အခန်း (၂၆၅-၂၆၆)
Vol. 27 Ch. 265-266
အပိုင်း ၂၆၅ + ၂၆၆
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ယန်နိုင်အာက သူမ၏ ဖခင်ဖြစ်သူ ယန်ယန်၏ သလင်းကျောက်ခေါင်းတလားကို မကာ ထွက်သွား၏။
သူမက ငြင်းဆန်ခွင့်မပေးသည့် လေသံဖြင့် ပြတ်သားစွာ ပြောသည်။ "ဘာမှဆက်မပြောနဲ့တော့။ ဒီမှာပဲ အဆုံးသတ်ကြမယ်။"
ထို့နောက် လှည့်ထွက်ကာ ထွက်သွားတော့သည်။
တစ်ချိန်တည်း၌မှာပင် သိပ်သည်းလေးလံသည့် စွမ်းအင်ုကြီး တစ်ခုက ဆိုလွန်၏ သွေးကြောများကို ပိတ်လှောင်ထားလိုက်၏။ ရုတ်ချည်းဆိုသလိုပင် မြေအောက်ခန်းထဲ၌ ရေခဲရုပ် တစ်ရုပ် အလား ဖြစ်သွားပြီ လှုပ်ရှား၍မရနိုင်တော့ချေ။
အချိန်သိပ်မကြာလိုက်ပေ။ ခြံဝင်းတစ်ခုလုံး၌ စစ်စည်တော်သံများဖြင့် ပဲ့တင်ထပ်သွားကြ၏။ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့သည် သူတို့၏ နာမည်နှင့်လိုက်ဖက်စွာ စံချိန်တင် အချိန်တိုအတွင်း၌ စုရုံးလာကြသည်။
ညနက်နေပြီဖြစ်သော်လည်း ဆယ့်ငါးမိနစ်မပြည့်မီမှာပင် စစ်သည်သုံးထောင်ကျော်တို့က လေ့ကျင့်ရေးကွင်းထဲ၌ နေရာယူလိုက်ကြပြီး ထိုကွင်းပြင်တစ်ခုလုံးမှာလည်း မီးတိုင်ထောင်ပေါင်းများစွာဖြင့် လင်းထိန်နေကြသည်။
ဝံပုလွေသခင်မလေး ယန်ရွှမ်းကမူ စစ်ဝတ်တန်ဆာ အပြည့်အစုံဖြင့် ကွပ်ကဲရေးစင်မြင့်ထက်၌ ရပ်နေ၏။ သူမ၏ ရှေ့တည့်တည့်၌မူ ငွေရောင်ဝံပုလွေ ယန်ယန် ပါရှိသည့် သလင်းကျောက်ခေါင်းတလားကို ချထားသည်။
ခေါင်းတလားထဲမှ သူ့ကို မြင်လိုက်ရချိန်၌ စစ်သည်များအားလုံး မှင်သက်သွားကြရ၏။ သူတို့၏ ဝံပုလွေဘုရင် ၊ သူတို့၏ ရှုံးနိမ့်ခြင်းမရှိနိုင်ဟု ထင်မှတ်ထားခဲ့သည့် ပြိုင်ဘက်ကင်း ခေါင်းဆောင်ကြီး သေဆုံးသွားလေပြီ။
တပ်မတော်အတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများ ရိုက်ခတ်သွားသည်။ စစ်သည်များ တုန်ယင်လာကြပြီး သူတို့၏ စိတ်ဓာတ်ခွန်အားများမှာ တစ်ခဏအတွင်း၌ပင် ကြေမွသွားရသည်။
ယန်ရွှမ်း၏ မျက်လုံးများက ရေခဲတမျှ အေးစက်နေ၏။ သူမက လူအုပ်ကြီးကို စိုက်ကြည့်လိုက်သည်။ "မင်းတို့ကို ငါ ပြောစရာ လေးချက်ရှိတယ်။
"ပထမအချက် ၊ မင်းတို့ မြင်တဲ့အတိုင်းပဲ ငါ့အဖေ သေသွားပြီ။
"ဒုတိယအချက် ၊ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့က လုံးဝ ဖျက်ဆီးခံရမယ့် အနေအထား ရောက်နေပြီ။ ထျန်ယဲ့မြို့က အဖွဲ့အစည်း ဆယ့်နှစ်ဖွဲ့က ငါတို့ကို ဖျက်ဆီးဖို့ ပူးပေါင်းလိုက်ကြပြီ။
