တိမ်လွှာများကြား.. ဝေဝေဝါးဝါး
Vol. 21 Ch. 232
ဓားနတ်သမီး၏ နားလည်မှုမှာ အနည်းငယ် လွဲချော်နေပုံ ရ၏။ သူမ၏ အတွေးအခေါ်များမှာ မိမိကိုယ်ကို သက်စောင့်ကူ တစ်ကောင်အဖြစ်သာ သတ်မှတ်ထားဆဲ ဖြစ်ပြီး ရှောင်ချိုက် သို့မဟုတ် ဝူမေ့တို့နှင့်သာ အမြဲတမ်း နှိုင်းယှဉ်နေမိ၏။
လီယွမ်က အားကိုးရာမဲ့စွာ ပြုံးလိုက်ရင်း
“အင်း... အကြမ်းဖျင်းတော့ အဲဒီလိုပါပဲ...”
ဓားနတ်သမီးအား လူမှုပတ်ဝန်းကျင်အကြောင်း သင်ကြားပြသပေးရန်အတွက် အချိန်အနည်းငယ် ယူရဦးမည်။ ဝိညာဉ် ဆင့်ကဲနိုးထလာမှုနှင့်အတူ ကိုယ်ပိုင်အသိစိတ်များ ရှိလာသော်လည်း ထိုအသိစိတ်မှာ လီယွမ်ကိုသာ ဗဟိုပြုနေဆဲပင် ဖြစ်၏။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူမသည် အတိတ်က အကြောင်းအရာများကို ပိုမိုမှတ်မိလာမည်မှာ သေချာလှပေသည်။ ယခုအခါတွင်မူ ဝိညာဉ်နိုးထစ အဆင့်သာ ရှိသေးသဖြင့် လီယွမ်အပေါ် မှီခိုနေခြင်းမှာ သဘာဝကျလှသည်။
ထိုအချိန်တွင် ကျိုးကုန်း တောင်တန်းကြီး၏ အထက်ကောင်းကင်ယံ၌ အလင်းတန်း သုံးခုမှာ လျှပ်ခနဲ ဖြတ်သန်းသွားသည်။
“ဒီနှင်းဖုံးနေတဲ့ ရှုခင်းရဲ့ ဗဟိုချက်က ဒီနေရာပဲ...”
အလင်းတန်းများ ရပ်တန့်သွားချိန်တွင် ပုံရိပ် သုံးခု ပေါ်ထွက်လာတော့၏။ ထိုသူများမှာ လင်းရှောင် ဓားဂိုဏ်းမှ ဂိုဏ်းချုပ် ယွင်မိုဝမ်၊ ကျိုးဝူပင်းနှင့် ပန်းဓားအင်မော်တယ် ဖူချူတို့ ဖြစ်ကြသည်။
“ဒီနေရာက... ရင်းနှီးနေသလိုပဲ...”
ကျိုးဝူပင်း၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာတော့၏။
“အဲဒါကတော့...”
ယွင်မိုဝမ်၏ နဖူးပေါ်တွင်လည်း စိတ်အနှောင့်အယှက်ဖြစ်ရသည့် အစင်းကြောင်းများ ပေါ်လာ၏။
ပန်းဓားအင်မော်တယ် ဖူချူက နားမလည်နိုင်စွာဖြင့် မေးလိုက်တော့သည်။
“ရှင်တို့ ဒီကို ခဏခဏ လာဖူးလို့လား...”
“ခဏခဏတော့ မဟုတ်ပါဘူး... ဒါပေမဲ့ ဒီမှာ မိတ်ဆွေဟောင်း တစ်ယောက် ရှိတယ်လေ...”
ယွင်မိုဝမ်မှာ ရလဒ်ကို အကြမ်းဖျင်း ခန့်မှန်းမိနေပုံ ရ၏။ ကျိုးဝူပင်းကတော့ စကားတစ်ခွန်းမှ မဟရဲဘဲ ငြိမ်နေတော့၏။
“ဒါဆိုရင်လည်း အောက်ဆင်းပြီး တစ်ချက်လောက် ကြည့်ကြတာပေါ့...”
