← Chapters

အခန်း (၂၆၇-၂၆၈)

Vol. 27 Ch. 267-268

အခန်း (၂၆၇-၂၆၈)

Vol. 27 Ch. 267-268

အပိုင်း ၂၆၇ + ၂၆၈

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

သို့သော် ဆိုလွန်တစ်ယောက် ဆယ်မိုင်ခန့်ပင် ခရီးမပေါက်သေးမီ မြင်းစီးထားသူတစ်ဦးက သူ၏လမ်းကို ပိတ်ရပ်လိုက်၏။ ထိုအရပ်ရှည်ရှည်နှင့် ပုံရိပ်ကို ဆိုလွန် ချက်ချင်း မှတ်မိခိုက်သည်။ ထူလင်းတိပင်။

သူမ ထွက်သွားပြီ မဟုတ်လော။ အဘယ်ကြောင့် ဤနေရာသို့ ရောက်နေရသနည်း။ သူက ဆိုလွန်ဖြစ်သည်ကို သူမ ရိပ်မိသွားပြီလော။

ချက်ချင်းဆိုသလိုပင် ဆိုလွန်သည် သူ၏ သားရဲကို လှည့်ကာ ထွက်ပြေးတော့၏။

သူ၏ ခြင်္သေ့ကျားသားရဲမှာ ထူလင်းတိ၏ သာမန်စစ်မြင်းထက် သိသိသာသာ ပို၍ မြန်ဆန်လှ၏။ အစွမ်းကုန် ပြေးစေမည်ဆိုပါက သူမ လိုက်မီနိုင်စရာ အကြောင်းမရှိချေ။

သို့သော် တစ်စက္ကန့်မျှပင် မကြာလိုက်ပေ။

“ရွှီးးး”

ထူလင်းတိက လျှပ်စီးတစ်ပြက် မြန်ဆန်လှသည့် လျှို့ဝှက်လက်နက်တစ်ခုကို ပစ်လွှတ်လိုက်၏။

ဆိုလွန်၏ အားကောင်းလှသည့် စိတ်ဝိညာဉ်စွမ်းအားက ထိုသည်ကို ချက်ချင်း အာရုံခံမိသွားပြီး သူ၏ လက်က ဓားရိုးဆီသို့ ဦးတည်သွား၏။

သို့သော် ဆိုလွန်၏ သိုင်းပညာမှာ ထူလင်းတိနှင့် ယှဥ်လျှင် အလွန်ကို အားနည်းလွန်းနေပြီး တုံ့ပြန်မှုမှာလည်း နှေးကွေးလွန်းနေ၏။ ဓားကို မဆွဲထုတ်နိုင်သေးမီမှာပင် ထိုလက်နက်က သူ့ကို ဝင်ဆောင့်သွားလေပြီ။

ချက်ချင်းပင် ဆိုလွန်၏ ခန္ဓာကိုယ် ထုံကျင်သွားရ၏။ ပြေးနေသည့် သားရဲပေါ်မှ ပြုတ်ကျသွားပြီး မြေပြင်နှင့် ဆောင့်မိကာ အရိုးများပင် ကျိုးမတတ် နာကျင်သွားရ၏။ သူ၏ တစ်ကိုယ်လုံး ပွန်းပဲ့သွားပြီး ခေါင်းများပင် မူးဝေသွားရသည်။

မျက်စိတစ်မှိတ်အတွင်း၌ပင် ထူလင်းတိက သူ၏ ရင်ဘတ်အပေါ်၌ ခြေထောက်တစ်ဖက်ကို တင်ထားကာ မတ်တတ်ရပ်နေ၏။

**--**--**--**--**--**--**--**

သူမက အံကြိတ်ကာ ပြောလာသည်။ “သေရမယ့်အချိန် ရောက်ပြီ ဆိုလွန်။ ဒါပေမဲ့ နင့်ကို မသတ်ခင် ငရဲရဲ့ အရသာကို အရင် မြည်းစမ်းခိုင်းရဦးမယ်။ နင် သေပါရစေလို့ ငါ့ကို တောင်းပန်လာစေရမယ်။”

သူမ၏ မျက်လုံးများထဲ၌ တောက်လောင်နေသည့် အမုန်းတရားတို့က ကွေ့ချင်းရှောင်းထက်ပင် ပို၍ ပြင်းထန်နေသည်။

သူမ အဘယ်ကြောင့် သူ့ကို သတ်ချင်နေသည်ကို ဆိုလွန် နားလည်၏။ မည်သို့ပင်ဆိုစေ သူမ၏ မိသားစုသည် ကျိလီအပေါ် အကန်းယုံ သစ္စာခံထားကြသည် မဟုတ်ပါလော။

