပြီး အလွန်အေးစက် တည်ငြိမ်သော အမူအရာဖြင့် အောက်ခြေရှိ လူအပေါင်းကို ငုံ့ကြည့်နေခဲ့သည်။

မြှောက်အုပ်ခြုံထားသော ဝတ်ရုံရှည်အောက်၌မူ ချင်ယွမ်ဖုန်း၏ မျက်နှာတွင် ရူးသွပ်သော အပြုံးတစ်ခု ပေါ်ပေါက်နေချေသည်။

အမှန်စင်စစ် ဤသို့သော အန္တရာယ်မျိုးသည်ကား သူအလွန် တောင့်တနေခဲ့သည့် အရာမျိုး ဖြစ်ပေသည်။ ရန်သူများသည် နေရာအနှံ့တွင် ရှိနေပြီး သူသတ်ဖြတ်ရန် ကြိုးပမ်းနေသော လူသည်ကား ဆဋ္ဌမအဆင့် ဘိုးဘေးနယ်ပယ် သိုင်းပညာရှင်နှင့် နှိုင်းယှဉ်နိုင်သည့် အစွမ်းထက် ပညာရှင်တစ်ဦး ဖြစ်သည့်အပြင် ဘိုးဘေးနယ်ပယ်အဆင့်ရှိသော တပ်မှူးကိုးဦးလည်း ရှိနေသေးသည်။

“ဒီနေ့ဟာ မင်္ဂလာရှိတဲ့ နေ့တစ်နေ့ပဲ”

ဘက်ခ်သည် ဖြည်းညင်းစွာ ထရပ်လိုက်ရာ သူ၏ အသံသည် ဝေးလံကျယ်ပြန့်စွာ ပျံ့လွင့်သွားပြီး ရင်ပြင်တော်အတွင်းရှိ ဆူညံသံများကို တိတ်ဆိတ်သွားစေခဲ့သည်။

“တော်လှန်ရေးအဖွဲ့ ဆိုတဲ့ ဒီသိုးမည်းတွေဟာ မြင့်မြတ်တဲ့ စံနှုန်းတွေကို အမြဲတမ်း တဖွဖွပြောနေကြတာ။ ဒါပေမဲ့ သူတို့ ကာကွယ်ပေးရမယ့် လူတွေကတော့ ဒီရင်ပြင်ထဲမှာ ကွပ်မျက်ခံရတော့မယ်။ သူတို့ အခု ဘယ်မှာလဲ”

“ဒါကြောင့် တော်လှန်ရေးအဖွဲ့ ဆိုတာ လျှာအရိုးမရှိဘဲ အော်ဟစ်တတ်တဲ့ လူမိုက်တစ်စုထက် မပိုပါဘူး” ဘက်ခ်က လှောင်ပြောင်ရယ်မောလိုက်ပြီးနောက် “ဒီနေ့မှာတော့ တော်လှန်ရေးအဖွဲ့ရဲ့ မျက်နှာဖုံးအစစ်ကို ငါက ခွာချပြရမှာပေါ့” ဟု ဆိုလေသည်။

ထိုအချိန်တွင် ရင်ပြင်တော်အတွင်း ကွပ်မျက်ရန် ပြင်ဆင်နေသော မိစ္ဆာစစ်သည်တော်များသည် ထိုသူတို့ရှေ့ရှိ ဦးချိုကျိုးနေသူများ၏ ခေါင်းကို ဖြတ်တောက်ရန် ၎င်းတို့၏ ဓားရှည်ကြီးများကို မြှောက်လိုက်ကြချေသည်။

ကျောက်ခဲငယ်တစ်ခုသည် စစ်သည်တော်တစ်ဦးထံသို့ ပြင်းထန်စွာ ထိမှန်သွားပြီး ထိုသူအား နောက်သို့ လွင့်စင်သွားစေခဲ့သည်။

