← Chapters

အခန်း ၇၇၅

Vol. 38 Ch. 775

အခန်း ၇၇၅

Vol. 38 Ch. 775

အခန်း (၇၇၅)

နက်နဲလှသော စိတ်ဓာတ်ခွန်အား ပိုင်ဆိုင်ထားသည့် ကြံ့ခိုင်သော စစ်သည်တော်များပင် ဖြစ်လင့်ကစား ချင်ယွမ်ဖုန်း၏ ရှေ့မှောက်တွင်မူ ကြောက်ရွံ့တုန်လှုပ်ကာ စိတ်ပျက်အားငယ်ခြင်း နွံထဲသို့ ကျဆင်းသွားရပေမည်။

ယင်းတို့သည် ရန်သူ၏အနီးသို့ပင် ချဉ်းကပ်နိုင်ခြင်း မရှိသေးမီ ထိုအလင်းမဲ့ ပျံလွှားဓားမြှောင် သုံးစင်း၏အောက်တွင် အသက်ပျောက်ပျက်သွားခဲ့ရသည် မဟုတ်လော။

“တော်လောက်ပြီ။” ဘက်ခ်သည် မတ်တပ်ထရပ်လိုက်ပြီးလျှင် “ဆယ်လီ... မင်း စစ်သည်တွေကို ဦးဆောင်ပြီး အဲဒီဦးချိုကျိုးတွေကို လိုက်လံနှိမ်နင်းချေ။ မင်းတို့ ဒီမှာ ဆက်နေဖို့ မလိုတော့ဘူး။” ဟု ဆိုလေသည်။

ဆယ်လီသည် ခေါင်းညိတ်ပြကာ စစ်သည်တော် တစ်ရာကျော်ကို ခေါ်ဆောင်၍ ထိုနေရာမှ ထွက်ခွာသွားခဲ့ချေသည်။

ကျန်ရှိနေသော တပ်မှူးများ ထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် ရုတ်တရက်ဆိုသလို အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး တပ်မှူးနှစ်ဦး၏ ဦးခေါင်းများကို တစ်ခဏချင်းအတွင်း ချဉ်းကပ်ဖောက်ထွင်းသွားခဲ့သည်။

“ငါက မင်းတို့ကို ထွက်သွားခွင့်ပေးတယ်လို့ ပြောမိလို့လား။” ချင်ယွမ်ဖုန်း၏ အေးစက်လှသော အသံသည် ရင်ပြင်တစ်ခုလုံးတွင် ဟိန်းထွက်သွားပေသည်။

တပ်မှူး ကိုးဦးအနက် လေးဦးသည် သေဆုံးသွားခဲ့ပြီဖြစ်ရာ နှစ်ဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိထားပြီး သုံးဦးသာလျှင် ထိခိုက်ဒဏ်ရာ မရရှိဘဲ ကျန်ရစ်တော့သည်။

ချင်ယွမ်ဖုန်း၏ စကားကို ကြားရသောအခါ ကျန်ရှိနေသော အဖွဲ့ခေါင်းဆောင်များသည် တုန်လှုပ်ခြောက်ခြားသွားကြပြီး ခြေတစ်လှမ်းမျှပင် မရွှေ့ရဲဘဲ ကြောင်အမ်းကာ ရပ်တန့်နေကြရရှာသည်။

“တော်စမ်းပါဦး။ ဒီလောကကြီးမှာ စနစ်တကျ ရှိဖို့လိုသလို စစ်သည်တော်တွေလည်း လိုအပ်တာပဲ။ မင်း ဘယ်လောက်ပဲ စစ်သည်တွေကို သတ်သတ် လောကကြီးကို ပြောင်းလဲပစ်လို့ မရနိုင်ဘူး။ မင်း ဒီလောက်တောင် စွမ်းလှတယ်ဆိုရင် ပိုပြီးအစွမ်းထက်တဲ့သူတွေကို သွားသတ်ပါလား။”

