← Chapters

အခန်း (၂၆၃-၂၆၄)

Vol. 27 Ch. 263-264

အခန်း (၂၆၃-၂၆၄)

Vol. 27 Ch. 263-264

အပိုင်း ၂၆၃ + ၂၆၄

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

"ခင်ဗျား မှန်ပါတယ်။ ကျုပ် ဆိုလွန်ပါ... ကျုပ်က အဲဒီ ခွေးကောင်ပဲ။"

ယန်နိုင်အာ၏ ပါးပြင်ထက်သို့ မျက်ရည်များ စီးကျလာ၏။ သူမ ဘာသံမှမထွက်သော်လည်း တုန်ယင်နေသည့် ခန္ဓာကိုယ်နှင့် မျက်ရည်များ ဝဲနေသည့် အကြည့်တို့က သူ့ထံမှ ဖယ်ခွာမသွားခဲ့ချေ။ သူမ၏ တိတ်ဆိတ်နေသော ဝမ်းနည်းပူဆွေးမှုက သူ၏ ရင်ကို နာကျင်စေရန် လုံလောက်နေသည်။

သူက မူလဆိုလွန် မဟုတ်သလို အတိတ်က ခံစားချက်များကိုလည်း မျှဝေခံစားဖူးခြင်း မရှိချေ။ သို့သော် လက်ရှိအချိန်၌ မူလဆိုလွန်၏ အပြစ်ရှိစိတ်က သူ့အပေါ်သို့ ရိုက်ခတ်လာ၏။ သူမကို အသုံးချကာ စွန့်ပစ်ခဲ့ပြီး ကုစား၍မရနိုင်သည့် ဒဏ်ရာများကို ချန်ထားရစ်ခဲ့သော အမှိုက်ကောင်တစ်ယောက်ကဲ့သို့ သူ အမှန်တကယ် ခံစားလိုက်ရသည်။

သူမ၏ မျက်ရည်များကို သုတ်ပေးရန် လက်လှမ်းလိုက်သော်လည်း သူ၏ လက်က လေထဲ၌ပင် ရပ်တန့်သွား၏။ ထိုသို့လုပ်ရန် သူ့၌ အခွင့်အရေး မရှိချေ။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ယန်နိုင်အာက စကားတစ်ခွန်းကို ထစ်အစွာ ပြောလာသည်။ "ဘာလို့လဲ။"

သူမ၏ အသံမှာ တိုးညင်းနေ၏။ ရေခဲတမျှ အေးစက်တည်ငြိမ်သည့် ဟန်ဆောင်မှုတို့က လုံးဝကို အရည်ပျော်ကျသွားလေပြီ။ သူမ မေးနေသည့် အရာကို ဆိုလွန် အတိအကျ သိသည်။

သူမအား အဘယ်ကြောင့် သစ္စာဖောက်ခဲ့သနည်း။ သူမက လုံလောက်အောင် မလှ၍လော။ သူမများ အမှားလုပ်မိထားသည်​လော။

ဆိုလွန် မျက်စိစုံမှိတ်လိုက်၏။ သူ စကားပြောလိုက်ချိန်၌ အသံများက တုန်ယင်နေသည်။ "ခင်ဗျား... ခင်ဗျားက အရမ်းကို ဖြူစင်လွန်းတယ်။ နတ်သမီးလေးတစ်ပါးလိုပဲ။ တပ်မက်တဲ့ စိတ်တစ်ခုတည်းနဲ့ပဲ ခင်ဗျားနောက်ကို ကျုပ် လိုက်ခဲ့တာ။ ခင်ဗျားကို သိမ်းပိုက်ရတဲ့ စိတ်လှုပ်ရှားမှုကိုပဲ ကျုပ် လိုချင်ခဲ့တာ။"

