လှိုင်းလုံးကြီးများ ထကြွခြင်း
Vol. 21 Ch. 235
ရှန်းဟိုင်ကွမ် ခံတပ်ကြီး အတွင်း၌
စစ်သူကြီးချုပ် ပိုင်ချန် ၊ ဟန် ဘုရင် ဝူကျင်း နှင့် ချန် ဘုရင် ကျောက်ချန်ဖုန်း တို့သည် စားပွဲတစ်ခုတည်းတွင် အတူတကွ ထိုင်နေကြသည်။
“မင်းသားတို့... ချန်းလန်နယ်မြေရဲ့ ကိစ္စအပေါ် ဘယ်လို ထင်မြင်မိကြလဲ ”
ပိုင်ချန်က တည်ငြိမ်စွာပင် စကားစလိုက်၏။
“ဒါကတော့ တကယ့်ကို ရူးသွပ်မှုပဲ...”
ကျောက်ချန်ဖုန်း၏ မျက်နှာမှာ ဒေါသကြောင့် ပျက်ယွင်းနေတော့၏။
“ညဇီးကွက်ဘုရင်က ဘာမှ မလှုပ်ရှားရသေးဘူး... အခုတော့ သူက အရင်ဆုံး ပွဲဖျက်လိုက်တာပဲ... ဒါက ငါတို့ကို အတင်းအကျပ် ဘက်ရွေးခိုင်းနေတာ မဟုတ်ဘူးလား...”
ဝူကျင်းက ခါးသီးစွာ ပြုံးလိုက်ရင်း
“ရှောင်လျဲ့က အရမ်းငယ်သေးတယ်... နန်းတင်ခံရတာလည်း မကြာသေးသလို ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှုကလည်း ရှိနေသေးတယ် မဟုတ်လား... သူကိစ္စတွေကို အစအဆုံး သေချာ မစဉ်းစားမိတာကတော့ နားလည်ပေးလို့ ရပါတယ်... အခုချိန်မှာ ငါတို့ အပြစ်တင်နေလို့လည်း ဘာမှ ထူးမှာ မဟုတ်ဘူးလေ...”
ယခု ပြဿနာမှာ ချန်းလန်ဘုရင် ရှောင်လျဲ့သာ ညဇီးကွက်အစောင့်တပ်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပါက နောက်တစ်လှည့်မှာ သူတို့ ဖြစ်လာမည်မှာ အသေအချာပင်။ ထို့ကြောင့်ပင် သူတို့အနေဖြင့် ချန်းလန်နယ်မြေဘက်မှ မတ်တပ်ရပ်ပြီး ပံ့ပိုးပေးရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပါချေ။ ၎င်းမှာ ညဇီးကွက်ဘုရင်နှင့် လုံးဝ လမ်းခွဲကာ လူသိရှင်ကြား စစ်ကြေညာလိုက်ခြင်းပင်။
တာ့ယန် အင်ပါယာကြီး တစ်ခုလုံး နောက်တစ်ကြိမ် ဖရိုဖရဲ ဖြစ်ကုန်တော့မည်။
“စစ်သူကြီးချုပ်... တစ်ခုခု ပြောပါဦး ”
မင်းညီမင်းသား နှစ်ပါးစလုံးက ပိုင်ချန်ကို ကြည့်လိုက်ကြသည်။ နယ်စပ်ဒေသတွင် တိုက်ပွဲများကြားမှ ထွက်ပေါ်လာသော ပိုင်ချန်သည် စစ်တပ်အတွင်း၌ အကြွင်းမဲ့ သြဇာအာဏာ ရှိသူ ဖြစ်သည်။ လူအများ၏ အင်အားကို အသုံးချကာ ညဇီးကွက်ဘုရင်ကို အမှန်တကယ် ယှဉ်ပြိုင်နိုင်စွမ်းရှိသူမှာ သူတစ်ဦးတည်းသာ ရှိပေသည်။
ပိုင်ချန်က ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ
“ကျွန်တော်မျိုးမှာ မင်းသားတို့ကို အရင်ဆုံး မေးချင်တဲ့ မေးခွန်းတစ်ခု ရှိပါတယ် ”
“ပြောပါ ”
“မင်းသားတို့ အနေနဲ့ ညဇီးကွက်ဘုရင်ကို ဘယ်လို မြင်ပါသလဲ... ပရမ်းပတာ ဖြစ်နေတဲ့ ကာလမှာ ဧကရာဇ်ကို ဖမ်းဆီးပြီး မင်းညီမင်းသားတွေကို အမိန့်ပေးနေတဲ့ သစ္စာဖောက် အမတ် တစ်ယောက်လို့ မြင်ပါသလား... ဒါမှမဟုတ် မကောင်းသတင်းတွေကို ဂရုမစိုက်ဘဲ တော်ဝင်မိသားစုကို ကာကွယ်ပေးနေတဲ့ သစ္စာရှိ အမတ်တစ်ယောက်လို့ မြင်ပါသလား ”
“ဒါကတော့...”