"တတိယအချက် ၊ ဘယ်သူ့ကိုမှ နေဖို့ ငါ အတင်းမတိုက်တွန်းဘူး။ မင်းတို့ အိမ်ပြန်နိုင်တယ်။ တခြား ကြေးစားစစ်သည်အဖွဲ့ထဲ ဝင်နိုင်သလို ရန်သူ့ဘက်လည်း ကူးပြောင်းနိုင်တယ်။ မင်းတို့အားလုံး လွတ်လွတ်လပ်လပ် ထွက်သွားခွင့် ရှိတယ်။
"စတုတ္ထအချက် ၊ ဒီနေရာမှာ ထိုင်ပြီး သေမယ့်အချိန်ကို ငါ မစောင့်နိုင်ဘူး။ ငါ သူတို့ကို သွားတိုက်မယ်။ သေရဲတဲ့ အသေခံတပ်ဖွဲ့တစ်ခု ငါ လိုအပ်တယ်။ အရေအတွက် အရေးမကြီးဘူး။ လူတစ်ရာရှိရင် တစ်ရာနဲ့တိုက်မယ်။ လူတစ်ထောင်ရှိရင် တစ်ထောင်နဲ့ တိုက်မယ်။"
သူမ၏ အသံ၌ ဝမ်းနည်းနေဟန် မပေါ်သော်လည်း ဖိနှိပ်ထားသည့် လေးနက်သော ဝန်ထုပ်ဝန်ပိုးတစ်ခုက ခြံဝင်းတစ်ခုလုံးအပေါ်သို့ ကျဆင်းလာ၏။ လူတိုင်းက သူမကို စိုက်ကြည့်နေကြပြီး နေခဲ့ရန် တောင်းဆိုသည့် စကားတစ်ခွန်းလောက် သူမ ပြောလာမည်ကို တိတ်ဆိတ်စွာ မျှော်လင့်နေကြသည်။
ယန်ရွှမ်းက လေးနက်စွာ ဆက်ပြောသည်။ "နုလန်ဘုရင့်နိုင်ငံ ဒါမှမဟုတ် ရှီးလျန်ဘုရင့်နိုင်ငံဆီကို ထွက်ပြေးမှာ မဟုတ်ဘူး။ ညသစ်ခွ မြို့စားနယ်မြေက အိမ်ရှေ့မင်းသားတစ်ယောက်ရဲ့ ကိုယ်လုပ်တော် သွားလုပ်မှာလည်း မဟုတ်ဘူး။ ငါ ဒီထျန်ယဲ့မြို့မှာပဲနေပြီး နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားမယ်။
"ငါ့တပ်ဖွဲ့ထဲ ဝင်မယ်ဆိုရင် မင်းတို့ ဘာနဲ့ရင်ဆိုင်ရမလဲဆိုတာ တိတိကျကျ သိထားဖို့ လိုတယ်။ ငါတို့ထက် အဆပေါင်းများစွာ လူအင်အား ပိုများပြားတဲ့ စစ်တပ်တွေနဲ့ အဆုံးမဲ့ တိုက်ပွဲတွေ ဆင်နွှဲရမယ်။ မင်းတို့ ငတ်မယ်။ ပင်ပန်းမယ်။ ပြီးတော့ သေချာပေါက် သေရလိမ့်မယ်။
"ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ ကျရှုံးခဲ့ရင်တောင်မှ ငါတို့အတွက် ကြီးကျယ်ခမ်းနားတဲ့ နာရေးတစ်ခု ဖြစ်လာအောင် ငါ လုပ်ပြမယ်။"
သူမ စင်မြင့်ထက်မှ ခေါင်းတလားကို မကာ စစ်မြင်းတစ်ကောင်ပေါ်သို့ ချည်နှောင်လိုက်ပြီး ကြီးမားသည့် ခြင်္သေ့ကျားသားရဲကြီးတစ်ကောင်ပေါ်သို့ တက်ခွလိုက်၏။
"ထွက်သွားမယ်ဆိုရင် အခုပဲ ထွက်သွားကြတော့။ ဒီခြံဝင်းကို စောင့်ရှောက်ပြီး နေခဲ့ချင်ရင်လည်း မင်းတို့သဘောပဲ။ ဒါပေမဲ့ ဒါကို ရှင်းရှင်းလင်းလင်း သိထားပါ။ အပြင်မှာ ငါ့တပ်ဖွဲ့ ဝိုင်းရံခံရရင် လာမကယ်နဲ့။ မင်းတို့ ဝိုင်းရံခံရရင်လည်း ငါ လာကယ်မှာ မဟုတ်ဘူး။"