"အဲဒီတော့ ဘာဖြစ်လဲ။" သူမက ပြန်လည်ချေပလိုက်သည်။ "အချစ်နဲ့ မစခဲ့ဘူးဆိုရင်တောင် နောက်ပိုင်းကျရင် အချစ်အဖြစ် ပြောင်းလဲသွားနိုင်တာပဲလေ။"

"ကျုပ်တို့ အတူတူ အချိန်ဖြုန်းလေလေ ခင်ဗျားရဲ့ ဖြူစင်မှုက ကျုပ်ကို ပိုပြီး ကြောက်လန့်စေလေပဲ။" ဆိုလွန်က ပြောသည်။ "အဲဒါက ကျုပ်ကို ညစ်ပတ်သလို ခံစားရစေတယ်။ ရှက်စရာကောင်းတယ်။ ကျုပ်လို အမှိုက်ကောင်က ခင်ဗျားလိုလူမျိုးနဲ့ ဘယ်လိုလုပ်ပြီး အတူတူ နေနိုင်မှာလဲ။ ကျုပ် တကယ် ပြောင်းလဲဖို့ တွေးခဲ့ဖူးတယ်။ ခင်ဗျားနဲ့ တစ်သက်လုံး အတူနေဖို့ တွေးခဲ့ဖူးတယ်။ ဒါပေမဲ့... ကျုပ်က ကစားရတာကို နှစ်သက်တဲ့ ကလေးဆိုးတစ်ယောက်ပဲလေ။ ကျုပ်စိတ်ကို ကျုပ်တောင် မထိန်းချုပ်နိုင်ခဲ့ဘူး။ ပြီးတော့ ကွေ့ချင်းရှောင်းနဲ့လည်း ကျုပ် စေ့စပ်ထားပြီးသား။"

"ခင်ဗျားမျက်လုံးတွေထဲက ဖြူစင်တဲ့ သစ္စာရှိမှုကို မြင်ရတိုင်း ခင်ဗျားရဲ့ ခံစားချက်တွေနဲ့ ကစားခဲ့မိတဲ့ အပြစ်ရှိစိတ်က ကျုပ်ကို အရှင်လတ်လတ် စားသုံးနေသလိုပဲ။ ခင်ဗျားကို အနာဂတ်တစ်ခု ကျုပ် မပေးနိုင်ဘူးလေ။ အချိန်ဆွဲပြီး ခင်ဗျားကို ပိုနာကျင်စေမယ့်အစား ပြတ်ပြတ်သားသား လမ်းခွဲလိုက်တာက ပိုကောင်းမယ်လို့ ကျုပ် ထင်ခဲ့တာ။ ကျုပ်လို ခွေးကောင်က ခင်ဗျားနဲ့ မထိုက်တန်ပါဘူး။ လျူချန်လို လူမျိုးရဲ့ အကာအကွယ်အောက်မှာဆိုရင် ခင်ဗျား ပိုပြီး အဆင်ပြေလိမ့်မယ်လို့ ကျုပ် တွေးခဲ့တာ။"

ယန်နိုင်အာတစ်ယောက် လုံးဝကို ပြိုလဲသွားရလေပြီ။ ရှိုက်သံများကို အပြင်သို့ မထွက်စေရန် ပါးစပ်ကို လက်ဖြင့် ပိတ်ထားလိုက်ပြီး သူမ၏ သွယ်လျသော ပခုံးများမှာ ပြင်းထန်စွာ တုန်ယင်နေရ၏။

"ခင်ဗျားကို တကယ် ချစ်မိသွားမှာကို ကျုပ် အရမ်းကြောက်ခဲ့တာ။ အဲဒါက ကျုပ်မိသားစုအတွက် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ်။" ဆိုလွန်က အားယူကာ ပြောလိုက်သည်။ "ဒါကြောင့် ဆက်သွယ်မှု အားလုံးကို ကျုပ် ဖြတ်တောက်လိုက်တယ်။ ပြီးတော့ ကျုပ်ဘာသာ ပြန်ပြီး ဒူးထောက်မလာနိုင်အောင် မင်းသမီး ကျိနင်နောက်ကို ချက်ချင်း လိုက်ခဲ့တယ်။ ကျုပ်တို့နှစ်ယောက် အတူတူ အနာဂတ်ရှိလာမှာ မဟုတ်ဘူးဆိုတာကို သိလို့ သူ့ကို ကျုပ် ရွေးချယ်ခဲ့တာ... ပြီးတော့ ကျုပ်တို့က အနာဂတ်တစ်ခု လိုအပ်တာမှ မဟုတ်တာ။"