ဆယ်လီသည် ရှေ့သို့ တစ်လှမ်းတိုးကာ အသံဗလံ ကွဲအက်လျက် အော်ဟစ်လိုက်ချေသည်။

ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လျက် လှည့်ကြည့်ခြင်းပင် မပြုဘဲ စကားပြောနေသည့် တပ်မှူးကို အာရုံခံကြည့်လိုက်သည်။

“ငါလည်း အဲဒီလိုပဲ တွေးနေတာ။” ချင်ယွမ်ဖုန်းသည် မိမိကိုယ်မိမိ တည်ငြိမ်စွာ တွေးတောလိုက်ပေသည်။

ဆယ်လီသည် စကားပြောပြီးနောက် မာနဝင့်ဝါပြီး အေးစက်လှသော ကျောပြင်ကို ချန်ထားခဲ့ကာ လှည့်ထွက်သွားခဲ့သည်။

ချင်ယွမ်ဖုန်းသည် ဆယ်လီကို သတ်ဖြတ်ခြင်း မပြုခဲ့ပေ။ ထိုတပ်မှူးသည် အခြားသော တပ်မှူးများနှင့် ကွဲပြားခြားနားနေ၍လည်း ဖြစ်တန်ရာသည်။

အသံတိတ်လှုပ်ရှားနေသော အလင်းမဲ့ ပျံလွှားဓားမြှောင်များသည် မညှာမတာ လိုက်လံရိတ်သိမ်းခြင်းကို ပြန်လည်စတင်လိုက်ပြန်ရာ တပ်မှူးများအနေဖြင့် ခုခံနိုင်စွမ်း မရှိကြပေရာ စစ်သည်တော်များအတွက်မူကား ဆိုဖွယ်ရာမရှိတော့ပြီ ဖြစ်ချေသည်။

ချင်ယွမ်ဖုန်းနှင့် ကျင့်စဉ်အဆင့် တူညီသော ကျွမ်းကျင်သူများပင်လျှင် သူ၏ အလင်းမဲ့ ပျံလွှားဓားမြှောင်ကို ရှောင်တိမ်းရန် ခဲယဉ်းလှပေရာ ယင်းတို့ထက် နိမ့်ပါးသူများအဖို့မူ ပို၍ပင် မဖြစ်နိုင်တော့ပေ။

ဆယ်လီသည် အတော်အတန် ဝေးကွာသောနေရာသို့ ရောက်ရှိသွားသောအခါ နောက်သို့ လှည့်ကြည့်လိုက်ရာ မိမိမှတစ်ပါး ကျန်ရှိသော တပ်မှူးအားလုံး သေဆုံးသွားခဲ့ပြီဖြစ်ကြောင်းနှင့် စစ်သည်တော်များသည်လည်း ရင်ပြင်အပြင်ဘက်သို့ မထွက်ရဲကြတော့ကြောင်း တွေ့ရှိလိုက်ရသည်။

ထိုနေရာသည် ဝင်၍ရသော်လည်း ပြန်ထွက်၍မရသော တားမြစ်နယ်မြေတစ်ခုကဲ့သို့ ဖြစ်နေချေပြီ။

“မင်း... ယုတ်မာလှချည်လား။”

ဘက်ခ်သည် နောက်ဆုံးတွင် အမျက်ဒေါသ ပြင်းထန်စွာ ထွက်ပေါ်လာချေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အကြေးခွံများ ထွက်ပေါ်လာပြီး မဟူရာရောင် အရိုးဆူးများ စိုက်ထွက်လာရာ ကြည့်ရသည်မှာ ဆူးဖြန်းနေသော ဖြံကောင်ကြီးတစ်ကောင်နှင့်ပင် တူလှပေသည်။

ကြီးမားလှသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာပြီး ထက်မြက်သော ဆူးများဖြင့် ဖုံးလွှမ်းနေသည့် ရေတွက်၍မရသော မိစ္ဆာသားရဲကြီးများအသွင် ပြောင်းလဲသွားကာ ချင်ယွမ်ဖုန်းထံသို့ ရက်စက်ကြမ်းကြုတ်စွာ တိုးဝင်တိုက်ခိုက်ကြလေတော့သည်။