ဖူချူကတော့ တစ်ဖက်တွင် အလွန်ပင် စိတ်လှုပ်ရှားကာ တွေ့ချင်နေပုံ ရ၏။ သူတို့ သုံးဦးမှာ မြေပြင်သို့ ဆင်းသက်လိုက်ကြပြီး အမှတ် (၁၂) ဂူစံအိမ်၏ အဝင်ဝသို့ ရောက်ရှိလာကြ၏။ အစောင့်များထံမှတစ်ဆင့် သူတို့ ရောက်ရှိလာကြောင်း အကြောင်းကြားခိုင်းလိုက်၏။
ဝါးတောလေး အတွင်း၌မူ။
“သူတို့ကို ဝင်ခိုင်းလိုက်ပါ...”
လီယွမ်မှာ အရာအားလုံးကို ကြိုတင်တွက်ဆထားပြီး ဖြစ်သည်။ လင်းရှောင် ဓားဂိုဏ်း၏ နတ်ဘုရားဓား ပေါင်းစပ်ခြင်း နည်းစနစ်က နှင်းပွင့်ကြွေနတ်ဘုရားဓားကို နိုးထစေခဲ့သလို ဓားနတ်သမီး၏ ဝိညာဉ်ကိုလည်း နောက်ဆုံးအဆင့်အထိ နိုးထလာအောင် လှုံ့ဆော်ပေးခဲ့သည် မဟုတ်ပါလော။ ထိုထူးဆန်းသော သဘာဝဖြစ်စဉ်များကို တားဆီးရန် မဖြစ်နိုင်ပေ။
အပြင်လူများက ဘာတွေဖြစ်ပျက်နေမှန်း အတိအကျ မသိနိုင်သော်လည်း လင်းရှောင် ဓားဂိုဏ်းကတော့ ဖုံးကွယ်ထား၍ ရမည်မဟုတ်ပေ။ လီယွမ်အနေဖြင့်လည်း ဤကိစ္စကို ဆိုးရွားသည်ဟု မယူဆပါချေ။ သူ အားနည်းစဉ်က အချို့သော အရာများမှာ သူ့အတွက် ပြစ်မှုတစ်ခုလို ဖြစ်နေခဲ့သော်လည်း ယခုတော့ မတူတော့ပေ။ သူသည် လင်းရှောင် ဓားဂိုဏ်းနှင့် ရင်ဘောင်တန်းကာ ဆွေးနွေးနိုင်သည့် အင်အားကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။ ထို့အပြင် ဓားနတ်သမီးမှာလည်း တစ်နေ့တွင် လင်းရှောင် ဓားဂိုဏ်းသို့ ပြန်သွားရမည်မှာ ရှောင်လွှဲ၍ မရနိုင်သော ကံကြမ္မာပင်။
ဝါးတော၏ အပြင်ဘက်မှနေ၍ ပုံရိပ် သုံးခုမှာ ယှဉ်တွဲ၍ လျှောက်လှမ်းလာကြသည်။ ယခုတစ်ကြိမ်တွင် ဓားနတ်သမီးမှာ ပုန်းကွယ်နေခြင်း မရှိပေ။ သူမသည် ခြံဝန်းအတွင်းရှိ ခုံလေးပေါ်တွင် တည်ငြိမ်အေးဆေးစွာ ထိုင်နေပြီး ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပနေ၏။
အဖြူရောင် ဝတ်စုံနှင့် ပုံရိပ်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ယွင်မိုဝမ်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်သွားပြီး သူ၏ ကျောပေါ်ရှိ လင်းရှောင် ဓားသေတ္တာမှာလည်း အဆက်မပြတ် မြည်ဟည်းလာတော့၏။
ပန်းဓားအင်မော်တယ် ဖူချူမှာလည်း မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေမိ၏။ ဓားနတ်သမီး၏ အလှတရားကြောင့် အံ့အားသင့်ရသလို နှစ်ပေါင်း သုံးထောင်ကြာ အိပ်စက်ခြင်းမှ နိုးထလာသည့် ဒဏ္ဍာရီမှာ သူမမျက်စိရှေ့တွင် အမှန်တကယ် ဖြစ်လာသဖြင့် မှင်သက်နေမိခြင်း ဖြစ်သည်။ ကျိုးဝူပင်းကတော့ ခေါင်းငုံ့ထားရင်း ဂိုဏ်းချုပ်နှင့် ဖူချူတို့၏ အနောက်သို့ တိတ်တဆိတ် ဆုတ်ခွာနေတော့၏။
ယွင်မိုဝမ်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေကာ ဝင်းခြံအတွင်းသို့ အမြန် တိုးဝင်သွားသည်။
“ဒုန်း...”
