← Chapters

ညဇီးကွက် အစောင့်တပ်ကို စစ်ကြေညာခြင်း

Vol. 21 Ch. 234

ညဇီးကွက် အစောင့်တပ်ကို စစ်ကြေညာခြင်း

Vol. 21 Ch. 234

ကျိုးဝူပင်းသည် ဘာမှမသိသလိုပင် ဟန်ဆောင်နေလိုက်တော့၏။ အကယ်၍ ထိုကိစ္စမျိုးက အမှန်တကယ် ဖြစ်ခဲ့လျှင်ပင် သူကတော့ လိမ်ညာမှုတစ်ခုအဖြစ်သာ သဘောထားရန် ဆုံးဖြတ်ထားလေ၏။

သူတို့သည် ဂိုဏ်းချုပ်နှင့်အတူ ရှန်းဟိုင်ကွမ်သို့ တစ်လမ်းလုံး ပြန်လာခဲ့ကြသည်။ လမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းသွားချိန်တွင် အတွင်းပိုင်း တံခါးဝများ၌ စောင့်ကြပ်နေသော စစ်သည်အရေအတွက်မှာ ယခင်ကထက် များစွာ ပိုမိုများပြားလာပြီး လေထုမှာလည်း ပုံမှန်ထက် ပိုမို တင်းမာလေးလံနေသည်ကို သတိထားမိလိုက်ကြသည်။

“အစ်ကိုကြီး... ဘာတွေ ဖြစ်နေတာလဲ ”

ကျိုးဝူပင်းက နယ်စပ်စစ်သည်တစ်ဦးကို လှမ်း၍ မေးမြန်းလိုက်၏။

“ဟူး... ပြည်တွင်းစစ်တွေ ဖြစ်နေပြီ...”

ထိုစစ်သည်က မျက်နှာတွင် ပူဆွေးမှုများဖြင့် သက်ပြင်းချကာ ပြန်လည်ဖြေကြားလိုက်၏။

“ပြည်တွင်းစစ်က ဘယ်ကနေ စတာလဲ ”

ဤကဲ့သို့သော အရေးကြီးသည့် အချိန်အခါတွင် ပြည်တွင်း၌ ပဋိပက္ခများ ပေါ်ပေါက်လာသဖြင့် ကျိုးဝူပင်းမှာ အလွန်ပင် အံ့အားသင့်သွားရ၏။

“ချန်းလန်နယ်မြေရဲ့ ဘုရင်အသစ် ရှောင်လျဲ့က ညဇီးကွက် အစောင့်တပ်ကို လူသိရှင်ကြား စစ်ကြေညာလိုက်တယ်လေ... ချန်းလန်နယ်မြေထဲမှာရှိတဲ့ ညဇီးကွက် အစောင့်တပ်ရဲ့ စခန်းတွေ အကုန်လုံး ဖျက်ဆီးခံလိုက်ရပြီး အစောင့်တပ်သား ရာနဲ့ချီပြီး သေကုန်ကြပြီလို့ ကြားတယ်... အခုတော့ ဂိတ်တွေကို ဖြတ်သန်းဖို့ဆိုရင် စစ်သူကြီးနဲ့ စစ်ဆေးရေးမှူး ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ ခွင့်ပြုချက် လိုအပ်နေပြီ...”

အကြောင်းစုံကို သိရှိသွားပြီးနောက် ကျိုးဝူပင်းသည် ဂိုဏ်းချုပ် ယွင်မိုဝမ်အား အခြေအနေများကို ပြန်လည် ရှင်းပြလိုက်၏။

“ညဇီးကွက် အစောင့်တပ်ကို လူသိရှင်ကြား စစ်ကြေညာပြီး ညဇီးကွက် ဘုရင်ကို သစ္စာဖောက်လို့ ခေါင်းစဉ်တပ်လိုက်တယ် ဟုတ်လား... ဒီ ရှောင်လျဲ့က တကယ့်ကို သတ္တိခဲပဲ... လူငယ်ဆိုတော့လည်း ဇွတ်တရွတ် လုပ်နိုင်လှချည်လား...”

