အခန်း (၂၆၁-၂၆၂)
Vol. 27 Ch. 261-262
အပိုင်း ၂၆၁ + ၂၆၂
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
[မင်္ဂလာပါ။ ကျွန်တော် ဘာသာပြန် Yue ပါဗျ။ ဒီတစ်အုပ်က ကျွန်တော်ရဲ့ လက်ရာပါ။ စာစဥ် ၂၈ ကနေစပြီးတော့ အခြားသူ ဆက်ပြန်ပါလိမ့်မယ်။]
[အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော် ဘာသာပြန်လောက ကနေ အနားယူပါတော့မယ်။ စာစဥ်လေးကို Team က စိတ်ချရတဲ့ ဘာသာပြန် Shue ရဲ့လက်ထဲကို အပ်ခဲ့ပါမယ်ဗျ။ လက်ရှိ အချိန်အထိ အားပေးလာခဲ့တဲ့ စာဖတ်သူများ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ^^]
ဆိုလွန်ကမူ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့၏ ခန်းမအတွင်း၌ စောင့်ဆိုင်းနေ၏။ ထူလင်းတိတစ်ယောက် သူ မည်သူမည်ဝါဖြစ်ကြောင်းကို ယန်ရွှမ်းအား ဖွင့်ချတော့မည်ကို ဆိုလွန် သိသည်။
သို့သော်...။
ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို သူ အသည်းအသန် လိုအပ်သော်လည်း ယန်နိုင်အာကို ထပ်ပြီး မနာကျင်စေလိုတော့ချေ။
သူမ၏ အမာရွတ်တို့ဖြင့် ပြည့်နှက်နေပြီးသား ဖြစ်သည့် နှလုံးသားလေးကို ထပ်မံပြီး ဒဏ်ရာမပေးလိုတော့ပေ။
အချိန်များ ကုန်ဆုံးလာနေ၏။
မနက်ဖြန်၌ ထျန်ယဲ့မြို့မှ ရန်သူများက တိုက်ခိုက်လာတော့မည်ဖြစ်ရာ ကြေးစားစစ်သည်အဖွဲ့အတွင်း၌လည်း ပြည်တွင်းရေးပဋိပက္ခများ ဖြစ်ပွားလာပေလိမ့်မည်။
လက်ရှိအချိန်၌ သူ၏ သရုပ်မှန်ကို ဖွင့်ချခံရခြင်းမှာ လမ်းဆုံးသွားသကဲ့သို့ပင်။
မူလဆိုလွန် ခွေးသတောင်းစားလေးက ယန်နိုင်အာအား နက်နက်ရှိုင်းရှိုင်း နာကျင်စေခဲ့ဖူး၏။ လက်ရှိ ဆိုလွန်၏ အစီအစဉ်မှာ သူမ၏ နှလုံးသားကို ဖြည်းဖြည်းချင်း ပြန်လည်ရယူပြီး ဒဏ်ရာများကို ကုစားပေးရန် ဖြစ်သည်။
အကယ်၍ သူတို့သာ အရင် လက်ထပ်ဖြစ်ခဲ့လျှင် အမှန်တရားက သူမကို အလွန်အမင်း တုန်လှုပ်စေမည် မဟုတ်တော့ချေ။
သို့သော် ယနေ့၌သာ ဖွင့်ချခံလိုက်ရပါက ထိုအရာက သူမ၏ နှလုံးသားကို အစိတ်စိတ် အမွှာမွှာ ဖြစ်သွားသည်အထိ ဖျက်ဆီးပစ်လိုက်မည်ဖြစ်သည်။
ဆိုလွန်အနေဖြင့် သူမနှင့်တကွ ကြေးစားစစ်သည်အဖွဲ့ကိုပါ ထာဝရ ဆုံးရှုံးသွားရပေလိမ့်မည်။ ပို၍ဆိုးရွားသည်မှာ ထူလင်းတိကသာ သူသည် ဆိုလွန်ဖြစ်ကြောင်းကို အတည်ပြုနိုင်သွားပါက သူ့အား လိုက်လံသတ်ဖြတ်တော့မည် ဖြစ်၏။
