အခန်း ၇၇၆
Vol. 38 Ch. 776
အခန်း (၇၇၆)
ခုနစ်ရောင်ခြယ် အလင်းတန်းကြီးနှင့် မဟူရာ အလင်းတန်းတို့သည် ပြင်းထန်လှစွာ အပြန်အလှန် ရိုက်ခတ်မိကြရာ ဟိန်းဟောက်သော စွမ်းအင်ဂယက်များ ပေါက်ကွဲထွက်ပေါ်လာပြီး တစ်ခဏမျှ အားပြိုင်လျက် ရှိနေကြချေသည်။
ထိုမဟူရာ အလင်းတန်းဟူသည်မှာ ဘက်ခ်က မိမိ၏ ဇီဝအသက်စွမ်းအားကို လောင်မြိုက်စေပြီးမှ ရရှိလာသော အစွမ်းဖြစ်ပေရာ ယင်း၏ အဖျက်စွမ်းအားမှာ သာမန်တိုက်ကွက်များထက် အဆပေါင်းများစွာ သာလွန်နေပေသည်။
သို့သော်လည်း အဆုံးသတ်တွင်မူ ဘက်ခ်သည် ကြာရှည် တောင့်ခံနိုင်ခြင်း မရှိတော့ပေ။ ခုနစ်ရောင်ခြယ် အလင်းတန်းကြီးသည် ထိုမဟူရာ အလင်းတန်းကို တစ်ခဏချင်းအတွင်း ရိုက်ခွဲဖျက်ဆီးပစ်လိုက်ပြီး ဘက်ခ်၏ ခန္ဓာကိုယ်ထံသို့ ပြင်းထန်စွာ ထိုးနှက်လိုက်လေတော့သည်။
ဘက်ခ်၏ ရင်ဘတ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာကြီးတစ်ခု ပွင့်ထွက်သွားခဲ့ရရှာသည်။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်လျက် ဆုတ်ခွာသွားပြီး မိမိ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာကို မယုံကြည်နိုင်လောက်အောင် ကြည့်နေမိသည်။
“မင်း... မင်း...”
“မင်းက ဘာကို ‘မင်း’ လို့ ပြောနေတာလဲ။” ချင်ယွမ်ဖုန်းသည် ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာပြီး ဘက်ခ်၏ နဖူးပြင်ကို အသာအယာ တို့ထိလိုက်ချေသည်။
ဘက်ခ်၏ မျက်ဝန်းအစုံသည် စိတ်ပျက်အားငယ်ခြင်း၊ တုန်လှုပ်ခြောက်ခြားခြင်းတို့ဖြင့် ပြည့်နှက်သွားကာ အနောက်ဘက်သို့ ဖြည်းညှင်းစွာ လဲပြိုသွားခဲ့ရပေတော့သည်။
ဘက်ခ်၏ ကျင့်စဉ်အဆင့်တစ်ခုလုံးသည် ယခုအခါ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရပြီ ဖြစ်သည်။
သူသည် ဆဋ္ဌမအဆင့် ဘိုးဘေးနယ်ပယ် ဖြစ်နေခဲ့ပြီဖြစ်ရာ ချင်ယွမ်ဖုန်း၏ စွမ်းအားကို သိသိသာသာ တိုးတက်စေခြင်း မရှိသော်လည်း ချင်ယွမ်ဖုန်းမှာ ကျင့်စဉ်အဆင့် တက်လှမ်းရန် အနားသို့ ရောက်ရှိနေခဲ့ပြီး ဖြစ်ပေသည်။
ထို့ကြောင့် ဤအခိုက်အတန့်တွင် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်အတွင်း၌ စွမ်းအင်များ ဆူဝေထကြွလာခဲ့သည်။