ယွင်မိုဝမ်မှာ အကြီးအကျယ် တုန်လှုပ်သွားတော့၏။

“ဒီလိုသာဆိုရင် ရှန်းဟိုင်ကွမ် တိုက်ပွဲမှာ ကျွန်တော်တို့ဘက်က ကာကွယ်ရေးကိုပဲ အဓိကထားရတော့မယ်... နတ်ဆိုးနယ်မြေကလည်း ဒီအခွင့်အရေးကို သေချာပေါက် လက်လွတ်ခံမှာ မဟုတ်ဘူး...”

ကျိုးဝူပင်းက အခြေအနေကို သုံးသပ်ပြလိုက်၏။

“ပိုပြီး အရေးကြီးတာက ဟန် ဘုရင်နဲ့ ချန် ဘုရင်တို့ရဲ့ သဘောထားပဲ... သူတို့က ချန်းလန် ဘုရင် ရှောင်လျဲ့ဘက်က ရပ်တည်မလား ဆိုတာက တကယ့်ကို သော့ချက်ပဲ...”

တာ့ယန် အင်ပါယာ၏ လက်ရှိ အခြေအနေမှာ အပေါ်ယံ ကြည့်လိုက်ရုံနှင့်ပင် အားလုံးအတွက် ရှင်းလင်းနေတော့၏။ ယွင်မိုဝမ်သည် ကျန်းဟူ လောက၏ ထိပ်တန်း အင်အားစု တစ်ခုကို ဦးဆောင်နေသူ ဖြစ်ရာ ဤအချက်ကို သူ ကောင်းစွာ နားလည်ထားပြီး ဖြစ်သည်။ အကယ်၍ ဟန် ဘုရင်၊ ချန် ဘုရင်နှင့် စစ်သူကြီးချုပ် ပိုင်ချန်တို့သာ ပူးပေါင်းပြီး ညဇီးကွက် အစောင့်တပ်ကို ခုခံကြမည်ဆိုပါက ညဇီးကွက် ဘုရင်မှာ မည်မျှပင် အစွမ်းထက်နေပါစေ အထိနာသွားမည်မှာ အသေအချာပါပင်။

“ထားလိုက်ပါတော့... အရင်ဆုံး ရှန်းဟိုင်ကွမ်ကိုပဲ ပြန်ကြစို့...”

ယွင်မိုဝမ်က သက်ပြင်းချလိုက်ရင်း

“ဒီလို နန်းတွင်း ကိစ္စတွေထဲကို ကျန်းဟူက လူတွေ ဝင်မပတ်သက်တာ အကောင်းဆုံးပဲ... ငါတို့ တာဝန်ကို ငါတို့ ကျေပွန်အောင်ပဲ လုပ်ကြတာပေါ့...”

သမိုင်းတစ်လျှောက်တွင် အင်အားကြီး ဂိုဏ်းများစွာ ပျက်စီးသွားရခြင်းမှာ အကြောင်းရင်း တစ်ခုတည်းကြောင့်သာပင်။ ၎င်းမှာ နန်းတွင်း နိုင်ငံရေး ပဋိပက္ခများထဲတွင် ပါဝင်ပတ်သက်မိခြင်း ပင် ဖြစ်လေ၏။ လင်းရှောင် ဓားဂိုဏ်းသည် အတက်အကျများကြားမှ ယနေ့တိုင် ရှင်သန်နိုင်ခဲ့ခြင်းမှာ အုပ်စုဖွဲ့ ပဋိပက္ခများကြားတွင် မည်သည့်ဘက်မှ မပါဝင်ဘဲ နေခဲ့ခြင်းကြောင့် ဖြစ်သည်။

ယခင်ကလည်း မပါဝင်ခဲ့သလို... အနာဂတ်တွင်လည်း ပါဝင်လာရန်မှာ မဖြစ်နိုင်သလောက်ပင်။

...

