ဓားဂိုဏ်း၏ သဘောထား
Vol. 21 Ch. 233
နာရီဝက်ခန့် ကြာပြီးနောက် လီယွမ်သည် ဂိုဏ်းချုပ် ယွင်မိုဝမ်ထံမှ သတင်းစကား တစ်စောင်ကို လက်ခံရရှိလိုက်၏။
“ငါ့တစ်ယောက်တည်းကို တွေ့ချင်တာလား...”
လီယွမ်က ခပ်ဖွဖွ ပြုံးလိုက်ရင်း ရေရွတ်လိုက်၏။
“ကောင်းပြီလေ... ဒီကိစ္စကို တစ်ချိန်ချိန်မှာတော့ ရှင်းပြရမှာပဲ... လင်းရှောင်ဓားဂိုဏ်းက လူတွေကိုလည်း စိတ်အေးသွားအောင် လုပ်ပေးရမယ် မဟုတ်လား...”
“လီယွမ်... ကျွန်မလည်း လိုက်ခဲ့မယ်...”
ဓားနတ်သမီး တိုင်းတိုင်းက တိုးညင်းစွာ ပြောလိုက်၏။
“မလိုပါဘူး ”
လီယွမ်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် မှာကြားလိုက်၏။
“မင်း လိုက်လို့ မဖြစ်ဘူး... မင်း စကားတွေ အများကြီး ပြောလိုက်ရင် မင်းရဲ့ အေးစက်မြင့်မြတ်တဲ့ နတ်သမီး ပုံရိပ် ပျက်စီးသွားလိမ့်မယ်... အဲဒီကျရင် လူတွေအားလုံးက မင်း အူတူတူလေးဆိုတာ သိသွားကြလိမ့်မယ်...”
“မှတ်ထားပါ... ပြင်ပလူတွေရှေ့မှာဆိုရင် မင်းက ပြိုင်ဘက်ကင်းတဲ့ ဓားနတ်သမီးပဲ... မင်းရဲ့ မာန်မာနကို ဘယ်တော့မှ လျှော့မချလိုက်နဲ့ဦး...”
“ဟုတ်ကဲ့ပါ...”
ဓားနတ်သမီးလေးက လေသံတိုးတိုးဖြင့် ပြန်ထူးလိုက်ပြီးမှ တစ်ခုခုကို သတိရသွားဟန်ဖြင့် မေးလိုက်ပြန်သည်။
“လီယွမ်... ကျွန်မမှာ နောက်ထပ် မေးစရာ တစ်ခု ရှိသေးတယ်...”
“ဘာများလဲ ”
“အကယ်၍ ကျွန်မ လင်းရှောင်ဓားဂိုဏ်းကို ပြန်သွားရင်... ကျွန်မ အဖေကို မြင်ခဲ့ရသလိုမျိုး ကျွန်မ အမေကိုလည်း မြင်ရမှာလားဟင်...”
“မြင်ရမှာပေါ့ ”
လီယွမ်က ခေါင်းညိတ်ပြလိုက်ပြီး
“စိတ်မပူပါနဲ့... ငါ..မင်းကို သေချာပေါက် ပြန်ခေါ်သွားပေးပါ့မယ်... အဲဒီနေ့ ရောက်ဖို့ သိပ်မလိုတော့ပါဘူး...”
ဓားနတ်သမီး၏ မိခင်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သလို ဖခင်ဖြစ်သူမှာလည်း ကောင်းကင်ဘုံသို့ ပျံသွားခဲ့ပြီ ဖြစ်သည်။ ဓားနတ်သမီး မြင်တွေ့နေရသည်မှာ ကျန်ရှိနေသော ချီ အငွေ့အသက်များနှင့် စွဲလမ်းမှုများသာ ဖြစ်ပေသည်။ သူမသည် အရာဝတ္ထုဟောင်းများကြားတွင် လူဟောင်းများကို ရှာဖွေနေပြီး မြင်ကွင်းဟောင်းများကြားတွင် အတိတ်ကို လွမ်းဆွတ်နေခြင်း ဖြစ်၏။ သူမ၏ ဝိညာဉ် တစ်စိတ်တစ်ပိုင်းမှာ လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က အတိတ်ကာလတွင် ပိတ်မိနေဆဲပင်။
“ဒီမှာပဲ ငြိမ်ငြိမ်လေး စောင့်နေနော်... ငါ သွားလိုက်ဦးမယ်...”