ပျက်စီးယိုယွင်းနေသော အပျက်အစီးများကြားတွင် ဘက်ခ်၏ ရာဇပလ္လင်သည် စောင်းလျက် တည်ရှိနေချေသည်။ ချင်ယွမ်ဖုန်းသည် ဖြည်းညှင်းစွာ လျှောက်လှမ်းသွားပြီး ထိုပလ္လင်ထက်၌ ဝင်ရောက်ထိုင်လိုက်သည်။
ရင်ပြင်အတွင်းရှိ စစ်သည်တော်များသည် မျက်လုံးများ ပြူးကျယ်လျက် ကြောက်ရွံ့တုန်လှုပ်ခြင်း၊ အံ့ဩမှင်သက်ခြင်းတို့ဖြင့် စိုက်ကြည့်နေကြရှာသည်။
ဤလူသတ်သမားကြီးသည် ဤမျှလောက်များပြားသော လူပေါင်းများစွာကို သတ်ဖြတ်ပြီးနောက်တွင်ပင် ဤနေရာ၌ သာမန်ကာလျှံကာ ဝင်ထိုင်နေနိုင်သည် မဟုတ်လော။
ချင်ယွမ်ဖုန်းသည် မျက်ဝန်းအစုံကို ဖြည်းညှင်းစွာ ပိတ်လိုက်ရာ ခန္ဓာကိုယ်တွင်းရှိ ပြောင်းလဲမှုများသည် တဖြည်းဖြည်း တည်ငြိမ်သွားခဲ့ချေပြီ။
ယခုအခါ ချင်ယွမ်ဖုန်းသည် သတ္တမအဆင့် ဘိုးဘေးနယ်ပယ် ကျင့်စဉ်အဆင့်သို့ တရားဝင် တက်လှမ်းအောင်မြင်သွားခဲ့ပြီဖြစ်ရာ ဘုရင်နယ်ပယ်သို့ ရောက်ရှိရန် နောက်ထပ် ခြေတစ်လှမ်း ပိုမိုနီးကပ်သွားခဲ့ပြီ ဖြစ်သည်။
ထိုအခိုက်တွင် ချင်ယွမ်ဖုန်း၏ မျက်ဝန်းထဲရှိ နီမြန်းသော အလင်းတန်းများသည် တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့ပြီး သူက မျက်မှောင်ကြုတ်လိုက်မိသည်။
“ဒီစိတ်အာဃာတမိစ္ဆာ အရှိန်အဝါက ငါ့အပေါ် ပိုပြီးတော့ သက်ရောက်မှု ကြီးမားလာနေပြီပဲ။” ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်လိုက်သည်။
ချင်ယွမ်ဖုန်းသည် မူလက လူသတ်ရက်စက်တတ်သူ တစ်ဦး မဟုတ်သော်လည်း ထိုစိတ်အာဃာတမိစ္ဆာ အရှိန်အဝါကြောင့် စောစောက သွေးအေးအေးဖြင့် သတ်ဖြတ်ခြင်းများကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ရင်ပြင်ထက်တွင် စစ်သည်တော်များ၏ အလောင်းပေါင်း တစ်ထောင်ငါးရာခန့် ပြန့်ကျဲနေခဲ့ပြီး ယင်းတို့အားလုံးမှာ ချင်ယွမ်ဖုန်း၏ လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်ချေသည်။
“ဟူး... ဒီစိတ်အာဃာတမိစ္ဆာ အရှိန်အဝါကို လုံးဝဖယ်ရှားပစ်နိုင်မယ့် နည်းလမ်းတစ်ခုခု ရှာဖို့ လိုအပ်နေပြီ။” ချင်ယွမ်ဖုန်းသည် မတ်တပ်ရပ်လိုက်ပြီး ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။