ဆိုလွန်အနေဖြင့် နုလန်ဘုရင့်နိုင်ငံမှ အသက်ရှင်လျက် ထွက်သွားနိုင်တော့မည် မဟုတ်ချေ။ လက်ရှိအချိန်တွင် သူ့ထံ၌ ထိုကဲ့သို့သော အစွမ်းအစများ ရှိမနေချေ။
ထိုအခိုက်၌မှာပင် လှေကားထစ်များဆီမှ ခြေသံများ ပဲ့တင်ထပ်လာ၏။ ထူလင်းတိပင်။
သူမက ရည်ရွှယ်ချက် ရှိရှိ တမင် ဖိအားပေးရန်အတွက် ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်။ လျှို့ဝှက်မြေအောက်ခန်းတံခါး ပွင့်သွား၏။ သူမက လှောင်ပြုံး ပြုံးလိုက်သည်။ “ဆင်းခဲ့လေ... ဆိုလွန်။ နင့်ရဲ့ ချစ်သူဟောင်းနဲ့ ရင်ဆိုင်လိုက်စမ်းပါ။ ဒါမှမဟုတ် ထွက်ပြေးဦးမလို့လား။ ဒါက နင့်အတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ကောင်းဖြစ်နိုင်တယ်နော်။”
မည်သို့ပင်ဖြစ်စေ အဆုံး၌ သူ ရင်ဆိုင်ရမည်သာ ဖြစ်၏။ ဆိုလွန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လှေကားပေါ်မှ ဆင်းလာကာ တံခါးကို ပိတ်လိုက်သည်။
ကံကောင်းလှစွာပင် ယန်ရွှမ်း နုလန်ဘုရင့်နိုင်ငံမှ ဂုဏ်သရေရှိ ဧည့်သည်တော်တစ်ဦးအကြောင်း စတင်ပြောပြကတည်းက ဤအခြေအနေအတွက် သူ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။
လျှို့ဝှက်ခန်းအတွင်း၌မူ ယန်ရွှမ်းက မျက်တောင်မခတ်တမ်း သူ့အား စိုက်ကြည့်နေ၏။ သူမ၏ အကြည့်တို့၌ ကြောက်ရွံ့မှုနှင့် ရှုပ်ထွေးလှသည့် ခံစားချက်များ ရောယှက်နေရာ ဆိုလွန်အနေဖြင့် သူမနှင့် မျက်နှာချင်းဆိုင်ရန်ပင် ခက်ခဲနေရသည်။
မကြာသေးမီကပင် ယန်ရွှမ်းသည် ရေခဲတမျှ အေးစက်တည်ငြိမ်နေခဲ့သော်လည်း လက်ရှိအချိန်၌မူ သူမ၏ ဟန်ဆောင်မျက်နှာဖုံးမှာ ပြိုလဲနေလေပြီ။ ဆိုလွန်က သူမ၏ တစ်ခုတည်းသော အားနည်းချက်ပင်။
သူမ၏ ရှေ့၌ ရပ်နေသည့် အမျိုးသားမှာ ဆိုလွန်မဟုတ်ပါစေနှင့်ဟုသာ သူမ မျှော်လင့်နေမိသည်။
ထူလင်းတိက ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။ “ဆိုလွန်... ငါတို့ကို လှည့်စားနေတာ ရပ်လိုက်တော့။ နင့်ရဲ့ မျက်နှာအစစ်ကို ပြလိုက်စမ်းပါ။”
ယန်ရွှမ်းကမူ မည်သည့် မျက်နှာအမူအရာကိုမှ လက်လွတ်မခံလိုသည့်အလား သူ့အပေါ်၌သာ အကြည့်တို့ကို စူးစိုက်ထား၏။