စကားလုံးတိုင်းက မူလဆိုလွန် ခွေးသတောင်းစားလေး ချန်ထားရစ်ခဲ့သည့် အကြွင်းမဲ့ အမှန်တရားပင်။

ထိုအချိန်က ယန်နိုင်အာနှင့် အတူအိပ်ရန် သူ့၌ အခွင့်အရေး ရှိခဲ့၏။ သူမကိုယ်တိုင် သူ့ထံသို့ လိုလိုလားလား ပုံအပ်လောက်သည့်အထိ သူ့ကို ချစ်ခဲ့သည်။

သို့သော် ဆိုလွန်မှာ သူမကို လက်ဖျားနှင့်ပင် မထိဘဲ ထွက်ပြေးခဲ့၏။ သူ၏ ကောက်ကျစ်စဉ်းလဲသည့် နည်းလမ်းဖြင့် သူမကို ဖျက်ဆီးပစ်ရမည့်အစား အလွန်အမင်း တန်ဖိုးထားခဲ့သည်။ အနာဂတ်မရှိကြောင်း သိ၍ သူမကို လွှတ်ပေးကာ အဆက်အသွယ် ဖြတ်ခဲ့၏။ သို့သော် သူမကို ကာကွယ်ရန်အတွက် သူ၏ ကြိုးပမ်းမှုက သူမအား ပို၍ နက်ရှိုင်းစွာ ဒဏ်ရာရစေခဲ့သည်။

ထိုအချိန်က ယန်နိုင်အာမှာ အပြစ်အနာအဆာကင်းသည့် ပုလဲတစ်လုံးကဲ့သို့ ဖြူစင်လွန်းခဲ့၏။ ထို့ကြောင့်လည်း လျူချန်ကဲ့သို့ ပါရမီရှင်တစ်ဦးက သူမအား မြတ်နိုးခဲ့သော်လည်း ထိတွေ့ရန်ပင် အလွန်အမင်း သတိထားခဲ့ရခြင်း ဖြစ်သည်။

တစ်ဖက်၌မူ ဆိုလွန်မှာ တောဝက်တစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့၏။ သာမန် ဂေါ်ဖီထုပ်ကို မြင်နေရသလော။ တန်ဖိုးမဖြတ်နိုင်သည့် ကျောက်စိမ်းကို မြင်နေရသလောဆိုသည်ကို သူ ဂရုမစိုက်ချေ။ ဝအောင် စားရရန်သာ လိုလားသည်။

သို့သော် တောဝက်က တန်ဖိုးအကြောင်း သိရှိသွားချိန်၌ ဖျက်ဆီးရန် မလုပ်ရက်တော့ချေ။ ထို့ကြောင့် သူမကို မထိမခိုက်စေဘဲ ဥယျာဉ်ထဲမှ သတိထားကာ နောက်ဆုတ်သွားခဲ့၏။

**--**--**--**--**--**--**--**

စွန့်ပစ်ခံရသည့် မည်သည့် မိန်းကလေးမဆိုကဲ့သို့ပင် သူမသည်လည်း အဘယ်ကြောင့်ဆိုသည်ကို အမြဲတမ်း သိချင်နေခဲ့၏။ သို့သော် ယခုအချိန်၌ အဖြေကို ရရှိသွားပြီဖြစ်ရာ ပို၍ နက်ရှိုင်းသည့် ဝမ်းနည်းပူဆွေးမှုကိုသာ ခံစားလိုက်ရသည်။