စစ်သည်တော်များသည် ချင်ယွမ်ဖုန်းကို ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်ရှုရင်း လမ်းဖယ်ပေးကြရှာသည်။ ယခုအချိန်တွင်မူ မည်သူတစ်ဦးတစ်ယောက်မျှ ချင်ယွမ်ဖုန်းကို ပြန်လည်တိုက်ခိုက်ရန် မဝံ့ရဲကြတော့ပေ။
ချင်ယွမ်ဖုန်းသည် တစ်စုံတစ်ခုကို တွေးတောနေပုံရပြီး ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
အသံတိတ်လှုပ်ရှားနေသော အလင်းမဲ့ ပျံလွှားဓားမြှောင် သုံးစင်းသည် ထူးခြားလှသော ဖျတ်လတ်မှုဖြင့် ချင်ယွမ်ဖုန်း၏ နောက်သို့ လိုက်ပါသွားပြီး သူ၏ ဝတ်ရုံရှည်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
မကြာမီမှာပင် ချင်ယွမ်ဖုန်း၏ အရိပ်အယောင်သည် လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ချေပြီ။
ရင်ပြင်ထက်ရှိ စစ်သည်တော်အားလုံးမှာမူ သေဘေးမှ သီသီလေး လွတ်မြောက်လာခဲ့ရသကဲ့သို့ ခံစားနေကြရသည်။
“သူက တကယ်ပဲ မိစ္ဆာတစ်ကောင်ပဲ။ အဲဒီဘွဲ့က အလကား ပေးထားတာ မဟုတ်ဘူး။” စစ်သည်တော်တစ်ဦးက ကြောက်စိတ်မပြယ်သေးဘဲ ပြောဆိုလိုက်ရာ အခြားသော စစ်သည်တော်များကလည်း ထောက်ခံကြလေသည်။
သို့သော်လည်း ယခုအခါ ဘက်ခ်သခင်ကြီး သေဆုံးသွားခဲ့ပြီဖြစ်ရာ ဆီယာမြို့၏ အနာဂတ်က ဘာဖြစ်လာမည်ကို မည်သူမျှ အသေအချာ မပြောနိုင်ကြတော့ပေ။
ထို့အပြင် မြို့ထဲ၌ ဦးချိုကျိုး ထောင်ပေါင်းများစွာ ကျန်ရှိနေသေးရာ ယင်းတို့ မည်သို့သော ကံကြမ္မာနှင့် ရင်ဆိုင်ရမည်ကိုလည်း မသိနိုင်ကြသေးချေ။
ချင်ယွမ်ဖုန်းသည် မိမိ၏ ဝိညာဉ်စွမ်းအားကို အမြင့်ဆုံးအဆင့်အထိ ထုတ်ဖော်လိုက်သည်။ သတ္တမအဆင့် ဘိုးဘေးနယ်ပယ်သို့ တက်လှမ်းပြီးနောက်တွင် ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားသည် တစ်ဖန်ပြန်လည် မြင့်တက်လာခဲ့ရာ ယခုအခါ မီတာ ခြောက်ထောင်ဝန်းကျင်အထိ ဖြန့်ကြက်နိုင်ခဲ့ပြီ ဖြစ်သည်။
ဤနယ်ပယ်အတွင်း၌ ထွက်ပြေးရန် ကြိုးစားနေကြသော ဦးချိုကျိုးများကို ရှာဖွေရန် ချင်ယွမ်ဖုန်းအဖို့ လွန်စွာ လွယ်ကူလှပေသည်။
ချင်ယွမ်ဖုန်းသည် သဲလွန်စအချို့ကို လျင်မြန်စွာ သိရှိသွားပြီး ထိုနေရာသို့ အပြေးအလွှား သွားရောက်ခဲ့သည်။
လမ်းမဘေး ဝဲယာရှိ လူနေအိမ်များထဲမှ လူအများအပြားသည် တံခါးစိမ်းများ သို့မဟုတ် ပြတင်းပေါက် အက်ကွဲကြောင်းများမှတစ်ဆင့် ချင်ယွမ်ဖုန်းကို တိတ်တဆိတ် ချောင်းမြောင်းကြည့်ရှုနေကြသည်။
