ဓားနတ်သမီး ၏ ပြန်လည် နိုးထခြင်း
Vol. 21 Ch. 231
သုံးရက် တိုင်တိုင် ဆီးနှင်းများ အဆက်မပြတ် ကျဆင်း ခဲ့ပြီးနောက် မိုင်ပေါင်း ထောင်ချီသော နယ်မြေ တစ်ခွင် တွင် ရေခဲပြင်များ ဖုံးလွှမ်း သွားသည်။ ထို ထူးဆန်းသော သဘာဝ ဖြစ်စဉ်များ ကို ဖုံးကွယ် ထားရန် မဖြစ်နိုင်သလို လီယွမ် သည်လည်း ဖုံးကွယ် ရန် မကြိုးစား ခဲ့ပေ။ ဤအခြင်းအရာကား ဓားနတ်သမီး ၏ ပြန်လည် နိုးထခြင်း ပင် ဖြစ်ပြီး သူမ သည် အစစ်အမှန် ကိုယ်ပိုင် အသိစိတ် ကို ပြန်လည် တွေ့ရှိ သွားခဲ့ပြီ ဖြစ်သည်။
နှင်းပွင့်ကြွေ နတ်ဘုရားဓား သည် တောက်ပသော အလင်းတန်းများ ဖြာထွက် လာပြီး အဝေးမှ ကောင်းကင်ယံ ရှိ ထူးဆန်းသော ဖြစ်စဉ်များ နှင့် ဟန်ချက်ညီညီ တုံ့ပြန် နေ၏။ ဤ မြင်ကွင်း ကို ကြည့်ပြီး လီယွမ် သည် အကြောင်းရင်း ကို အကြမ်းဖျင်း ခန့်မှန်း မိလိုက်၏။ လင်းရှောင် ဓားဂိုဏ်း သည် သင့်တော်သော လူကို ရှာတွေ့ သွားပြီး နတ်ဘုရား ဓား ပေါင်းစပ်ခြင်း အခမ်းအနား ကို စတင် ခဲ့ဟန် တူသည်။ ထို အရာက အိပ်စက် နေသော နှင်းပွင့်ကြွေ နတ်ဘုရားဓား ကို နိုးထ စေခဲ့သလို ဓားနတ်သမီး ၏ ဝိညာဉ် နိုးထမှုကိုလည်း အဆုံးသတ် အဆင့်သို့ ရောက်ရှိ စေခဲ့ခြင်း ဖြစ်သည်။
လီယွမ် သည် သက်ပြင်း တစ်ချက် ကို အသာအယာ ချလိုက်၏။ ဓားနတ်သမီး သည် ပြန်လည် နိုးထ လာခဲ့ပြီ ဖြစ်ရာ လောကကြီး ၏ အမြင်တွင် သူမ သည် သာမန် လူတစ်ယောက် သာ ဖြစ်ပြီး လီယွမ် ၏ ကူကောင် မဟုတ်ပေ။ လင်းရှောင် ဓားဂိုဏ်း နှင့် ကျိုးကုန်း ကူနန်းတော် တို့သည် အမြဲတမ်း ဆက်ဆံရေး ကောင်းမွန်ခဲ့ကြသဖြင့် အင်အားကြီး အဖွဲ့အစည်း နှစ်ခု မှ ပါရမီရှင်များ အတူတကွ ပူးပေါင်း လေ့ကျင့်ကြသည် ဟု ဆိုပါကလည်း ယုတ္တိ ရှိနေသည် မဟုတ်ပါလော။
ထူးဆန်းသော ဖြစ်စဉ်များ တဖြည်းဖြည်း ပျောက်ကွယ် သွားသည်။ ဓားနတ်သမီး သည် ကောင်းကင်ယံ ထက်မှ ကျော့ရှင်းစွာ ဆင်းသက် လာ၏။ လီယွမ် က သူမ ကို စူးစိုက် ကြည့်လိုက်ရာ သူတို့၏ အကြည့်များ ဆုံစည်း သွားကြတော့၏။ ယခု တစ်ကြိမ် တွင်မူ ဓားနတ်သမီး ၏ မျက်လုံးများမှာ ယခင် ကဲ့သို့ ဟာလာဟင်းလင်း ဖြစ်မနေ တော့ဘဲ အသက်ဝင်သော အလင်းတန်းများ ဖြင့် ပြည့်နှက် နေလေပြီ။ သူမ သည် အစစ်အမှန် ဝိညာဉ် ကို ပိုင်ဆိုင် သွားခဲ့ပြီ ဖြစ်သည်။
“လီယွမ်...”