"ငါ... ငါတို့ ပြန်တွေ့မယ့် အချိန်တွေကို ခေါင်းထဲမှာ အကြိမ်ကြိမ် တွေးကြည့်ခဲ့ဖူးတယ်။" သူမက ရှိုက်ကြီးတငင် ငိုကြွေးလျက် ပြောသည်။ "ဒါပေမဲ့ ဒီလိုမျိုး ဖြစ်လာမယ်လို့ တစ်ခါမှ မတွေးထားခဲ့ဘူး။"

"ကျုပ်လည်း အတူတူပဲ။" ဆိုလွန်က စကားလုံးတိုင်းကို ရည်ရွယ်ကာ ပြောလိုက်သည်။

"မနေ့မနက်က နင် သွေးတစ္ဆေရဲ့ ခေါင်းကိုယူလာတုန်း နင့်မျက်နှာပေါ် နေရောင်ကျလာတာလေးက... တစ်စက္ကန့်လောက်တော့ နင့်ကို ဆိုလွန်နဲ့ တစ်ပုံစံတည်းလို့ ငါ ထင်လိုက်မိသေးတယ်။" သူမက တိုးညင်းစွာ ရေရွတ်လိုက်၏။ "ဒါပေမဲ့ နင်မဟုတ်ဘူးလို့ ငါ့ကိုယ်ငါ ပြန်ဖျောင်းဖျလိုက်တယ်။ မျက်နှာက ပြောင်းလဲသွားနိုင်ပေမဲ့ မျက်လုံးတွေကတော့ မပြောင်းလဲဘူးလေ။ နင့်မျက်လုံးတွေက ကွဲပြားတယ်။ သူ့မျက်လုံးတွေက အမြဲတမ်း ကောက်ကျစ်စဉ်းလဲနေတာ... သူက ငါ့ကို အဝတ် မဝတ်ထားတဲ့အတိုင်း အမြဲ ကြည့်တတ်တာ။"

သူမ၏ ပွင့်လင်းမြင်သာမှုက ထူးဆန်းစွာပင် ချစ်စရာကောင်းနေကြောင်း ဆိုလွန် တွေ့ရှိလိုက်၏။ ယန်နိုင်အာ၌ ဖြူစင်သည့် နှလုံးသားရှိသော်လည်း စကားပြောရာ၌ လုံးဝ ဆင်ခြင်တုံတရား မရှိကြောင်း ဆိုနင်ပင်းက အမြဲပြောတတ်သည်။

ထို့ကြောင့်လည်း အတိတ်က ဆိုလွန်နှင့် သူမတို့ စကားများရန်ဖြစ်ကြတိုင်း သူမ၏ မျက်နှာရဲလာကာ စကားထစ်ခြင်းများဖြင့် စတင်ပြီး အဆုံး၌ သူ့အား အကြမ်းပတမ်း ထိုးကြိတ်ခြင်းဖြင့် အဆုံးသတ်သွားရခြင်း ဖြစ်၏။

"နင် တကယ် ပြောင်းလဲသွားတာပဲ။ နင့်ကို ငါ လုံးဝ မမှတ်မိနိုင်ခဲ့ဘူး။" သူမ၏ မျက်လုံးများထဲ၌ ရှုပ်ထွေးလှသည့် ခံစားချက်များ ရောယှက်နေ၏။

"ခင်ဗျားလည်း ပြောင်းလဲသွားတာပဲ။" ဆိုလွန်က ပြန်ပြောလိုက်သည်။ "အရမ်းကို ပြောင်းလဲသွားလို့ မှတ်တောင် ကျုပ် မမှတ်မိဘူး။ ယန်ရွှမ်းလို့ခေါ်တဲ့ ယန်နိုင်ပါရဲ့ အစ်မတစ်ယောက်လို့ပဲ ကျုပ် တကယ် ထင်ခဲ့တာ။"