သူမ၏ ဓားအိမ်ထဲမှ ဓားကို ဆွဲထုတ်လိုက်၏။ "ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့အတွက် အသက်စွန့်ရဲတဲ့သူ မှန်သမျှ... လက်နက်တွေ ယူကြ။ မြှားတွေတပ် ၊ ရိက္ခာတွေထုပ်ပြီး မြင်းပေါ်တက်ကြတော့။ ငါ့နောက် လိုက်ခဲ့။ ဒီည သွေးစွန်းနေတဲ့ လမ်းကြောင်းတစ်ခုကို ငါတို့ ဖောက်ထွက်ကြမယ်။"
သူမ သားရဲကြီးဖြင့် လေ့ကျင့်ရေးကွင်းပြင်ကို ပတ်၍ ထွက်ခွာသွား၏။ သူမ မည်သူ့ကိုမှ အတင်းအကျပ် မလုပ်ချေ။ သူမနောက်သို့ လိုက်ခြင်းသည် ရက်စက်ကြမ်းကြုတ်သည့် တိုက်ပွဲများ ၊ ကြမ်းတမ်းသော သဲကန္တာရများ ၊ ညစ်ပတ်သည့် ရေကို သောက်သုံးရခြင်းနှင့် သေဆုံးရန် ပို၍ သေချာနေခြင်းကို ဆိုလိုသည်။
အောင်ပွဲအတွက် ကတိကဝတ် မရှိချေ။ အသက်ရှင်ကျန်ရစ်ရန်အတွက် တိုက်ပွဲဝင်ရခြင်း သက်သက်သာ ဖြစ်၏။
သို့သော် သူမ မြင်းစီးထွက်သွားချိန်၌ စစ်သည်များ ပိုပိုများပြားလာကာ စစ်ကြောင်းများထဲမှ ထွက်လာပြီး သူမနောက်သို့ လိုက်ပါလာကြသည်။
လူတစ်ထောင်ကျော်က သူမ၏ အသေခံတပ်ဖွဲ့ထဲသို့ ဝင်ရောက်လာ၏။ အများစုမှာ ယန်ယန်နှင့်အတူ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြသူများ သို့မဟုတ် ယန်ရွှမ်း ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ကြသူများ ဖြစ်ကြသည်။ သူတို့မှာ စစ်သည်အဖွဲ့၏ အဓိကကျသည့် အမာခံများပင်။
ယန်ရွှမ်း သူမနောက်မှ လိုက်ပါလာသည့် လူတစ်ထောင်ကျော်ရှိသည့် စစ်ကြောင်းကြီးကို လှည့်ကြည့်လိုက်၏။ သူမ၏ ရေခဲတမျှ အေးစက်နေသည့် မျက်နှာထက်၌ ရှားပါးလှသော အပြုံးတစ်ခု ပေါ်လာသည်။ "ငါထင်ထားတာထက် သေချင်တဲ့သူတွေ အများကြီး ပိုများနေတာပဲ။"
စစ်သည်များက ဟားတိုက်ရယ်မောလိုက်ကြ၏။
ထို့နောက် သူမ၏ အပြုံးက ပျောက်ကွယ်သွား၏။ "ငါ့နောက် လိုက်ခဲ့ကြ။ သူတို့ရဲ့ ရိက္ခာလမ်းကြောင်းတွေကို တိုက်ခိုက်မယ် ၊ စခန်းတွေကို မီးရှို့မယ် ၊ သူတို့ရဲ့ တပ်ဖွဲ့တွေကို သတ်ဖြတ်ပစ်မယ်။ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့က သွေးပင်လယ်ထဲကနေ ပြန်လည်မွေးဖွားလာကြမယ်။"
ဖခင်ဖြစ်သူ၏ ခေါင်းတလားပါသည့် မြင်းကို ဦးဆောင်ဆွဲလာရင်း သူမ ခြံဝင်းထဲမှနေ၍ ညအမှောင်ထဲသို့ ချီတက်သွား၏။ လူတစ်ထောင်ရှိသည့် စစ်သည်တော်များကလည်း သေမင်းနှင့် ရင်ဆိုင်မည့် ဆုံးဖြတ်ချက်များကိုယ်စီဖြင့် သူမနောက်မှ ပြေးထွက်သွားကြသည်။