ရှီလင်သည် လူအုပ်ကြီးထဲမှ ဖြည်းညင်းစွာ ထွက်ခွာလာပြီး သူမ၏ မြှောက်အုပ်ကို ချွတ်လိုက်ရာ ဦးချိုမရှိသော ကတုံးခေါင်းကို ပေါ်လွင်စေခဲ့သည်။

“ဟားဟားဟား၊ တကယ်ပဲ လာခဲ့ကြတာပဲကိုး” ဘက်ခ်က အေးစက်စွာ ရယ်မောလိုက်ရင်း “မိုက်မဲလိုက်ကြတာ” ဟု ပြောဆိုလိုက်သည်။

“ဘက်ခ်... မင်းလုပ်နေတဲ့ အလုပ်တွေဟာ တိရစ္ဆာန်တွေထက်တောင် ယုတ်မာသေးတယ်။ ဦးချိုကျိုးတွေဟာလည်း သက်ရှိသတ္တဝါတွေပဲ။ သူတို့ဟာလည်း မိစ္ဆာနယ်မြေရဲ့ လူသားတွေပဲလေ” ရှီလင်က အေးစက်စွာ ပြောဆိုလိုက်သည်။

“ဟားဟားဟား၊ ဦးချိုကျိုး ဆိုတာ ကျွန်တွေသက်သက်ပဲ။ ငါ့သဘောအတိုင်း သူတို့ကို အသက်ရှင်ခွင့် ပေးနိုင်သလို သေစေနိုင်တယ်”

ထိုအချိန်တွင် ရင်ပြင်တော်အပြင်ဘက်၌ တပ်မှူးကိုးဦး ဦးဆောင်သော မိစ္ဆာစစ်သည်တော် အမြောက်အမြား စုရုံးရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။

ချင်ယွမ်ဖုန်းသည် ရှီလင်ရှိရာသို့ ကြည့်ကာ ခေါင်းခါယမ်းလိုက်မိသည်။ ရှီလင်သည် တော်လှန်ရေးစစ်တပ်ကို ဤနေရာသို့ ခေါ်ဆောင်လာခြင်းက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်းထက် မပိုချေ။

ထို့ပြင် သူမ ခေါ်ဆောင်လာသော လူများမှာလည်း သူနှင့်အတူ လိုက်ပါသွားခဲ့သည့် လူသုံးဆယ်သာ ဖြစ်ပေသည်။

ထိုအထဲတွင် ချင်ယွမ်ဖုန်း အလွန် လေးစားမိသော အိုင်နာနှင့် ဟောတို့လည်း ပါဝင်နေကြသည်။

“ထားလိုက်ပါတော့” ချင်ယွမ်ဖုန်းက ပြုံးလိုက်ရင်း “ဒီပြဇာတ်ကြီးထဲမှာ ဇာတ်ပို့အချို့ကို ထပ်ဖြည့်ပေးလိုက်တာပေါ့” ဟု ရေရွတ်လိုက်သည်။

မိစ္ဆာတပ်မှူးတစ်ဦးသည် ရက်စက်သော အပြုံးဖြင့် ရှီလင်ရှိရာသို့ ပြေးဝင် တိုက်ခိုက်လေသည်။ သူ၏ အစွမ်းဖြင့်ဆိုလျှင် ရှီလင်ကို အလွယ်တကူ သတ်ဖြတ်နိုင်ပေရာ ထိုနှစ်ဦး၏ အရည်အချင်းသည် အဆင့်အတန်းချင်း တူညီခြင်းမရှိချေ။

ယင်းက တော်လှန်ရေးအဖွဲ့နှင့် မိစ္ဆာစစ်သည်တော်များ၏ ဆက်ဆံရေးသည် ကြောင်နှင့်ကြွက်ပမာ ဖြစ်ပြီး ကြွက်သည် ကြောင် ကွယ်ရာတွင်သာ လှုပ်ရှားနိုင်ကြောင်း ပြသနေခြင်းလည်း ဖြစ်သည်။