ဓားနတ်သမီးကို သေချာမှာကြားခဲ့ပြီးနောက် လီယွမ်သည် ဝါးတောလေးထဲမှ ထွက်လာခဲ့သည်။ ထို့နောက် ပင်မတောင်ထိပ်တွင် စောင့်ဆိုင်းနေသော ယွင်မိုဝမ်၊ ကျိုးဝူပင်းနှင့် ဖူချူတို့ကို သွားရောက်တွေ့ဆုံလိုက်တော့၏။
“ဂိုဏ်းချုပ်ယွင်... ပန်းဓားအင်မော်တယ်နဲ့ ညီလေးကျိုး... တွေ့ရတာ ဝမ်းသာပါတယ် ”
လီယွမ်က ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်၏။
“လီယွမ်...”
ယွင်မိုဝမ်မှာ စိတ်မရှည်နိုင်တော့ဘဲ တိုက်ရိုက်ပင် မေးမြန်းလိုက်တော့၏။
“ဓားနတ်သမီး ဘိုးဘေးကြီးက... ဘယ်လိုဖြစ်တာလဲ... မင်း... မင်း တစ်ခုခု သိထားတယ် မဟုတ်လား...”
“ဟူး...”
လီယွမ်က သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီးနောက်
“စီနီယာတို့ အားလုံး ဒီကို ရောက်နေကြပြီဆိုတော့လည်း အကြမ်းဖျင်းတော့ ခန့်မှန်းမိကြမှာပါ...စီနီယာတို့ ထင်ထားတဲ့အတိုင်းပါပဲ... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကူအင်မော်တယ် လျှို့ဝှက်နယ်မြေထဲကနေ ဓားနတ်သမီးရဲ့ ရုပ်ကလာပ် ပျောက်ဆုံးသွားခဲ့ချိန်မှာတင် သူက နိုးထနေခဲ့ပါပြီ...”
“ကူအင်မော်တယ်က ကံကြမ္မာအတတ်ကို သုံးပြီး နည်းလမ်းပေါင်းစုံနဲ့ ဓားနတ်သမီး နိုးထလာအောင် အစွမ်းကုန် ကြိုးစားပေးခဲ့တာပါ...”
“ဒါပေမဲ့ ဒီနည်းစနစ်က ကန့်သတ်ချက်တွေ အများကြီး ရှိနေပါတယ်... ဒါကြောင့် ဓားနတ်သမီးဟာ လောလောဆယ်မှာ တောင်ပိုင်းနယ်စပ်ကနေ ထွက်ခွာလို့ မရသေးပါဘူး... ဒါပေမဲ့ တစ်နေ့ကျရင်တော့ သူ သေချာပေါက် ပြန်လာပါလိမ့်မယ်...”
“ဂိုဏ်းချုပ်ယွင် အနေနဲ့ စိတ်မလောပါနဲ့ဦး ”
လီယွမ်သည် တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် လေးနက်စွာ ပြောဆိုနေသဖြင့် ထိုစကားများမှာ လိမ်ညာနေခြင်း မဟုတ်ဘဲ အစစ်အမှန် အမှန်တရားများအလား ထင်မှတ်ရ၏။
“ဘိုးဘေးကြီးက... တကယ်ပဲ ပြန်လာချင်တာလား...”
ယွင်မိုဝမ်မှာ ဝမ်းသာအားရ ဖြစ်သွားသော်လည်း ဝင်းခြံထဲတွင် တွေ့ခဲ့ရသည့် အခြေအနေကို ပြန်လည်သတိရသွားကာ စိုးရိမ်ပူပန်မှုများ ဝင်လာပြန်သည်။
“ဒါဆို ဘာလို့ ဘိုးဘေးကြီးက ငါတို့ကို အဲဒီလောက်အထိ စိမ်းစိမ်းကားကား ဆက်ဆံရတာလဲ...”