ဓားနတ်သမီး က စတင် စကားပြော လိုက်၏။ သူမ ၏ ကြည်လင်သော အသံလေးမှာ နှင်းပွင့်များ ကြားတွင် ကြွေထည် ပစ္စည်းလေး နှစ်ခု ရိုက်ခတ် သွားသကဲ့သို့ ပင် သာယာ လှပေသည်။
လီယွမ် မှာ အံ့အားသင့် သွားရ၏။ နှစ်ပေါင်း သုံးထောင် ကြာပြီးနောက် ဓားနတ်သမီး ပထမဆုံး ပြောလိုက်သော စကားမှာ သူ၏ နာမည် ဖြစ်နေလိမ့်မည် ဟု သူ လုံးဝ မမျှော်လင့် ထားခဲ့မိပေ။ သူ သည် ဓားနတ်သမီး ကို ကြည့်ရင်း မည်သို့ ပြန်ပြော ရမည်ကို တွေဝေ နေမိသည်။ ယခု အချိန်တွင် သူမ သည် အတိတ်က မှတ်ဉာဏ်များ အားလုံးကို ပြန်လည် ရရှိ သွားပြီလား သို့မဟုတ် အသိဉာဏ် သက်သက် သာ နိုးထ လာခြင်း လား ဆိုသည်ကို သူ မဝေခွဲ တတ်သေးပေ။
လီယွမ် တိတ်ဆိတ် နေသည်ကို မြင်သောအခါ ဓားနတ်သမီး က သူ့ထံသို့ စတင် လျှောက်လှမ်း လာ၏။ သူမ ၏ အဖြူရောင် ဝတ်စုံလေးမှာ လေထဲတွင် ဝဲလွင့် နေပြီး သူမ ၏ ခြေဖျားလေးများ မြေပြင် နှင့် ထိလိုက်တိုင်း ဝန်းကျင် ရှိ ခေါင်းလောင်းလေးများမှာ လေမတိုက်ဘဲ အလိုလို မြည်ဟည်း သွားကြသည်။
“လီ... ယွမ်... ဒါ ရှင့်ရဲ့ နာမည် မဟုတ်လား...”
သူမ က ခေါင်းလေး ကို အသာ စောင်းကာ သူမ ရှေ့မှ လူငယ်လေး ကို ဇဝေဇဝါ ဖြစ်နေသော မျက်လုံးလေးများ ဖြင့် ကြည့်လိုက်၏။ သူမ ၏ သွယ်လျသော လက်ချောင်းလေး များက လေထဲတွင် လှုပ်ရှား လိုက်ရာ ဆီးနှင်းပွင့် လေးများ ဖြင့် စာလုံး နှစ်လုံး ပေါ်ထွက် လာတော့၏။
“ဟုတ်ပါတယ်... ကျွန်တော် လီယွမ် ပါ ” လီယွမ် က ပြုံးလျက် ပြန်ပြော လိုက်၏။
“ဓားနတ်သမီး နဲ့ အခုလို တွေ့ရတာ ဝမ်းသာ ပါတယ် ”
“ကျွန်မ က... ရှင့် ရဲ့... ကူ... လား...”
ဓားနတ်သမီး က စကားလုံး တစ်လုံးချင်းစီ ကို အားယူကာ မေးလိုက်၏။
“မင်းက သီးခြား လူတစ်ယောက် ပါ... လောကမှာ တစ်ဦးတည်းသော ဓားနတ်သမီး ပါပဲ...”