ဆိုလွန်ကမူ အတင်း ပြုံးပြလိုက်သည်။ “သခင်မလေး ထူလင်းတိ... ခင်ဗျား ကျုပ်ကို ဒီနာမည်နဲ့ခေါ်တာ ဒါ တတိယအကြိမ်ရှိပြီနော်။ သူက ဘယ်သူလဲဆိုတာ ကျုပ်သိပေမဲ့ ကျုပ်က တကယ် သူမဟုတ်ရပါဘူးဗျာ။”
ထူလင်းတိက လှောင်ပြုံး ပြုံးလိုက်၏။ “ဟမ့်... အခုထိ ငြင်းနေသေးတယ်ဆိုတော့ နင်က တော်တော်လေး ခေါင်းမာတာပဲ။”
သူက ကူရာကယ်ရာမဲ့စွာဖြင့် လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။ “ကျုပ်ကို ဆိုလွန်လို့ ခင်ဗျား စွပ်စွဲချင်ရင် သက်သေပြလေ။ ကျုပ်ဘက်က အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးပါ့မယ်။”
သူမက သူ၏ မျက်နှာအား စိုက်ကြည့်လာ၏။ “နင့်ရဲ့ မျက်နှာက အတုပဲ။ မျက်နှာကို ဖျော့တော့တော့ ဝါဖန့်နေအောင် ဆေးရည်တွေ သုံးထားသလို နင့်ရဲ့ မုတ်ဆိတ်ကလည်း ကပ်ထားတာပဲလေ။ နင့်ဘာသာ ခွာမလား ဒါမှမဟုတ် ငါပဲ ခွာပေးရမလား။”
ဆိုလွန်က ခါးသီးစွာဖြင့် ယန်ရွှမ်းအား ကြည့်လိုက်သည်။ “ကျုပ်ရဲ့ မျက်နှာအစစ်ကို တကယ်ပဲ ပြရတော့မလား။ ခင်ဗျား အဆင်သင့်ဖြစ်ပြီလား။”
ယန်ရွှမ်းက ခေါင်းညိတ်လိုက်၏။ “အင်း... ငါ အမှန်တရားကို မြင်ရမှဖြစ်မယ်။”
ဆိုလွန်က သက်ပြင်းချလိုက်သည်။ “ဟူး... ဒါဆိုရင်လည်း စိတ်ကို ပြင်ဆင်ထားလိုက်ပါ။”
ဆိုလွန်က ကပ်ထားသည့် မုတ်ဆိတ်တုကို ဖြည်းညင်းစွာ ခွာချလိုက်၏။ ထို့နောက် ပုလင်းငယ်တစ်ခုထဲမှ အရည်များကို လက်ပေါ်သို့လောင်းချကာ မျက်နှာကို ပွတ်သပ်လိုက်သည်။ ဝါဖန့်ဖန့် အရောင်များ ပျော်ကျသွားလေပြီ။
အမျိုးသမီး နှစ်ဦးစလုံးမှာ အံ့အားသင့်သွားကြသည်။
ဆိုလွန်က ခါးသီးစွာ ပြုံးလိုက်သည်။ “ခင်ဗျားတို့ကပဲ ကြည့်ချင်တယ်ဆိုလို့နော်... ဒီမိစ္ဆာရုပ်ကြီးကို ပေါ်လာအောင် ခင်ဗျားတို့ပဲ အတင်း ဖိအားပေးခဲ့ကြတာနော်။”
အယောင်ဆောင်ထားသည်များကို ဆေးကြောပစ်လိုက်ခြင်းက ရုပ်ရည်ချောမောသည့် မျက်နှာတစ်ခုအား ပေါ်ထွက်လာစေခြင်း မရှိချေ။
ထိုအစား သူ၏ အသားအရေမှာ အလွန်တရာ အရုပ်ဆိုးလှကာ နက်ရှိုင်းသော အချိုင့်အဝှမ်းများနှင့် ကြောက်မက်ဖွယ်ကောင်းလောက်အောင် လိမ်ကောက်နေသည့် အသားပိုအဖုအကျိတ်များဖြင့် ဖုံးလွှမ်းနေ၏။ ဖားပြုတ်တစ်ကောင်နှင့်ပင် တူနေသေးသည်။