လီယွမ်က ပြန်လည် ရှင်းပြလိုက်၏။
“ဒါကတော့ ဓားနတ်သမီးရဲ့ စိတ်ခံစားချက်တွေနဲ့ ဆန္ဒတွေက အပြည့်အဝ နိုးထမလာသေးလို့ပါ... သူ့မှာ အတိတ်က မှတ်ဉာဏ်တွေ အားလုံးလည်း မရှိသေးပါဘူး... မမှတ်မိသေးတဲ့ အရာတွေ အများကြီး ရှိနေပါသေးတယ်...”
“ဪ... အဲဒီလိုကိုး...”
ယွင်မိုဝမ်မှာ ယခုမှပင် သက်ပြင်းချနိုင်တော့၏။ ဘိုးဘေးကြီးသာ ပြန်လာနိုင်မည်ဆိုပါက ယခင်က ပေးဆပ်ခဲ့ရသမျှမှာ ထိုက်တန်လှပေသည် ။
“ဒီမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကိုတော့ လျှို့ဝှက်ပေးထားပါ .. တခြားလူတွေကို မသိစေချင်ပါဘူး...”
လီယွမ်က လက်နှစ်ဖက်ကို ယှက်ကာ တောင်းဆိုလိုက်၏။
“ငါ နားလည်ပါတယ် ”
ယွင်မိုဝမ်၏ မျက်နှာထားမှာ တည်ကြည်သွားတော့၏။
“ဘိုးဘေးကြီး ပြန်လည် ထွက်ပေါ်လာတဲ့ သတင်းသာ ပေါက်ကြားသွားရင် နတ်ဆိုးအိုကြီးတွေ သောင်းကျန်းလာကြမှာ မြေကြီးလက်ခတ်မလွဲပင်... ဘိုးဘေးကြီး အပြည့်အဝ နိုးထမလာသေးခင်အထိ ကျွန်တော်တို့ ဘာမှ ထုတ်မပြောပါဘူး ”
“ကျေးဇူးတင်ပါတယ် ”
လီယွမ်က လက်သီးဆုပ်ကာ ကျေးဇူးတင် စကား ဆိုလိုက်၏။
“ငါတို့ လင်းရှောင်ဓားဂိုဏ်းကသာ မင်းကို ကျေးဇူးတင်ရမှာပါ...”
ယွင်မိုဝမ်က လီယွမ်ကို စေ့စေ့ကြည့်ကာ စမ်းသပ်သည့် သဘောဖြင့် မေးလိုက်ပြန်၏။
“ဓားနတ်သမီး ဘိုးဘေးကြီး နိုးထလာတဲ့နေရာမှာ မင်းက အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာ မဟုတ်လား...”
“ဒီလောက်အထိတော့ ချီးကျူးမနေပါနဲ့ဦး ”
လီယွမ်က နှိမ့်ချစွာဖြင့် ပြောလိုက်၏။
“ကျွန်တော်က ကူအင်မော်တယ်ရဲ့ စိတ်ဆန္ဒကို တွေ့မြင်ခွင့်ရခဲ့တဲ့ ကံကောင်းသူ တစ်ယောက်ပါ... ဓားနတ်သမီးကြောင့်ပဲ ကျွန်တော်လည်း ကံကောင်းမှုအချို့ကို ရရှိခဲ့တာပါ...”
“ဒါကြောင့်လည်း...”
“ကျွန်တော်က ဓားဂိုဏ်းကို အမှန်တရားတွေ ဖုံးကွယ်ထားတာ မဟုတ်ပါဘူး... ဓားနတ်သမီးကို ကာကွယ်ပေးဖို့အတွက် ကူအင်မော်တယ်ရဲ့ မှာကြားချက်အတိုင်း လုပ်ဆောင်နေရတာပါ... လုံးဝ ပေါ့ဆလို့ မရလို့ပါ”
အခြေအနေများက ဤသို့ ဖြစ်နေမှတော့ ယွင်မိုဝမ်အနေဖြင့်လည်း နောက်ထပ် မေးခွန်းများ မေးရန်မှာ မသင့်တော်တော့ပါချေ။
“လီယွမ်... ငါ ဘာမှ ထပ်မပြောတော့ပါဘူး... အနာဂတ်မှာ မင်း တစ်ခုခု လိုအပ်လာရင် ငါ့ကိုသာ အကြောင်းကြားလိုက်ပါ... လင်းရှောင်ဓားဂိုဏ်းက မင်းကို အစွမ်းကုန် ကူညီပေးပါ့မယ်...”