ချန်းလန် နယ်မြေ။

ဘုရင်၏ စံအိမ်တော်။

ရှောင်လျဲ့သည် ဝင်းခြံအတွင်းရှိ မုရုံစုထံသို့ ဒေါသတကြီးဖြင့် ရောက်ရှိလာ၏။

“မုရုံစု... မင်း ဘာလုပ်ချင်နေတာလဲ... ဒီလောက်တောင် ရဲတင်းလှချည်လား... ငါ့နာမည်ကို သုံးပြီး ညဇီးကွက် အစောင့်တပ်ရဲ့ စခန်းတွေကို ဖျက်ဆီးရုံတင်မကဘဲ ညဇီးကွက် ဘုရင်ကို စစ်တောင် ကြေညာလိုက်တယ် ပေါ့လေ... မင်း သေချင်နေတာလား...”

“ဝှစ်”

ရှည်လျားသော ဓားတစ်လက်မှာ အိမ်မြှောင်တစ်ကောင်အလား လျှပ်ခနဲ ထွက်ပေါ်လာပြီး မုရုံစု၏ လည်ပင်းပေါ်သို့ ကျရောက်သွားတော့၏။ ထက်မြက်လှသော ဓားသွားမှ ထွက်ပေါ်နေသည့် နတ်ဆိုးအငွေ့အသက်များက အရေပြားထဲသို့ စိမ့်ဝင်သွားပြီး သွေးစက်အချို့မှာ စိမ့်ထွက်လာလေ၏။ ရှောင်လျဲ့သည် ယခုအခါတွင် တကယ်ပင် ဒေါသအထွတ်အထိပ်သို့ ရောက်ရှိနေချေပြီ။

မုရုံစုကတော့ တည်ငြိမ်နေဆဲဖြစ်ကာ ခပ်ဖွဖွ ပြုံးလိုက်ရင်း

“မင်းသားက ညဇီးကွက် အစောင့်တပ်တွေကို မုန်းနေတာ ကြာပြီ မဟုတ်လား... ညဇီးကွက် ဘုရင်ရဲ့ ခေါင်းကို ဖြတ်ချင်နေတာလည်း မင်းသားရဲ့ ဆန္ဒပဲလေ... အခု အဲဒီအတွက် အခွင့်အရေးကောင်းကြီး ရနေပြီ မဟုတ်လား...”

“အခွင့်အရေးကောင်း ဟုတ်လား...”

ရှောင်လျဲ့က အေးစက်စွာ တုံ့ပြန်လိုက်၏။

“မင်းက ငါ့ကို မီးပုံထဲ အတင်းတွန်းပို့နေတာပဲ...”

“မင်းသား အနေနဲ့ ဝေခွဲမရ ဖြစ်နေတာကို ကျွန်တော် သိပါတယ်... မင်းသားက မင်းသမီးရဲ့ မျက်နှာကို ထောက်ထားနေတုန်းပဲ... တာ့ယန် အင်ပါယာအပေါ်မှာလည်း သံယောဇဉ်တွေ ရှိနေသေးတယ် မဟုတ်လား... ဒါကြောင့် ကျွန်တော်ကပဲ မင်းသားအတွက် အရင်ဆုံး ဆုံးဖြတ်ချက် ချပေးလိုက်ရတာပါ...”

မုရုံစုက အေးဆေးစွာပင် ဆက်ပြောလိုက်၏။

“ကိုယ့်အတွက် ထွက်ပေါက် မချန်ထားမှသာ ညဇီးကွက် ဘုရင်ကို အကျပ်ကိုင်နိုင်မယ့် အခွင့်အရေး ရမှာ မဟုတ်လား...”

“မင်း...”

ရှောင်လျဲ့၏ လက်များ တုန်ယင်လာပြီး ဓားသွားမှာ မုရုံစု၏ လည်ပင်းထဲသို့ ပိုမို နက်ရှိုင်းစွာ စိုက်ဝင်သွားသဖြင့် သွေးများ ပိုမို ထွက်လာတော့၏။

“မင်းကို ငါ အရင် သတ်ပစ်လိုက်မယ်လို့ မင်း မထင်ဘူးလား...”

“သတ်လိုက်လေ...”