သူ့အား ဤကဲ့သို့ တွေ့လိုက်ရခြင်းက... အလွန်ရိုးသားကာ မြေပြင်ပေါ်၌ ရပ်တည်နေပြီး အတိတ်က ချိုသာသည့် စကားများကို လုံးဝ ဖယ်ရှားထားခြင်းက... သူမ၏ ရင်ဘတ်ကို ပို၍ လေးလံသွားစေသည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံး၌ သူမက မေးလိုက်၏။ "နင့်အကြောင်း သတင်းတွေကို ငါ ရှောင်နေခဲ့တာ။ ဒီနှစ်တွေထဲမှာ နင်... နင် ဘယ်လိုနေလဲ။"

ဆိုလွန်က ခေါင်းရမ်းလိုက်သည်။ "မကောင်းပါဘူး။ ကျုပ်အဖေလည်း ဆုံးသွားပြီ၊ ဆိုဟန်ရီက ပုန်ကန်တယ်။ ပြီးတော့ ထျန်းရွှေမြို့လည်း ကျဆုံးသွားပြီ။"

သူမ၏ မျက်လုံးများက ကိုယ်ချင်းစာနာမှုများဖြင့် တောက်ပသွား၏။ "ငါလည်း အဆင်မပြေပါဘူး။ ငါ့အဖေလည်း ဆုံးသွားပြီလေ။ ပြီးတော့ ငါ့ရဲ့ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့... ငါတို့လည်း ဝါးမျိုခံရတော့မယ်။"

လေးလံသည့် တိတ်ဆိတ်မှုတစ်ခုက သူတို့နှစ်ဦးကြား၌ ကျဆင်းလာသည်။

"အစ်မ နင်ပင်းကရော။" သူမက တိုးညင်းစွာ မေးလိုက်၏။

သူမ၏ နာမည်ကို ကြားလိုက်ရသောအခါ ဆိုလွန်၏ အကြည့်တို့ နူးညံ့သွားသည်။ "သူ အဆင်ပြေပါတယ်။ ကျုပ် ဘေးကင်းနေသရွေ့ သူ ကျေနပ်နေမှာပါ။"

"ဩော်..." သူမက တိုးညင်းစွာ ရေရွတ်လိုက်၏။

သူတို့နှစ်ဦးစလုံး ပြောစရာ စကားလုံးများကို ရှာဖွေရန် ရုန်းကန်နေရရင်း တိတ်ဆိတ်မှုထဲသို့ ထပ်မံ နစ်မြုပ်သွားကြပြန်သည်။ နောက်ဆုံး၌ ယန်နိုင်အာက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။

"ငါ့စစ်တပ်ကို ရဖို့အတွက်ပဲ နင်က ငါ့ကို လာရှာတာလို့ ထူလင်းတိ ပြောတယ်။ အဲဒါ တကယ်လား။" သူမက သူ့အား စိုက်ကြည့်လျက် မေးလိုက်သည်။ အမှန်တရားကို လိုအပ်နေ၏။ လက်ရှိအချိန်၌ လိမ်ညာမှုက အမှားတစ်ခု ဖြစ်ပေလိမ့်မည်။

ဆိုလွန် ခေါင်းငုံ့လိုက်သည်။ သူ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။ "အင်း..."

"ငါ့ကို လာတွေ့ဖို့ သက်သက်ပဲ နင်လာခဲ့တာ မဟုတ်ဘူး။" မျက်လုံးများ ပြူးကျယ်သွားကာ သူမက ဆက်မေးသည်။ "ငါ့ကို အနိုင်ယူဖို့ ပြီးတော့ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို ထိန်းချုပ်ဖို့ နင် လိုချင်ခဲ့တာ။ ဟုတ်တယ်မလား။"