“အကယ်၍ ဘိုးဘေးကြီး တစ်ခုခု လိုအပ်ရင်လည်း ငါတို့ကို မဖြစ်မနေ ပြောပြပါ...”
“ဂိုဏ်းမှာ ရှိသမျှ အရာအားလုံးကို အကုန်သုံးရပါစေဦး... ဘိုးဘေးကြီးကိုတော့ ငါတို့ နောက်တစ်ကြိမ် အမှားမခံနိုင်တော့ပါဘူး...”
ယွင်မိုဝမ်က လေးနက်စွာ ကတိပေးလိုက်၏။
“ကောင်းပါပြီ... ဖြေရှင်းလို့ မရတဲ့ ပြဿနာတွေ ရှိလာရင် ဂျူနီယာ လီယွမ် ဓားဂိုဏ်းကို သေချာပေါက် အကြောင်းကြားပါ့မယ်...”
“ကျွန်မကတော့ ဓားနတ်သမီးဆီကနေ ပညာတွေ တောင်းခံချင်ပေမယ့်... လောလောဆယ်တော့ စောင့်ရဦးမယ့် ပုံပဲနော်...”
ပန်းဓားအင်မော်တယ် ဖူချူက တောက်ပစွာ ပြုံးလိုက်၏။
“ကျွန်မ တကယ်ကို မျှော်လင့်နေမိတာ... နှစ်ပေါင်း သုံးထောင်ကို ဖြတ်ကျော်ပြီးမှ ဓားကျင့်ကြံခြင်း လမ်းစဉ်မှာ အံ့ဩစရာ အကောင်းဆုံး အမျိုးသမီး ဓားအင်မော်တယ်ကို မြင်တွေ့ရတာက တကယ့်ကို ထူးခြားတဲ့ ခံစားချက်ပါပဲ...”
“ဓားနတ်သမီး သူမရဲ့ ဇာတိကို ပြန်လာမယ့်နေ့ကျမှပဲ ကျွန်မ ထပ်လာပါတော့မယ်...”
“ကျွန်မ သွားတော့မယ်နော်...”
သူမသည် အချိန်ဆွဲမနေတော့ဘဲ အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ အဝေးသို့ ပျံသန်း ထွက်ခွာသွားတော့၏။
“လီယွမ်... ငါတို့ရဲ့ ဂါရဝပြုစကားကို ဘိုးဘေးကြီးဆီ လက်ဆင့်ကမ်းပေးပါဦး... ငါတို့လို မထိုက်တန်တဲ့ မျိုးဆက်တွေက အရည်အချင်း မရှိကြလို့... နတ်ဘုရားဓား ပေါင်းစပ်ခြင်း လျှို့ဝှက်ချက်ကို ပြင်ပလူကို သင်ပေးပြီး အကူအညီ တောင်းခဲ့ရတာပါလို့ ရှင်းပြပေးပါဦး... ဒါကြောင့်လည်း ပန်းဓားအင်မော်တယ်ကို ဖိတ်ခဲ့ရတာပါ...”
“ဘိုးဘေးကြီး ဂိုဏ်းကို ပြန်ရောက်လာတဲ့နေ့ကျရင် ငါ ကိုယ်တိုင် ဒူးထောက် တောင်းပန်ပါ့မယ်...”
ယွင်မိုဝမ်က ခါးသီးစွာ ပြုံးလိုက်၏။
“ဓားနတ်သမီးက စီနီယာတို့ကို နားလည်ပေးမှာပါ ”
လီယွမ်သည် လင်းရှောင်ဓားဂိုဏ်း၏ သဘောထားကို မြင်တွေ့လိုက်ရသဖြင့် အနာဂတ်တွင် ဓားနတ်သမီး ပြန်သွားသည့်အခါ အခက်အခဲများစွာ ရှိမည်မဟုတ်ကြောင်း သိလိုက်ရ၏။ အကယ်၍ အတွင်းပိုင်းတွင် အတားအဆီးများ မရှိပါက ပြင်ပပြဿနာများကို ဖြေရှင်းရန်မှာ ပို၍ လွယ်ကူသည် ။
“ဒါဆိုရင်တော့ ဘိုးဘေးကြီးရဲ့ ကျင့်ကြံမှုကို ငါတို့ မနှောင့်ယှက်တော့ပါဘူး...”