ယန်နိုင်အာ... ယခု ယန်ရွှမ်း ဆိုလွန်ကို စကားပြောခွင့်ပင် မပေးဘဲ ထွက်သွားလေပြီ။ သူတို့နှစ်ဦးစလုံးက ထိုကဲ့သို့ ခေါင်းမာတတ်ကြ၏။ ဆုံးဖြတ်ချက်ချပြီးသွားလျှင် သူတို့ကို မည်သည့်အရာကမျှ ပြောင်းလဲ၍ မရနိုင်တော့ချေ။
ဆယ့်ငါးမိနစ် ကြာပြီးနောက် နောက်ဆုံး၌ ဆိုလွန် သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်သွား၏။ အသူရာမိစ္ဆာကြယ်ကို သူ၏ ပိတ်ဆို့နေသည့် သွေးကြောများအား အတင်းအကျပ် ဖောက်ထွက်ခွင့်ပြုလိုက်ပါက စောစောစီးစီး လွတ်မြောက်နိုင်သော်လည်း အချိန်ပြည့်သည်အထိ စောင့်ဆိုင်းရန် ရွေးချယ်ခဲ့သည်။
ဆိုလွန် မြေအောက်ခန်းမှ ထွက်လာပြီး လက်နက်တိုက်ထဲမှ ထွက်ခွာလာ၏။ ခြံဝင်းတစ်ခုလုံးမှာ လုံးဝကို ဟာလာဟင်းလင်းဖြစ်ကာ တိတ်ဆိတ်ငြိမ်သက်နေသည်။
မျက်မမြင် အဘိုးအိုတစ်ဦးက ခြင်္သေ့ကျားသားရဲတစ်ကောင်၏ ဇက်ကြိုးကို ကိုင်လျက် ပင်မဝင်ပေါက်အနီး၌ စောင့်ဆိုင်းနေ၏။ ဆိုလွန် ချက်ချင်း မှတ်မိလိုက်သည်။ သူ အရင်က ဤသားရဲကို စီးဖူးခဲ့သည်။
အဘိုးအိုက ဆိုလွန့်ဘက်သို့ မျက်နှာမူလိုက်သည်။ "သခင်မလေးက မင်းအတွက် ချန်ထားရစ်ခဲ့တာ။ မင်း ကံကောင်းပါစေလို့လည်း သူ ဆုတောင်းပေးခဲ့တယ်။"
ဆိုလွန်က သားရဲပေါ်သို့ တက်ရန် ခြေလှမ်းလိုက်သည့်အခါ သားရဲကြီးက စိုက်ကြည့်ကာ အစွယ်များကို ထုတ်ပြပြီး သူ့အား အနားသို့ လုံးဝ အကပ်မခံချေ။
မျက်မမြင်အဘိုးအိုက သားရဲကြီး၏ ခေါင်းနောက်ဘက်ကို ရိုက်ချလိုက်၏။ "ရှောင်ကွေ့... သခင်မလေး မထွက်သွားခင် မင်းကို ဘာပြောသွားလဲ။"
ကြီးမားလှသည့် သားရဲကြီးသည် အဘိုးအိုအား အလွယ်တကူ ဆွဲဖြဲပစ်နိုင်သော်လည်း သနားစရာကောင်းသည့် ညည်းသံလေးသာ ထွက်ပေါ်လာ၏။ အိမ်မွေးကြောင်တစ်ကောင်ကဲ့သို့ အပြုအမူမျိုးဖြင့် မြေပြင်ပေါ်သို့ ဝပ်ချပေးကာ ဆိုလွန်အား တက်ခွခွင့် ပြုလိုက်သည်။
အဘိုးအိုက သားရဲကြီး၏ ထူထဲသည့် အမွေးများကို ပွတ်သပ်ပေးလိုက်၏။ အဝေးသို့ လွှတ်လိုက်ရန် ဝန်လေးနေသည်မှာ ရှင်းလင်းနေသည်။ သူ၏ ခပ်မှုန်ဝါးဝါး မျက်မမြင်မျက်လုံးများကို ဆိုလွန်ဘက်သို့ လှည့်လိုက်သည်။ "သခင်လေး... ငါ သူ့ကို ငယ်ငယ်လေးကတည်းက ကျွေးမွေးပြုစုလာခဲ့တာ။ သူ့ကို ကောင်းကောင်း ဆက်ဆံပေးပါ။ စကားပြောပေးပါ ၊ သေချာ စားသောက်ပါစေ။ ပြီးတော့ မြေကြီးပေါ်က ဘာမှ ကောက်မစားပါစေနဲ့။"