ချင်ယွမ်ဖုန်းသည် အနည်းငယ် ပြုံးလိုက်ချေသည်။ သူသည် ဤတိုက်ကွက်ကို ကောင်းစွာ ရင်းနှီးကျွမ်းဝင်နေခဲ့ပြီး ဖြစ်သည်။ ထို့နောက် သူ၏ ကျောပြင်ဘက်မှလည်း ရေတွက်၍မရသော သားရဲကြီးများ ပြေးထွက်သွားကြပြီး ဘက်ခ်၏ မိစ္ဆာသားရဲများနှင့် အပြင်းအထန် တိုက်ခိုက်ကြလေသည်။

အချိန်တိုင်းတွင် ရေတွက်၍မရသော မိစ္ဆာ သတ္တဝါများသည် အတူတကွ ပျက်သုဉ်းသွားကြပြီး စိမ်းဖန့်ဖန့် မီးခိုးငွေ့များအဖြစ်သို့ ပြောင်းလဲသွားကြရရှာသည်။

“ကောင်းကင်ဘုံမိစ္ဆာ သွေးလက်ဝါး။”

ဘက်ခ်သည် ရုတ်တရက် အထက်သို့ ခုန်တက်လိုက်ရာ ကြီးမားလှသော မိစ္ဆာစွမ်းအင်များဖြင့် ဖွဲ့စည်းထားသည့် မဟူရာ လက်ဝါးကြီးတစ်ခုသည် သူ၏ ဦးခေါင်းအထက်တွင် ထွက်ပေါ်လာချေသည်။

သူက ရှေ့သို့ လက်လှမ်းလိုက်သောအခါ ထိုမိစ္ဆာလက်ဝါးကြီးသည် ချင်ယွမ်ဖုန်းထံသို့ ပြင်းထန်စွာ ဖိနှိပ်ကျဆင်းလာခဲ့သည်။

မြေပြင်သည် ပြင်းထန်စွာ တုန်ခါသွားပြီး မိစ္ဆာလက်ဝါးကြီး မြေပြင်သို့ မကျရောက်မီမှာပင် ရင်ပြင်ထက်၌ ကြီးမားလှသော လက်ဝါးရာကြီး ထင်ကျန်ရစ်ခဲ့ပေသည်။

ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်မိသည်။ မဟာမျိုးနွယ်စုဝင် တစ်ဦးဖြစ်လာနိုင်သည့် မိစ္ဆာတစ်ကောင်သည် အမှန်တကယ်ပင် သာမန်လူ မဟုတ်ပေ။

ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်မှ ခရမ်းရောင်မီးလျှံများ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး အပြင်ဘက်သို့ လွှမ်းခြုံသွားခဲ့သည်။ တစ်ခဏချင်းအတွင်းမှာပင် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် မီးလျှံလူသားတစ်ဦးကဲ့သို့ ဖြစ်သွားပြီး အထက်သို့ လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်ချေသည်။

အုန်းခနဲမြည်သော အသံနှင့်အတူ ခရမ်းရောင်မီးလျှံများသည် အရည်ကဲ့သို့ အပြင်ဘက်သို့ ပျံ့နှံ့သွားပြီး ချင်ယွမ်ဖုန်း၏ လက်သီးချက်သည် ကောင်းကင်ဘုံမိစ္ဆာ သွေးလက်ဝါးကြီးနှင့် ပြင်းထန်စွာ ရိုက်ခတ်မိသွားသည်။

ကောင်းကင်ဘုံမိစ္ဆာ သွေးလက်ဝါးကြီးသည် အနည်းငယ် တုန်ခါသွားပြီးနောက် ချင်ယွမ်ဖုန်း၏ လက်သီးချက်ကြောင့် တစ်စစီ ကြေမွပျက်စီးသွားခဲ့ရပေသည်။

ဘက်ခ်သည် မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။ မိစ္ဆာနယ်မြေအတွင်း ခရမ်းရောင်မီးလျှံများစွာ ရှိသော်လည်း ဤမျှ အစွမ်းထက်လှသော မီးလျှံမျိုးမူ အလွန်ပင် ရှားပါးလှပေသည်။

