ရုပ်သေး ချုပ်ဆိုမှု ပြီးမြောက်ခြင်း
Vol. 21 Ch. 230
အမှတ် (၁၂) ဂူစံအိမ်၏ ဝါးတောလေးအတွင်း၌ တိတ်ဆိတ်ငြိမ်သက်ခြင်းများက လွှမ်းခြုံထားသည်။ နေ့ရက်များစွာ တိုင်အောင် အားထုတ် ကြိုးပမ်းခဲ့ပြီးနောက် လီယွမ်သည် သူ၏ သွေးနတ် အိမ်တော်ကို ထောင် အဆင့် ကူ မှသည် သောင်း အဆင့် ကူ အိမ်တော်ကြီး တစ်ခုအဖြစ်သို့ အောင်မြင်စွာ အဆင့်မြှင့်တင်နိုင်ခဲ့သည်။
ထိုသို့ အဆင့်တက်လှမ်းသွားသည်နှင့်အမျှ ထွက်ရှိလာသော ဝိညာဉ် ပစ္စည်းများမှာလည်း သိသိသာသာ ပြောင်းလဲသွားတော့၏။ မူလက ထွက်ရှိသော သွေးနတ် မျက်ရည်များမှာ အခုအခါတွင်မူ သွေးနတ် သလင်းကျောက်များ အဖြစ်သို့ အသွင်ကူးပြောင်းသွားခဲ့လေပြီ။
(သွေးနတ် သလင်းကျောက် - ဤ သလင်းကျောက်ကို သန့်စင်လိုက်ပါက အတိုင်းအဆမရှိသော သွေးချီများကို ထုတ်လွှတ်ပေးနိုင်သည့်အပြင် အသုံးပြုသူအား ခေတ္တခဏအတွင်း နတ်ဘုရား ဝိညာဉ် တိုက်ခိုက်မှုများ အားလုံးမှ ကင်းလွတ်ခွင့် ပေးနိုင်သည်)
အထောက်အကူပြုရုံသာ တတ်နိုင်သော သွေးနတ် မျက်ရည်များနှင့် နှိုင်းယှဉ်ပါက အသစ်ထွက်ရှိလာသည့် သွေးနတ် သလင်းကျောက်မှာ လီယွမ်အတွက် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်သည်။ သွေးချီများကို ပြန်လည်ဖြည့်တင်းပေးနိုင်ခြင်းနှင့် နတ်ဘုရား ဝိညာဉ် တိုက်ခိုက်မှုများကို ခုခံနိုင်ခြင်းတို့မှာ တိုက်ပွဲအတွင်း လက်တွေ့ကျသော အားသာချက်များ ဖြစ်ပေသည်။ အထူးသဖြင့် အဆင့် (၉) ပညာရှင်များနှင့် ရင်ဆိုင်ရချိန်တွင် ဝိညာဉ်တိုက်ခိုက်မှုများကို ခုခံနိုင်ခြင်းက သူ့အတွက် အသက်ဆက်နိုင်မည့် မျှော်လင့်ချက် အလင်းတန်းလေး တစ်ခုပင်။
ကူ အိမ်တော်၏ အဓိက ရည်ရွယ်ချက်မှာ ကူ သခင်များ ကျင့်ကြံခြင်း လမ်းကြောင်းတွင် ကြုံတွေ့ရတတ်သော အားနည်းချက်များကို ဖြည့်ဆည်းပေးရန် ဖြစ်သည်။ ရုပ်ခန္ဓာ မည်မျှပင် အစွမ်းထက်နေပါစေ စိတ်ဝိညာဉ် တိုက်ခိုက်မှုများဖြင့် ထိန်းချုပ်ခံရလွယ်သည့် အားနည်းချက်ကို ဤ သလင်းကျောက်က ကုစားပေးနိုင်ပေသည်။
အဆင့် (၉) နယ်ပယ်သို့ တက်လှမ်းနိုင်ရန်မှာ လမ်းစဉ်အပေါ် နားလည်မှု၊ သက်စောင့်ကူ၏ နောက်ဆုံး အဆင့်ဆင့်ကဲ ပြောင်းလဲမှုနှင့် တာအို သိမြင်မှုတို့ လိုအပ်သလို အစွမ်းထက်သော နတ်ဘုရား နယ်ပယ်၏ ပံ့ပိုးမှုလည်း မရှိမဖြစ် လိုအပ်လှပေသည်။ ရုပ်ခန္ဓာသည် အရာအားလုံး၏ အခြေခံဖြစ်သော်လည်း တစ်ဖက်တွင်မူ ၎င်းမှာ ကန့်သတ်ချက် တစ်ခုလည်း ဖြစ်နေပြန်သည်။
“ဒါကြောင့် သွေးနတ် သလင်းကျောက်က တကယ်ကို ကောင်းတဲ့ အရာပဲ... အရေးကြီးတဲ့ အချိန်ကျရင် အသက်ကိုတောင် ကယ်နိုင်လိမ့်မယ်...”