ဆိုလွန် ခေါင်းညိတ်လိုက်သည်။ "အင်း... ကျုပ် ဂရုစိုက်ပါ့မယ်။"
"သွားတော့လေ။" အဘိုးအိုက သားရဲကြီးအား နောက်ဆုံးအကြိမ် ပုတ်ပေးလိုက်၏။
ခြင်္သေ့ကျားသားရဲကြီးက မြှားတစ်စင်းကဲ့သို့ ရှေ့သို့ ပစ်ထွက်သွားကာ ဆိုလွန်အား ဂိတ်တံခါးများမှတစ်ဆင့် တောရိုင်းများဆီသို့ သယ်ဆောင်သွား၏။
အမှောင်ထုထဲသို့ မြင်းစီးထွက်လာရင်း ဆိုလွန် တစ်ခုကို သတိထားမိလိုက်သည်။ သူ အမှန်တကယ် ဘယ်ကိုသွားနေသည်ကို လုံးဝ မသိပေ။ ခြေရာများကို လိုက်ပြီး ယန်ရွှမ်းကိုမီအောင် လိုက်သင့်သလော။
သူ့၌ အချိန်အနည်းငယ်သာ ကျန်တော့၏။ တစ်နာရီကြာလျှင် လေက ခွာရာများကို ဖျက်ပစ်လိမ့်မည်။ ယန်ရွှမ်း သူမ၏ ပြောက်ကျားစစ်ဆင်ရေးကို စတင်လိုက်သည်နှင့် သူမကို ခြေရာခံရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
သို့သော် ယခုအချိန်၌ သူမကို လိုက်ဖမ်းခြင်းက အဓိပ္ပာယ်မရှိချေ။ သူ၏ ရွှေများကို ယူကာ ထျန်ယဲ့မြို့သို့ သွားပြီး ကြေးစားစစ်တပ် အသစ်တစ်ခုကို ငှားရမ်းကာ ထျန်းရွှေမြို့သို့ ပြန်လည် ချီတက်သင့်သလော။
မဟုတ်သေးပေ။ ထျန်ယဲ့မြို့ရှိ ကြေးစားစစ်သည်များက နုလန်ဘုရင့်နိုင်ငံနှင့် ရှုပ်ထွေးပွေလီသည့် ဆက်နွှယ်မှုများ ရှိနေသည်။ ထိုသို့လုပ်ခြင်းက ထောင်ချောက်ထဲသို့ တည့်တည့် လျှောက်သွားခြင်း ဖြစ်ပေလိမ့်မည်။
အခြား ကြားနေမြို့တစ်မြို့သို့ သူ သွားသင့်သလော။ ဝေးလွန်းသည်။ ထို့အပြင် သစ္စာရှိမှု လုံးဝမရှိသည့် အသစ်ငှားရမ်းထားသော စစ်တပ်မှာ တကယ့်တိုက်ပွဲ စတင်သည်နှင့် တစ်ပြိုင်နက် ပြိုကွဲသွားပေလိမ့်မည်။
ထျန်းရွှေမြို့ကို ပြန်လည်သိမ်းပိုက်ရန် ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို သူ လိုအပ်သည်။ သူတို့မရှိလျှင် သူ၏ အစီအစဉ်တစ်ခုလုံးက ရေစုန်မျောသွားပေလိမ့်မည်။
ယခုမူ ယန်ရွှမ်းက သူတို့၏ အကောင်းဆုံး စစ်သည်များကို လုံးဝ အသေခံတိုက်ပွဲတစ်ခုထဲသို့ ဆွဲသွင်းသွားလေပြီ။
ဆိုလွန်တစ်ယောက် လမ်းဆုံးသွား၏။ ဤကိစ္စကို သူ မည်သို့ ဖြေရှင်းရမည်နည်း။
သာရဲကို စီးလာရင်း အေးစက်သည့် ညလေညင်းက သူ၏ ခေါင်းကို ရှင်းလင်းသွားစေ၏။ ဤအခြေအနေမှ လွတ်မြောက်ရန် လမ်းတစ်လမ်းသာ ရှိသည်... ယန်ယန်...။