သို့သော် အဘယ်ကြောင့် သူမ၏ အမုန်းတရားက ဤမျှလောက် နက်ရှိုင်းစွာ ပုဂ္ဂိုလ်ရေး ဆန်နေရသနည်း။ လုံးဝ အဓိပ္ပါယ်မရှိချေ။ သူမ၏ သိုင်းပညာများမှာ အံ့မခန်းဖြစ်ပြီး မူလ အမှိုက်ကောင် ဆိုလွန်မှာမူ လုံးဝကို အသုံးမကျသူ ဖြစ်၏။

အစွမ်းကုန် ကြိုးစားလျှင်ပင် သူမကို လက်ဖျားနှင့်မျှ ထိနိုင်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် သူတို့ကြား၌ မည်သို့သော ရန်ညှိုးများ ရှိနေသနည်း။ ထို့အပြင် သူမက သူ၏ ရုပ်ဖျက်ထားခြင်းကို အတိအကျ မည်သည့်အချိန်ကတည်းက ရိပ်မိသွားသနည်း။

ထူလင်းတိ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမ၏ အေးစက်နေသည့် မျက်လုံးများဖြင့် ဆိုလွန်အား စိုက်ကြည့်လာ၏။ “ဘာဖြစ်သွားတာလဲ။ နင် ငါ့ကို ဘာလုပ်ခဲ့လဲဆိုတာ လုံးဝ မေ့သွားပြီလား။ အရှက်မရှိတဲ့ နှာဘူးကောင်ရဲ့။”

ဆိုလွန်၏ ရင်ခုန်သံ တစ်ချက် ရပ်တန့်သွားရသည်။ မူလဆိုလွန်က ဤမျှလောက် ပြင်းထန်သည့် အမုန်းတရားမျိုးအား ဖြစ်တည်လာစေသည်အထိ မည်သည့်အရာကိုများ ပြုလုပ်ခဲ့သနည်း။ သူမမှာ ထိပ်တန်းသိုင်းပညာရှင် တစ်ဦးဖြစ်ပြီး ယခင်ဆိုလွန်မှာမူ လုံးဝ အသုံးမကျသူ ဖြစ်၏။

မူလဆိုလွန်အနေဖြင့် ထူလင်းတိအား လက်ညှိုးဖြင့်ပင် ထိနိုင်မည် မဟုတ်ချေ။

ဆိုလွန်၏ အမူအရာကြောင့် ထူလင်းတိက လှောင်ပြုံး ပြုံးလိုက်သည်။ “သိချင်နေတယ် မဟုတ်လား။ ယန်ရွှမ်းရဲ့ လျှို့ဝှက်အခန်းထဲမှာတုန်းက နင့်ကို မမှတ်မိသလို ဟန်ဆောင်ပြီး အခု ဒီအပြင်ရောက်မှ ဘာလို့ ချုံခိုတိုက်တာလဲလို့ တွေးနေတယ်မလား။”

ဆိုလွန်ကမူ ဇာတ်ရုပ်ကို ဆက်လက်ထိန်းထားကာ ဟန်ဆောင် နားမလည်သည့် ပုံစံဖြင့်သာ သူမအား ပြန်လည် စိုက်ကြည့်နေလိုက်၏။

ထူလင်းတိကမူ နှာခေါင်းရှုံ့လိုက်သည်။ “နင်က တကယ် တော်တဲ့ သရုပ်ဆောင်ပဲ။ နင့်ရဲ့ ရင်ဘတ်ပေါ်က အမာရွတ်တွေ ကျန်ခဲ့တယ်ဆိုတာ ငါ လိမ်ပြောတာ။”

ဆိုလွန် သူ၏ အံ့ဩသွားမှုကို မဖုံးကွယ်နိုင်တော့ချေ။

သူမက ညင်သာစွာ ရှင်းပြ၏။ “အို.. နင့်ရင်ဘတ်ကို ငါ ရိုက်ခဲ့တာတော့ အမှန်ပဲ။ သေခြင်းတရားရဲ့ တကယ့် အကြောက်တရားကို မြည်းစမ်းကြည့်လို့ရအောင် နင့်နှလုံးခုန်တာကို ငါ ရပ်ပစ်ခဲ့တယ်။ ဒါပေမဲ့ ငါ့ရဲ့ ဓားချီ ဖိအားကိုပဲ ငါ သုံးခဲ့တာ။ အရေပြား ပေါက်ပြဲသွားတာမျိုး မရှိတဲ့အတွက် နာရီပိုင်းအတွင်းမှာပဲ နင် ပြန်ကောင်းသွားခဲ့တာ။ ဘာအမာရွတ်မှ မရှိဘူး။”