ကျောက်ချန်ဖုန်းနှင့် ဝူကျင်းတို့မှာ ဆွံ့အသွားရတော့၏။ ညဇီးကွက်ဘုရင်၏ စိတ်ထဲတွင် ဘာရှိသနည်း ဆိုသည်ကို မည်သူမျှ မသိနိုင်ကြပါချေ။
ပိုင်ချန်က အသာအယာ ပြုံးလိုက်ရင်း
“မင်းသားတို့ တွေဝေသွားကြပြီ... ဒီလို အချိန်မှာ တွေဝေနေတာက ရှုံးနိမ့်ခြင်းကို ဖိတ်ခေါ်တာနဲ့ အတူတူပါပဲ... ညဇီးကွက်ဘုရင်နဲ့ ရင်ဆိုင်ရတဲ့ အခါမှာ သူက မင်းသားတို့ကို ရွေးချယ်စရာ နှစ်ခု ပေးမှာ မဟုတ်ဘူးလေ...”
အချို့သော အခြေအနေများမှာ ခန့်မှန်းတွက်ချက်နေရန် အချိန်မပေးတတ်ပါချေ။
“တစ်ခုခုကို ဆုံးဖြတ်လိုက်ပြီဆိုရင် အဲဒါက မှန်သလား မှားသလား ဆိုတာ အရေးမကြီးတော့ပါဘူး... အနိုင်ရတဲ့သူကသာ အမှန်တရား ဖြစ်လာမှာပဲလေ...”
ထိုစကားကို ကြားလိုက်ရချိန်တွင် မင်းသား နှစ်ပါးစလုံး မှင်သက်သွားကြသည်။ ကျောက်ချန်ဖုန်းက ခါးသီးစွာ ပြုံးလိုက်ရင်း
“ကျွန်တော်မျိုး နားလည်ပါပြီ...”
ဝူကျင်းကလည်း လက်ယှက်ကာ ကျေးဇူးတင်စကား ဆိုလိုက်၏။
“စစ်သူကြီးချုပ်ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် .. ကျွန်တော် အခုချက်ချင်းပဲ ချန်းလန်နယ်မြေကို ပံ့ပိုးပေးဖို့ လုပ်ဆောင်ပါ့မယ်... ဘယ်လို အကျိုးဆက်ပဲ ရှိရှိ... ညဇီးကွက်အစောင့်တပ်ကို အာဏာစွန့်လွှတ်အောင် အရင်ဆုံး ဖိအားပေးရမှာပဲ...”
သူတို့၏ နောက်ဆုံး တွေဝေမှုများမှာ ပျောက်ကွယ်သွားခဲ့ချေပြီ။ လူတို့၏ စိတ်နှလုံးမှာ မှန်းဆရ ခက်လှသဖြင့် ခန့်မှန်းမနေဘဲ သူတို့၏ လုပ်ရပ်များကိုသာ ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။ ညဇီးကွက်ဘုရင်က သစ္စာရှိသည်ဖြစ်စေ သစ္စာဖောက်သည်ဖြစ်စေ... သူတို့မှာတော့ သေရမည်သာပင်။
ဒါဆိုလျှင်လည်း...