မုရုံစုက သူ၏ လက်များကို ဖြန့်လိုက်ရင်း

“ကျွန်တော့်ကို သတ်လိုက်လို့ မင်းသားရဲ့ ကြောက်စိတ်တွေ ပျောက်သွားမယ် ဆိုရင်... ညဇီးကွက် ဘုရင်အပေါ်မှာ ရှိနေတဲ့ ကြောက်ရွံ့မှုတွေ ပြေပျောက်သွားမယ် ဆိုရင်... ပြီးတော့ ခမည်းတော် ဘုရင်ကြီးကို ညဇီးကွက် ဘုရင်က လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ နာကျင်မှုတွေ သက်သာသွားမယ် ဆိုရင်တော့ ကျွန်တော့်ကို သတ်လိုက်ပါ...”

“ကျွန်တော့်ရဲ့ သွေးတွေက မင်းသားကို ကြောက်တတ်တဲ့ လူဖျင်း တစ်ယောက် မဟုတ်ဘဲ... အစွမ်းထက်တဲ့ ယောက်ျားကောင်း တစ်ယောက် ဖြစ်လာစေလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်...”

စကားဆုံးသည်နှင့် သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး ရှောင်လျဲ့အား စိတ်ကြိုက် စီရင်ရန် လွှတ်ပေးထားလိုက်တော့၏။ ရှောင်လျဲ့၏ လက်များမှာ ပြင်းထန်စွာ တုန်ယင်နေလေပြီ။ မုရုံစု၏ စကားလုံးများက သူ၏ နှလုံးသားကို လှုံ့ဆော်နေတော့၏။ သူသည် ဘယ်အရာက မှန်သည် ဘယ်အရာက မှားသည်ကို မသိတော့ဘဲ ဝေဝေဝါးဝါးနှင့် ရှေ့သို့ အတင်း တွန်းပို့ခြင်း ခံနေရချေပြီ။

“ချွင်”

ရှည်လျားသော ဓားမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့၏။ ရှောင်လျဲ့သည် နောက်ဆုံးတွင်တော့ မရက်စက်နိုင်ခဲ့ပါချေ။

မုရုံစုက မျက်လုံးများကို ဖွင့်လိုက်ပြီး လည်ပင်းမှ သွေးစက်များကို သုတ်လိုက်ရင်း ပြုံးလိုက်၏။

“မင်းသား အမှန်တရားကို နားလည်သွားပြီ ထင်ပါတယ်...”

“မင်းသား စိတ်ချပါ... ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ တစ်ယောက်တည်း တိုက်ခိုက်နေရတာ မဟုတ်ပါဘူး...”

“ဟန် ဘုရင် ကျောက်ချန်ဖုန်း၊ ချန် ဘုရင် နဲ့ နိုင်ငံတော်ရဲ့ အကာအကွယ် စစ်သူကြီးချုပ် ပိုင်ချန်တို့က ကျွန်တော်တို့ကို ကူညီပေးကြမှာပါ...”

“ညဇီးကွက် ဘုရင် ဆိုတဲ့ ဒီ လောကပျက်သုဉ်းအောင် လုပ်နေတဲ့ လူယုတ်မာကို အားလုံးက ဝိုင်းသတ်သင့်တာ ကြာပါပြီ...”

နတ်ဆိုး မျိုးနွယ်စုတွေ ကတောင် ဒီ အခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ဘူးလေ...။

“ဒါဆို မင်း ဘာဆက်လုပ်ဖို့ အစီအစဉ် ရှိလဲ...”

ရှောင်လျဲ့ အနေဖြင့် အပေးအယူ လုပ်ရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပါချေ။ ရွှံ့နွံထဲသို့ နစ်ဝင်သွားပြီးနောက်တွင်မူ ထွက်ပေါက် မရှိတော့သည် မဟုတ်ပါလော။

မှားယွင်းနေသော ဤလမ်းကို ဆက်လျှောက်ရန်သာ ရှိတော့၏။ အကယ်၍ သူ သေဆုံးသွားရလျှင်ပင် အနည်းဆုံးတော့ ညဇီးကွက် ဘုရင်ကို ပေးဆပ်ခိုင်းရမည်။

“ကျွန်တော်တို့ လုပ်ရမှာက ရိုးရိုးလေးပါ...”