သူသည် တုန်တုန်ယင်ယင်ဖြင့် ဒူးထောက်လိုက်ပြီး ဦးခေါင်းကို မြေကြီးနှင့် ထိသည်အထိ ဦးချလိုက်၏။
“ဂိုဏ်းသား ယွင်မိုဝမ်က... ဘိုးဘေးကြီးကို ဂါရဝ ပြုပါတယ် ”
“ဘိုးဘေးကြီးကို ဂါရဝ ပြုပါတယ်...”
ကျိုးဝူပင်းသည်လည်း အသာလေး လိုက်၍ ဦးချလိုက်၏။ ဖူချူကမူ လက်နှစ်ဖက်ကို ယှက်ကာ
“ဂျူနီယာ ဖူချူက... ဓားနတ်သမီးကို ဂါရဝ ပြုပါတယ်...” ဟု နှုတ်ဆက်လိုက်၏။
ဓားနတ်သမီးမှာမူ မည်သည့် တုံ့ပြန်မှုမှ မရှိဘဲ တိတ်ဆိတ်စွာပင် ထိုင်နေလေ၏။ ယွင်မိုဝမ်မှာ လွန်စွာ ထိတ်လန့်နေသဖြင့် မလှုပ်ဝံ့ဘဲ ရှိနေတော့၏။ ဘိုးဘေးကြီး၏ စိတ်ထဲတွင် ဘာတွေတွေးနေမှန်း မသိသဖြင့် သူသည် ထိုအတိုင်းသာ ဦးညွှတ်ထားရလေ၏။ ကျိုးဝူပင်းမှာလည်း အခြေအနေကို မသိသဖြင့် အသက်ပင် မရှူရဲဘဲ ငြိမ်နေရတော့၏။
ဘိုးဘေးကြီး၏ လက်ရှိ အခြေအနေက ဘယ်လိုလဲဆိုတာ ဘယ်သူမှ မသိကြပေ။ ခွင့်ပြုချက်မရှိဘဲ လာရောက်နှောင့်ယှက်မိသဖြင့် သူတို့ကို အပြစ်တင်နေခြင်းလား။ သို့မဟုတ် လင်းရှောင် ဓားဂိုဏ်းတွင် ဆက်ခံမည့်သူ မရှိတော့သဖြင့် စိတ်ပျက်နေခြင်းလား။
ပန်းဓားအင်မော်တယ် ဖူချူပင်လျှင် စတင် စိုးရိမ်လာရ၏။ လီယွမ်က ထိုအခြေအနေကို သတိပြုမိလိုက်ပြီး ဓားနတ်သမီးထံသို့ စိတ်ချင်းဆက်သွယ်ကာ အမြန် မှာကြားလိုက်၏။
'တိုင်းတိုင်း... ငါ မင်းကို ခပ်တည်တည် နေပါလို့ ပြောတာက... ဘာမှ မပြောဘဲ အမြဲတမ်း ငြိမ်နေဖို့ မဟုတ်ဘူးလေ... တစ်ခုခု ပြောလိုက်ဦး...'
ထိုအခါမှ ဓားနတ်သမီး၏ မျက်လုံးများမှာ အရောင်လက်သွားတော့၏။
'နားလည်ပြီ...'
“ကျိ...”
သူမက အသံတစ်သံ ပြုလိုက်၏။
“.........”