ယွင်မိုဝမ်၏ ရင်ထဲတွင် သံသယအချို့ ကျန်ရှိနေသေးသော်လည်း ထပ်မံမေးမြန်းရန် မဖြစ်နိုင်သဖြင့် စောင့်ဆိုင်းရန်သာ ဆုံးဖြတ်လိုက်ရတော့၏။
“ဒီအတောအတွင်းမှာ ငါနဲ့ အကြီးအကဲတွေ အပါအဝင် တပည့်တွေအားလုံး တောင်ပိုင်းနယ်စပ်မှာပဲ နေနေပါ့မယ်... လီယွမ်... မင်း တစ်ခုခု လိုအပ်ရင် ငါတို့ကို သေချာပေါက် ဆက်သွယ်ပါ... လင်းရှောင်ဓားဂိုဏ်းကို ပြင်ပလူလို သဘောမထားပါနဲ့ဦး...”
မှာကြားစရာရှိသည်များကို မှာကြားပြီးနောက် ယွင်မိုဝမ်သည် ကျိုးဝူပင်းနှင့်အတူ တွန့်ဆုတ်စွာဖြင့် ထွက်ခွာသွားလေတော့၏။
ကျိုးဝူပင်း၏ ရင်ခွင်ထဲတွင်မူ ဓားကျိုးလေး၏ ဝိညာဉ်မှာ စတင် လှုပ်ရှားလာတော့၏။
“ဟိုး... ခင်ဗျားတို့ရဲ့ ဓားနတ်သမီးက တကယ့်ကို မိုက်တာပဲ... ကျွန်တော် မြင်ဖူးသမျှ အမျိုးသမီး ဓားသမားတွေထဲမှာ သူက အစွမ်းအထက်ဆုံးပဲ ဖြစ်ရမယ်...”
“နှမြောစရာပဲ...”
“သူသာ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေခဲ့ရင်... ထျန်းအန်းတိုက်ကြီးရဲ့ သိုင်းနတ်ဘုရား ဖြစ်လာဖို့က သူ့အတွက် သိပ်လွယ်မှာပဲ...”
ကလေးငယ် တစ်ယောက်၏ အသံမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။
ကျိုးဝူပင်းက စနောက်လိုက်၏။
“မင်းက ဘာဖြစ်လို့ မြင်သမျှ မိန်းကလေးတိုင်းကို သဘောကျနေရတာလဲ... ငါ စီနီယာအစ်ကို လီယွမ်ကို ပြောပေးရမလား... မင်းကို ဓားနတ်သမီး ဘိုးဘေးကြီးဆီမှာ အပ်ပေးဖို့လေ...”
“အဲဒါကတော့ အခု မတူတော့ဘူးလေ...”
ဓားကျိုးလေး၏ ဝိညာဉ်က ပြန်ပြောလိုက်၏။
“ဓားနတ်သမီးလို လူမျိုးအတွက် သိုင်းနတ်ဘုရား အဆင့်ကို ရောက်ဖို့က မခက်ခဲဘူး... ကျွန်တော် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သိပ်ထူးမှာ မဟုတ်ဘူးလေ... ကျွန်တော့်ရဲ့ အစွမ်းကိုလည်း ထင်ရှားအောင် ပြနိုင်မှာ မဟုတ်ဘူး...”
“ခင်ဗျားလို ပျင်းရိတဲ့ ဝက်ကလေးကို ဓားနတ်ဘုရား ဖြစ်လာအောင် လေ့ကျင့်ပေးရတာကမှ ပိုပြီး စိန်ခေါ်မှု ရှိတာပေါ့...”
“ဟွန့်...”
“အိုက်ယား...”
ကျိုးဝူပင်းက မဲ့ရွဲ့လိုက်ရင်း စနောက်လိုက်ပြန်သည်။
“ငါသာ မင်းကို တကယ် ပို့လိုက်ရင်... မင်း ခုနကတည်းက ဓားနတ်သမီး ဘိုးဘေးကြီးဆီကို အမြီးလေး တုတ်တုတ်နဲ့ ပြေးကပ်သွားလောက်ပြီ...”