ယန်ယန်ကို သေရာမှ ပြန်လည် ရှင်သန်လာစေနိုင်မည်ဆိုပါက အရာအားလုံး ပြောင်းလဲသွားလိမ့်မည်။ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို ကယ်တင်နိုင်မည်ဖြစ်ပြီး သူ၏ စစ်သည်နှစ်သောင်းအတွက် ပြီးပြည့်စုံသည့် တပ်မှူးတစ်ဦးကို ချက်ချင်း ရရှိသွားလိမ့်မည်။ ဆိုလွန်၌ ရန်ပုံငွေရှိ၏။ သူ လိုအပ်နေသည်က ယန်ယန်ကဲ့သို့သော ခေါင်းဆောင်တစ်ဦးပင်။
ယန်ယန်က သူ့ကို သတ်ရန် ကြိုးစားခဲ့သည်မှာ မှန်သည်။ သို့သော် ထိုလူက အလွန်အမင်း ဂုဏ်မောက်တတ်သူဖြစ်ပြီး ကျေးဇူးကြွေး တင်ခြင်းကို မုန်းတီးသူဖြစ်၏။
ဆိုလွန်ကသာ သူ၏ အသက်ကို ကယ်တင်ခဲ့လျှင် ယန်ယန်က သူ့အပေါ် ကြီးမားသည့် ကျေးဇူးတင်ကြွေး တင်သွားလိမ့်မည်။ ထို့အပြင် ဆိုဟန်ရီက ယန်ယန်၏ ညီကို သတ်ဖြတ်ခဲ့သေးသည်။ ဆိုဟန်ရီအား ဆွဲဖြဲပစ်ရမည့် အခွင့်အရေးကို ယန်ယန် လက်လွှတ်ခံမည် မဟုတ်ချေ။
ယန်ယန်ကို အသက်ပြန်ရှင်စေခြင်းက အရာအားလုံးအတွက် အဖြေတစ်ခုပင်။
တစ်ခုတည်းသော ပြဿနာမှာ သူ့ကို အသက်ပြန်ရှင်စေရန် လုံးဝ မဖြစ်နိုင်သလောက် ရှိနေခြင်းဖြစ်၏။ မြင့်မြတ်နတ်နဂါးကျောင်းတော်ပင်လျှင် သူ့ကို မကယ်တင်နိုင်တော့ကြောင်း ပြောဆိုကာ ဖန်ချင်းရှူက သူ့အား သေဆုံးသွားပြီဟု သတ်မှတ်ခဲ့ပြီးဖြစ်သည်။
အသူရာမိစ္ဆာကြယ်ကိုယ်တိုင်ကလည်း အစောပိုင်းက ထိုအကြံအစည်ကို ပယ်ချခဲ့၏။ နဂါးတံဆိပ်တုံး ကျောက်တိုင်၏ အစောင့်အရှောက် စိတ်ဝိညာဉ်က ယန်ယန်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသည်။
ယန်ယန် တကယ်သေဆုံးသွားမှသာ အစောင့်အရှောက် စိတ်ဝိညာဉ်၏ စွမ်းအင်များကို အသူရာမိစ္ဆာကြယ်က စုပ်ယူနိုင်မည် ဖြစ်သည်။ ထိုအရာက ဆိုလွန် လုံးဝ အဖြစ်ခံ၍ မရသည့်အရာပင်။
ဆိုလွန် မျက်မှောင်ကျုံ့လိုက်သည်။ "အသူရာမိစ္ဆာကြယ်... ယန်ယန်ကို ကယ်ဖို့ နည်းလမ်း လုံးဝမရှိတော့ဘူးလား။"
အသူရာမိစ္ဆာကြယ်မှာ ခဏတာ တိတ်ဆိတ်သွား၏။ "အစောင့်အရှောက် စိတ်ဝိညာဉ်ရဲ့ ပင်မခန္ဓာကိုယ်ကို ရှာတွေ့မှပဲ ရမယ်။ အဲဒါ လုပ်နိုင်ရင် သူက ယန်ယန်ရဲ့ ခန္ဓာကိုယ်ကနေ ထွက်ခွာပြီး သူ့မူလခန္ဓာကိုယ်ဆီ ပြန်သွားလိမ့်မယ်။"
"ပင်မခန္ဓာကိုယ်က ဘယ်မှာလဲ။ နဂါးတံဆိပ်တုံး ကျောက်တိုင် အနီးအနားမှာလား။"
"နှစ်သောင်းချီ ကြာခဲ့ပြီလေ။ မူလခန္ဓာကိုယ်က လွန်ခဲ့တဲ့ အချိန်အကြာကြီးကတည်းက မြေမှုန့်အဖြစ် ပြောင်းလဲသွားလောက်ပြီ။"