မုရုံစုက ဆိုလိုက်၏။

“စကားလုံး တစ်လုံးတည်းပါပဲ... အဲဒါကတော့ 'စောင့်' ဖို့ ပါပဲ...”

“ဟန် ဘုရင်နဲ့ ချန် ဘုရင်တို့ သူတို့ရဲ့ သဘောထားကို ဖော်ပြလိုက်တာနဲ့... နှုတ်ခမ်း မရှိရင် သွားတွေ အေးမယ် ဆိုတဲ့ အမှန်တရားအတိုင်း သူတို့ ချန်းလန် နယ်မြေ ပျက်စီးသွားတာကို ဒီအတိုင်း ကြည့်နေမှာ မဟုတ်ပါဘူး...”

“သူတို့ဘက်ကသာ အသံ ထွက်လာမယ် ဆိုရင်... ရှန်းဟိုင်ကွမ် တိုက်ပွဲရဲ့ အခြေအနေတွေနဲ့ ပေါင်းစပ်လိုက်ရင် ညဇီးကွက် ဘုရင်ဟာ အရမ်းကာရော မလုပ်ရဲတော့ပါဘူး...”

“တာ့ယန် အင်ပါယာကြီး ပြိုကွဲသွားတာနဲ့ နတ်ဆိုးတွေ သောင်းကျန်းလာမှာကို သူလည်း ကြောက်ရမှာပဲ လေ...”

တစ်ဦးချင်း စွမ်းရည်မှာတော့ ညဇီးကွက် ဘုရင်ကို မည်သူမျှ မယှဉ်နိုင်ပါချေ။ သို့သော် လက်ရှိ အခြေအနေအရဆိုလျှင် ညဇီးကွက် ဘုရင်ပင်လျှင် ခေါင်းညိတ်ရပေလိမ့်မည်။

ရှောင်လျဲ့က မျက်မှောင်ကြုတ်လိုက်ရင်း...

“ငါတို့ တွေးနိုင်တဲ့ အရာကို ညဇီးကွက် ဘုရင်ကရော မစဉ်းစားမိဘဲ နေမလား... သူလည်း သေချာပေါက် ပြင်ဆင်ထားမှာပဲ...”

“သူ စဉ်းစားမိရင်ကော ဘာဖြစ်လဲ... ဒါက လောကရဲ့ အခြေအနေပဲ... သူ့ရဲ့ အတွေးတစ်ခုတည်းနဲ့ ပြောင်းလဲလို့ မရဘူး... သူ တစ်ခုခု လုပ်ခဲ့ရင် အဲဒီအတွက် အကျိုးဆက်ကို ခံယူရမှာပဲ...”

“သူက လင်းယွဲ့ ဘုရင်ကို သတ်ခဲ့တယ်... ဖုန်းလီ ဘုရင်ကို လက်နက်စွန့်ခိုင်းခဲ့တယ်... မင်းသားရဲ့ ခမည်းတော် ရှောင်ယွမ်ကိုလည်း လုပ်ကြံခဲ့တယ်... အလယ်ပိုင်း လွင်ပြင်က အရာရှိတွေ အားလုံးက သူ့ကို ကြောက်ပြီး ဦးညွှတ်နေကြရတယ်... ညဇီးကွက် ဘုရင်က ရက်စက်လွန်းလို့ လူတိုင်းက စိတ်မလုံခြုံ ဖြစ်နေကြတာ...”

“အကြောင်းရှိရင် အကျိုးရှိတာပဲ... ညဇီးကွက် ဘုရင်အတွက် ဝဋ်လည်မယ့် အချိန် ရောက်လာပြီ...”

မုရုံစု၏ မျက်နှာမှာ ပြတ်သားနေပြီး သူ၏ စကားလုံးများမှာလည်း ခိုင်မာလွန်းလှပေသည်။

“ကောင်းပြီ... မင်းရဲ့ အစီအစဉ်ကို ငါ လက်ခံတယ်...”