ဆိုလွန် မှင်သက်သွားရသည်။

သူမက ဆက်ပြော၏။ “နင့်ရင်ဘတ်ကို စစ်ဆေးတာက အာရုံလွှဲတာ သက်သက်ပဲ။ ငါ တကယ် စစ်ဆေးချင်ခဲ့တာက နင့်ခါးပေါ်က အမာရွတ်ကိုပဲ။”

ထူလင်းတိက သူ၏ အဝတ်အစားများကို ဆွဲလှန်လိုက်ပြီး ခါးကို ဖော်လိုက်၏။ ပထမတစ်ချက် ကြည့်လိုက်ရုံဖြင့် ထိုနေရာ၌ မည်သည့်အရာမှ မရှိချေ။

“ဖြန်းးး”

ထူလင်းတိက ဆိုလွန်၏ ဗလာကျင်းနေသည့် ခါးကို ပြင်းထန်စွာ ရိုက်ချလိုက်၏။ အရေပြားများ နီရဲလာသည်နှင့်အမျှ မှေးမှိန်နေသော်လည်း ငြင်းမရနိုင်သော ကိုက်ရာတစ်ခု ပေါ်လာသည်။

သူမ လှောင်ပြုံး ပြုံးလိုက်၏။ “ဒါကို နင် မေ့သွားပြီ မဟုတ်လား။ အသက်ခုနစ်နှစ်အရွယ်တုန်းက နင့်ကို ငါ ကိုက်ခဲ့တာလေ။ နင် မှတ်မိမှာ မဟုတ်ဘူးဆိုတာ ငါ သိတယ်။ အဲဒါကြောင့်ပဲ နင် ငါ့ကို ယုံယုံကြည်ကြည်နဲ့ စစ်ဆေးခွင့် ပြုခဲ့တာပေါ့။ ယန်ရွှမ်းလည်း အဲဒါကို မြင်တယ်။ သူက နင့်ကို ကာကွယ်ဖို့အတွက် ပါးစပ်ပိတ်ထားခဲ့ရုံပဲ။”

ဆိုလွန် တစ်ယောက် ကျောရိုးတစ်လျှောက် ကြက်သီးများ ထသွား၏။ လွန်ခဲ့သည့် ဆယ့်သုံးနှစ်က ထူလင်းတိ ကိုက်ခဲ့သည်မှာ ဆိုလွန် အစစ်ကို ဖြစ်၏။ သို့သော် သူသည် ကမ္ဘာမြေမှ လန်လင်း ဖြစ်သည်။ အဘယ်ကြောင့် သူထံ၌ တစ်ထပ်တည်းကျသော အမှတ်အသား ရှိနေရသနည်း။

သတိတစ်ဝက်သာ ရှိနေချိန်၌ သူ့အား ဤမျက်နှာကို ဖန်တီးပေးခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော မှော်ဆရာမနှင့် ပတ်သက်သည့် ရေးတေးတေး မှတ်ဉာဏ်တစ်ခု ပေါ်ထွက်လာ၏။

ထိုမှော်ဆရာမက သူ၏ ရုပ်သွင်ကို ပြောင်းလဲပေးရုံတင် မကချေ။ မွေးရာပါ အမှတ်အသားနှင့် အမာရွတ်တိုင်းကိုပါ အပြစ်အနာအဆာကင်းစွာ ပုံတူကူးယူပေးခဲ့သည်။

နည်းစနစ် အဆင့်အတန်းမှာ လုံးဝကို ကြောက်မက်ဖွယ် ကောင်းလှ၏။

ဆိုလွန်က ဟန်ဆောင်နေခြင်းကို ရပ်တန့်လိုက်ပြီး ခပ်သဲ့သဲ့ ရယ်မောလိုက်၏။ “ကျုပ်မှန်း မင်း သိနေခဲ့ရင် ဘာလို့ အဲဒီနေရာမှာတင် ဖွင့်မချခဲ့တာလဲ။”

သူမက အံကြိတ်ကာ ပြန်ပြောသည်။ “ဘာလို့လဲဆိုတော့ ယန်ရွှမ်းက နင့်ရဲ့ လျှို့ဝှက်ချက်ကို ကာကွယ်ဖို့ ငါ့ကို နှုတ်ပိတ်သွားနိုင်လို့ပဲ။ တိုက်ခိုက်ရင် ငါက သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ ဒါကြောင့် နားမလည်သလို ဟန်ဆောင်ပြီး နင် ထွက်သွားမယ့်အချိန်ကိုပဲ စောင့်နေခဲ့တာ။”