အခြေအနေကို ပြောင်းပြန်လှန်ပြီး ညဇီးကွက်ဘုရင်ကို သစ္စာဖောက် အမတ်အဖြစ် ခေါင်းစဉ်တပ်လိုက်ရုံသာ ရှိတော့၏။ ချန်းလန်ဘုရင် ရှောင်လျဲ့သည် ငယ်ရွယ်ဖျတ်လတ်သူ ဖြစ်သဖြင့် ဤလှိုင်းလုံးကြီးကို စတင် လှုံ့ဆော်ပေးခဲ့ချေပြီ။ ၎င်းမှာ သူတို့အတွက် အခွင့်အရေး တစ်ခု ဖြစ်ပြီး တွေဝေနေရမည့် အချိန် မဟုတ်ပါချေ။
ခုခံခြင်း... ၎င်းမှာ လက်ရှိအတွက် အကောင်းဆုံးသော ရလဒ်ပင်။
...
တောင်ပိုင်းနယ်စပ် ကျိုးကုန်း မြို့တော်။
ရှောင်ချင်အာသည် ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း ချန်းလန်နယ်မြေမှ ပေးပို့လာသော အရေးပေါ် စာကို မယုံကြည်နိုင်လောက်အောင် ကြည့်နေမိသည်။ သူမသည် မိန်းမောတွေဝေနေပြီး အားကိုးရာမဲ့နေဟန် ရ၏။ ဤမျှလောက် ရင်ကွဲမတတ် ခံစားလိုက်ရသည်မှာ ကြာခဲ့ချေပြီ။
“ရှောင်လျဲ့က... တကယ်ပဲ ပုန်ကန်လိုက်တာလား...”
ရှောင်ချင်အာ၏ မျက်နှာမှာ ခါးသီးမှုများဖြင့် ပြည့်နှက်နေတော့၏။ သူမသည် ဤနေ့ကို တွေးဖူးသော်လည်း ဤမျှလောက် မြန်မြန် ရောက်လာလိမ့်မည်ဟုတော့ မထင်ထားခဲ့မိပေ။ ရှောင်လျဲ့သည် တာ့ယန် အင်ပါယာကို ဖြုတ်ချရန် ဟူသော ခေါင်းစဉ်ကို မသုံးခဲ့သော်လည်း ညဇီးကွက်အစောင့်တပ်၏ စခန်းများကို ဖျက်ဆီးကာ အစောင့်တပ်သား ရာနှင့်ချီ၍ သတ်ဖြတ်လိုက်ခြင်းမှာ သစ္စာဖောက်မှု မြောက်နေပြီ ဖြစ်သည်။
ရှောင်လျဲ့၏ ညဇီးကွက်ဘုရင်အပေါ် ထားရှိသော အာဃာတများကို သူမ နားလည်ပေးနိုင်သော်လည်း ဤကဲ့သို့သော အရေးကြီးသည့် အချိန်တွင်တော့ မလုပ်သင့်ပါချေ။ နယ်စပ်ဒေသမှာ ငြိမ်းချမ်းခါနီး ရှိနေပြီ မဟုတ်လား။ ရှန်းဟိုင်ကွမ် တိုက်ပွဲသာ အနိုင်ရခဲ့ပါက ခိုင်မာသော နယ်စပ်ကာကွယ်ရေးကို ပြန်လည် တည်ဆောက်နိုင်ပြီး နတ်ဆိုးများကို တားဆီးကာ တာ့ယန်ပြည်သူများအတွက် အေးချမ်းသာယာသော ဘဝများကို ပြန်လည် ပေးစွမ်းနိုင်မည်။
သို့သော် ယခု အခိုက်အတန့်တွင်မှ ရှောင်လျဲ့က ပုန်ကန်ရန် ရွေးချယ်လိုက်၏။
၎င်းမှာ တောင်ပိုင်းနယ်စပ်နှင့် လောကရှိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို လျစ်လျူရှုခြင်း ဖြစ်သလို နတ်ဆိုးများကို တိုက်ခိုက်ခဲ့ကြသော မိဘနှစ်ပါး၏ တစ်သက်တာ ကြိုးပမ်းမှုများကို သစ္စာဖောက်ခြင်းလည်း ဖြစ်သည်။ ရှောင်မျိုးနွယ်စု ဘိုးဘေးကြီး၏ “ပြည်သူ့ထံမှ ရယူကာ ပြည်သူ့အတွက် ပြန်လည် အသုံးချရန်” ဟူသော မှာကြားချက်ကိုလည်း ဆန့်ကျင်လိုက်ခြင်း ပင်။
ရှောင်လျဲ့ မှားသွားခဲ့ပြီ... တကယ်ကို အကြီးအကျယ် မှားသွားခဲ့ပြီ...။
ရှောင်ချင်အာ တွေဝေနေစဉ်မှာပင် ခန့်ညားထည်ဝါသော ပုံရိပ်ကြီးတစ်ခု ခန်းမအတွင်းသို့ လျှောက်လှမ်း ဝင်ရောက်လာ၏။ ကြေးနီမျက်နှာဖုံး အောက်က သူ၏ နက်မှောင်သော မျက်လုံးများမှာ ချောက်နက်ကြီးတစ်ခုအလား မှန်းဆ၍ မရနိုင်ပါချေ။
“စစ်ဆေးရေးမှူး..”