ယန်ရွှမ်းနှင့် ထူလင်းတိတို့မှည များသောအားဖြင့် အမျိုးသားတစ်ဦး၏ ရုပ်ရည်ကို ဂရုမစိုက်တတ်ကြသော်ငြား ထိုထိတ်လန့်ဖွယ် မြင်ကွင်းက သူမတို့နှစ်ဦးလုံးကို လန့်ဖျပ်သွားစေသည်။
ထူလင်းတိ၏ မျက်နှာက ဖြူရော်သွားသည်။ “နင့်မှာ မိစ္ဆာအစက်အပြောက်ရောဂါ ရှိနေတာလား။”
ဆိုလွန် ခေါင်းငုံ့လိုက်သည်။ “အင်း... ဟုတ်တယ်... မွေးကတည်းကပဲ။ ကျုပ်အသက် သုံးဆယ်မပြည့်ခင်မှာ ဒီအနာတွေက တစ်ကိုယ်လုံးကို ပျံ့နှံ့သွားပြီးတော့ အရမ်းကို နာကျင်စွာနဲ့ သေဆုံးရလိမ့်မယ်။ ကျုပ်ရဲ့ ဝါဖန့်ဖန့် မျက်နှာကြီးက အရုပ်ဆိုးတယ်လို့ ခင်ဗျားတို့ ထင်ခဲ့ကြပေမဲ့ တကယ်တော့ အဲဒါက ကျုပ်ရဲ့ ကြည့်အကောင်းဆုံး ရုပ်သွင်ပဲ။”
ဤသည်က သူ၏ မျက်နှာစစ်လော။ မဟုတ်ချေ။ အထူးဆေးရည်နှင့် အသူရာမိစ္ဆာကြယ်စွမ်းအင်ကို အသုံးပြုကာ အသွင်အပြင်ကို ပုံပျက်သွားစေရန် ဖန်တီးထားပြီး မိစ္ဆာအစက်အပြောက်ရောဂါကဲ့သို့ အယောင်ဆောင်ထားခြင်းသာ ဖြစ်၏။
ထိုအရာသည် အစစ်အမှန် ရောဂါနှင့် အနည်းငယ် ကွဲလွဲနေသော်လည်း အလွန်အမင်း ရွံရှာဖွယ်ကောင်းလွန်းလှသဖြင့် မည်သည့် မိန်းကလေးမှ ထိတွေ့စစ်ဆေးဝံ့မည် မဟုတ်ချေ။
သူမျှော်လင့်ထားသည့်အတိုင်းပင် ထူလင်းတိမှာ အနီးသို့ တိုးကပ်လာရန်ကို ကြောက်လန့်နေသည်။
အံ့အားသင့်မှုမှ ပြန်လည်သတိဝင်လာပြီးနောက် သူမက မဲ့ပြုံး ပြုံးလိုက်၏။ “ဆိုလွန်... နင်က ကိုယ့်ကိုယ်ကိုယ်တောင် တော်တော်ရက်စက်နိုင်တာပဲ။ နင့်ရဲ့ ချောမောတဲ့မျက်နှာကို ဆေးရည်တွေနဲ့ ဖျက်ဆီးပစ်ရလောက်အောင်အထိ... ဟက်... တစ်သက်လုံး ရုပ်ဆိုးသွားမှာကို နင် မကြောက်ဘူးလား။”
ဆိုလွန်က မျက်စိစုံမှိတ်လိုက်သည်။ “သခင်မလေး ထူလင်း... ကျုပ်ဆီမှာသာ တစ်ရက်လောက်လေးပဲဖြစ်ဖြစ် ဒီမျက်နှာကို ပြောင်းလဲခွင့်ရမယ်ဆိုရင် ဘယ်လိုတန်ဖိုးမျိုးကိုမဆို ပေးဆပ်ရဲပါတယ်။ ခင်ဗျား ပြောနေတဲ့ ဆိုလွန်ဆိုတဲ့သူသာ ကျုပ်ဖြစ်လိုက်ချင်တော့တာပါပဲဗျာ။”
ထို့နောက် သူက နံရံပေါ်ရှိ ဆိုလွန်၏ ပုံတူပန်းချီကားကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများ၌ အလွန်အမင်း နာကျင်မှုများ ပြည့်နှက်နေသည်။