ဆိုလွန်က ပြတ်သားစွာ ပြောလိုက်၏။ "အသူရာမိစ္ဆာကြယ်... မင်း ဘယ်လိုအလုပ်လုပ်လဲဆိုတာ ငါ သိတယ်။ တခြားနည်းလမ်း တစ်ခုတော့ ရှိရမယ်။"
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် အသူရာမိစ္ဆာကြယ်ထံမှ အသံထွက်ပေါ်လာ၏။ "ရှိတယ်။ ဒုတိယမြောက် ရှေးဟောင်း နဂါးတံဆိပ်တုံး အမွေအနှစ်ကို သခင် ရှာတွေ့ရင် အစောင့်အရှောက် စိတ်ဝိညာဉ်က ယန်ယန်ရဲ့ ခန္ဓာကိုယ်ထဲက ထွက်လာပြီး အသစ်ထဲ ဝင်သွားလိမ့်မယ်။"
ဆိုလွန်၏ ရင်ခုန်သံများ မြန်ဆန်လာ၏။ "ဒုတိယမြောက် အမွေအနှစ်က ဘယ်မှာလဲ။"
"အမွေအနှစ်ဆိုတာ အမြဲတမ်း ကျောက်တိုင်တစ်ခုတော့ မဟုတ်ဘူး။ ဓားတစ်လက် ဒါမှမဟုတ် ရုပ်တုတစ်ခုလည်း ဖြစ်နိုင်တယ်။ အဲဒါက ရှေးဟောင်း မြင့်မြတ်နတ်နဂါး ချန်ထားခဲ့တဲ့ စွမ်းအင်အမှတ်အသားတစ်ခုပဲ။ အဲဒီအထဲမှာ မယုံနိုင်စရာကောင်းတဲ့ စွမ်းအားတွေ ပါဝင်တယ်။"
ဆိုလွန် မျက်မှောင်ကြုတ်လိုက်သည်။ "အဲဒါ ဘယ်မှာလဲ။ လုပ်စမ်းပါ... မင်း သိတယ်မလား။"
အသူရာမိစ္ဆာကြယ် အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။ "သခင်... တစ်ခုရှိနိုင်တဲ့ နေရာကိုတော့ ကျွန်တော် သိတယ်။ အဲဒါက ကျင့်ကြံခြင်းကို ကြီးမားတဲ့ အထောက်အကူ ပေးနိုင်တာကြောင့် နောက်မှ သခင့်ကို ပြောဖို့ ကျွန်တော် စီစဉ်ထားတာ... ယန်ရွှမ်းက အဲဒီအတွက် သက်ရှိထင်ရှား သက်သေတစ်ခုပဲလေ။ ဒါပေမဲ့ အခုချိန်မှာ သခင်က အရမ်း အားနည်းနေသေးတယ်။ အဲဒီနေရာက မယုံနိုင်လောက်အောင် အန္တရာယ်များတယ်။ အခုချက်ချင်း သွားမယ်ဆိုရင် သခင် သေချာပေါက် သေလိမ့်မယ်။"
နဂါးတံဆိပ်တုံး အမွေအနှစ်ဆိုသည်မှာ ရှေးဟောင်း မြင့်မြတ်နတ်နဂါး၏ အမြင့်ဆုံးသည့် လက်ဆောင်တစ်ခုပင်။ ထိုအရာက ကျင့်ကြံခြင်း၌ မယုံနိုင်စရာကောင်းလောက်သည့် သဘာဝလွန် တိုးတက်မှုကို ဖြစ်ပေါ်စေသည်။
ယန်ရွှမ်း အသက်နှစ်ဆယ့်နှစ်ဖြင့် နဂါးစစ်သည်တော်တစ်ဦး ဖြစ်လာရခြင်းမှာလည်း အမွေအနှစ်ကြောင့်သာ ဖြစ်၏။
စွန့်စားသူများစွာတို့က သူတို့၏ တစ်ဘဝလုံးအား အမွေအနှစ်အား ရှာဖွေရန်၌ အသုံးပြုခဲ့သည့်တိုင် ရှာမတွေ့တတ်ကြချေ။ လုံလောက်သည့် ခွန်အားသာမက ကံကိုလည်း လိုအပ်၏။
ဆိုလွန်က လေးနက်စွာ မေးလိုက်သည်။ "အဲဒါ ဘယ်မှာလဲ ပြော။"
နောက်ဆုံး၌ အသူရာမိစ္ဆာကြယ်ထံမှ အသံထွက်လာ၏။ "ပျောက်ဆုံးသွေး မြို့တော်ထဲမှာပါ။ တောင်တန်းတွေရဲ့ နက်ရှိုင်းတဲ့ နေရာမှာရှိတဲ့ ရှေးဟောင်း အပျက်အစီးတစ်ခုပဲ။"