လီယွမ် သည် 'သက်စောင့်ကူ' ဆိုသော နည်းလမ်း ဖြင့် ဓားနတ်သမီး ၏ လွတ်လပ်ခွင့် ကို ပိတ်ပင် ထားရန် ဘယ်သောအခါမျှ ရည်ရွယ်ချက် မရှိခဲ့ပေ။ သူမ နိုးထ လာပြီးနောက်တွင်လည်း သူမ ၏ ရွေးချယ်မှု တိုင်းကို လေးစား သွားမည် ဖြစ်ပြီး သူမ အနားမှာ နေသည် ဖြစ်စေ ထွက်ခွာ သွားသည် ဖြစ်စေ သူ ဝင်ရောက် စွက်ဖက်မည် မဟုတ်ပါချေ။
ရှောင်ချိုက် နှင့် ဝူမေ့ တို့သည်လည်း လီယွမ် ၏ ပခုံး တစ်ဖက်စီ ပေါ်တွင် ပေါ်ထွက် လာကြပြီး ပြန်လည် နိုးထ လာသော ဓားနတ်သမီး ကို သူတို့၏ တောက်ပသော မျက်လုံးလေးများ ဖြင့် စူးစိုက် ကြည့်နေကြသည်။ ကလေးငယ် လေးများ အလား ထို နှစ်ကောင် စလုံးမှာ ဓားနတ်သမီး ပြောင်းလဲ သွားပြီ ဖြစ်ကြောင်း ကို အာရုံခံ သိရှိ နေကြသည်။ သူမ သည် သခင် ပြောဖူးသော 'ချစ်ခင်ရသော မိသားစု' ထဲမှ အူတူတူ မဟုတ်တော့ပေ။
“ကျွန်မ... နာမည်... လိုချင်တယ်...”
ဓားနတ်သမီး ၏ အသံလေးမှာ အနည်းငယ် အက်ရှ နေဆဲ ပင်။
“မင်း ဘယ်လို နာမည် မျိုး လိုချင် လို့လဲ...”
လီယွမ် က သူမ နှင့် ဆက်သွယ် ရန် ကြိုးစား လိုက်၏။ ဓားနတ်သမီး က လက်ညှိုး လေးကို မြှောက်ကာ လီယွမ် ၏ ပခုံးပေါ်ရှိ အကောင်လေး နှစ်ကောင် ကို ညွှန်ပြ လိုက်၏။
“ဝူမေ့..ရှောင်ချိုက်...”
သူမ သည် လီယွမ် နှင့် အတူတကွ ဖြတ်သန်း ခဲ့သော အချိန်များကို ရှင်းလင်းစွာ မှတ်မိ နေဆဲ ပင်။ ထို အတွေ့အကြုံများ အားလုံးမှာ သူမ ၏ မှတ်ဉာဏ် ထဲတွင် ရှိနေပေသည်။
လီယွမ် မှာ အနည်းငယ် အနေခက် သွားရ၏။ သူ သည် ယခင်က ဓားနတ်သမီး ကို အူတူတူ လေး တစ်ယောက် ကဲ့သို့ တကယ် ပင် ဆက်ဆံ ခဲ့သည် မဟုတ်ပါလော။ သူ စကား မပြောနိုင်မီ မှာပင် ဓားနတ်သမီး က လီယွမ် နှင့် ပိုမို နီးကပ် အောင် အရှေ့သို့ တိုးလာပြီးနောက် သူမ ၏ လက်လေးများကို ဖြန့်ကာ သူ့ကို ညင်သာစွာ ပွေ့ဖက် လိုက်၏။ အေးစက်သော လက်ဖျားလေးများ က လီယွမ် ၏ ပူနွေးသော ကျောပြင် ပေါ်သို့ ထိကပ် သွားသည်။
လီယွမ် ၏ ရင်ခုန်သံများမှာ မိုးခြိမ်းသံ ကဲ့သို့ ပင် ကျယ်လောင် နေတော့၏။ ဓားနတ်သမီး ဘာကို ဆိုလိုသည် ကို သူ နားလည် လိုက်လေပြီ။ သူမ သည် အသိစိတ် နိုးထ လာခဲ့ပြီ ဖြစ်သော်လည်း အချို့သော အပြုအမူများမှာ 'သက်စောင့်ကူ' ၏ လွှမ်းမိုးမှု ရှိနေဆဲ ပင်။ ဓားနတ်သမီး သည် ဝူမေ့ နှင့် ရှောင်ချိုက် တို့ ကဲ့သို့ နာမည် တစ်ခု လိုချင် နေခြင်း ဖြစ်၏။ လီယွမ် ၏ ကံကြမ္မာ နှင့် ဆက်နွှယ် နေပြီး သူတို့ အတွက် သီးသန့် ဖြစ်သော နာမည် တစ်ခု ကို သူမ အလိုရှိ နေခြင်း ပင်။
“ငါ စဉ်းစား ပေးပါ့မယ်...”