ညဇီးကွက်ဘုရင် စကားပြောလိုက်ချိန်တွင် သူ၏ အသံမှာ ရေအေးအိုင်တစ်ခု၏ တည်ငြိမ်နေသော ရေပြင်ကဲ့သို့ ရှိသည်။
“ရှင် ဒီကို ဘာလာလုပ်တာလဲ...”
ရှောင်ချင်အာက အေးစက်စွာ ပြောလိုက်၏။
“ရှင် ချန်းလန်နယ်မြေကို သွားနေရမှာ မဟုတ်ဘူးလား...”
“ရှောင်လျဲ့က ဘယ်လိုပဲ ဖြစ်ဖြစ် မင်းရဲ့ မောင်အရင်းပဲလေ... ငါက တခြားသူတွေကို မျက်နှာမပေးရင်တောင်... မင်းမှာတော့ အဲဒီလို မျက်နှာမျိုး ရှိတယ် မဟုတ်လား ရှောင်ချင်အာ...”
ညဇီးကွက်ဘုရင်က တည်ငြိမ်စွာပင် ပြောလိုက်၏။
“ဟက်...”
ရှောင်ချင်အာက မယုံကြည်နိုင်စွာ ရယ်လိုက်မိ၏။
“ညဇီးကွက်ဘုရင်ကြီးက မျက်နှာလိုက်တတ်တယ် ဟုတ်လား... ကျွန်မ ကိုယ့်ကိုယ်ကိုယ် သိပါတယ်... ကျွန်မမှာ အဲဒီလောက်အထိ လွှမ်းမိုးမှု မရှိပါဘူး...”
ညဇီးကွက်ဘုရင်က ဆက်ပြောလိုက်၏။
“ရှောင်မျိုးနွယ်စုဟာ မျိုးဆက်ပေါင်းများစွာ သစ္စာရှိပြီး ဂုဏ်သိက္ခာ ရှိခဲ့ကြတာ ငါသိပါတယ်... ရှောင်လျဲ့ ဒါကို တမင်သက်သက် လုပ်တာ မဟုတ်ဘဲ တစ်စုံတစ်ယောက်ရဲ့ သွေးထိုးခံလိုက်ရတာ ဖြစ်ရမယ်... အကယ်၍ မင်းက သူ့ကို ဒီမှားယွင်းနေတဲ့ လမ်းကနေ ပြန်လှည့်လာအောင် ဖျောင်းဖျနိုင်ရင်... ပြီးတော့ ရှောင်မျိုးနွယ် ဘိုးဘေးတွေရဲ့ ဂုဏ်ကျေးဇူးကို သတိရခိုင်းနိုင်ရင်တော့... ငါက တော်ဝင်မိသားစုထံမှာ သူ့အသက်ကို ချမ်းသာပေးဖို့ လျှောက်ထားပေးပါ့မယ်...”
“တကယ်လား...”
ရှောင်ချင်အာသည် ရှောင်လျဲ့နှင့် မတွေ့ရသည်မှာ ကြာပြီ ဖြစ်သဖြင့် သူမ၏ မောင်မှာ အခု ဘယ်လိုလူမျိုး ဖြစ်နေပြီလဲ ဆိုသည်ကို မသိနိုင်ပါချေ။ သို့သော် ရှောင်လျဲ့သည် ညဇီးကွက်ဘုရင်ကို မုန်းတီးနေလျှင်ပင် ဤကဲ့သို့သော အချိန်မျိုးတွင် ပြဿနာ ရှာလိမ့်မည် မဟုတ်ဟု သူမ ခံစားနေရ၏။ ဖြစ်နိုင်သည်မှာ သူသည် အမှန်တကယ်ပင် တစ်စုံတစ်ယောက်၏ သွေးထိုးမှုကို ခံလိုက်ရခြင်း ဖြစ်ရပေမည်။
ညဇီးကွက်ဘုရင်က ခေါင်းညိတ်ပြလိုက်၏။
“ကောင်းပြီလေ...”