သို့သော် ထိုအစွမ်းထက်လှသော ခရမ်းရောင်မီးလျှံများသည် လူနည်းစု၏ လက်ထဲတွင်သာ ရှိနေတတ်ပေရာ သူသည် ယင်းကို မည်သို့ ရရှိထားသနည်း။

“မင်းက အမှန်တကယ် ဘယ်သူလဲ။” ဘက်ခ်သည် မျက်လုံးများ ပြူးကျယ်လျက် ခက်ထန်စွာ မေးမြန်းလိုက်သည်။

“ငါ မင်းကို ပြောပြီးသားပဲလေ။ မကြာခင် မင်း သိရမှာပါ။” ချင်ယွမ်ဖုန်းသည် ပြုံးလျက် ဘက်ခ်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။

ရုပ်အသွင် နှစ်ခုသည် လျင်မြန်စွာ ရောထွေးလုံးထွေး သွားခဲ့ကြရာ ကြည့်ရသည်မှာ ရှေးဦးအကျဆုံးသော တိုက်ပွဲတစ်ခုကဲ့သို့ပင် ဖြစ်သော်လည်း ယင်း၌ ကြီးမားသော အန္တရာယ်များ ကိန်းဝပ်နေချေသည်။

အနည်းငယ်မျှ သတိလွတ်သွားရုံဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားနိုင်ပေသည်။

ချင်ယွမ်ဖုန်းသည် တိုက်ပွဲ၏ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အရသာကို ခံစားနေပြီး မိမိ၏ စွမ်းအားများကို အကန့်အသတ်မရှိ ထုတ်ဖော်လိုက်ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရင်ပြင်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ချေပြီ။

ရင်ပြင်တစ်ခုလုံးသည် မီးလျှံများ လွှမ်းခြုံသွားပြီး မြေပြင်မှာလည်း မည်းနက်၍ ကျွမ်းလောင်သွားခဲ့ရသည်။

စစ်သည်တော်များသည် ဤအန္တရာယ်ရှိသော နေရာမှ ထွက်ပြေးချင်ကြသော်လည်း ယင်းတို့၏ ဦးခေါင်းထက်ရှိ အလင်းမဲ့ ပျံလွှားဓားမြှောင်များသည် တစ်ဖန်ပြန်၍ အသက်များကို လိုက်လံရိတ်သိမ်းနေပြန်ချေသည်။

ဘုန်း ဘုန်း ဘုန်း

ချင်ယွမ်ဖုန်းသည် ဘက်ခ်၏ ရင်ဘတ်ထံသို့ ဆက်တိုက်ဆိုသလို လက်သီးသုံးချက် ပြင်းထန်စွာ ထိုးနှက်လိုက်ရာ ဘက်ခ်သည် သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး သူ၏ ရင်ဘတ်မှာလည်း နက်ရှိုင်းစွာ နိမ့်ဝင်သွားခဲ့ရသည်။

“မဖြစ်နိုင်တာ။ မင်းက ဒီလောက်တောင် အစွမ်းထက်နေတာကို အရင်က ဘာလို့ နာမည်မရှိခဲ့ရတာလဲ။” ဘက်ခ်သည် မိမိ၏ ရင်ဘတ်ကို ဖိထားရင်း နောက်သို့ ယိမ်းယိုင်လျက် ဆုတ်ခွာသွားခဲ့သည်။

မိစ္ဆာများသည် လူသားများထက် ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းကြသော်လည်း ကျင့်စဉ်အဆင့် တူညီနေသည့် ဘက်ခ်သည် ချင်ယွမ်ဖုန်းနှင့် ယှဉ်လျှင် အနည်းငယ် အားနည်းနေသေးသည်သာ ဖြစ်သည်။