မည်သူတစ်ဦးတစ်ယောက်မျှ ဤမျှလောက် သတ်ဖြတ်တတ်သော နတ်ဘုရားတစ်ပါးကို မပြစ်မှားချင်ကြပေ။
ချင်ယွမ်ဖုန်း မျက်မှောင်ကြုတ်လိုက်မိသည်မှာ သူသွားနေသည့် နေရာသည် တော်လှန်ရေးအဖွဲ့ခွဲများ၏ ကယ်တင်ခြင်းကို ခံရပြီးနောက် သွားခဲ့သော နေရာဖြစ်နေ၍ပင်။
ရှီလင်သည် ဆီယာမြို့အတွင်းရှိ မြေအောက်လှိုဏ်ဂူများမှတစ်ဆင့် မြို့ပြင်သို့ ဆုတ်ခွာရန် ကြံရွယ်နေပုံရချေသည်။
မကြာမီမှာပင် ချင်ယွမ်ဖုန်းသည် လျှို့ဝှက်လမ်းကြောင်းရှိရာသို့ ရောက်ရှိလာခဲ့သည်။
ဤအချိန်တွင် ဦးချိုကျိုး အမြောက်အမြားသည် ဤနေရာမှတစ်ဆင့် ဆုတ်ခွာနေကြပြီး အိုင်နာနှင့် အခြားသူများက စနစ်တကျ ရှိစေရန် ထိန်းသိမ်းပေးနေကြသည်။ အနီးနားရှိ မြို့ခံလူထုများမှာမူ ကြောက်ရွံ့ထိတ်လန့်သော အရိပ်အယောင်များ ပြသနေကြသည်။
ယင်းတို့ ထွက်ခွာသွားပြီးပါက ဤနေရာသည် စွန့်ပစ်ခြင်း ခံရတော့မည်ကို တွေးဆကြည့်နိုင်ပေသည်။
“ဖုန်း... နင်ပြန်လာပြီပဲ။” ရှီလင်သည် ချင်ယွမ်ဖုန်းကို မြင်မြင်ချင်းပင် အပြေးအလွှား ရောက်ရှိလာခဲ့သည်။
ချင်ယွမ်ဖုန်းက ပြုံးလျက် “ဟုတ်တယ်... အဆင်ပြေပြေနဲ့ ပြီးဆုံးသွားခဲ့ပါပြီ။” ဟု ဆိုလေသည်။
ရှီလင်သည် ချင်ယွမ်ဖုန်း ပြောသော ‘အဆင်ပြေပြေ’ ဟူသည့် အဓိပ္ပာယ်ကို သေသေချာချာ နားမလည်ဘဲ ချင်ယွမ်ဖုန်းသည် ရင်ပြင်မှ ဘေးကင်းစွာ လွတ်မြောက်လာခဲ့ခြင်း သက်သက်ဟုသာ မှတ်ယူလိုက်မိသည်။
“မင်း ဘာမှမဖြစ်ဘဲ ဘေးကင်းတာ ဝမ်းသာစရာပဲ။” ရှီလင်က ခေါင်းညိတ်လိုက်သော်လည်း စိုးရိမ်ပူပန်နေဆဲ ဖြစ်သည်။ “ဒီမြေအောက်လမ်းက အရမ်းကျဉ်းလွန်းတော့ တစ်ကြိမ်မှာ လူနှစ်ယောက်ပဲ ပြိုင်တူ သွားလို့ရတယ်။ ဒါကြောင့် ဆုတ်ခွာရတာ သိပ်နှေးကွေးနေတာ။”
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ “စိတ်မပူပါနဲ့... အားလုံး အဆင်ပြေသွားမှာပါ။” ဟု အားပေးလိုက်သည်။
ထိုအခိုက်တွင် ချင်ယွမ်ဖုန်းသည် မလှမ်းမကမ်းရှိ အရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။ ယင်းမှာ စောစောက ရင်ပြင်မှ ထွက်ခွာသွားခဲ့သော ဆယ်လီပင် ဖြစ်ချေသည်။
ဆီယာမြို့၏ တပ်မှူးသည် ဦးချိုကျိုးများကို ကျောခိုင်းလျက် ကျောက်ဆစ်ရုပ်တုတစ်ခုကဲ့သို့ ငြိမ်သက်စွာ ရပ်တန့်နေသည်။