ရှောင်ချင်အာက အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရင်း
“ကျွန်မကို အချိန်နည်းနည်းပေးပါ... ကျွန်မ ကိုယ်တိုင် ချန်းလန်နယ်မြေကို သွားပြီး ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာကို စုံစမ်းပါ့မယ်... အကယ်၍ လူယုတ်မာတွေ ရှိနေမယ် ဆိုရင်တော့ ကျွန်မ ဒီပုန်ကန်မှုကို နှိမ်နင်းပါ့မယ်...”
“အဲဒီနောက်မှာတော့ ချန်းလန်နယ်မြေဟာ ဘုရင်မရှိဘဲ တာ့ယန်အင်ပါယာဆီကို ပြန်လည် ရောက်ရှိသွားစေရမယ်...”
“ဒါပေမဲ့ ရှင် ကျွန်မကို ကတိပေးရမယ်... ရှောင်လျဲ့ကို ဘယ်တော့မှ အန္တရာယ် မပြုပါဘူး ဆိုတာကိုပေါ့...”
ရှောင်ချင်အာသည် ညဇီးကွက်ဘုရင်၏ ရည်ရွယ်ချက်ကို မြင်နေရသော်လည်း သူမသာ ဆက်လက် ခုခံနေမည်ဆိုပါက ရှောင်မျိုးနွယ်စုမှာ ကောင်းကျိုးရှိမည် မဟုတ်ပါချေ။ အနည်းဆုံးတော့ ထိုနေရာသို့ သွားခြင်းဖြင့် သူမ၏ မောင်ဖြစ်သူ၏ အသက်ကို ကယ်တင်နိုင်မည် မဟုတ်ပါလား။
ညဇီးကွက်ဘုရင်နှင့် ရှိသော ရန်ငြိုးများကတော့...
နယ်စပ်ဒေသ ငြိမ်းချမ်းသွားပြီး တာ့ယန်အင်ပါယာကြီး အေးချမ်းသွားချိန်မှသာ သူမ တစ်ခုခု ဆုံးဖြတ်ပါတော့မည်။
“မင်းဆီက သတင်းကောင်းကို ငါ စောင့်နေမယ်...”
ညဇီးကွက်ဘုရင်သည် လျင်မြန်စွာပင် ရောက်လာခဲ့ပြီး လျင်မြန်စွာပင် ပြန်လည် ထွက်ခွာသွားလေတော့၏။
ရှောင်ချင်အာ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ပိုမို များပြားလာတော့၏။ ညဇီးကွက်ဘုရင်က သူမကို အသုံးချနေခြင်း ဖြစ်ကြောင်း သူမ ကောင်းစွာ သိရှိသော်လည်း ဘာမှ မတတ်နိုင်ပါချေ။ ကိုယ့်စွမ်းရည်က သူများထက် မသာသောအခါ ညဇီးကွက်ဘုရင်၏ အကွက်များအတိုင်း လိုက်ပါရင်း အက်ကြောင်းများကြားတွင် ရှင်သန်ရန် ကြိုးစားရရုံသာ ရှိတော့၏။
သူမသည် မိမိကိုယ်ကိုယ် ရှေ့နောက်မညီသော လူတစ်ယောက်အဖြစ် ပို၍ပို၍ ခံစားလာရ၏။ သူမ၏ စိတ်ကို အမြဲတမ်း ပြန်လည် စစ်ဆေးနေသော်လည်း ဘာတစ်ခုမှ အဆင်မပြေပါချေ။ လောကကြီးအတွက် ရည်မှန်းချက် ရှိသော်လည်း ၎င်းကို အကောင်အထည်ဖော်ရန် စွမ်းအား မရှိခြင်းမှာ သူမ၏ နာကျင်မှုနှင့် ဝေခွဲမရဖြစ်မှုများ၏ အရင်းအမြစ်ပင်။
သူမ စိတ်ဂယောက်ဂယက် ဖြစ်တိုင်း လူတစ်ယောက်ကိုသာ သတိရမိသည်။ သူမကို ကူလမ်းစဉ် လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးခဲ့သော ထိုလူသား…
“အစ်ကိုယွမ်နဲ့ မတွေ့ရတာ တော်တော်တောင် ကြာသွားပြီပဲ...”