သရုပ်ဆောင် စွမ်းရည်မှာ အပြစ်ပြောစရာမရှိအောင်ပင်။
ဆိုလွန်၏ အမူအရာတို့ကို မြင်လိုက်ရသောအခါ ထူလင်းတိတစ်ယောက် သူမ၏ ထက်မြက်လှသည့် ထိုးထွင်းသိမြင်နိုင်စွမ်းကိုပင် စတင် သံသယဝင်လာမိသည်။ သူမ မှားနေသည်လော။ မဟုတ်ချေ။
ဆိုလွန်ဆိုသည့် အကောင်သည် အလွန် ကောက်ကျစ်စဉ်းလဲသူဖြစ်ပြီး မည်သည့်လှည့်ကွက်ကိုမဆို အသုံးပြုပေလိမ့်မည်။ အရှေ့မှ သူက ဆိုလွန်ဖြစ်ကြောင်းကို သူမ ခိုင်ခိုင်မာမာ ယုံကြည်နေဆဲပင်။
အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်၌ ဆိုလွန်ဆိုသည့် အကောင်မှာ ယန်ရွှမ်းအနီး၌ သေချာပေါက် ရှိနေမည်ဖြစ်သောကြောင့်ပင်။
ယုံကြည်မှုတို့ ပြန်လည်ရရှိလာပြီးနောက် ထူလင်းတိက မျက်မှောင်ကျုံ့လိုက်သည်။ “မိစ္ဆာတစ်ကောင်လိုဖြစ်အောင် ဆေးရည်တွေ သုံးထားနိုင်ပေမဲ့ နင်တကယ် ဘယ်သူလဲဆိုတာကို ပြနိုင်မယ့် ခိုင်လုံတဲ့ သက်သေ ငါ့ဆီမှာ ရှိသေးတယ်။”
ဆိုလွန်က ပခုံးတွန့်လိုက်သည်။ “ခင်ဗျားဆီမှာ ဘယ်လိုသက်သေပဲရှိရှိ ကျုပ်ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ပါပဲ။”
**--**--**--**--**--**--**--**
ထူလင်းတိက ယန်ရွှမ်းဘက်သို့ လှည့်ကြည့်လိုက်သည်။ “အစ်မ ဆိုလွန်နဲ့ ချစ်သူတွေဖြစ်ခဲ့တုန်းက သူ့ရဲ့ ရင်ဘတ်အလွတ်ကို မြင်ဖူးလား။”
ယန်ရွှမ်းက ခေါင်းရမ်းလိုက်သည်။ “ဟင့်အင်း... ငါတို့ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ ရှိခဲ့ပေမဲ့ သင့်လျော်တဲ့ စည်းမျဉ်းစည်းကမ်းတွေကိုတော့ စောင့်ထိန်းခဲ့ကြပါတယ်။ ငါတို့ ဘယ်တုန်းကမှ အိန္ဒြေ မပျက်ခဲ့ကြပါဘူး။”
ထူလင်းတိက မျက်ခုံးပင့်လိုက်သည်။ “ဆိုလွန်က တော်ဝင်အကယ်ဒမီက ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတိုင်းကို လိုက်ပိုးပန်းခဲ့ပေမဲ့ ကျွန်မကိုတော့ ချန်ထားခဲ့တယ်။ ဘာလို့လဲဆိုတာ အစ်မ သိလား။”
ဆိုလွန်သည်လည်း သိချင်သွားမိ၏။ လူရှုပ်တစ်ယောက်က ကျောင်း၏ အလှမယ်တစ်ဦးကို အဘယ်ကြောင့် ချန်လှပ်ထားခဲ့ရသနည်း။ သူမ၏ ရာထူးအဆင့်အတန်းကြောင့်တော့ မဖြစ်နိုင်ချေ။ မင်းသမီး ကျိနင်ကိုပင် လိုက်လံပိုးပန်းရဲလောက်အောင် သူက ရူးသွပ်ခဲ့သည် မဟုတ်ပါလော။