“အဲဒါ ဘာဖြစ်နေတာလဲ။” ချင်ယွမ်ဖုန်းက ဆယ်လီရှိရာသို့ ညွှန်ပြလျက် မေးမြန်းလိုက်သည်။
ရှီလင်က ခေါင်းခါပြကာ “ငါလည်း မသိဘူး။ သူ ငါတို့နောက်ကို လိုက်လာတာ မှန်ပေမယ့် ငါတို့ကို တားဆီးပိတ်ပင်တာမျိုးတော့ မလုပ်ဘူး။” ဟု ဆိုလေသည်။
“သူက ဆီယာမြို့ထဲမှာ စိတ်အေးအချမ်းဆုံး လူတစ်ယောက် ဖြစ်လိမ့်မယ်။” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုပြီးနောက် ရှေ့သို့ တည့်တည့် လျှောက်လှမ်းသွားခဲ့သည်။
“မြို့တော်ဝန်ကြီး ဘာဖြစ်သွားပြီလဲ။”
ဆယ်လီသည် ချင်ယွမ်ဖုန်းကို လှည့်ကြည့်လျက် ဖြည်းညှင်းစွာ မေးမြန်းလိုက်သည်။
“သူ သေသွားပြီ။” ချင်ယွမ်ဖုန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ “မင်းတို့ မြို့တော်ဝန်အသစ် တစ်ယောက် ရှာရတော့မယ် ထင်တယ်။”
“ဟင့်အင်း... မလိုတော့ပါဘူး။” ဆယ်လီက ခေါင်းခါပြသည်။ “ငါ မြို့တော်ဝန်အိမ်တော်ကို သွားပြီး ရှင်းပြစရာရှိတာ ရှင်းပြပြီးရင် ဒီနေရာကနေ ထွက်ခွာတော့မယ်။”
“မင်း ဘာဆက်လုပ်ဖို့ စိတ်ကူးရှိလဲ။” ချင်ယွမ်ဖုန်းက စိတ်ဝင်တစား မေးလိုက်သည်။
“ငါလည်း မသိသေးဘူး။ ငါ စစ်သည်တော်တစ်ယောက်အဖြစ် ဆက်ပြီး မရှင်သန်ချင်တော့တာပဲ သိတယ်။” ဆယ်လီက အေးဆေးစွာ ဆိုသည်။ “ဒါ့အပြင် မင်းတို့ကို လွှတ်ပေးလိုက်တာကလည်း ကြီးလေးတဲ့ ပြစ်မှုတစ်ခု ဖြစ်နေပြီလေ။”
“ဒါဆိုရင် မင်း ငါတို့ရဲ့ တော်လှန်ရေးအဖွဲ့ထဲ ဝင်ပါလား။ အဲဒီမှာဆိုရင် မင်းရဲ့ လွတ်လပ်ခွင့်ကို ဒီလောက်အထိ ကန့်သတ်ချုပ်ချယ်ထားမှာ မဟုတ်ဘူး။” ချင်ယွမ်ဖုန်းက ပြုံးလျက် ဖိတ်ခေါ်လိုက်သည်။
“ငါ တော်လှန်ရေးအဖွဲ့ထဲကို ဘယ်တော့မှ ဝင်မှာမဟုတ်ဘူး။” ဆယ်လီက ပြတ်သားစွာ ငြင်းပယ်လိုက်သည်။
ဆယ်လီအနေဖြင့် တော်လှန်ရေးအဖွဲ့ထဲသို့ မဝင်ခြင်းမှာ ယနေ့ ချင်ယွမ်ဖုန်း သတ်ဖြတ်ခဲ့သော သွေးချောင်းစီး တိုက်ပွဲကို သူ ခံနိုင်ရည် မရှိသောကြောင့်လည်း ဖြစ်တန်ရာသည်။
ချင်ယွမ်ဖုန်းသည်လည်း ဆက်လက်၍ အတင်းအကြပ် တိုက်တွန်းခြင်း မပြုတော့ဘဲ ဖြည်းညှင်းစွာ လှည့်ပြန်လာခဲ့သည်။
အချိန်အတော်ကြာပြီးနောက်တွင် ဦးချိုကျိုးအားလုံးသည် နောက်ဆုံး၌ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြပြီး ချင်ယွမ်ဖုန်းနှင့် ရှီလင်တို့သည် နောက်ဆုံးမှ ထွက်ခွာသွားခဲ့ကြသည်။