ချင်ယွမ်ဖုန်းသည် သူ၏ စစ်မှန်သော စွမ်းအားကိုပင် ထုတ်ဖော်ပြသခြင်း မရှိသေးချေ။

“ငါ ကြားဖူးတာတော့ အလယ်ပိုင်းဒေသကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ဝင်သွားလေ မဟာမျိုးနွယ်စုဝင်တွေက ပိုပြီး အစွမ်းထက်လေဆိုတာ အမှန်ပဲလား။”

ချင်ယွမ်ဖုန်းသည် ပြုံးလျက် မေးမြန်းလိုက်သည်။

“မင်း တကယ်ပဲ ဘာလုပ်ချင်တာလဲ။ မင်းရဲ့ အစွမ်းအစနဲ့ဆိုရင် နတ်ဘုရားဝိညာဉ် ဘုရင်ရဲ့ နန်းတော်မှာ အဆင့်မြင့် မဟာမျိုးနွယ်စုဝင် တစ်ဦး ဖြစ်လာဖို့က ဘာပြဿနာမှ မရှိဘူး။”

ဘက်ခ်သည် ပျာပျာသလဲ ပြောဆိုလိုက်သည်။

ယခုအချိန်အထိပင် ဘက်ခ်သည် သူ၏ သခင်အတွက် လူတော်များကို စည်းရုံးသိမ်းသွင်းရန် တွေးတောနေဆဲ ဖြစ်ချေသည်။

“ထားလိုက်ပါတော့။ နတ်ဘုရားဝိညာဉ် ဘုရင်က ငါ့ကို စိတ်ကျေနပ်မှု မပေးနိုင်ပါဘူး။” ချင်ယွမ်ဖုန်းသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးလျှင် “ဒါနဲ့... မင်း ငါ့အကြောင်းကို သိချင်နေတယ် မဟုတ်လား။ ငါ အခု ပြောပြမယ်။” ဟု ဆိုလိုက်သည်။

ရုတ်တရက်ဆိုသလို ရင်ပြင်ထက်ရှိ မီးလျှံပင်လယ်သည် ပြင်းထန်စွာ တောက်လောင်လာပြီး ချင်ယွမ်ဖုန်းနှင့် ဘက်ခ်တို့ကို ဝန်းရံလျက် ကြီးမားလှသော မီးလျှံတံတိုင်းကြီး လေးခုကို တစ်ခဏချင်းအတွင်း ဖြစ်ပေါ်စေခဲ့သည်။

ဘက်ခ်၏ ကြီးကြပ်သူကြီးမှာမူ ထိုမီးလျှံများထဲတွင် ပြာကျသေဆုံးသွားခဲ့ပြီ ဖြစ်သည်။

စစ်သည်တော်များသည် ရင်ပြင်ထက်တွင် ဘာဖြစ်ပျက်နေသည်ကို မမြင်တွေ့နိုင်ကြတော့ပေ။ အထူးသဖြင့် ယင်းတို့ကိုယ်တိုင်လည်း ဆိုးရွားလှသော အခြေအနေနှင့် ရင်ဆိုင်နေရ၍ ဖြစ်ပေသည်။

“မင်းက အမှန်တကယ် ဘယ်သူလဲ။” ဘက်ခ်သည် အေးစက်စွာ မေးမြန်းလိုက်ရင်း သူ၏ ဦးခေါင်းထက်ရှိ ရှည်လျားသော ဦးချိုနှစ်ချောင်းမှ မဟူရာ အလင်းတန်းများ ဖျတ်ခနဲ လင်းလက်လာခဲ့ချေသည်။

“ကြည့်လိုက်စမ်း။” ချင်ယွမ်ဖုန်းသည် သူ၏ လက်ထဲတွင် မိစ္ဆာစွမ်းအင်လုံးတစ်ခုကို စုစည်းလိုက်ရာ ထိုမိစ္ဆာစွမ်းအင်များသည် မဟူရာ အသွင်သဏ္ဌာန်မှ ချက်ချင်း ကင်းလွတ်သွားပြီး ဖြူဖွေးသော ကမ္ဘာဦးအစ မူလအနှစ်သာရ စွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ဒါ... ဒါက တစ်ပါးကမ္ဘာရဲ့ စွမ်းအားပဲ။” ဘက်ခ်သည် မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ နှလုံးသားမှာလည်း ပြင်းထန်စွာ တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။