“ဒါနဲ့... ငါ မင်းကို တစ်ခုလောက် မေးချင်တယ်...”
“ဓားနတ်သမီး ဘိုးဘေးကြီးနဲ့ စီနီယာအစ်ကို လီယွမ်တို့ကြားမှာ... တစ်ခုခု ထူးခြားတဲ့ ဆက်ဆံရေး ရှိနေတယ်လို့ မင်း ထင်လား...”
“ဖြစ်နိုင်ခြေ အများကြီး ရှိတာပေါ့...”
ဓားကျိုးလေးက ဆိုသည်။
“သူတို့ နှစ်ယောက်စလုံးဆီက ထွက်နေတဲ့ ဓားစိတ်ဆန္ဒတွေက မူလမြစ်ဖျား တစ်ခုတည်းက လာတာပဲ... သေချာပေါက် တစ်ခုခုတော့ ရှိနေတာပဲ...”
“ဘာတွေ ရှိနေတာလဲ... ငါ့ကို သေချာ တွက်ချက်ပြစမ်းပါဦး...”
ကျိုးဝူပင်းက သိလိုစိတ်ပြင်းပြစွာဖြင့် မေးလိုက်၏။
“ဓားစိတ်ဆန္ဒ တစ်ခုတည်းက လာတယ်ဆိုတာမှာ အကြောင်းရင်းတွေ အများကြီး ရှိနိုင်တယ်...”
ဓားကျိုးလေးက အမှန်တကယ် ပညာရှင်ကြီး တစ်ဦးအလား ရှင်းပြတော့၏။
“ပထမဆုံးကတော့... သူတို့ နှစ်ယောက်ရဲ့ မွေးသက္ကရာဇ်တွေက ကွက်တိတူနေပြီးတော့... ကျင့်စဉ် တစ်မျိုးတည်းကို ကျင့်ကြံထားကာ ဓားစွမ်းရည် အဆင့်ကလည်း တစ်ထပ်တည်း ကျနေတာမျိုး ဖြစ်နိုင်တယ်... ဒါပေမဲ့ ဒါကတော့ မဖြစ်နိုင်ပါဘူး...”
“ဒုတိယ အချက်ကတော့... သွေးချင်း တူညီနေတာကြောင့်လည်း ဖြစ်နိုင်တယ်...”
“တတိယ အချက်ကတော့... သူတို့ နှစ်ယောက်စလုံးဟာ ထူးခြားတဲ့ လျှို့ဝှက်နည်းလမ်း တစ်ခုခုနဲ့ ချိတ်ဆက်ထားတာမျိုးပေါ့... ဥပမာ ကူသခင်တွေရဲ့ ကံကြမ္မာ ချိတ်ဆက်တဲ့ နည်းလမ်းမျိုးပေါ့...”
“ဒါဆိုရင်တော့... နောက်ဆုံး ဖြစ်နိုင်ခြေ တစ်ခုပဲ ကျန်တော့တယ်...”
“မင်းတို့ လူသားတွေ ပြောလေ့ရှိတဲ့ စကား တစ်ခွန်း ရှိတယ် မဟုတ်လား... အင်း... ဟုတ်ပြီ... လင်မယား စိတ်တူရင် သံမဏိတောင် ဖြတ်နိုင်တယ် ဆိုတာလေ...”
“ဟေ့... ဓားကျိုးလေး... မင်း ဘာတွေ လျှောက်ပြောနေတာလဲ...”
ကျိုးဝူပင်း၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။
“ကျွန်တော် အတည်ပြောနေတာပါ...”
ဓားကျိုးလေးက လေးနက်စွာဖြင့်ပင် ပြန်ပြောလာ၏။
“လီယွမ်က ခင်ဗျား ရဲ့ စီနီယာအစ်ကို မဟုတ်တော့ဘဲ... ခင်ဗျားတို့ရဲ့ ဘိုးဘေးကြီး ဖြစ်သွားပြီလား မသိဘူးလို့ ပြောတာပါ...”