လီယွမ်သည် အလွန်ပင် စိတ်ကျေနပ်အားရနေ၏။ သူ လျှို့ဝှက်ကျင့်ကြံရာ နေရာမှ ထွက်လာသည်နှင့် ဝမ်ကျောက်ကျောက်က သူ့ထံသို့ အပြေးအလွှား ရောက်ရှိလာတော့၏။
“အစ်ကို ယွမ်... အစ်ကို ကျင့်ကြံနေတဲ့ အချိန်မှာ ဘိုးဘေးကြီးက ဒီစာအုပ်ကို လာထားခဲ့ပါတယ်...”
“အစ်ကို့ကို ပေးပါ...”
လီယွမ်သည် ထိုစာအုပ်ပေါ်ရှိ တားမြစ်ချက်များကို ဖယ်ရှားလိုက်၏။ သူ ထင်ထားသည့်အတိုင်းပင် ထိုစာအုပ်ထဲ၌ ဘိုးဘေးကြီး ကိုယ်တိုင် အဆင့်မြှင့်တင်ထားသော သေဆုံးခြင်း စာချုပ် ရုပ်သေးရုပ် ဖန်တီးနည်းများ ပါဝင်နေပေသည်။ ၎င်းမှာ အသက်ရှင်ခြင်း စာချုပ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများကို ဖယ်ရှားထားပြီး ဖြစ်သည်။
ဘိုးဘေးကြီး၏ စမ်းသပ်ချက်များအရ အထူးနည်းလမ်းဖြင့် သန့်စင်ထားသော သေဆုံးခြင်း စာချုပ် ရုပ်သေးရုပ်မှာ ထိုလူ မသေဆုံးမီက ရှိခဲ့သော စွမ်းအား၏ ခြောက်ဆယ် ရာခိုင်နှုန်းအထိ ပြန်လည် ရရှိနိုင်ကြောင်း အတည်ပြုထားသည်။ ကူ သခင်မှတစ်ဆင့် ကောင်းကင်ဘုံ စွမ်းအား အချို့ကိုပင် ရယူနိုင်ပေသည်။ ကောင်းကင်ဘုံ နည်းစနစ်များကို အပြည့်အဝ မထုတ်ဖော်နိုင်လျှင်ပင် သာမန် အလောင်းရုပ်သေးများထက် များစွာ သာလွန်နေပြီး အဆင့်မြင့် တိုက်ပွဲများတွင် အသုံးဝင်လာမည်မှာ မြေကြီးလက်ခတ် မလွဲပါပင်။
“စိတ်ဝင်စားစရာပဲ... ငါ တစ်ချက်လောက် စမ်းကြည့်ရမယ်...”
လီယွမ်သည် နတ်ဆိုးအခွံမာ ဂူတစ်ထောင်နှင့် ဆူး ဈာပန ထုံးစံတို့၏ အလောင်းများကို ထည့်ထားသော အိုးကြီးများကို ထုတ်ယူလိုက်၏။ ဆေးရည်များ စိမ်ထားခြင်းကြောင့် နတ်ဆိုး သူတော်စင် နှစ်ဦး၏ ပျက်စီးနေသော အစိတ်အပိုင်းများမှာ ပြန်လည် ပြုပြင်ပြီး ဖြစ်ကာ သူတို့၏ ခန္ဓာကိုယ်မှာ မည်းနက်သော အရောင်များ တောက်နေပြီး အရေပြားပေါ်တွင်လည်း ထူးဆန်းသော ပုံစံများ ပေါ်ထွက်နေလေပြီ။
သွေးကြောများ သွန်းလုပ်ခြင်း၊ စာချုပ်များ ချုပ်ခြင်းနှင့် နောက်ဆုံး အသက်သွင်းခြင်း စသည့် အဆင့်များစွာ ကျန်ရှိနေသေးသည်။ သွေးကြောများ သွန်းလုပ်ခြင်း ဆိုသည်မှာ အလောင်းအတွင်းရှိ သေဆုံးနေသော သွေးကြောဟောင်းများကို ဖယ်ရှားကာ အသစ်စက်စက် သွေးကြော ကွန်ရက် တစ်ခုကို ဖန်တီးပေးခြင်း ဖြစ်၏။ သို့မှသာ ကူ သခင်အနေဖြင့် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို ထိန်းချုပ် စုပ်ယူနိုင်မည်။