အမြဲတမ်းလိုလို ပွင့်လင်းမြင်သာလွန်းလှ၏။ ကြမ်းပြင်ကြီး ပွင့်ထွက်သွားပြီး သူ၏ တစ်ကိုယ်လုံး ဝါးမျိုသွားရန်သာ ဆိုလွန် ဆန္ဒရှိလိုက်မိသည်။ သူ ထပ်၍ ခေါင်းညိတ်လိုက်၏။ "အင်း... ဟုတ်တယ်။"

နက်ရှိုင်းသည့် ဝမ်းနည်းမှုတစ်ခုက သူမ၏ မျက်လုံးများထဲ၌ ဖြတ်ပြေးသွား၏။ မျက်ရည်များ မကျလာစေရန် အသည်းအသန် ကြိုးစားနေရင်း သူမ၏ မျက်တောင်များက တုန်ခါသွားရသည်။

"ငါ... ငါ နင့်ကို အပြစ်မတင်ပါဘူး။" သူမက တုန်ယင်နေသည့် အသံဖြင့် ပြောသည်။ "နင့်မိသားစုအတွက် အသုံးချလို့ရတဲ့ သူတိုင်းကို နင် အသုံးချရမှာပဲ။ ပြီးတော့ ငါကလည်း အရင်လို အပြစ်အနာအဆာကင်းတဲ့ သူမှ မဟုတ်တော့တာ။ ငါ့စစ်တပ်ကို ကယ်တင်ဖို့အတွက် လက်ထပ်ဖို့ အမျိုးသားတစ်ယောက်ကို ငါ ရွေးချယ်နေခဲ့ပြီလေ။ အဲဒီလိုလုပ်လိုက်ခြင်းအားဖြင့်... ငါတို့ကြားက ပတ်သက်မှုကို ငါ သစ္စာဖောက်လိုက်တာပဲ။"

ဆိုလွန်တစ်ယောက် ငိုချင်စိတ်ပေါက်လာပြီး မူလဆိုလွန်၏ အပြစ်ရှိစိတ် လေးလံမှုအောက်၌ အသက်ရှူကျပ်လုမတတ် ဖြစ်သွားရ၏။

"နင် တကယ် ဘယ်သူလဲဆိုတာကို ဘယ်သူကမှ ဖွင့်မချခဲ့ဘူးဆိုရင် လန်လင်းအနေနဲ့ နင် ဘာလုပ်မှာလဲ။" သူမက မေးလိုက်၏။

ဆိုလွန် အေးခဲသွားရသည်။ အမှန်တရားက ရုပ်ဆိုးလွန်းလှ၏။

"ငါ ရွေးချယ်ထားတဲ့ ခင်ပွန်းအနေနဲ့ ဒီစစ်ပွဲကို အနိုင်ရအောင် ကူညီပေးဖို့ နင့်ရဲ့ အရည်အချင်းတွေကို နင် အသုံးချလိမ့်မယ်။" သူမက အလွန်လေးနက်သည့် လေသံဖြင့် ပြောသည်။ "အဲဒီနောက် ငါတို့ လက်ထပ်ကြမယ်။ ပြီးရင် နင့်ရဲ့ သရုပ်မှန်ကို ဖြည်းဖြည်းချင်း ဖွင့်ချပြီး ငါ့စစ်တပ်ကို နင့်ရဲ့ ကိုယ်ပိုင် ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့အဖြစ် ပြောင်းလဲပစ်မယ်။ ငါ ပြောတာ မှန်လား။"

သူမက အလွန်ကို ထက်မြက်လွန်းနေ၏။ ကြည်လင်နေသည့် ထိုမျက်လုံးများကို ကြည့်ရသည်မှာ သေစေနိုင်သည့် ဓားချက်ကို ရင်ဆိုင်ရသည်ထက် ပို၍ ခက်ခဲနေသည်။

"မှန်ပါတယ်။" ဆိုလွန် ဝန်ခံလိုက်ပြီး ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားလိုက်သည်။