ဦးညွှတ်ထားသော ယွင်မိုဝမ်မှာ တုန်တက်သွားရတော့၏။
ကျိ... ဟုတ်လား အဲဒါက ဘာအဓိပ္ပာယ်လဲ။ ဘိုးဘေးကြီးက ဘာကို ဆိုလိုတာလဲ။
ကျိုးဝူပင်းမှာလည်း ဇဝေဇဝါ ဖြစ်သွားရ၏။ ဘိုးဘေးကြီးက တစ်မျိုးကြီး ဖြစ်နေသလိုပင်။ ဖူချူကတော့ လင်းရှောင် ဓားဂိုဏ်းတွင် တစ်ခုခုသော လျှို့ဝှက်အချက်ပြမှုများ ရှိနေသလားဟု တွေးတောနေမိတော့၏။
လီယွမ်မှာ စိတ်မရှည်တော့ဘဲ
'ငါ မင်းကို အသံမြည်ခိုင်းတာ မဟုတ်ဘူးလေ... စကားပြောခိုင်းတာ... ဘိုးဘေးကြီး တစ်ယောက်ရဲ့ အရှိန်အဝါကို ထုတ်ပြပြီး ပြဿနာကို ဖြေရှင်းလိုက်တော့...'
ဓားနတ်သမီး၏ မျက်လုံးများမှာ ပြန်လည် တောက်ပလာပြန်သည်။
“ထွက်သွားကြ...”
သူမက စကားတစ်လုံးတည်းကိုသာ ပြောလိုက်လေ၏။ တစ်ဝင်းခြံလုံးရှိ လေထုမှာ ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရတော့၏။
“ဘိုးဘေးကြီး... ခွင့်လွှတ်ပေးပါ ”
ယွင်မိုဝမ်မှာ အလွန်အမင်း ထိတ်လန့်သွားပြီး အကြိမ်ကြိမ် တောင်းပန်လေတော့၏။
“ကျွန်တော်မျိုးက... ဘိုးဘေးကြီးရဲ့ ကျင့်ကြံမှုကို လာရောက်နှောင့်ယှက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး .. စိုးရိမ်လွန်းလို့သာ လာခဲ့တာပါ... အကယ်၍ ကျွန်တော်တို့ကို မတွေ့ချင်ဘူး ဆိုရင်လည်း... အခုပဲ ပြန်ပါ့မယ် ”
သူ၏ အသံမှာ တုန်ယင်နေ၏။ နောက်ထပ် သုံးကြိမ်တိုင်တိုင် ဦးချလိုက်ပြီးနောက် သူသည် ဝင်းခြံအတွင်းမှ ချက်ချင်းပင် ထွက်ခွာသွားတော့၏။ ကျိုးဝူပင်းနှင့် ဖူချူတို့လည်း နောက်မှ အမြန် လိုက်သွားကြလေ၏။
လီယွမ်မှာတော့ ဆွံ့အကာ ကျန်ရစ်ခဲ့သည်။ တိုင်းတိုင်း ဟူသော အမည်နှင့် တကယ်ကို လိုက်ဖက်လှပေသည်။ ဓားနတ်သမီးမှာ စကားလက်ဆင့်ကမ်းရာတွင် ပါရမီရှင် တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။ မဟုတ်သေးဘူး... မင်း အဲဒီစကားကို ဘယ်သူ့ဆီက သင်လာတာလဲ။ လီယွမ်အနေဖြင့် 'ထွက်သွား' ဆိုသော စကားကို ရစ်ပတ်နတ်ဘုရားကူနှင့် တိုက်ခိုက်နေချိန်မှလွဲ၍ ပြောခဲလှသည် ။ ဓားနတ်သမီးမှာ သင်ယူနိုင်စွမ်း အလွန် မြင့်မားနေပြီး အရေးကြီးသော အချက်များကိုသာ ရွေးချယ် သင်ယူနေပုံ ရ၏။
“လီယွမ်... အဲဒီလို ပြောရမှာ မဟုတ်လား...”
ဘယ်သူမှ မရှိတော့သည့် အချိန်တွင် ဓားနတ်သမီးက သူမ၏ ဉာဏ်ကောင်းမှုကို ထုတ်ပြသည့်အနေဖြင့် အူတူတူ အပြုံးလေးဖြင့် မေးလိုက်၏။
“အင်း...”