စာချုပ်တစ်ခုသည် ချုပ်နှောင်မှုနှင့် လဲလှယ်မှုကို ကိုယ်စားပြုသည်။ အစွမ်းထက်သော ရုပ်သေးကို ထိန်းချုပ်လိုပါက ကူ သခင်ကိုယ်တိုင်ကလည်း ထိုရုပ်သေး ပျက်စီးသွားချိန်တွင် ထိခိုက်မှု အချို့ကို ခံယူရန် သဘောတူရမည်။ အကယ်၍ ကူ သခင်ကိုယ်တိုင်က စွမ်းအား မရှိပါက ထိုရုပ်သေး၏ ဝါးမျိုခံရခြင်း သို့မဟုတ် ရုတ်တရက် သေဆုံးခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
နောက်ဆုံး အဆင့်ဖြစ်သော အသက်သွင်းခြင်းတွင်မူ ကူ သခင်သည် မိမိ၏ အသက်ချီ တစ်စိတ်တစ်ပိုင်းကို 'အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း စာချုပ်' ကူ လှည့်ကွက်မှတစ်ဆင့် ရုပ်သေးထံသို့ လွှဲပြောင်းပေးရမည်။ သို့မှသာ ထိုရုပ်သေးမှာ သက်ရှိများ၏ အသက်အဆီအနှစ်ကို ရရှိကာ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများကို ခေတ္တမျှ လှည့်စားပြီး ကောင်းကင်ဖြစ်စဉ် စွမ်းအားများကို ထုတ်ဖော်နိုင်မည် ဖြစ်ပေသည်။
လီယွမ်သည် ထိုစာအုပ်ပါ စကားလုံး တိုင်းကို အသေအချာ ဖတ်ရှု လေ့လာနေ၏။ သေဆုံးခြင်း ရုပ်သေးကို သန့်စင်ရသည်မှာ အလွန်ပင် လက်ဝင်ပြီး ရှုပ်ထွေးလှသော်လည်း အချိန်နှင့် အားစိုက်ထုတ်မှုကို ရင်းနှီးမြှုပ်နှံရန် ထိုက်တန်သော ကိစ္စ တစ်ခုပင်။
“အော်... ဟုတ်သားပဲ...”
သူသည် တစ်ခုခုကို သတိရသွားပြီး နောက်ထပ် ဘူးသီးခြောက် တစ်ခုကို ထုတ်ယူလိုက်၏။ ထိုဘူးသီးခြောက်ထဲတွင် သေဆုံးနေသော အကျိုးအပဲ့ တစ်ကောင် ရှိနေသော်လည်း လီယွမ်က သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော အချိန်က တားမြစ်နယ်မြေအတွင်းရှိ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတားပေါ်တွင် ဖြစ်သည်။ ထိုစဉ်က တားမြစ်နယ်မြေကြီး ပြိုလဲမသွားစေရန်နှင့် နှစ်ပေါင်းထောင်ချီ ကြာအောင် ပိတ်မိနေခဲ့သော ကူ သခင်ကြီးများကို နှုတ်ဆက်ချိန် ပေးနိုင်ရန်အတွက် 'ဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ခြင်းနှင့် ဝိညာဉ်လမ်းပြကူ' ကို ချက်ချင်း မသတ်ဘဲ ချိတ်ပိတ်ထားခဲ့သည် မဟုတ်ပါလော။ ကံမကောင်းစွာဖြင့် ထိုသို့ ချိတ်ပိတ်ထားခြင်းကပင် သူတို့၏ အသက်ကို ဆွဲဆန့်ပေးရန် မလုံလောက်ခဲ့ဘဲ အာလော့ အပါအဝင် ကူ သခင်ကြီးများ အားလုံးမှာ ပျောက်ကွယ်သွားခဲ့ကြရ၏။
ယခုအခါတွင်မူ ထို ဝိညာဉ်လမ်းပြကူမှာ ပျက်စီးနေသော အခွံတစ်ခုမျှသာ ကျန်ရှိတော့၏။
“မင်းက နှစ်ပေါင်း တစ်ထောင်လောက် တည်ရှိခဲ့တာ ဆိုတော့ အင်မော်တယ် အဆင့်နဲ့တောင် နီးစပ်နေပြီ... ခန္ဓာကိုယ် ပျက်စီးနေရင်တောင် တစ်ခုခုတော့ အသုံးဝင်ဦးမှာပါ...”