လီယွမ် က ဓားနတ်သမီး ကို နေရာ ချပေး လိုက်ရာ သူမ ၏ စိတ်ခံစားချက်များမှာ တဖြည်းဖြည်း တည်ငြိမ် သွားသည်။ သူ က ဓားနတ်သမီး ကို မေးလိုက်၏။
“ရှင် ဘယ်သူ လဲဆိုတာ မှတ်မိ သေးလား... လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင် က အရာတွေကိုရော မှတ်မိ ရဲ့လား...”
“ကျွန်မ က...”
ဓားနတ်သမီး က အသည်းအသန် ပြန်လည် စဉ်းစား သည်။
“ကျွန်မ က... ယွမ်ရှုရဲ့ သမီး... ယွမ်ရွှယ်... ကျွန်မ အဖေ က ချီမင်... သူတို့... အားလုံး သေကုန် ကြပြီ...”
သူမ သည် ကျိုးကုန်း တောင်တန်းကြီး ၏ နက်ရှိုင်းသော နေရာ ဆီသို့ စူးစိုက် ကြည့်ရင်း အတွေးနက် သွားသည်။
“အဖေ က အဲဒီမှာ ရှိနေတယ်... ကျွန်မ သူ့ကို မြင်ခဲ့တယ်...”
“အမေ ကတော့ ဒီမှာ...”
ဓားနတ်သမီး က အဝေးမှ အလယ်ပိုင်း လွင်ပြင် ဆီသို့ ပြန်လည် ကြည့်လိုက်ပြီး ပြောလိုက်၏။
“လီယွမ်... ကျွန်မ အိမ်ပြန် ချင်တယ်... အမေ ကို တွေ့ချင်တယ်...”
လီယွမ် ၏ ရင်ထဲတွင် ရုတ်တရက် နာကျင် သွားရ၏။ လောကကြီး ကတော့ ဓားနတ်သမီး ကို ကြီးမြတ်သော ပညာရှင် ကမ္ဘာမြေသို့ ဆင်းသက် လာသော နတ်သမီး အပြစ်အနာအဆာ ကင်းစင်သော အမျိုးသမီး တစ်ဦး အဖြစ် ရှုမြင် ကြပေလိမ့်မည်။ သို့သော် အစစ်အမှန် ဓားနတ်သမီး မှာမူ ရဲရင့်သော နှလုံးသား ဖြင့် စစ်မြေပြင် သို့ ထွက်ခွာ သွားခဲ့ပြီး မိခင် နိုင်ငံ ၏ နယ်စပ် တွင် ကျဆုံး ခဲ့ရသော ဘဝ ၏ အိပ်မက်များ မပြည့်ဝ ခဲ့သော မိန်းကလေး ငယ်လေး တစ်ဦး သာပင်။
ဓားနတ်သမီး က “အိမ်ပြန် ချင်တယ်” ဟု ပြောလိုက်သော အခါ လီယွမ် ၏ စိတ်နှလုံးကို ထိခိုက် သွားရ၏။
“ငါ့ ရဲ့ အိမ်ကလည်း အလယ်ပိုင်း လွင်ပြင် မှာပဲ လေ... နောက်မှ အတူတူ ပြန်ကြတာ ပေါ့... ခဏလောက် ထပ်စောင့် ပေးနိုင် မလား ”
ဓားနတ်သမီး က ခေါင်းညိတ် ပြလိုက်၏။
သူမ က နှင်းပွင့်ကြွေ နတ်ဘုရားဓား ကို နောက်တစ်ကြိမ် မြှောက်လိုက်ပြီး... “ဒါလည်း... ကျွန်မတို့ နဲ့ အတူ... အိမ်ပြန်မယ်...” ဟု ပြောလိုက် ပြန်သည်။
