အခန်း ၇၈၀
Vol. 38 Ch. 780
အခန်း (၇၈၀)
"ငါ သိတယ်" ဟု ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ချေသည်။ ယင်းက စိတ်သက်သာရာရစေရန်အတွက်သာ ဤကိစ္စကို စုံစမ်းစစ်ဆေးနေခြင်းဖြစ်ရာ ရှာမတွေ့ပါကလည်း မတတ်နိုင်ပေ။
"ပြီးတော့... ငါ ကာရီမြို့မှာရှိတဲ့ ကျွန်ပိုင်ရှင်အားလုံးရဲ့ စာရင်းနဲ့ အသေးစိတ် အချက်အလက်တွေကို လိုချင်တယ်"
ချင်ယွမ်ဖုန်းက အနည်းငယ် ပြုံးလိုက်ရင်း "ပျော်ရွှင်ခြင်းမင်းသားရဲ့ အကြောင်းလည်း ပါရမယ်" ဟု ဆိုလေသည်။
"မင်းက မင်းသားကို စုံစမ်းချင်တာလား" လူလိမ်၏ မျက်လုံးများမှာ ချက်ချင်း ပြူးကျယ်သွားတော့သည်။
"မင်းသားကာရီက ကာရီမြို့တစ်မြို့တည်းကိုပဲ ပိုင်တာဆိုပေမဲ့ တခြားမင်းသားတွေ အားလုံးနဲ့ ဆက်ဆံရေးကောင်းတယ်ဆိုတာ မင်းသိသင့်တယ်။ အကယ်၍ မင်းသာ သူ့ကို စော်ကားမိရင် မင်းသားတွေအားလုံးကို စော်ကားလိုက်တာနဲ့ အတူတူပဲလေ"
"ဒါကို မင်း စိတ်ပူစရာမလိုပါဘူး" ချင်ယွမ်ဖုန်းက အဆင့်မြင့် မိစ္ဆာကျောက်တုံး တစ်ရာကို ထပ်မံထုတ်ယူလိုက်ရင်း "မြန်မြန်လုပ်ပေးစမ်းပါ" ဟု ပြောလိုက်သည်။
မိစ္ဆာကျောက်တုံးများအတွက်မူ ထိုလူလိမ်မှာ တစ်ဖန် အလျှော့ပေးလိုက်ရပြန်ပြီး သူ၏ သိုလှောင်အိတ်ထဲမှ မှတ်တမ်းတွဲတစ်ခုကို ထုတ်ပေးလေသည်။ ယင်းမှတ်တမ်းတွဲကို သတ္တဝါတစ်ကောင်ကောင်၏ သားရေဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။
"ဒါက မင်းသားနဲ့ပတ်သက်တဲ့ အချက်အလက်တွေပဲ။ ငါတို့ စုံစမ်းလို့ရသမျှ အားလုံး ဒီထဲမှာ ပါတယ်" ဟု လူလိမ်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း သတိကြီးစွာဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ မင်း ဘာပဲလုပ်လုပ် ငါတို့ကိုတော့ အောက်ခြေလွတ်အောင် မလုပ်ပါနဲ့။ မိစ္ဆာကျောက်တုံး ရှာရတာ မလွယ်ဘူးဗျာ"
"စိတ်မပူပါနဲ့" ချင်ယွမ်ဖုန်းက ပြုံးလိုက်သည်။
ထိုလူလိမ်၏နောက်ကွယ်တွင် ကြီးမားသောအဖွဲ့အစည်းတစ်ခု ရှိပုံရပေသည်။ "တခြား ကျွန်ပိုင်ရှင်တွေရဲ့ အကြောင်းကကော"
"သုံးရက်နေရင် ဒီနေရာကို ပြန်လာခဲ့ပါ... အဲဒီကျရင် ငါ မင်းကို အချက်အလက်တွေ ပေးမယ်" ဟု လူလိမ်က ဆို၏။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး ထိုလူလိမ်ကို နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်လိုက်သည်။ "မင်းသားကို စုံစမ်းတာ အန္တရာယ်များတယ်လို့ မင်းပြောပေမဲ့ မင်းရဲ့ အချက်အလက်တွေက အဆင်သင့် ပြင်ထားပြီးသားပဲ။ ကြည့်ရတာ လူအများစုက ပျော်ရွှင်ခြင်းမင်းသားအပေါ် မသမာတဲ့ အကြံတွေ ရှိနေကြပုံပဲ"
"ငါလည်း မတတ်နိုင်ဘူးလေ... ဒါက အလုပ်သဘောအရပဲ" ထိုလူလိမ်က မတတ်သာသလို သက်ပြင်းချလိုက်သည်။
"ဒါပေမဲ့ ပျော်ရွှင်ခြင်းမင်းသားကို တကယ် စုံစမ်းချင်တဲ့လူကတော့ အင်မတန် ရှားပါတယ်"
ချင်ယွမ်ဖုန်းက ဘာမျှ ထပ်မပြောတော့ဘဲ မတ်တတ်ထရပ်ကာ ရင်ပြင်ထဲမှ ထွက်ခွာခဲ့တော့သည်။
ဆိတ်ငြိမ်သော တည်းခိုခန်းတစ်ခုတွင် ချင်ယွမ်ဖုန်းနှင့် မေတို့သည် သီးခြားအခန်းနှစ်ခန်း ငှားရမ်းခဲ့ကြသည်။
မေသည် ချင်ယွမ်ဖုန်း၏ အခန်းထဲမှ ထွက်ခွာရန် ငြင်းဆန်နေသဖြင့် ချင်ယွမ်ဖုန်းမှာ အမှန်တကယ်ပင် ခေါင်းခဲသွားရချေသည်။
"ငါတို့ အခန်းနှစ်ခန်းအတွက် ပိုက်ဆံပေးပြီးပြီလေ။ မင်း အဲဒီမှာ သွားမအိပ်ရင် အခန်းတစ်ခန်းအတွက် ပိုက်ဆံအလကား ဖြုန်းတီးရာ ရောက်လိမ့်မယ်" ဟု ချင်ယွမ်ဖုန်းက မတတ်သာသည့်အဆုံး ပြောလိုက်ရသည်။
ထိုစကားကို ကြားသောအခါ မေသည် မတတ်သာသည့်အလား မတ်တတ်ထရပ်၍ မိမိအခန်းသို့ ပြန်သွားလေတော့သည်။
ချင်ယွမ်ဖုန်းသည် မင်းသားကာရီနှင့် ပတ်သက်သည့် အချက်အလက်များကို ဖြန့်ခင်းကာ ဂရုတစိုက် စတင်ဖတ်ရှုလေသည်။
မင်းသားကာရီသည် လူများပြောသကဲ့သို့ပင် စားသောက်ပျော်ပါးခြင်းမှတစ်ပါး အခြားအရာများကို စိတ်ဝင်စားခြင်းမရှိဘဲ အခြားမင်းသားများနှင့်လည်း ဆက်ဆံရေး ကောင်းမွန်လှပေသည်။
သို့သော်လည်း ထိုလူလိမ်အဖွဲ့အစည်း၏ စုံစမ်းစစ်ဆေးမှုများအရ မင်းသားကာရီသည် ထိုကျွန်ပိုင်ရှင်များနှင့် အလွန်နီးကပ်သော ဆက်ဆံရေးရှိပြီး မင်းသားကာရီကိုယ်တိုင်ကပင် အကြီးဆုံး ကျွန်ကုန်သည်ကြီးများ၏ နောက်ကွယ်မှ အဓိကရင်းမြစ် ဖြစ်နိုင်ချေရှိကြောင်း သိရှိရလေသည်။
"ဒီလို မြင့်မြတ်တဲ့ အဆင့်အတန်းရှိတဲ့ မင်းသားတစ်ပါးက ကိုယ်တိုင်ကိုယ်ကျ ကျွန်တွေကို အရောင်းအဝယ် လုပ်နေတယ်ဆိုတော့... သူ့သိက္ခာကို နှိမ့်ချလိုက်တာပဲ" ချင်ယွမ်ဖုန်းက မင်းသားကာရီကို အထင်သေးစွာဖြင့် ခေါင်းယမ်းလိုက်မိသည်။
ထိုမှတ်တမ်းတွင် ဤအချက်အလက်များသာမက မင်းသားကာရီ၏ ခွန်အား၊ ဓနဥစ္စာနှင့် အခြားကဏ္ဍများကိုလည်း အလွန်ကျိုးကြောင်းဆီလျော်စွာ ခွဲခြမ်းစိတ်ဖြာပြထားရာ ချင်ယွမ်ဖုန်းက သဘောကျစွာ ခေါင်းညိတ်မိလေသည်။
ဤမျှအထိ အသေးစိတ် စုံစမ်းနိုင်သည်ကို ထောက်ဆလျှင် ထိုလူလိမ်၏ အဖွဲ့အစည်းမှာ အမှန်တကယ်ပင် ချီးကျူးဖွယ် ကောင်းလှပေသည်။
မင်းသားကာရီသည် သာမန်မှူးမတ်များထက် အနည်းငယ်မျှ ပိုမိုသန်မာပြီး သူ၏ခွန်အားမှာ အဋ္ဌမအဆင့် ဘိုးဘေးနယ်ပယ်နှင့် နှိုင်းယှဉ်နိုင်စွမ်း ရှိချေသည်။
ထို့ပြင် သူ၏လက်အောက်တွင် စစ်သည်ဗိုလ်ပါ အများအပြား ရှိသဖြင့် လူများသည် မင်းသားကာရီကို တွေ့ရခဲလှ၏။ အရေးကြီးသော အခမ်းအနားများတွင်ပင် လှမ်း၍သာ ဖူးမြော်ခွင့် ရကြပေသည်။
"မင်းပဲပေါ့" ချင်ယွမ်ဖုန်းက အနည်းငယ် ပြုံးလိုက်သည်။ သူသည် မိမိ၏ခွန်အားကို ပိုမိုမြန်ဆန်စွာ တိုးတက်စေရန်အတွက် ဝေးလံသောခရီးကို နှင်နှင်ပြီး အန္တရာယ်များထဲသို့ တိုးဝင်လာခဲ့ခြင်း ဖြစ်ပေသည်။
ထို့ပြင် မင်းသားကာရီမှာ အဋ္ဌမအဆင့် ဘိုးဘေးနယ်ပယ် ဖြစ်သည်။ အကယ်၍ ယင်း၏ ကျင့်စဉ်အဆင့်ကို စုပ်ယူနိုင်ခဲ့လျှင် ချင်ယွမ်ဖုန်း၏ ကိုယ်ပိုင်ကျင့်စဉ်မှာလည်း သိသိသာသာ တိုးတက်လာမည် ဖြစ်၏။
လက်ရှိနယ်ပယ်ကို မဖောက်ထွက်နိုင်လျှင်ပင် အနည်းဆုံး ခြောက်လတာမျှ ပင်ပန်းကြီးစွာ ကျင့်ကြံရမည့်အချိန်ကို သက်သာစေနိုင်သည်။
သို့သော်လည်း မင်းသားကာရီနှင့် နီးစပ်ရန်မှာ လွယ်ကူသောအရာ မဟုတ်ပေ။ အချက်အလက်များအရ မင်းသားကာရီသည် လူမယုံတတ်သော သံသယရောဂါ ရှိပုံရပြီး မိမိကိုယ်ကို အလွန်အမင်း ကာကွယ် စောင့်ရှောက်ထားတတ်ချေသည်။
"ဩော်... ဟုတ်သားပဲ... သေမင်းတမန် ပြိုင်ပွဲဆိုတာ ရှိတယ်မလား။ အဲဒီပြိုင်ပွဲမှာ နိုင်ရင် မင်းသားကာရီနဲ့ တွေ့ခွင့်ရမှာပဲ။ ဒါက တကယ့်ကို အခွင့်ကောင်းကြီးပဲ" ချင်ယွမ်ဖုန်းက လှောင်ပြုံးကလေး ပြုံးရင်း ရေရွတ်လိုက်သည်။
မင်းသားကာရီနှင့် အခြားမင်းသားများ၏ ဆက်ဆံရေး မည်သို့ပင်ရှိစေ ယင်းကို သူ ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ သူ၏ ရည်မှန်းချက် အောင်မြင်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း ထွက်ခွာသွားမည် ဖြစ်၏။
မိစ္ဆာနယ်မြေကြီးမှာ ကျယ်ပြောလှသဖြင့် ပုန်းအောင်းနေမည့်သူတစ်ဦးကို ရှာဖွေရန်မှာ ခက်ခဲလှပေလိမ့်မည်။
ဆုံးဖြတ်ချက် ချပြီးနောက် ချင်ယွမ်ဖုန်းသည် ကျင့်ကြံခြင်းကို စတင်လိုက်ရာ ညတာမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ချေသည်။
မိုးလင်းသောအခါ မေသည် ချင်ယွမ်ဖုန်း၏ အခန်းတံခါးကို ဖွင့်ကာ ဝင်လာခဲ့သည်။
"အကိုဖုန်း... ဒီနေ့ ငါတို့ ဘယ်သွားကြမလဲ"
"စာရင်းသွားသွင်းမလို့... ငါ သေမင်းတမန် ပြိုင်ပွဲမှာ ပါဝင်ချင်တယ်" ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်သည်။
မေ၏ မျက်လုံးများ တောက်ပသွားပြီး "ညီမလည်း ပါဝင်ချင်တယ်" ဟု ဆိုလေသည်။
"မဖြစ်ဘူး" ချင်ယွမ်ဖုန်းက ခေါင်းယမ်းလိုက်ရင်း "ဒါက အန္တရာယ်များလွန်းတယ်။ မင်းရဲ့ အခု ခွန်အားနဲ့ မလောက်သေးဘူး။ ငါ့ကို အဝေးကနေပဲ အားပေးပါ" ဟု ပြောလိုက်၏။
"ဩော်..." မေက အနည်းငယ် စိတ်ပျက်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်ကာ " နားလည်ပါပြီ" ဟု ဆိုလေသည်။
"သွားကြစို့... စာရင်းသွားသွင်းရအောင်" ချင်ယွမ်ဖုန်းက မေ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး တည်းခိုခန်းထဲမှ ထွက်လာခဲ့ကြသည်။
သေမင်းတမန်ပြိုင်ပွဲ၏ စာရင်းပေးသွင်းရာ နေရာ၌မူ ချင်ယွမ်ဖုန်းသည် စစ်မှန်သော လူပင်လယ်ကြီးကို မြင်တွေ့လိုက်ရချေသည်။
စာရင်းသွင်းသည့် နေရာတစ်ခုလုံးတွင် လူများ ကြပ်ညပ်နေပြီး ချင်ယွမ်ဖုန်းနှင့် မေတို့ စောစောစီးစီး ရောက်ရှိခဲ့သော်လည်း အလှည့်အတန်းမှာ လေးရာကျော်၌သာ ရှိနေသေး၏။
"ဘာလို့ လူတွေ ဒီလောက်တောင် များနေရတာလဲ" မေက သူမ၏လက်ထဲမှ အသားကိတ်မုန့်ကို စားရင်း ဗလုံးဗထွေး မေးလိုက်သည်။
"သူတို့ကို ကြည့်လိုက်လေ... ဒီလူတွေက ငါတို့လိုပဲ ဦးချိုကျိုးတွေမလို့ အမြဲတမ်း ပုန်းအောင်းနေကြရတာ။ အကယ်၍ သူတို့သာ မြို့ထဲမှာ မိစ္ဆာကျောက်တုံး ကုန်သွားရင် ကာရီမြို့ထဲကနေ မောင်းထုတ်ခံရလိမ့်မယ်။ ဒါကြောင့် သူတို့က သူတို့ရဲ့ ဝိသေသလက္ခဏာကို ပြောင်းလဲဖို့အတွက် အသက်စွန့်ဖို့ လိုလားနေကြတာပေါ့" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ရှင်းပြလေသည်။
ဤနေရာ၌ စာရင်းပေးသွင်းသူ အများစုမှာ ဦးချိုကျိုးများ ဖြစ်ကြပြီး အနည်းဆုံးတော့ ချင်ယွမ်ဖုန်းအနေဖြင့် ခေါင်းပေါ်တွင် ပြည့်စုံသော ဦးချိုနှစ်ဖက်ပါသည့် တစ်ပါးကျွန်းသား မိစ္ဆာတစ်ကောင်မျှ မတွေ့ရပေ။
မွန်းတည့်ချိန် ရောက်သောအခါမှသာ လျှင် ချင်ယွမ်ဖုန်း၏ အလှည့်သို့ ရောက်ရှိလာတော့သည်။
"နာမည်" ဟု စာရင်းသွင်း ကောင်တာမှ မိစ္ဆာက စိတ်မရှည်စွာဖြင့် မေးလိုက်၏။
"ဖုန်း" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဖြေကြားလိုက်သည်။
"ဒါက မင်းရဲ့ နံပါတ်ပြားပဲ။ ပြိုင်ပွဲက နောက်ငါးရက်နေရင် မြို့ထဲက ကာရီမြစ်မှာ စလိမ့်မယ်။ နောက်မကျစေနဲ့" ထိုသို့ ပြောပြီးနောက် ထိုမိစ္ဆာသည် ချင်ယွမ်ဖုန်းအား ထွက်သွားရန် လက်ဝှေ့ယမ်းပြလေသည်။
ချင်ယွမ်ဖုန်းသည် မတတ်သာသည့် ခံစားချက်ဖြင့် ထိုနေရာမှ ထွက်ခွာခဲ့တော့သည်။ မြို့တော်အတွင်းရှိ အရေးကြီးသော နေရာအများစုကို ကာရီရင်ပြင်၊ ကာရီမြို့နှင့် ကာရီမြစ် စသည်ဖြင့် ကာရီဟူသော အမည်ကိုသာ ပေးထားကြချေသည်။
"ဒီမင်းသားက တကယ့်ကို မောက်မာတာပဲ" ချင်ယွမ်ဖုန်းက မိမိဘာသာ ရေရွတ်လိုက်မိသည်။
သူသည် မိမိ၏နံပါတ်ကို ကြည့်လိုက်ရာ ငါးထောင်သုံးရာကျော် ဖြစ်နေသည်ကို တွေ့ရ၏။ သေမင်းတမန်ပြိုင်ပွဲ စတင်ရန် ငါးရက်မျှ လိုသေးသည်။
ကြည့်ရသည်မှာ ပါဝင်ယှဉ်ပြိုင်မည့်သူ ဦးရေမှာ တစ်သောင်းကျော်အထိ ရှိလာနိုင်ချေရှိပေသည်။
ယင်းက အလွန်တရာ ကြီးကျယ်ခမ်းနားသော ပြိုင်ပွဲကြီး တစ်ခုပင် ဖြစ်တော့သည်။
"လမ်းလျှောက်ရအောင်... ငါတို့ ဒီအထိ ရောက်လာတာပဲကို" ချင်ယွမ်ဖုန်းက မေအား ပြောလိုက်သည်။
ထို့နောက် သူတို့နှစ်ဦးသည် မြို့ထဲတွင် လှည့်လည်သွားလာခဲ့ကြပြီး ချင်ယွမ်ဖုန်းက မေအတွက် အဝတ်အစားသစ် အများအပြားကို ဝယ်ယူပေးခဲ့လေသည်။
ထိုအဝတ်အစားသစ်များကို ဆင်မြန်းလိုက်သောအခါ မေသည် မြင့်မြတ်သော အမျိုးသမီးတစ်ဦးနှင့် ပို၍ပင် တူသွားတော့သည်။
သူမ၏ ထံပါးတွင် မင်းစိုးရာဇာတို့၏ အရှိန်အဝါများ လွှမ်းခြုံလျက် ရှိနေတော့သည်။