လီယွမ်က တိုးညင်းစွာ ရေရွတ်လိုက်ရင်း သူ၏ အသိစိတ်များကို စုစည်းလိုက်၏။
(မူလ ပစ္စည်းကို ရွေးချယ်ပါ)
(ဝိညာဉ်လမ်းပြကူ၏ အကျွင်းအကျန် ခန္ဓာကိုယ်)
(ခွဲခြမ်းစိတ်ဖြာခြင်းကို စတင်ပါပြီ)
လီယွမ်သည် ကူ ကောင်များကို ခွဲခြမ်းစိတ်ဖြာသော စွမ်းရည်ကို အသုံးမပြုသည်မှာ ကြာပြီ ဖြစ်သည်။ ဤ နယ်ပယ်တွင် စမ်းသပ်ရန်အတွက် အဆင့်မြင့် ကူ ကောင် အကျွင်းအကျန်များကို ရှာဖွေရန် ခက်ခဲလွန်းလှသည် မဟုတ်ပါလော။ ဝိညာဉ်လမ်းပြကူ၏ အခွံမှာမူ ရှားပါးလှသော မူလ ပစ္စည်းပင်။
(ခွဲခြမ်းစိတ်ဖြာမှု ပြီးမြောက်ပါပြီ)
(သင်သည် ဝိညာဉ်ခေါ် အမျှင် (၂) ချောင်းနှင့် ယွမ်ချွမ်း မြေမှုန့် (၃၀၀၀) ကို ရရှိပါသည်)
(ဝိညာဉ်ခေါ် အမျှင် - ၎င်းကို မီးရှို့လိုက်ပါက ပျောက်ဆုံးနေသော ဝိညာဉ်များကို ဆင့်ခေါ်နိုင်သည်)
(ယွမ်ချွမ်း မြေမှုန့် - ဤ ထူးခြားသော မူလ ပစ္စည်းကို အလောင်းအတွင်းသို့ ထည့်သွင်းလိုက်ပါက ရုပ်သေး၏ ပျော့ပျောင်းမှုကို မြှင့်တင်ပေးနိုင်သည့်အပြင် ပျံ့နှံ့နေသော သေခြင်းချီများကိုလည်း ဖုံးကွယ်ပေးနိုင်သည်)
ရရှိလာသော ပစ္စည်း နှစ်မျိုးစလုံးမှာ ဝိညာဉ်များကို ဆင့်ခေါ် လမ်းပြပေးနိုင်သော ဂုဏ်သတ္တိများနှင့် ဆက်စပ်နေပေသည်။ ၎င်းက ရုပ်သေးရုပ်များ အပေါ်တွင်လည်း သက်ရောက်မှု ရှိနိုင်မည်မှာ မလွဲပင်။
သူသည် ယွမ်ချွမ်း မြေမှုန့် အနည်းငယ်ကို ယူကာ နတ်ဆိုးအခွံမာ ဂူတစ်ထောင်၏ အလောင်းအတွင်းသို့ ထည့်သွင်းလိုက်ပြီး ဆူး ဈာပန ထုံးစံ၏ အလောင်းနှင့် နှိုင်းယှဉ်ကြည့်လိုက်၏။ မကြာမီမှာပင် သိသာသော ကွာခြားချက် ပေါ်ထွက်လာတော့၏။ ဂူတစ်ထောင်၏ အလောင်းအတွင်း၌ အလွန် သေးငယ်သော သွေးကြောလေးများ ပေါ်ထွက်လာပြီး ၎င်းမှာ အင်မော်တယ် များ၏ သွေးကြောများနှင့်ပင် ဆင်တူနေပေသည်။
၎င်းက ရုပ်သေးကို ပိုမို ပျော့ပျောင်းစေကာ ထိခိုက်ဒဏ်ရာ ရမှုကို လျော့နည်းစေပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို ပိုမို မြန်ဆန်စွာ စုပ်ယူနိုင်စေသည်။ ဤအခြင်းအရာမှာ သေဆုံးခြင်း စာချုပ် ရုပ်သေးရုပ်များအတွက် ကြီးမားသော တိုးတက်မှု ဖြစ်သည်။
ပို၍ အရေးကြီးသည်မှာ ရုပ်သေး၏ ခန္ဓာကိုယ်ပေါ်ရှိ သေခြင်းချီများကို ယွမ်ချွမ်း မြေမှုန့်ဖြင့် ဖုံးကွယ်လိုက်ပြီးနောက် အဝတ်အစားနှင့် ချပ်ဝတ်များ ဝတ်ဆင်ပေးထားပါက သာမန်လူများအနေဖြင့် ခွဲခြားသိမြင်ရန် အလွန် ခက်ခဲသွားမည်။ ၎င်းကို စစ်တပ်ငယ်လေး တစ်ခုအဖြစ်ပင် အသုံးချနိုင်ပေသည်။
“အလောင်းတွေ ထပ်ပြီး စုဆောင်းဖို့ လိုလာပြီ ထင်တယ်...”