ဆိုလွန် ခေါင်းညိတ်လိုက်သည်။ "အင်း... အဲဒီကို ငါ အခုချက်ချင်း သွားမယ်။"
"မသွားနဲ့။ အဲဒါက တောင်ပိုင်း လူရိုင်းတိုက်ကြီးထဲမှာ ရှိတာ။ လူရိုင်းနယ်မြေထဲ ခြေချနိုင်ဖို့အတွက်တောင် တောင်တစ်သောင်း တောင်တန်းကြီးကို သခင် ဖြတ်ကျော်ရလိမ့်မယ်။ အဲဒီထဲ ဝင်သွားတဲ့ ဘယ်လူသားမဆိုက သေချင်လို့ သက်သက် သွားတာနဲ့ အတူတူပဲ။"
လူရိုင်းများနှင့် လူသားများတို့က နှစ်ပေါင်းတစ်သောင်းတိုင်တိုင် အချင်းချင်း သတ်ဖြတ်နေခဲ့ကြ၏။ လူရိုင်းများက ဖမ်းမိသည့် လူသားများကို စားသောက်ကြပြီး လူသားများကလည်း လူရိုင်းများကို အမဲလိုက်ကြသည်။
သူတို့၏ နယ်မြေထဲသို့ ဝင်ရောက်သွားခြင်းမှာ သေဒဏ်ပေးခံရခြင်းနှင့် အတူတူပင်။ ထိပ်တန်းအဆင့် နဂါးစစ်သည်တော်တစ်ဦးပင်လျှင် ထိုကဲ့သို့ စွန့်စားမည် မဟုတ်ချေ။
ဆိုလွန်က ရုတ်တရက် ပြုံးလိုက်၏။ "တောင်တစ်သောင်း တောင်တန်းကိုသွားပြီး မုန်ထိုလော့ကို ကျုပ် သွားရှာလို့ရတယ်။ အဆိပ်မြွေ မျိုးနွယ်ဝင် တစ်ယောက်အနေနဲ့ ရုပ်ဖျက်သွားလိုက်မယ်။ အဲဒီနောက် နယ်မြေကို ဖြတ်ကျော်မယ် ၊ အပျက်အစီးတွေကို ရှာမယ် ၊ ပြီးရင် အမွေအနှစ်ကို ယူမယ်။"
သူ၏ မျက်နှာကို ဆိုလွန် ကိုင်ကြည့်လိုက်သည်။ "အခု ငါ့မျက်နှာက လူရိုင်းတစ်ယောက်နဲ့ ဘာမှ မကွာဘူး။"
ဤသည်က သူ့၌ရှိသည့် တစ်ခုတည်းသော အခွင့်အရေးပင်။
ခဏအကြာ၌ အသူရာမိစ္ဆာကြယ်ထံမှ သက်ပြင်းချသံသဲ့သဲ့ ထွက်ပေါ်လာ၏။ "သခင်က အရှင်သခင်ပဲလေ။ သခင့်ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ အဆိုးဆုံး အခြေအနေဆိုရင်တော့ သခင် သေသွားမယ် ၊ ကျွန်တော်ကလည်း မီးခိုးငွေ့တွေအဖြစ် ပျောက်ကွယ်သွားရုံပေါ့။"
ဆိုလွန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "ဟားဟား... ဒါဆိုလည်း သွားကြတာပေါ့။ တောင်တစ်သောင်း တောင်တန်းဆီသွားပြီး သေမင်းတမန်ဟွာ မုန်ထိုလော့ကို သွားရှာကြမယ်။"
ရှင်းလင်းသည့် ပန်းတိုင်တစ်ခု စိတ်ထဲ၌ ရှိလာသည်နှင့် သူ၏ သံသယများအားလုံး ပျောက်ကွယ်သွား၏။ သားရဲကို ဒေါက်တွန်းလိုက်ပြီး အရှေ့တောင်ဘက်ဆီသို့ မြှားတစ်စင်းအလား ပြေးထွက်သွားလိုက်သည်။
အပိုင်း ၂၆၅ + ၂၆၆ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team