ဘေးပတ်ပတ်လည်ရှိ သာမန်မိစ္ဆာများသည် လျင်မြန်စွာ လမ်းဖယ်ပေးလိုက်ကြသဖြင့် ရှီလင်နှင့် အခြားလူသုံးဆယ်မှာ ချက်ချင်းပင် သီးခြား ဖြစ်သွားရတော့သည်။

ထိုလူသုံးဆယ်၏ မျက်ဝန်းထဲတွင်မူ ပြတ်သားသော ဆုံးဖြတ်ချက်များ နက်ရှိုင်းစွာ ကိန်းအောင်းနေကြသည်။ ထိုသူတို့သည် တောင်ပေါ်စခန်းမှ ထွက်ခွာလာပြီးနောက် တစ်ချက်ကလေးမျှ မနားဘဲ ဆီယာမြို့သို့ ရောက်ရှိလာခြင်း ဖြစ်ပေရာ ယင်းသည် သေကြောင်းကြံစည်သည့် လုပ်ရပ်နှင့်ပင် တူလှပေသည်။

မိစ္ဆာတပ်မှူးက ရှီလင်ကို ဖမ်းဆီးရန် ပြင်လိုက်စဉ်မှာပင် ချင်ယွမ်ဖုန်းသည် ရုတ်တရက် လှုပ်ရှားလိုက်တော့သည်။ သူသည် ရပ်နေသော နေရာမှ ပျောက်ကွယ်သွားပြီး ရှီလင်၏ ရှေ့မှောက်တွင် ချက်ချင်း ပေါ်လာကာ ရှေ့သို့ လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်ချေသည်။

ထိုတပ်မှူးသည် အချိန်မီ သတိမပြုမိဘဲ ၎င်း၏ ရင်ဘတ်ရှေ့တွင် လက်မောင်းနှစ်ဖက်ကို ကန့်လန့်ကာ ခုခံရန်သာ အချိန်ရလိုက်တော့သည်။

ဘုန်း

ပေါက်ကွဲသံကဲ့သို့သော အသံကြီးတစ်သံ မြည်ဟီးသွားပြီး တပ်မှူးသည် မိမိထံသို့ ပြင်းထန်လှသော စွမ်းအားကြီးတစ်ခု ရိုက်ခတ်လာကြောင်း ခံစားလိုက်ရသည်။

လက်မောင်းများဆီမှ အရိုးကျိုးသံများ ထွက်ပေါ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်စင်သွားရတော့သည်။

“အား...”

တပ်မှူး၏ ခန္ဓာကိုယ်သည် ဘေးမှ ကြည့်ရှုနေသူ အချို့အပေါ်သို့ တည့်တည့်မတ်မတ် ပြုတ်ကျသွားခဲ့ရချေသည်။

“ကယ်ကြပါဦး...”

“ပြေးကြ...”

ရင်ပြင်တော် ပတ်ပတ်လည်တွင် အန္တရာယ်ရှိမှန်း သိရှိသွားကြသော သာမန်လူအပေါင်းတို့သည် ထိတ်လန့်တကြား ထွက်ပြေးကြသဖြင့် ရုတ်ရုတ်သဲသဲ စတင်ဖြစ်ပွားတော့သည်။

လူအမြောက်အမြား ရှိနေသောကြောင့် တစ်ခဏအတွင်းမှာပင် အခြေအနေမှာ အလွန် ရှုပ်ထွေးသွားခဲ့ရသည်။

“တပ်မှူး... ဒီကိစ္စကို ကျွန်တော့်ကို ဘာလို့ ကြိုမပြောခဲ့တာလဲ” ချင်ယွမ်ဖုန်းက သူ၏ မြှောက်အုပ်ကို ချွတ်လိုက်ရင်း ပြုံး၍ ပြောဆိုလိုက်သည်။