ထူလင်းတိက ခေါင်းမော့လိုက်သည်။ “သူ ကျွန်မကို လာရှုပ်ဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါကြောင့် သူ တစ်သက်လုံး မမေ့နိုင်မယ့် သင်ခန်းစာတစ်ခုကို ကျွန်မ ပေးလိုက်တယ်။ ကျွန်မရဲ့ ဓားနဲ့ သူ့ရဲ့ ရင်ဘတ်ကို ခြောက်ချက်တိတိ ထိုးသွင်းပစ်လိုက်တာ။ တစ်ချက်ထိုးတိုင်း ကျွန်မရဲ့ နဂါးစွမ်းအားတွေကို သူ့ရဲ့ နှလုံးသားထဲ ရိုက်သွင်းပြီး နှလုံးခုန်တာကို စက္ကန့်သုံးဆယ်လောက် ရပ်သွားအောင် လုပ်ခဲ့တာလေ။ ကျွန်မ သူ့ကို သတ်မိမတတ်တောင် ဖြစ်သွားခဲ့တယ်။ အဲဒီအချိန်ကစပြီး သူ ကျွန်မရဲ့ ပေသုံးဆယ်အနီးကိုတောင် မလာရဲတော့ဘူး။”
ဆိုလွန်တစ်ယောက် သူမအား ထိတ်လန့်တကြား ကြည့်လိုက်မိ၏။ ထိုမိန်းမသည် အလွန်ရက်စက်လှသည်။ မူလဆိုလွန်က သူမအား အဆိပ်ပြင်းသည့် မြွေတစ်ကောင်ကဲ့သို့ အဘယ်ကြောင့် ရှောင်ကြဉ်ခဲ့ရသည်ဆိုသည်မှာ အံ့ဩစရာ မဟုတ်ချေ။
သူမက လှောင်ပြုံး ပြုံးလျက် ဆက်ပြောသည်။ “သူ့ရဲ့ ရင်ဘတ်ပေါ်မှာ မက်မွန်ပန်းပွင့်ပုံစံ အမာရွတ် ခြောက်ခုကို ကျွန်မ ချန်ထားရစ်ခဲ့တယ်။ အဲဒီအမာရွတ်တွေကို ဖျက်ပစ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ နင့်ဆီမှာလည်း အဲဒီအမာရွတ်တွေ ရှိနေမယ်ဆိုရင်တော့ တိုက်ဆိုင်လွန်းရာ မကျဘူးလား။”
ဆိုလွန် စိတ်ထဲ၌ ရယ်မောလိုက်မိ၏။ မူလဆိုလွန်သာဆိုလျှင် ပေါ်သွားမည်ဖြစ်သော်လည်း သူကမူ ကမ္ဘာမြေမှ လန်လင်း ဖြစ်သည်။ သဘာဝကျစွာပင် သူ့ထံ၌ ထိုကဲ့သို့အမာရွတ်များ မရှိနေချေ။
ထူလင်းတိကို စိုက်ကြည့်ရင်း သူ၏ အင်္ကျီကို ချွတ်လိုက်ကာ ရင်ဘတ်ရှိရာ နေရာသို့ လက်ညှိုးထိုးပြပြီး လှောင်ပြုံး ပြုံးလိုက်သည်။ “ဒီနေရာမှာလား။”
ထူလင်းတိက ရှေ့သို့တိုးကာ သူ၏ ရင်ဘတ်ကို စစ်ဆေးကြည့်လိုက်သည်။ လုံးဝကို ချောမွေ့နေ၏။ အမာရွတ် တစ်ခု မရှိနေချေ။
သူမ၏ မျက်လုံးများ ပြူးသွားသည်။ “ငါ တကယ်ပဲ မှားသွားတာလား။ အဲဒီအမာရွတ်တွေက ဖျောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။” သူ၏ ရင်ဘတ်ကို အချိန်အတော်ကြာ စစ်ဆေးကြည့်ပြီးနောက် နောက်ဆုံး၌ သူမ စိတ်ကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။
“တောင်းပန်ပါတယ်။ ကျွန်မ လူမှားသွားတယ်။”