"နင့်အစီအစဉ်မှာ အားနည်းချက်ရှိတယ်။" သူမက တိုးညင်းစွာ ပြောလိုက်၏။ "နင်သာ အောင်မြင်သွားခဲ့ရင် နင့်ရဲ့ မျက်နှာစစ်ကို ငါ့ကို ပြလိုက်တဲ့ အချိန်မှာတင်... ငါ့ကိုယ်ငါ သတ်သေမိမှာ။"

ဆိုလွန် ပြင်းထန်စွာ တုန်ယင်သွားရ၏။

"နင် ငါနဲ့ အိပ်ပြီးမှ အမှန်တရားကို ဖွင့်ချခဲ့ရင် နင်က လန်လင်းလား ဒါမှမဟုတ် ဆိုလွန်လားဆိုတာ အရေးမကြီးတော့ဘူး။" သူမက ရှင်းပြသည်။ "ငါ့စိတ်ထဲမှာတော့ ငါ့ရဲ့ အတိတ်က ချစ်သူကို အခြားအမျိုးသားတစ်ယောက်နဲ့ သစ္စာဖောက်လိုက်သလို ခံစားရမှာပဲ။ နင်က လူတစ်ယောက်တည်း ဖြစ်နေရင်တောင်မှလေ။"

ဆိုလွန်၏ ကျောပြင်၌ အေးစက်စက် ချွေးများ ရွှဲသွား၏။ သူမပြောသည်မှာ အကြွင်းမဲ့ မှန်ကန်သည်။ သူ၏ အကြံအစည်သာ အောင်မြင်သွားပါက ထိုအရာက သူမကို လုံးဝ ဖျက်ဆီးပစ်လိုက်မည်ဖြစ်သည်။ ကျရှုံးသွားသည့်အတွက် ကြီးမားလှသည့် သက်သာရာရမှုက ဆိုလွန် အပေါ်သို့ လွှမ်းမိုးသွား၏။

"ငါတို့ နှစ်ယောက်လုံး ပြောင်းလဲသွားပြီ ဆိုလွန်... ဒါပေမဲ့ နင်က ပိုပြီး ပြောင်းလဲသွားတယ်။" သူမက ဆက်ပြောသည်။ "အရင်က နင်က အသက်ရှူသလိုမျိုး လွယ်လွယ်ကူကူ လိမ်ညာတတ်တယ်။ အခုတော့ နင် မလိမ်တော့ဘူး။"

"ဒါပေမဲ့ ငါ ချစ်မိသွားတဲ့သူက အဲဒီ လိမ်ညာတတ်တဲ့ ခွေးကောင်လေ။" သူမက ပြောလိုက်သည်။ "အခု ငါ့ရှေ့မှာ ရပ်နေတဲ့ ဆိုလွန် မဟုတ်ဘူး။"

ထိုစကားက ချက်ချင်းပင် သူ့ကို ရိုက်ခတ်သွား၏။

သူမ၏ နှလုံးသားပေါ်၌ သူချန်ထားရစ်ခဲ့သည့် အမှတ်အသားကို ဖျက်ပစ်၍ မရနိုင်ချေ။ သူမက မည်မျှပင် နာကျင်ရပါစေ အမှတ်တရများကို လုံခြုံစွာ သိမ်းဆည်းထားတတ်သည့် လူစားမျိုးပင်။

"ငါ ကျိကန်းကို ဆက်မတိုက်တော့ဘဲ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို ထျန်းရွှေမြို့ဆီ ပြန်ခေါ်လာပြီး နင့်ကို အလုပ်အကျွေးပြုစေချင်တာလား။" သူမက မေးလိုက်၏။

ဆိုလွန် တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံး၌ ခေါင်းညိတ်လိုက်သည်။

"တောင်းပန်ပါတယ်... ငါ အဲဒီလို မလုပ်နိုင်ဘူး။" သူမက ပြောလိုက်၏။ "ငါ့စစ်တပ်သာ အန္တရာယ် မရှိဘူးဆိုရင် နင့်ကို ငါ ကူညီပေးမှာပါ။ ဒါပေမဲ့ အခုတော့ နောက်ဆုတ်ပြီး ထွက်ပြေးရမယ့်အစား ဒီစစ်မြေပြင်မှာပဲ သေလိုက်တာကမှ ပိုကောင်းဦးမယ်။"