ရှီလင်သည် ချင်ယွမ်ဖုန်းအား ကြည့်ကာ “ဖုန်း... နင် ဒီကို ဘာလို့ ရောက်နေတာလဲ” ဟု မေးလိုက်ရှာသည်။

“ကျွန်တော် ပြောသားပဲ၊ ရိက္ခာသွားယူမလို့ဆိုတာ။ မေကတော့ အခုအချိန်ဆို ရိက္ခာတွေကို စခန်းကို ပို့ပြီးလောက်ပြီ ထင်တယ်” ချင်ယွမ်ဖုန်းက ပြုံး၍ ဆိုလိုက်သည်။

“နင်က ရိက္ခာတွေကို ခိုးယူခဲ့တာလား” ရှီလင်သည် ဆီယာမြို့သို့ ရောက်စကပင် ထိုသတင်းကို ကြားသိခဲ့ရသဖြင့် မည်သူက ပြုလုပ်ခဲ့သနည်းဟု အလွန် အံ့အားသင့်နေခဲ့ခြင်း ဖြစ်ပေသည်။

မိမိတို့အဖွဲ့သားတစ်ဦးက ပြုလုပ်ခဲ့လိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။

“ကဲပါ တပ်မှူ၊ စကားပြောနေဖို့ အချိန်မရှိဘူး။ အခြေအနေတွေ ရှုပ်ထွေးနေတုန်း မင်းနဲ့ ဟောတို့က ဦးချိုကျိုးတွေ အားလုံးကို ခေါ်ပြီး အမြန်ထွက်သွားကြတော့။ မိစ္ဆာစစ်သည်တော်တွေကိုတော့ ကျွန်တော့်ကိုပဲ လွှဲထားလိုက်ပါ” ချင်ယွမ်ဖုန်းက ပြောဆိုလိုက်သည်။

ရှီလင်က ခေါင်းညိတ်လိုက်သည်။ ယခုအချိန်သည် သံယောဇဉ် တွဲနေရမည့် အချိန်မဟုတ်သလို ချင်ယွမ်ဖုန်းသည် သူမ ထင်မှတ်ထားသည်ထက် ပိုမိုအစွမ်းထက်ကြောင်းလည်း သူမ သိမြင်လိုက်ရချေပြီ။ အနည်းဆုံးတော့ ဤမိစ္ဆာတပ်မှူးများသည် သူ၏ ပြိုင်ဘက် မဟုတ်ကြချေ။

“ဂရုစိုက်ပါဦး၊ ငါတို့ ဖောက်ထွက်နိုင်မလား ကြည့်ကြတာပေါ့” ရှီလင်က ချင်ယွမ်ဖုန်း၏ ပုခုံးကို ပုတ်လိုက်ပြီးနောက် ရင်ပြင်တော်အတွင်းသို့ ပြေးဝင်သွားတော့သည်။

ချင်ယွမ်ဖုန်းနှင့်အတူ တောင်ပေါ်စခန်းသို့ လိုက်ပါသွားခဲ့ကြသော အိုင်နာ၊ ဟောနှင့် အခြားသူများသည်လည်း အလွန် စိတ်လှုပ်ရှားသွားကြရသည်။

ဤသို့သော မျှော်လင့်ချက်မဲ့နေသည့် အချိန်တွင် သူတို့ထံသို့ မျှော်လင့်ချက်ကို ထပ်မံ သယ်ဆောင်လာပေးသူမှာ ဖုန်းပင် ဖြစ်ပေတော့သည်။

“ဆရာကြီး” ဟောနှင့် အိုင်နာတို့သည် စိတ်လှုပ်ရှားစွာ ပြေးဝင်လာကြပြီး ချင်ယွမ်ဖုန်းအား “သခင်ကြီး” ဟူသော ခေါ်ဝေါ်မှုမှ “ဆရာကြီး” ဟု ပြောင်းလဲ၍ ခေါ်ဆိုလိုက်ကြလေတော့သည်။

All Chapters