ဆိုလွန်က သူ၏ အင်္ကျီကို တိတ်ဆိတ်စွာ ပြန်ဝတ်လိုက်သည်။
ထူလင်းတိက ယန်ရွှမ်းအား စိုက်ကြည့်လိုက်သည်။ “သူက ဆိုလွန် မဟုတ်ရင်တောင်မှ သူ့မှာ မိစ္ဆာအစက်အပြောက်ရောဂါ ရှိနေတာပဲလေ။ သူ့မျက်နှာက အိပ်မက်ဆိုးတစ်ခုလိုပဲ... ပြီးတော့ အသက်သုံးဆယ်မှာ သူ သေလိမ့်မယ်။ ကျွန်မရဲ့ အစ်ကိုကြီး လျူချန်အစား သူ့ကိုပဲ တကယ် ရွေးချယ်ချင်သေးတာ သေချာလို့လား။”
ဆိုလွန်က မျက်မှောင်ကျုံ့လိုက်သည်။ “လျူချန်...။”
ထူလင်းတိက ဂုဏ်ယူစွာ ပြောသည်။ “ကျွန်မအစ်ကို ထူလင်းချန်လေ... လျူချန်လို့လည်း ခေါ်ကြတယ်။ သူက ယန်ရွှမ်းကို အရမ်းချစ်လွန်းလို့ ရဟန်းဝတ်သွားခဲ့တာ။ သူက ရှင့်ထက် အများကြီး ပိုပြီး ချောမောခန့်ညားသလို ပိုပြီးတော့လည်း သန်မာတယ်။ ယန်ရွှမ်းကိုရော ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကိုပါ ကာကွယ်ပေးနိုင်လောက်တဲ့အထိ စွမ်းဆောင်ရည် အပြည့်အဝ ရှိတယ်။”
ယန်ရွှမ်းက ခေါင်းရမ်းလိုက်သည်။ “ဟင့်အင်း... ငါ လန်လင်းကို ငါ့အနားမှာနေပြီး ကူညီပေးဖို့ သဘောတူခဲ့ပြီးပြီ။ ငါ ကတိဖျက်မှာ မဟုတ်ဘူး။ သူ့ရုပ်ရည်က ဘယ်လိုပဲဖြစ်နေပါစေ သူ့ရဲ့ စရိုက်လက္ခဏာနဲ့ ဉာဏ်ပညာကိုပဲ ငါ တန်ဖိုးထားတယ်။ လျူချန်ကို တောင်းပန်ပါတယ်လို့ ပြောပေးပါ။”
ထူလင်းတိက သူမအား အံကြိတ်လျက် စိုက်ကြည့်လိုက်သည်။ “အစ်မက အရူးလိုပဲ ခေါင်းမာလွန်းတယ်။ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ ပျက်စီးသွားမယ့်အချိန်ကိုသာ စောင့်နေလိုက်တော့။ အစ်မလို လှပတဲ့ မိန်းကလေးတစ်ယောက်အတွက် အကြောက်မက်ဖွယ်အကောင်းဆုံး ကံကြမ္မာဆိုတာ သေချင်တာတောင် သေခွင့်မရဘဲ တောင်းပန်နေရတာမျိုးပဲ။”
ထို့နောက် သူမက ဆိုလွန်ဘက်သို့ လှည့်ကြည့်လာသည်။ “ရှင်သာ သူ့ကို တကယ်ချစ်တယ်ဆိုရင် သူ ဘေးကင်းဖို့ကိုပဲ ရှင် လိုလားသင့်တယ်။ ရှင့်လို ဖားပြုတ်တစ်ကောင်က လူတွေကို ထွက်မခြောက်ဘဲ ထောင့်တစ်နေရာရာမှာပဲ ပုန်းနေသင့်တယ်။”
ထိုသို့ပြောပြီးနောက် ထူလင်းတိက လျှို့ဝှက်မြေအောက်ခန်းထဲမှ ထွက်ခွာသွား၏။