သူမ၏ မှတ်ဉာဏ်ထဲတွင် အစ်ကိုယွမ်သည် ဘာကိစ္စပဲ ဖြစ်ဖြစ် အမြဲတမ်း တည်ငြိမ်အေးဆေးနေတတ်ပြီး ဘယ်တော့မှ စိတ်လှုပ်ရှားခြင်း မရှိပါချေ။ အရာအားလုံးကို ထိန်းချုပ်နိုင်သော နတ်ဘုရားတစ်ပါးအလား သူ၏ အရှိန်အဝါများက အရာအားလုံးကို လွှမ်းမိုးထားသည်။
“ငါသာ အစ်ကိုယွမ်လိုမျိုး အရာအားလုံးနဲ့ ကင်းကွာပြီး အဝေးကနေ ကြိုတင်စီစဉ်နိုင်ရင်... လောကီရေးရာတွေမှာ မပတ်သက်ဘဲ လောကကြီးကို အေးအေးလူလူ ထိန်းချုပ်ထားနိုင်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ...”
ရှောင်ချင်အာသည် ချန်းလန်နယ်မြေသို့ မဝင်မီ အစ်ကိုယွမ်ထံသို့ သွားရောက်ကာ အကြံဉာဏ် တောင်းခံရန် ဆုံးဖြတ်လိုက်၏။ ၎င်းမှာ သူမ၏ စိတ်ကို တည်ငြိမ်စေရန်အတွက် အခွင့်အရေး တစ်ခုလည်း ဖြစ်ပေလိမ့်မည်။ ရှုပ်ထွေးနေသော အတွေးများကြောင့် အမှားများ မလုပ်မိစေရန်နှင့် နောင်တ မရစေရန်အတွက်ပင်။
“စစ်သူကြီး လီ... ကျွန်မ အမှတ် (၁၂) ဂူစံအိမ်ကို ခဏ သွားလိုက်ဦးမယ်... မြို့တော်ကို ခဏလောက် ထိန်းထားပေးပါ... အခြေအနေက မရှင်းလင်းသေးတော့ အရမ်းကာရော မလုပ်ပါနဲ့ဦး...”
ရှောင်ချင်အာက မှာကြားလိုက်၏။
“ဟုတ်ကဲ့ပါ...”
လီရော့ချန်က အမိန့်ကို လက်ခံလိုက်၏။
မင်းသမီးလေး ဘယ်သူ့ဆီကို သွားတွေ့မည်လဲ ဆိုသည်ကို မိမိ သိရှိသည်။ အတိတ်တွင် မိမိနှင့် လီယွမ်တို့သည် နတ်ဆိုးအလောင်းများ အရောင်းအဝယ် ကိစ္စကြောင့် အကြိမ်ကြိမ် ဆက်ဆံခဲ့ဖူးသော်လည်း မတွေ့ရသည်မှာ ကြာခဲ့ပြီပင်။
လီယွမ်သည် တကယ့်ကို ထူးခြားသော ပါရမီရှင် တစ်ဦး ဖြစ်သော်လည်း ဤကဲ့သို့ ပရမ်းပတာ ဖြစ်နေသော ကမ္ဘာကြီးထဲတွင် နာမည်မထွက်ဘဲ ပုန်းကွယ်နေနိုင်သည်မှာ တကယ့်ကို အံ့သြစရာ ကောင်းလှပေသည်။
...
အမှတ် (၁၂) ဂူစံအိမ်။
လီယွမ်သည် ဆဋ္ဌမ ကူနန်းတော်ထံမှ အရေးပေါ် အစီရင်ခံစာကို ချက်ချင်းပင် လက်ခံရရှိလိုက်၏။
“နောက်ဆုံး တိုက်ပွဲကြီးက... စတင်တော့မှာလား...”_
Book 21 end.