လီယွမ်က အနေခက်စွာ ပြုံးလိုက်ရင်း
“အရှိန်အဝါကတော့ ရပါတယ်... ဒါပေမဲ့ အခြေအနေနဲ့ အချိန်အခါကိုတော့ မင်း သေချာ မသိသေးဘူးပဲ... နည်းနည်းတော့ ပြောင်းလွယ်ပြင်လွယ် ရှိဖို့ လိုသေးတယ်...”
...
ခြံဝန်း၏ အပြင်ဘက်တွင်မူ
ယွင်မိုဝမ်၊ ကျိုးဝူပင်းနှင့် ဖူချူတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ဝါးတောအပြင်ဘက်သို့ ရောက်မှသာ စကားပြောရဲကြတော့၏။
“ဘာတွေ ဖြစ်နေတာလဲ...”
ဖူချူက အရင်ဆုံး မေးလိုက်၏။
“ကျွန်တော်လည်း မသိတော့ဘူး ”
ယွင်မိုဝမ်က ခါးသီးစွာ ပြုံးလိုက်ရင်း
“ဂိုဏ်းရဲ့ သမိုင်းမှတ်တမ်းတွေအရတော့... ဘိုးဘေးကြီးက ထူးခြားတဲ့ ပါရမီရှင် တစ်ယောက် ဖြစ်ပေမယ့်... ဒီလောက်အထိ မာနကြီးပြီး စိမ်းကားတဲ့သူ မဟုတ်ပါဘူး .. ဖြစ်နိုင်တာက... ဘိုးဘေးကြီး အနေနဲ့ ခန္ဓာကိုယ်သစ်နဲ့ အသားမကျသေးတာများလား...”
သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရ၏။ ဖူချူက ဆက်ပြောလိုက်၏။
“ကျွန်မ သိချင်တာကတော့... ဓားနတ်သမီးရဲ့ ဘေးမှာရှိတဲ့ ကောင်လေးက ဘယ်သူလဲ ဆိုတာပဲ...”
“သူက ကျိုးကုန်း ကူနန်းတော်ရဲ့ ပါရမီရှင် တပည့် တစ်ယောက်ပါ... နာမည်က လီယွမ် တဲ့...”
ယွင်မိုဝမ်မှာ ဓားနတ်သမီးနှင့် လီယွမ်တို့ကြားတွင် ထူးခြားသော ဆက်ဆံရေး တစ်ခု ရှိနေသည်ဟု အမြဲ ခံစားနေရ၏။ ကူ သခင် တစ်ယောက်က ဤမျှလောက် ထူးခြားသော ဓားသိုင်းပါရမီ ရှိနေပြီး လင်းရှောင် ဓားသေတ္တာကို အလွယ်တကူ ဖွင့်နိုင်ခြင်းမှာ အလွန်ပင် ထူးဆန်းလှသည် ။
“ကျွန်မ ခံစားမိတာကတော့... ဓားနတ်သမီးက ရှင်တို့ထက်စာရင် အဲဒီ ကူနန်းတော်က ကောင်လေးနဲ့ ပိုပြီး ရင်းနှီးနေသလိုပဲ...” ဟု ဖူချူက ပြောလိုက်၏။
“ဖြစ်နိုင်တာကတော့ ကူနန်းတော်က ဘိုးဘေးကြီးကို ဘဝသစ် တစ်ခု ပေးခဲ့လို့ ဖြစ်မှာပါ...”
ယွင်မိုဝမ်က မျက်လုံးများကို မှေးစင်းလိုက်ရင်း
“နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုကတော့... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကူအင်မော်တယ် လျှို့ဝှက်နယ်မြေထဲကနေ ဘိုးဘေးကြီးရဲ့ ရုပ်ကလာပ် ပျောက်ဆုံးသွားတာဟာ... လီယွမ်နဲ့ ပတ်သက်နေနိုင်တာပဲ...”