ဤ ကိစ္စအတွက် လီယွမ်အနေဖြင့် နယ်စပ်သို့ ကိုယ်တိုင်သွားရန် မလိုအပ်ပေ။ သူသည် ဆဋ္ဌမ ကူနန်းတော်၏ အရှင်သခင်ဖြစ်သူ ယန်ဝူရုန်ထံသို့ ချက်ချင်းပင် စာတစ်စောင် ရေးသား ပေးပို့လိုက်၏။ ကူနန်းတော်၏ သတင်း အချက်အလက် အဖွဲ့အစည်းကို ထိန်းချုပ်ထားသော ဆဋ္ဌမ ကူနန်းတော်အတွက် အလောင်းများ စုဆောင်းပေးရန်မှာ ကလေးကစားစရာမျှသာပင်။
လီယွမ်သည် ယွမ်ချွမ်း မြေမှုန့်များကို သုံးပုံ ပုံလိုက်၏။ ပထမ တစ်ပုံကို ဂူတစ်ထောင်နှင့် ဈာပန ထုံးစံ ရုပ်သေးရုပ်များအတွက် အသုံးပြုမည် ဖြစ်ပြီး ဒုတိယ တစ်ပုံကိုမူ အနာဂတ်အတွက် ချန်ထားမည် ဖြစ်ကာ တတိယ တစ်ပုံကိုမူ အရေအတွက် နှစ်ထောင်ရှိသော ရုပ်သေးစစ်တပ်ကြီး ဖန်တီးရန်အတွက် အသုံးပြုမည်။
...
အချိန်များက တရွေ့ရွေ့ ကုန်လွန်သွားခဲ့လေပြီ။
လအနည်းငယ် ကြာပြီးနောက်တွင် လီယွမ်သည် ပြီးပြည့်စုံသော သေဆုံးခြင်း ရုပ်သေးရုပ်များ ဖြစ်ကြသည့် ဂူတစ်ထောင်နှင့် ဈာပန ထုံးစံတို့ကို ဖန်တီးနိုင်ခဲ့ပြီး ရုပ်သေး စစ်တပ်ကြီးကိုလည်း တစ်ပြိုင်နက်တည်း ပြင်ဆင်နေခဲ့သည်။
နယ်စပ်မှ သတင်းများ ရောက်ရှိလာတော့၏။ ရှန်းဟိုင်ကွမ်တွင် နောက်ထပ် တစ်ကြိမ် သွေးချောင်းစီး တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပြန်လေပြီ။ လီယွမ်မှာ ထိုသတင်းကို သိပ်ပြီး စိတ်မဝင်စားပါချေ။ ရှန်းဟိုင်ကွမ် တိုက်ပွဲမှာ အချိန်တိုအတွင်း ပြီးဆုံးမည် မဟုတ်ကြောင်းကို သူ သိရှိထားသောကြောင့် ဖြစ်သည်။
သို့သော်လည်း မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။
ထိုနေ့တွင် ဝါးတောလေးထဲရှိ ဓား နတ်သမီးသည် သူမ၏ ဓားကို ကောင်းကင်သို့ မြှောက်လိုက်ရာ မိုင်ပေါင်း ထောင်ချီသော နေရာတစ်ခွင်၌ ဆီးနှင်းပွင့်များ ကျဆင်းလာတော့၏။ ဇွန်လ၏ တောက်ပသော နေရောင်အောက်တွင် ကျိုးကုန်း တောင်တန်းကြီးမှာ ထူထပ်သော ဆီးနှင်းများဖြင့် ဖုံးလွှမ်းသွားရသည်။ ထို ထူးဆန်းသော ဖြစ်စဉ်မှာ သုံးရက် တိတိ ကြာမြင့်ခဲ့ပြီးမှ ငြိမ်သက်သွား၏။
[t.n: ယွမ်ချွမ်း ဆိုသည်မှာ ရှေးဟောင်း တရုတ် ဒဏ္ဍာရီလာ သေဆုံးပြီးသူများ သွားရာ အရပ်ရှိ မြစ်ကြီးကို ဆိုလိုပါသည်။]