အထက်ဆီမှ သူမ၏ အသံက လွင့်ပျံလာသည်။ “ယန်နိုင်အာ... မိုးလင်းတာနဲ့ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို ဖျက်ဆီးမယ့် တိုက်ပွဲဝင်ခရာသံ ထွက်ပေါ်လာတော့မယ်။ အစ်မရဲ့ ပျက်စီးခန်းကို ကြည့်ဖို့ ကျွန်မ စောင့်မျှော်နေပါ့မယ်။” ထို့နောက် လုံးဝ တိတ်ဆိတ်သွား၏။
တိတ်ဆိတ်နေသည့် လျှို့ဝှက်ခန်းအတွင်း၌ ဆိုလွန်နှင့် ယန်ရွှမ်းတို့ နှစ်ဦးတည်းသာ ကျန်ရစ်၏။
ရုတ်တရက် ယန်ရွှမ်းက လက်လှမ်းကာ သူ၏ ကြောက်မက်ဖွယ် မျက်နှာကို ညင်သာစွာ ထိတွေ့လိုက်သည်။ သူ၏ အရုပ်ဆိုးလှသည့် အသွင်အပြင်ကို လုံးဝ လျစ်လျူရှုကာ သူ၏ အသားအရေကို တစ်လက်မချင်းစီ ပွတ်သပ်နေ၏။ သူမ၏ မျက်လုံးများထဲမှ နာကျင်မှုများမှာ ဖြည်းညင်းစွာ ပြိုကွဲလာသည်။
ယန်ရွှမ်း မျက်ရည်ဝဲသွားသည်။ “ကောင်းပြီ... ထူလင်းတိလည်း သွားပြီ။ အခု နင် ငါ့ကို ပြောပြလို့ရပါပြီ။ နင် တကယ်ပဲ ဆိုလွန်လား။” သူမ၏ အသံမှာ အေးစက်နေခြင်း မရှိတော့ဘဲ နက်ရှိုင်းလှသည့် ဝမ်းနည်းပူဆွေးမှုတို့ဖြင့် ပြည့်နှက်နေသည်။
မည်သို့ပြန်ဖြေရမည်ကို မသိတော့ဘဲ ဆိုလွန်တစ်ယောက် အေးခဲသွားရ၏။
ယန်ရွှမ်းက သူမ၏ မျက်ရည်များကို ထိန်းထားရန် ကြိုးစားရင်း လေးနက်စွာ ပြောသည်။ “မဖြေခင် သေချာစဉ်းစားပါ။ နင် ဘာပဲပြောပြော ငါ လက်ခံပေးမယ်။ နင်သာ ဆိုလွန်မဟုတ်ဘူးလို့ ပြောရင် ငါ ယုံပေးမယ်။ ငါ ဒီလူ့ဆီမှာ တစ်ခါ အလှည့်စားခံခဲ့ဖူးပြီးပြီ... ပြီးတော့ သူ့ဆီကနေ ထပ်ပြီး အလှည့်စားခံဖို့ကိုလည်း ငါ ဆန္ဒရှိပါတယ်။”
အခြားသူသာဆိုလျှင် ဝန်ခံလာစေရန် သူ့အား လှည့်စားနေခြင်း ဖြစ်ကောင်းဖြစ်နိုင်၏။ သို့သော် ယန်ရွှမ်းကမူ စိတ်ထားဖြူစင်သူဖြစ်သည်။ သူမ ချစ်ရသည့် အမျိုးသားအပေါ်၌ ဘယ်သောအခါမှ လှည့်ကွက်များကို အသုံးပြုမည် မဟုတ်ချေ။
ဆိုလွန်၏ ပြီးပြည့်စုံလှသော ဟန်ဆောင်မှုများ နောက်ဆုံး၌ ပြိုလဲသွား၏။ သူ စတင်တုန်ယင်လာကာ အသက်ရှူသံများ ပြင်းထန်လာပြီး မျက်လုံးများမှ မျက်ရည်များ ကျဆင်းလာသည်။
သူ မျက်စိစုံမှိတ်လိုက်သည်။ “ခင်ဗျား မှန်ပါတယ်။ ကျုပ် ဆိုလွန်ပါ... ကျုပ်က အဲဒီ ခွေးကောင်ပဲ။”
ထိုစကားကို ကြားပြီးနောက် ယန်ရွှမ်းတစ်ယောက် မျက်ရည်များကို ဆက်၍ ထိန်းမထားနိုင်တော့ချေ။
အပိုင်း ၂၆၁ + ၂၆၂ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team