နှစ်ပေါင်း သုံးထောင် တိုင်အောင် တိတ်ဆိတ် နေခဲ့ရသဖြင့် ဓားနတ်သမီး သည် အရာများစွာ ကို မေ့လျော့ နေခဲ့ပြီ ဖြစ်သည်။ အိမ်ပြန်ခြင်း နှင့် နှင်းပွင့်ကြွေ ဓား ကို မူလ နေရာသို့ ပြန်လည် ပို့ဆောင်ခြင်း မှာ သူမ ၏ တစ်ခုတည်းသော စွဲလမ်းမှု ပင်။
လီယွမ် နှင့် ဓားနတ်သမီး တို့သည် ကံကြမ္မာ ချင်း ဆက်နွှယ် နေသဖြင့် အချို့သော အရာများကို ထုတ်ဖော် ပြောရန် မလိုဘဲ သူ ခံစား သိရှိ နိုင်သည်။ ဓားနတ်သမီး ၏ ဓား သိုင်းကွက်များမှာလည်း အပြည့်အဝ ရှင်းလင်း ခြင်း မရှိသေးပေ။ အထွတ်အထိပ် သို့ ရောက်ရှိ ရန်အတွက် သူမ သည် လင်းရှောင် ဓားဂိုဏ်း သို့ ပြန်သွား ရမည် ဖြစ်ပြီး အတွင်းစိတ် မှ ပဋိပက္ခ များကို ဖြေရှင်း ကာ နောက်ဆုံး အဆင့် ပြောင်းလဲမှုကို ပြီးမြောက် ရမည်။
သို့သော် ယခု အချိန်မှာ ပြန်သွား ရန် အချိန် မဟုတ်သေးပေ။ ဓားနတ်သမီး ၏ နိုးထမှုကို လင်းရှောင် ဓားဂိုဏ်း သာမကဘဲ ရည်မှန်းချက် ကြီးမားသော လူများစွာ ကလည်း စောင့်ကြည့် နေကြမည် ဖြစ်ကြောင်း ကို လီယွမ် ကောင်းစွာ သိရှိ ထားပေသည်။ လူများစွာ အတွက်မူ နှစ်ပေါင်း သုံးထောင် ကြာမှ ပြန်လည် နိုးထ လာခြင်း ဆိုသည်မှာ အင်မော်တယ် ဖြစ်ခြင်း ၏ သော့ချက် တစ်ခု အလား ဖြစ်နေသည် ။ ဓားနတ်သမီး သာ လူသိ ရှင်ကြား ထွက်ပေါ် လာပါက နတ်ဆိုး အိုကြီးများ က သူမ ကို အန္တရာယ် ပေးရန် ကြိုးစား ကြမည်မှာ မြေကြီး လက်ခတ် မလွဲ ပင်။
“ထားလိုက်ပါတော့... ဘာလို့ အများကြီး တွေးနေ ရမှာလဲ...”
လီယွမ် က ဂရုမစိုက် သည့် ဟန်ဖြင့် ပြုံးလိုက်၏။ ဓားနတ်သမီး သည် သူ၏ ကံကြမ္မာ ဖြစ်နေဆဲ ပင်။ ကူ လမ်းစဉ် စာချုပ် ချုပ်ဆို ခဲ့သည့် အချိန်မှစ၍ သူတို့၏ ကံကြမ္မာမှာ ဆက်နွှယ် သွားခဲ့ပြီ ဖြစ်သည်။ သူတို့သည် သေအတူ ရှင်မတူ သစ္စာပြု ထားကြသဖြင့် ဤ ဘဝ တွင်တော့ မည်သည့် အရာကမျှ ပြောင်းလဲ နိုင်မည် မဟုတ်ပေ။
“မင်းကို ဓားနတ်သမီး လို့ပဲ အမြဲ ခေါ်နေရတာ ကတော့ မသင့်တော် ပါဘူး... ဒါပေမဲ့ မင်း နာမည် အစစ် နဲ့ ခေါ်ရတာ ကလည်း နည်းနည်း တော့ စိမ်းနေသလိုပဲ... ဘယ်လို ခေါ်ရ မလဲ...”
လီယွမ် က ဓားနတ်သမီး ကို ကြည့်လိုက်၏။ ဓားနတ်သမီး ကလည်း သူ့ကို ပြန်ကြည့် နေ၏။
“အင်း... မင်းက နည်းနည်း တော့ အူတူတူ လေး ဖြစ်နေတုန်းပဲ...”