ဆယ်လီသည် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် အနောက်ဘက်သို့ ဖြည်းညှင်းစွာ လှည့်ပြန်သွားခဲ့ချေပြီ။
မြို့ပြင်သို့ ရောက်ရှိလာသောအခါ လူပေါင်းတစ်ထောင်ကျော်ဟူသည်မှာ ကြီးမားလှသော ပစ်မှတ်ကြီးတစ်ခု ကဲ့သို့ ဖြစ်နေသည်။
မြို့ရိုးပေါ်ရှိ စစ်သည်တော်များက ယင်းတို့ကို လှမ်းမြင်ခဲ့ကြသော်လည်း ကံကောင်းထောက်မစွာဖြင့် ဆယ်လီ၏ အမိန့်ပေးထားမှုကြောင့် ဦးချိုကျိုးများကို တိုက်ခိုက်ခြင်း မပြုခဲ့ကြပေ။
“ဟူး... အခုတော့ တကယ်ပဲ ပူပန်မိပြီ။ ဒီလူတွေအားလုံးကို ဘယ်ခေါ်သွားရမလဲ မသိတော့ဘူး။” ရှီလင်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ရှာသည်။
ချင်ယွမ်ဖုန်းက ခဏမျှ တွေးတောလိုက်ပြီးနောက် “ငါတို့အားလုံးကို တောင်ပေါ်စခန်းကိုပဲ ခေါ်သွားကြတာပေါ့။ အဲဒီမှာ နေရာအလုံအလောက် ရှိပါတယ်။ နေစရာ အိမ်တွေ မလောက်ရင်တောင် အသစ် ဆောက်လို့ရတာပဲ။” ဟု ဆိုလေသည်။
“ဒါပေမဲ့ စားနပ်ရိက္ခာက ဘယ်ကရမှာလဲ။ နင် အပြင်ကနေ သယ်လာပေးနိုင်ရင်တောင် ဘယ်လောက်အထိ ကြာရှည် ခံမှာလဲ။” ရှီလင်က မျက်မှောင်ကြုတ်လျက် ဆိုသည်။
သူတို့သည် ဤနေရာသို့ မလာမီက ဦးချိုကျိုးအားလုံးကို ဤမျှလောက် ကယ်ထုတ်လာနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြသဖြင့် ယခုအခါတွင်မူ သဘာဝအတိုင်း စိုးရိမ်ပူပန်နေကြရခြင်း ဖြစ်ပေသည်။
“ဒါဆိုရင်လည်း ငါတို့ဘာသာငါတို့ စိုက်ပျိုးစားသောက်ကြတာပေါ့။” ချင်ယွမ်ဖုန်းက ရယ်မောလိုက်သည်။
“နင်က ဘာလို့ ရယ်နေနိုင်သေးတာလဲ။” ရှီလင်က မျက်စောင်းထိုးလိုက်ရင်း “အိမ်ထောင်တစ်ခုကို မဦးဆောင်ဖူးတော့ ဆန်စပါးနဲ့ ထင်းမီးရဲ့ တန်ဖိုးကို မသိသေးတာပေါ့။” ဟု ဆိုလေသည်။
“ငါ့မှာ နည်းလမ်းရှိပါတယ်။” ချင်ယွမ်ဖုန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီးလျှင် “အဲဒီတောင်ပေါ်မှာ မြေအမြောက်အမြားကို ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးမြေအဖြစ် ပြောင်းလဲလို့ရတယ်။ အခု ငါတို့မှာ လုပ်အားခိုင်လုံနေပြီဆိုတော့ မျိုးစေ့တွေရဖို့ပဲ လိုတော့တာပေါ့။” ဟု ဆိုလေတော့သည်။