ယခု အခြေအနေနှင့် အတိတ်က အကြောင်းအရာများကို ဆက်စပ်ကြည့်လိုက်သောအခါ လျှို့ဝှက်ချက်များမှာ တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေတော့၏။ ဓားနတ်သမီး နိုးထလာခြင်းမှာ လီယွမ်ကြောင့် ဖြစ်နိုင်ခြေ အလွန် များလှပေသည်။ သို့သော်လည်း အစပိုင်းတွင် သူတို့ မှားယွင်းစွာ ကောက်ချက်ချမိခဲ့ကြ၏။ ဓားနတ်သမီး၏ ရုပ်ကလာပ်မှာ ခိုးယူခံရခြင်း မဟုတ်ဘဲ ပြန်လည် နိုးထလာခြင်းသာ ဖြစ်ပြီး လီယွမ်က ထိုလုပ်ငန်းစဉ်တွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့ခြင်း ဖြစ်ရပေမည်။ ထို့ကြောင့်လည်း လင်းရှောင် ဓားသေတ္တာက လီယွမ်ကို ငြင်းပယ်ခြင်း မရှိဘဲ လက်ခံခဲ့ခြင်း ဖြစ်သည်။
အတိတ်တွင် ဘာတွေ အတိအကျ ဖြစ်ပျက်ခဲ့သလဲ ဆိုသည်ကိုတော့ မည်သူမျှ မသိနိုင်ကြပါချေ။ ကူအင်မော်တယ်၏ စိတ်ဆန္ဒကို မေးမြန်းကြည့်မှ သို့မဟုတ် လီယွမ်နှင့် ဓားနတ်သမီးတို့ ကိုယ်တိုင် အမှန်အတိုင်း ပြောမှသာ သိရပေလိမ့်မည်။ ကျိုးဝူပင်းကတော့ တိတ်ဆိတ်စွာပင် နေနေ၏။
သူ ဘာမှ ပိုမပြောရဲပါချေ။ စီနီယာအစ်ကို လီယွမ်တွင် လျှို့ဝှက်ချက်များစွာ ရှိနေသည် မဟုတ်ပါလော။ ဓားနတ်သမီး တစ်ယောက်တည်းနှင့်သာ မကဘဲ အခြားသော ဆက်နွှယ်မှုများစွာလည်း ရှိနေနိုင်ပေသည်။ လောကကြီးကို တုန်လှုပ်စေမည့် အခြားသော ကိုယ်ပိုင်လက္ခဏာ တစ်ခုလည်း ရှိနေနိုင်သေးသည် ။ ကူ လမ်းစဉ်၏ ပါရမီရှင် ချီလင်မှာ လီယွမ် ဖြစ်နိုင်ခြေမှာလည်း အလွန် မြင့်မားနေသည် ။ တောင်နက်ကြီးထဲတွင် အခြေချနေထိုင်သော ဤလူမှာ တကယ့်ကို ကြောက်စရာ ကောင်းလှပေသည်။
“ဝူပင်း... မင်း ဘယ်လို ထင်လဲ...”
ယွင်မိုဝမ်က တိတ်ဆိတ်နေသော ကျိုးဝူပင်းကို လှမ်းကြည့်ကာ မေးလိုက်၏။
“ကျွန်တော်ကတော့... အရာအားလုံးကို သူ့အလိုလို ဖြစ်ခွင့်ပေးထားတာက အကောင်းဆုံးလို့ ထင်ပါတယ် ”
ကျိုးဝူပင်းမှာ ပြဿနာများကို မကြောက်သော်လည်း ကိုယ်တိုင် ပြဿနာ ရှာချင်သူမျိုးတော့ မဟုတ်ပေ။
ပန်းဓားအင်မော်တယ် ဖူချူကတော့ အားကိုးရာမဲ့စွာ ကြည့်နေမိတော့သည်။
“ရှင်တို့ ပြောပုံအရဆိုရင်တော့ ဓားနတ်သမီးရဲ့ အပြုအမူက ပုံမှန် မဟုတ်လွန်းဘူး... ကျွန်မ ထင်တာကတော့ လီယွမ်ကို အပြင်ခေါ်ပြီး တစ်ယောက်တည်း သီးသန့် စကားပြောကြည့်သင့်တယ်…”