သူ၏ ရှေ့မှောက်တွင် ရပ်နေသော လူသည် အမှန်တကယ်ပင် တစ်ပါးကမ္ဘာမှ ရောက်ရှိလာသည့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသည် မဟုတ်လော။

“ဂုဏ်ယူပါတယ်။ မင်း မှန်မှန်ကန်ကန် ခန့်မှန်းနိုင်ခဲ့တယ်။” ချင်ယွမ်ဖုန်းသည် ပြုံးလိုက်ပြီး “မင်းကို ဆုလာဘ်အနေနဲ့ အံ့ဩစရာတစ်ခု ပေးရတာပေါ့။” ဟု ဆိုလေသည်။

ဘက်ခ်၏ ဦးချိုနှစ်ချောင်းကြားမှ မဟူရာ အလင်းတန်းများသည် စုစည်းသွားကာ အေးစက်လှသော စွမ်းအားများ ကိန်းအောင်းနေသည့် မဟူရာ စွမ်းအင်လုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုအချိန်တွင် မဟူရာ စွမ်းအင်လုံးကြီးသည် ရုတ်တရက်ဆိုသလို နက်မှောင်လှသော အလင်းတန်းတစ်ခုအဖြစ် ပေါက်ကွဲထွက်ပေါ်လာပြီး ဟင်းလင်းပြင်ထဲ၌ မည်းနက်သော လမ်းကြောင်းတစ်ခု ထင်ကျန်ရစ်စေခဲ့သည်။

ချင်ယွမ်ဖုန်းသည် ဤတိုက်ကွက်ကို ရှန်းဝူ စကြဝဠာ တိုက်ကြီးတွင် ရှိစဉ်ကတည်းက မြင်တွေ့ဖူးခဲ့ခြင်း ဖြစ်သည်။ ယင်းသည် အမှန်တကယ်ပင် အစွမ်းထက်လှပြီး ဘက်ခ်ကဲ့သို့သော မဟာမျိုးနွယ်စုဝင် တစ်ဦးက ထုတ်ဖော်လိုက်ခြင်း ဖြစ်ပေရာ ပို၍ပင် ပြင်းထန်လှပေသည်။

“ငရဲကိုသာ သွားချေတော့။” ဘက်ခ်သည် အသံဗလံ ကွဲအက်လျက် အော်ဟစ်လိုက်ချေသည်။

“ကောင်းကင်ဘုံသို့ ထိုးဖောက်သွားသော ဝိညာဉ်အရှိန်အဝါ။”

ချင်ယွမ်ဖုန်းသည် တည်ငြိမ်စွာဖြင့် စကားအနည်းငယ်ကို လေသံမျှသာ ပြောဆိုလိုက်ရာ သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာသော ဝိညာဉ်အရှိန်အဝါများသည် တစ်ခဏချင်းအတွင်းမှာပင် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ခုနစ်ရောင်ခြယ် အလင်းတန်းကြီးတစ်ခုအသွင် ပြောင်းလဲကာ ရှေ့သို့ ဟိန်းဟောက်တိုးဝင်သွားခဲ့လေတော့သည်။

ဤသည်ကား ကျိရှန့်က ချင်ယွမ်ဖုန်းအား သင်ကြားပေးခဲ့သော သိုင်းပညာရပ်တစ်ခု ဖြစ်ပြီး မိမိ၏ ဝိညာဉ်အရှိန်အဝါကို ရုပ်ဝတ္ထုအသွင် တိုက်ခိုက်မှုအဖြစ် ပြောင်းလဲစေနိုင်ခြင်း ဖြစ်ပေသည်။

ထို့အတူ ဤသည်ကား ချင်ယွမ်ဖုန်းက ဘက်ခ်အား ပေးအပ်လိုက်သော ဆုလာဘ်တစ်ခုလည်း ဖြစ်ပေတော့သည်။

All Chapters