ရှောင်လျဲ့က အားကိုးရာမဲ့စွာဖြင့် ပြောလိုက်၏။

“ဒါပေမဲ့ မှတ်ထား... ငါ့ရဲ့ ခွင့်ပြုချက် မပါဘဲနဲ့ ဘယ်လို ကြီးမားတဲ့ လှုပ်ရှားမှုမျိုးကိုမှ အမိန့်မပေးရဘူး...”

“အကယ်၍ အပြစ်မဲ့တဲ့ လူတွေ ထိခိုက်တာမျိုး ဖြစ်စေ ချန်းလန် နယ်မြေက လူတွေ ဒုက္ခရောက်တာမျိုး ဖြစ်စေ ဆိုရင်တော့ ငါ့ဘက်က မညှာတာဘူးလို့ မပြောနဲ့တော့...”

“သွားတော့မယ်...”

ရှောင်လျဲ့ လှည့်ထွက်သွားသည်ကို ကြည့်ရင်း မုရုံစု၏ နှုတ်ခမ်းများမှာ တွန့်ကွေးသွားတော့၏။

“ဟက်... တကယ့်ကို ကလေးဆန်လိုက်တာ...”

သူက သရော်လိုက်မိသည်။

‘စစ်ပွဲတစ်ခု စတင်နေပြီဆိုမှတော့ အပြစ်မဲ့တဲ့လူတွေ မထိခိုက်အောင် လုပ်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. စစ်ပွဲဆိုတာ လူသားတွေအပေါ် ရက်စက်တဲ့ လုပ်ရပ် တစ်ခုပဲ မဟုတ်လား..

နှမြောစရာ ကောင်းတာကတော့... ဒီ ဘုရင်လေးက အရမ်း ငယ်လွန်းနေသေးတာပဲ...မင်းညီမင်းသား မိသားစုကနေ မွေးဖွားလာပြီး လောကပျက်စီးနေတဲ့ အချိန်မှာတောင် သူက သူ့ရဲ့ စိတ်ကူးယဉ် ကမ္ဘာထဲမှာ ပိတ်မိနေတုန်းပဲ...

တကယ့်ကို သနားစရာ ကောင်းတဲ့... နယ်ရုပ်လေး တစ်ရုပ်ပဲ…’

မုရုံစုသည် မတ်တပ်ရပ်ကာ ကိုယ်လက်လှုပ်ရှားလိုက်ပြီး လန်းဆန်းသွားဟန် ရ၏။

“အခုတော့ အရာအားလုံး အဆင်သင့် ဖြစ်ပြီဆိုတော့... အဘိုးဆီကို ပြန်သွားပြီး သတင်းကောင်း ပြောပြရမှာပေါ့...”

သူ၏ အဘိုးဖြစ်သူ မုရုံချောင်မှာ တစ်ချိန်က အဆင့် (၉) နယ်ပယ်သို့ ရောက်ရှိခဲ့သော ထိပ်တန်း ပညာရှင်ကြီး တစ်ဦး ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူသည် လူငယ်ဘဝ ညဇီးကွက် ဘုရင်နှင့် တိုက်ခိုက်ခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ သူတို့ မိသားစု၏ ကောင်းကင်နဂါးအရိုးကြောင့်သာ သေဘေးမှ လွတ်မြောက်ခဲ့ပြီး ယနေ့တိုင် အသက်ရှင်နေခြင်း ဖြစ်သည်။

“ဒီသတင်းကို သိသွားရင် အဘိုး သေချာပေါက် ဝမ်းသာမှာပဲ...”

“အဘိုးရဲ့ ဆန္ဒတွေ ပြည့်ဝသွားပြီး ငါ့ဆီကို ကောင်းကင်နဂါး နတ်ဘုရားအရိုးကို လွှဲပြောင်းပေးလိုက်ရင်... ငါလည်း အဆင့် (၉) နယ်ပယ်ရဲ့ အလှတရားတွေကို တွေ့ရနိုင်လောက်တယ်...”

All Chapters