ဓားကို အသုံး မပြု သည့် အချိန် တွင် သူမ ၏ စိတ်များမှာ အမြဲတမ်း ငေးမော နေတတ်သည် မဟုတ်ပါလော။
“ဒါဆို မင်းကို တိုင်းတိုင်း လို့ပဲ ခေါ်မယ်... မျိုးရိုး နာမည် ထည့်ရင်လည်း ရတာပဲ... ယွမ်တိုင်းတိုင်း ပေါ့... ဘယ်လိုလဲ” လီယွမ် က ရယ် လျက် ပြောလိုက်၏။
“ကျွန်မ... လား...”
ဓားနတ်သမီး က သူမ ကိုယ်သူမ လက်ညှိုး ထိုးကာ “တိုင်းတိုင်း...” ဟု လိုက်ဆို သည်။ သူမ သည် ထို နာမည် သစ် ကို သဘောကျ နှစ်သက် နေပုံ ရ၏။
“ဒါနဲ့... မင်းရဲ့ မျိုးဆက်တွေ က မင်းကို လာရှာ ရင် မင်း ဘယ်လို လုပ်မလဲ...”
လီယွမ် က မေးလိုက်၏။
မကြာမီ မှာပင် လင်းရှောင် ဓားဂိုဏ်း မှ လူများမှာ သူတို့ ထံသို့ သေချာပေါက် ရောက်လာ ကြတော့မည်။
“ကျွန်မ.. သူတို့ စကားကို နားမထောင် ဘူး...”
ဓားနတ်သမီး က လီယွမ် ၏ လက်မောင်း ကို ဆွဲကိုင် ကာ အလေးအနက် ပြောလိုက်၏။
“လီယွမ် ရဲ့ စကား ကိုပဲ နားထောင် မယ်...”
“ရွေးချယ်မှု ကတော့ အတော်လေး ကောင်းတယ် ”
လီယွမ် က လက်မ ထောင်ပြ လိုက်ပြီး
“ဒါပေမဲ့ ပြင်ပ လူတွေ ရှေ့မှာ ဆိုရင်တော့ မင်း ခပ်တည်တည် နေရမယ်... ခပ်တည်တည် နေတယ် ဆိုတာ ဘာလဲ သိလား...”
ဓားနတ်သမီး က လီယွမ် ၏ လက်မောင်း ကို ချက်ချင်း လွှတ်လိုက်ပြီး ဆီးနှင်းများ ကြားတွင် မာန်ပါပါ မတ်တပ် ရပ်လိုက်၏။ လေပြေ အေးလေး က သူမ ၏ ဆံနွယ် များကို ဝဲလွင့် သွားစေသည်။ သူမ ၏ မျက်နှာ အမူအရာ မှာလည်း လောက ကြီးကို အထင်သေး သည့် ဟန်ဖြင့် တည်ငြိမ် အေးစက် သွားတော့၏။
“မဆိုးဘူး... မဆိုးဘူး... ကွက်တိပဲ ”
လီယွမ် က လက်ခုပ်တီး ကာ ပြောလိုက်၏။
“လူတွေ ရှေ့မှာ ဆိုရင်တော့ မင်းက မာန်ပါတဲ့ ဓားနတ်သမီး ပေါ့... ငါကတော့ မင်း ရဲ့ အစေခံ လေး ပေါ့... နားလည် လား ”
ဓားနတ်သမီး က မျက်မှောင် အနည်းငယ် ကုတ်ကာ လီယွမ် ပြောသော စကားကို နားလည်အောင် ကြိုးစားနေလေသည်။
“လူတွေ ရှိရင် ခပ်တည်တည် နေရမယ်... လီယွမ် နဲ့ နီးနီးကပ်ကပ် မနေရဘူး...”
“လူ မရှိရင်တော့ အတူတူ အိပ်မယ်... အတူတူ စားမယ်... ဖက်ထားမယ်... အဲဒီလို... ဟုတ်လား...”
[t.n : သက်စောင့်ကူဆိုသည်မှာ ကူ သခင် တစ်ဦး ၏ အသက်ဝိညာဉ် နှင့် တိုက်ရိုက် ဆက်နွှယ် နေသော အဓိက ကူ ကောင် ကို ဆိုလိုပါသည်။