"ကျုပ် သိတယ်။" ဆိုလွန်က အလျင်အမြန် ပြောလိုက်သည်။ "အဲဒါကြောင့်မလို့ပဲ... ခင်ဗျားကို ကူညီပေးဖို့ ကျုပ် ကျန်ခဲ့မှာပါ။"

"ဟင့်အင်း..." သူမက ပြတ်သားစွာ ခေါင်းရမ်းလိုက်၏။ "ငါ့ဘေးမှာ ရပ်နေမယ့်သူက လောကပေါ်က ဘယ်သူမဆို ဖြစ်နိုင်ပေမဲ့ ဆိုလွန်တော့ လုံးဝ မဖြစ်ရဘူး။"

"ဘာလို့လဲ။" ဆိုလွန် မခံနိုင်ဖြစ်နေသည့် အသံဖြင့် မေးလိုက်၏။

"ငါ နင့်ကို မမုန်းပေမဲ့ နင့်ကို ခွင့်လွှတ်တာလည်း မဟုတ်ဘူး။ ကွဲနေတဲ့ မှန်တစ်ချပ်ကို ပြန်ဆက်လို့ မရဘူးလေ။"

"ခင်ဗျားဆီက ဘာမှ မလိုချင်ပါဘူး။" ဆိုလွန်က တောင်းပန်လိုက်၏။ "ဒီမှာနေပြီး ခင်ဗျားကို ကူညီချင်ရုံလေးတင်ပါ။"

"ဟင့်အင်း... ငါ နင့်အပေါ် အကြွေး မတင်ချင်ဘူး။" သူမက ပြန်ပြောသည်။ "ကောင်းတဲ့ အမှတ်တရတွေကို ငါတို့ သိမ်းထားလို့ရပါတယ်။ သေချာ နှုတ်ဆက်နိုင်ဖို့အတွက် ဒီနေ့ ငါတို့ တွေ့ရတာ ဝမ်းသာပါတယ်။ နောက်ဆုံးတော့ ယန်နိုင်အာကို ပျောက်ကွယ်သွားစေပြီး ငါ တကယ်ပဲ ယန်ရွှမ်းဖြစ်လာနိုင်ပြီလေ။"

ဆိုလွန်တစ်ယောက် အလွန်အမင်း ထိတ်လန့်နေမိ၏။ စကားလုံးထောင်ပေါင်းများစွာက လည်ချောင်းထဲ၌ ပိတ်ဆို့နေသော်လည်း တစ်ခွန်းမှ အပြင်သို့ ထွက်မလာချေ။

ပြင်းပြင်းရှူလိုက်ပြီးနောက် ယန်နိုင်အာက ထွက်သွားရန် လှည့်လိုက်၏။ "ဆိုလွန်... နင့်အတွက် ငါထားခဲ့တဲ့ အချစ်တွေကို နှလုံးသားထဲမှာ အမြဲတမ်း သိမ်းထားမှာပါ။ ဒါပေမဲ့ ပြီးခဲ့တာတွေက ပြီးသွားပါပြီ။ ဒီနေ့ကစပြီး ငါတို့ ဆက်သွယ်မှု အားလုံးကို ဖြတ်တောက်လိုက်ပြီ။ နင့်လမ်း နင်သွား... ငါ့လမ်း ငါသွားမယ်။ တစ်ယောက်နဲ့တစ်ယောက် ကောင်းပါစေလို့ ဆုတောင်းပေးလို့ ရပေမဲ့... ငါတို့ တစ်ယောက်နဲ့တစ်ယောက် အဝေးကြီးမှာပဲ နေကြရမယ်။"

အပိုင်း ၂၆၃ + ၂၆၄ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters