အခန်း ၇၈၆
Vol. 38 Ch. 786
အခန်း (၇၈၆)ဘေးအန္တရာယ်
“အော်... မင်းက ဒီလိုမျိုး အသက်ဘေးနီးလှတဲ့ ပြိုင်ပွဲမှာ ဝင်ပြိုင်ရလောက်အောင် အစွမ်းထက်တဲ့သူပေါ့လေ၊ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါ တကယ်ပဲ သိချင်မိတယ်”
ကာရီက မေးမြန်းလိုက်သည်။
“သူ့ရဲ့ မကွယ်မထင် ရည်ရွယ်ချက်က မရိုးရှင်းလှဘူး”
ယင်း၏ ဘေးနားရှိ တစ်ပါးကျွန်းသား မိစ္ဆာက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်ရာ —
“မဟာမျိုးနွယ်စုဝင် သခင်ကြီး ဆာဘာဒါ ကွယ်လွန်သွားတာဟာ သူနဲ့ ပတ်သက်နေဖို့ များတယ်”
“ဟဲဟဲ”
ကာရီက တိုးတိုးမျှ ရယ်မောလိုက်ပြီး
“စိတ်ဝင်စားဖို့ ကောင်းသားပဲ၊ သူ ပထမဆု ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ... အသက်ရှင်နေသရွေ့ သူ့ကို ငါ့ဆီ ခေါ်ဆောင်ခဲ့ပါ”
“ဒါပေမဲ့ အရှင်မင်းသား... သူက အလွန် အစွမ်းထက်ပြီး အန္တရာယ်များပါတယ်”
ထိုမိစ္ဆာက ပျာပျာသလဲ ပြောရှာသည်။ ယင်းက ကာရီကို သတိပေးရန် ရည်ရွယ်၍ ပြောဆိုခဲ့ခြင်း ဖြစ်သော်လည်း ဤအခြင်းအရာက ကာရီ၏ စိတ်ဝင်စားမှုကို ဆွပေးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
“ဘာမှ မဖြစ်ဘူး၊ မင်းတို့အားလုံး ငါ့ဘေးမှာ ရှိနေတာပဲ၊ ငါက ဒီလို ဦးချိုကျိုး တစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဘူးလို့ မင်းတို့ ထင်နေကြတာလား”
ကာရီက အေးစက်စွာ ရယ်မောလိုက်၏။
ပတ်ပတ်လည်ရှိ မိစ္ဆာများအားလုံး နှုတ်ဆိတ်သွားကြလေသည်။ အကယ်၍ ယခုအချိန်တွင် ငြင်းဆန်ကန့်ကွက်မိပါက မိမိတို့ကိုယ်မိမိ အစွမ်းအစ မရှိကြောင်း ဝန်ခံရာ ရောက်ပေလိမ့်မည်။
ပြိုင်ပွဲက ဆက်လက် ဖြစ်ပွားနေဆဲ ရှိရာ ပြင်းထန်လှသော တိုက်ပွဲများကြောင့် ကာရီမြစ်ရေပြင်သည် လှိုင်းတံပိုးများ ထန်လျက် ရှိသည်။ မိစ္ဆာအရှိန်အဝါများ တဟုန်ထိုး တက်လာပြီး ကာရီမြစ်ပြင်ထက်တွင် ဧရာမ လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေခဲ့သည်။
ချင်ယွမ်ဖုန်းသည် ဝိညာဉ်လှေငယ်ကို စီးနင်း၍ လှိုင်းတံပိုးများကို ဖြတ်ကျော်ကာ ရင်သပ်ရှုမောဖွယ် လှုပ်ရှားမှုများကို တစ်ခုပြီးတစ်ခု ပြသနေသဖြင့် မြစ်ကမ်းပါး ဝဲယာရှိ ကြည့်ရှုသူများထံမှ အုန်းအုန်းကျွက်ကျွက် ချီးမွမ်းသံများ ထွက်ပေါ်လာခဲ့သည်။
ယခုအချိန်တွင် မြစ်ပြင်ထက်၌ လူတစ်ရာပင် မပြည့်တော့ချေ။ ချင်ယွမ်ဖုန်းနှင့် အခြားမိစ္ဆာများသည် လွန်စွာ အစွမ်းထက်ပြီး ယှဉ်ပြိုင်ရန်မလွယ်ကူသော ပြိုင်ဘက်များ ဖြစ်ကြောင်း လူတိုင်း မြင်တွေ့နိုင်သဖြင့် ၎င်းတို့အား တိုက်ခိုက်ခြင်းကို လက်လျှော့လိုက်ကြလေသည်။
ချင်ယွမ်ဖုန်း သတိပြုမိထားသော အစွမ်းထက် ပြိုင်ဘက် အချို့လည်း ထိုနည်းတူ ခံစားခွင့် ရရှိကြရာ ၎င်းတို့ကို မည်သူမျှ မနှောင့်ယှက်ဘဲ ဒီအတိုင်း ဖြတ်သန်းခွင့် ပေးလိုက်ကြ၏။
“ဒါဆိုရင်တော့ ပိုပြီး လွယ်ကူသွားတာပေါ့”
ချင်ယွမ်ဖုန်းက စိတ်ထဲက ကျိတ်၍ တွေးလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ပန်းတိုင်ဆီသို့ ဦးတည် မောင်းနှင်လိုက်သည်။
လူတစ်ဆယ်ကျော်ခန့်သည် တန်းစီလျက် တိုက်ပွဲဖြစ်ပွားနေဆဲရှိသော တစ်ပါးကျွန်းသား မိစ္ဆာများကို အလျင်အမြန် ကျော်တက်သွားကြ၏။
၎င်းတို့ ပန်းတိုင်သို့ ရောက်ခါနီး အချိန်တွင်မှ တစ်စုံတစ်ယောက်က စတင် လှုပ်ရှားလာခဲ့သည်။
ဤလူတစ်ဆယ်ကျော်သည် ချင်ယွမ်ဖုန်း ကဲ့သို့ပင် အခြားသူများ အသိအမှတ်ပြုထားရသည့် အစွမ်းထက်သူများ ဖြစ်ကြသည်။ သို့သော်လည်း အစွမ်းထက်သူများကြား ယှဉ်ပြိုင်မှုက ပိုမို ပြင်းထန်ရမည် ဖြစ်ရာ အခြားသူများကို ဖယ်ရှားနိုင်မှသာ နောက်လာမည့် ပြိုင်ပွဲများတွင် ပြိုင်ဘက်ကင်း ဖြစ်ပေလိမ့်မည်။
မဟူရာ အလင်းတန်းလုံး တစ်ခုသည် လှိုင်းတံပိုးများ၏ အကာအကွယ်ကို ယူ၍ ချင်ယွမ်ဖုန်း၏ ခြေဖဝါးအောက်သို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။
ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ရှောင်တိမ်းရန် အပေါ်သို့ ခုန်တက်ဖို့ ကြိုးစားလိုက်သော်လည်း မိမိ၏ ခန္ဓာကိုယ်ပေါ်တွင် ဧရာမ တောင်ကြီးတစ်လုံးကို ထမ်းပိုးထားရသကဲ့သို့ လေးလံလွန်းလှသဖြင့် မလှုပ်ရှားနိုင် ဖြစ်နေသည်ကို ရုတ်တရက် သိလိုက်ရ၏။
ယင်းက ခေါင်းကို လှည့်ကြည့်လိုက်ရာ မိမိ သတိပြုထားမိသော ဦးချိုနှစ်ဖက်စလုံး ပြည့်စုံသည့် မိစ္ဆာသည် လက်ချောင်း ဆယ်ချောင်းကို အနည်းငယ် တုန်ရီလျက် တစ်စုံတစ်ခုကို ထိန်းချုပ်နေသည်ကို မြင်လိုက်ရသည်။
“ဘုန်း”
မဟူရာ အလင်းလုံး ပေါက်ကွဲသွားပြီး ချင်ယွမ်ဖုန်းကို ချက်ချင်း ဝါးမြိုသွားခဲ့သည်။ ပြင်းထန်လှသော စွမ်းအားကြောင့် ကာရီမြစ်ပြင်ထက်တွင် ဧရာမ ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားပြီး မိစ္ဆာအရှိန်အဝါများ လှည့်ပတ်စီးဆင်းနေကာ ထိုကျင်းကြီး ပြန်လည် ပြည့်ဝရန် အချိန်အတော်ကြာ လိုအပ်ပေလိမ့်မည်။
ဤသည်ကား ၎င်းတို့ ကြိုတင် ပြင်ဆင်ထားသော တိုက်ကွက် ဖြစ်သည်။ အစွမ်းထက်သော ပြိုင်ဘက်ကို ယခုအချိန်တွင် ဖြိုလှဲပစ်ရန် ရည်ရွယ်ချက်သက်သက် ဖြစ်ပေသည်။
ထို့အပြင် ဤသည်မှာ လူနှစ်ဦး ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်၏။
ဦးချိုနှစ်ဖက်စလုံး မပျက်မစီး ရှိနေသော မိစ္ဆာက လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး မလှမ်းမကမ်းရှိ ဦးချိုကျိုး မိစ္ဆာတစ်ကောင်ကို ခေါင်းညိတ်ပြလိုက်သည်။
မသိမသာ အချိန်အတွင်း ၎င်းတို့ နှစ်ဦးသည် မည်သို့မည်ပုံ မဟာမိတ် ဖွဲ့လိုက်သည်မသိဘဲ အခြားပြိုင်ဘက်များကို ရှင်းလင်းရန် အတူတကွ လက်တွဲခဲ့ကြခြင်း ဖြစ်သည်။
ကမ်းစပ်မှ ချင်ယွမ်ဖုန်းကို စောင့်ကြည့်နေကြသော ပရိသတ်များသည် ဤမြင်ကွင်းကို မြင်သောအခါ လန့်ဖျပ်သွားကြ၏။
မေသည် သာ၍ပင် တုန်လှုပ်ချောက်ချားသွားပြီး ရှေ့သို့ ပြေးထွက်ရန် ပြင်လိုက်သည်။ သို့သော်လည်း အမှတ်မထင် ပေါက်ကွဲမှုအတွင်း မဟူရာ ပုံရိပ်ငယ် အချို့ ရှေ့နောက် ပျံသန်းနေသည်ကို မြင်တွေ့လိုက်ရ၏။
“ဒါက...”
မေ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။
အခြား အစွမ်းထက်သော တစ်ပါးကျွန်းသား မိစ္ဆာများလည်း စတင် တိုက်ခိုက်နေကြပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်းကို လုပ်ကြံခဲ့သော တစ်ပါးကျွန်းသား မိစ္ဆာနှစ်ကောင်က သက်ပြင်းချကာ စိတ်အေးလိုက်ရုံ ရှိသေးသော်လည်း ပေါက်ကွဲမှုအတွင်းမှ မဟူရာ လင်းနို့ငယ် အချို့ ရုတ်တရက် ပျံသန်းထွက်ပေါ်လာပြီး မဟူရာ အလင်းလုံးကို ထုတ်လွှတ်ခဲ့သော ဦးချိုပါသော လူသားထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားခဲ့သည်။
“ဒါက ဘာလဲ”
ထိုဦးချိုပါသော မိစ္ဆာက လွန်စွာ သိချင်စိတ်ပြင်းပြသဖြင့် လက်ကို ဆန့်တန်း၍ တို့ထိရန် ပြင်လိုက်၏။
“မလုပ်နဲ့”
ဦးချိုနှစ်ဖက်နှင့် မိစ္ဆာက မျက်လုံးများ ပြူးကျယ်သွားပြီး အလျင်အမြန် တားဆီးရန် ကြိုးစားသော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် မိမိ၏ ခန္ဓာကိုယ်ကို ပြန်လည် စုစည်းလိုက်ပြီး ဦးချိုကျိုးနေသော လူ၏ လက်ကို ဖမ်းဆွဲကာ အင်အားသုံး၍ လိမ်ချိုးပစ်လိုက်သည်။
“အား...”
ဦးချိုကျိုးနှင့် လူက နာကျင်လွန်းလှသဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်ရရှာသည်။
ချင်ယွမ်ဖုန်းက ယင်း၏ လက်မောင်းကို လိမ်ချိုးပစ်လိုက်သဖြင့် ကျိုးသွားသော အရိုးက အရေပြားကို ဖောက်ထွက်၍ အပြင်သို့ ငေါ့ထွက်လာခဲ့၏။
ချင်ယွမ်ဖုန်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော နေရာကို ပြန်လည် ကြည့်ရှုလိုက်ရာ မိမိ၏ ခြေဖဝါးအောက်ရှိ ဝိညာဉ်လှေငယ်သည် အပိုင်းပိုင်းအစစ ပေါက်ကွဲပျက်စီးသွားခဲ့ပြီ ဖြစ်သဖြင့် ပြန်လည် ပြုပြင်၍ မရနိုင်တော့ချေ။
“တောက်... ပန်းတိုင်ကို ဒီအတိုင်း တန်းတန်းမတ်မတ် သွားရုံနဲ့တင် မရဘူးလား”
ချင်ယွမ်ဖုန်းက ဒေါသတကြီးဖြင့် ထိုဦးချိုကျိုးနှင့် လူ၏ ရင်ဘတ်ကို ကန်ကျောက်လိုက်ရာ ယင်းက လွင့်ထွက်သွားခဲ့သည်။
ပြင်းထန်လှသော အရှိန်အဝါကြောင့် ကျိုးပဲ့နေသော ဦးချိုသည် ကာရီမြစ်ကို ဖြတ်၍ အရှိန်အဟုန်ဖြင့် လွင့်ထွက်သွား၏။
ကမ်းစပ်ရှိ ကြည့်ရှုသူများသည် အလျင်အမြန် လမ်းဖယ်ပေးကြရာ ယင်းက အဆောက်အအုံ အချို့ကို အဆင့်ဆင့် တိုက်မိပြီးနောက်တွင်မှ အရှိန်သေ၍ ရပ်တန့်သွားခဲ့သည်။
ယင်းက တုန်လှုပ်ဖွယ် ကောင်းသော စွမ်းအားဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အသုံးပြုခဲ့သော အင်အားကလည်း မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်၏။
ချင်ယွမ်ဖုန်းသည် ဝိညာဉ်လှေငယ်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်ပြီး ယင်း၏ အကြည့်များက အေးစက်သွားကာ ဦးချိုနှစ်ဖက်စလုံး ပြည့်စုံသော မိစ္ဆာကို ကြည့်လိုက်သည်။
“မင်းမှာ အစွမ်းအစ အနည်းငယ် ရှိသားပဲ၊ နောက်တစ်ဆင့်မှာ မင်းကို ငါ စောင့်နေမယ်”
ထိုသို့ ပြောပြီးနောက် ယင်းက ချက်ချင်းပင် အရှိန်မြှင့်တင်ကာ ပန်းတိုင်ကို ဖြတ်ကျော်လိုက်လေသည်။
ချင်ယွမ်ဖုန်းသည် ဝိညာဉ်လှေငယ်ပေါ်တွင် ရပ်နေသော်လည်း ပြိုင်ပွဲစီမံခန့်ခွဲရေးမှူး၏ သတိပေးသံကို မကြားရချေ။ ထို့ကြောင့် ဝိညာဉ်လှေငယ်ကို စီးနင်း၍ ပန်းတိုင်ကို ဖြတ်ကျော်နိုင်သရွေ့ မည်သူ့လှေ ဖြစ်သည်က အရေးမကြီးကြောင်း ထင်ရှားပေသည်။
ထို့ကြောင့် ချင်ယွမ်ဖုန်းသည် ပန်းတိုင်ဆီသို့ တိုက်ရိုက် မောင်းနှင်ကာ ဤစိန်ခေါ်မှုကို အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။
ဤသည်ကို မြင်တွေ့သောအခါ မြစ်ကမ်းပါးရှိ ကြည့်ရှုသူများသည် ချက်ချင်းပင် သောင်းသောင်းဖျဖျ ကြွေးကြော် အားပေးကြလေသည်။
ချင်ယွမ်ဖုန်းသည် မဖြစ်နိုင်ဟု ထင်ရသော နည်းလမ်းဖြင့် စိန်ခေါ်မှုကို အမှန်တကယ်ပင် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ ချင်ယွမ်ဖုန်း၏ ပြောင်မြောက်လှသော စွမ်းဆောင်ရည်ကြောင့်သာမက... ဤကဲ့သို့သော ပြိုင်ပွဲမျိုးတွင် မည်သူက လောင်းကြေး မထပ်ဘဲ နေပါမည်နည်း။
ပါးနပ်သော လူအချို့သည် ပထမဆုံး ပြိုင်ပွဲကတည်းက အစွမ်းထက်ဆုံး ကစားသမားများကို မှတ်မိကြပြီး ၎င်းတို့ နိုင်လိမ့်မည်ဟု ယုံကြည်ကာ လောင်းကြေး ထပ်ခဲ့ကြခြင်း ဖြစ်သည်။
ထို့အတူ ချင်ယွမ်ဖုန်းအပေါ် လောင်းကြေး ထပ်ထားသူများလည်း ရှိကြသည်။ အားပေးသံ အများစုမှာ ချင်ယွမ်ဖုန်းအပေါ် လောင်းကြေး ထပ်ထားသည့် ပရိသတ်များထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ချင်ယွမ်ဖုန်းသာ ယခုကဲ့သို့ တားဆီး၍မရသော အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ပါက ၎င်းတို့အနေဖြင့် ကြီးမားသော ဆုလာဘ်ကို ရရှိကြပေလိမ့်မည်။
ထို့နောက် ပြိုင်ပွဲဝင်များသည် တစ်ယောက်ပြီးတစ်ယောက် ပန်းတိုင်သို့ ဖြတ်ကျော်လာကြရာ ဒုတိယအဆင့်ကို အောင်မြင်နိုင်သူ ခုနစ်ဆယ်ခန့်သာ ကျန်ရှိတော့သည်။
ချင်ယွမ်ဖုန်း ကမ်းစပ်သို့ ပြန်ရောက်လာသောအခါ မေက ချက်ချင်း ပြေးထွက်လာပြီး ယင်းကို စိုးရိမ်တကြီး ကြည့်ရှုလေသည်။ စောစောက ပေါက်ကွဲမှုကြောင့် သူမ လွန်စွာ စိုးရိမ်ပူပန်ခဲ့ရခြင်း ဖြစ်၏။
ချင်ယွမ်ဖုန်းတွင် ဒဏ်ရာအနာတရ မရှိသည်ကို မြင်မှသာ မေက သက်ပြင်း အေးအေးချနိုင်တော့သည်။
“ညီမ တကယ်ပဲ လန့်သွားတာပဲ၊ အဲဒီလူက တကယ်ပဲ ကောက်ကျစ် စက်ဆုပ်ဖို့ ကောင်းတယ်”
မေက ဒေါသတကြီး ပြောဆိုလိုက်သည်။
“အခု အားလုံး အဆင်ပြေသွားပါပြီ”
ချင်ယွမ်ဖုန်းက ပြုံးလျက် —
“ဒါနဲ့... မင်းကို ငါ ခိုင်းထားတဲ့ ကိစ္စက ဘယ်လိုလဲ”
“ညီမ... မေ့သွားတယ်၊ သွားတော့မလို့ပဲ... ဒါပေမဲ့ ဖြစ်ပျက်သွားတာကို မြင်တော့ လန့်သွားတာနဲ့ မေ့သွားတာ”
မေက အပြစ်မကင်းသကဲ့သို့ ပြောရှာသည်။
ချင်ယွမ်ဖုန်းက ပြုံး၍ ခေါင်းခါလိုက်ပြီး —
“ဘာမှ မဖြစ်ပါဘူး၊ အခုပဲ သွားကြတာပေါ့”
ယင်း ပြောဆိုသော အရာကား လောင်းကြေး ထပ်ခြင်း ဖြစ်သည်။
ဤကဲ့သို့သော အခွင့်အရေးမျိုးမှ စည်းစိမ်ဥစ္စာ ရှာဖွေနိုင်ခွင့်ကို မည်သူက ငြင်းဆန်နိုင်ပါမည်နည်း။
ထိုအချိန်တွင်မှ ချင်ယွမ်ဖုန်းက ရုတ်တရက် သတိရမိသည်မှာ... မိမိသည် ရှန်းဝူ စကြဝဠာ တိုက်ကြီးရှိ ချီဖုန်းချောက်ကမ္ဘာတွင် ချင်ဝူယန်းနှင့် တိုက်ခိုက်စဉ်ကလည်း ‘တောင်မှောက်ခမောက်အဖွဲ့အစည်း’ ၌ လောင်းကြေး ထပ်ခဲ့ဖူးပြီး မိမိ နိုင်ရှိခဲ့သော ဝိညာဉ်ကျောက်တုံးများကို ယခုထက်ထိ သွားရောက် မထုတ်ယူရသေးခြင်း ဖြစ်ပေသတည်း။