ဆိုလွန် မျက်မှောင်ကြုတ်လိုက်၏။ “အင်း...။ ကျုပ် ဒီလမ်းကနေ သွားမယ်ဆိုတာ မင်း ဘယ်လိုသိလဲ။”

သူမက ရှင်းပြ၏။ “နင် အဝတ်အစားတွေ ချွတ်လိုက်တဲ့အချိန်မှာ ယန်ရွှမ်းက နင့် အမာရွတ်ကို မြင်သွားခဲ့တယ်။ သူ့ရဲ့ စရိုက်ကို သိနေတော့ နင့်ကို သေချာပေါက် မောင်းထုတ်လိမ့်မယ်ဆိုတာ ငါ သိတယ်။ ဒီလမ်းက အရှေ့ဘက်ကိုသွားတဲ့ တစ်ခုတည်းသော လမ်းပဲ။ ငါ လုပ်ရမှာက စောင့်နေဖို့ပဲလေ။”

ဆိုလွန် ခါးသီးစွာ ငြီးတွားလိုက်သည်။ “ပြီးပြည့်စုံတဲ့ တွက်ချက်မှုပဲ။”

ထူလင်းတိက လှောင်ရယ် ရယ်လိုက်၏။ “နင့်လို ကောက်ကျစ်တဲ့ မြေခွေးတစ်ကောင်ကို ဖမ်းဖို့ ပြီးပြည့်စုံအောင် တွက်ချက်ရမှာပေါ့။”

ဆိုလွန်က သူမအား စိုက်ကြည့်လိုက်သည်။ “မင်း ကျုပ်ကို ဘာလို့ ဒီလောက်တောင် မုန်းနေရတာလဲဆိုတာ ကျုပ် တကယ် သိဖို့လိုတယ်။ အဲဒီတုန်းက ကျုပ်ကို ကိုက်ဖို့ ဘာကများ တွန်းအားပေးခဲ့တာလဲ။”

ရွံရှာဖွယ်ကောင်းသည့် အရာတစ်ခုကို ပြန်လည်အမှတ်ရသွားသည့်အလား ထူလင်းတိ၏ မျက်နှာလေးမှာ ရှုံ့မဲ့သွားရ၏။

ချက်ချင်းပင် ကြာပွတ်ဖြင့် ဆိုလွန်၏ မျက်နှာဆီသို့ တည့်တည့် ရိုက်ချလိုက်သည်။ ဆိုလွန် သူ၏ခေါင်းကို ဘေးသို့ အမြန်ရှောင်လိုက်သော်လည်း သားရေကြာပွတ်က သူ၏ လည်ပင်းကို ရိုက်မိသွားဆဲဖြစ်ကာ နက်ရှိုင်းသော သွေးထွက်သံယို ဒဏ်ရာတစ်ခုကို ဖြစ်ပေါ်လာစေ၏။

ဤအရူးမက သူ့အား တကယ် သတ်ရန် ကြိုးစားနေခြင်းပင်။

“ဖြောင်းးး”

“ဖြောင်းးး”

ရူးသွပ်သွားသည့်အလား ထူလင်းတိက ဆိုလွန်အား မရပ်မနား ရိုက်နှက်နေပြီး သွေးသံရဲရဲနှင့် ပုံပျက်ပန်းပျက် ဖြစ်သွားစေ၏။

သူမ အံကြိတ်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ “မသာကောင်။ နင် ငါ့ကို အများကြီး နာကျင်အောင် လုပ်ခဲ့ပြီးတော့ အခုကျ မေ့သွားပြီပေါ့လေ။ လွန်ခဲ့တဲ့ သုံးနှစ်က နင် ထွက်မပြေးတာ အံ့ဩစရာ မရှိတော့ပါဘူး။ နင် ငါ့ကို အနှောင့်အယှက်ပေးရဲတဲ့ သတ္တိ ရှိနေသေးတာလည်း အံ့ဩစရာ မရှိတော့ဘူး။”

ဆိုလွန်ကမူ လုံးဝ ဆွံ့အသွားရ၏။ စိတ်ထဲ၌မူ မူလဆိုလွန်အား ငရဲ၏ အနက်ရှိုင်းဆုံး နေရာထိတိုင်အောင် ကျိန်ဆဲနေမိသည်။

သို့သော် တကယ်တမ်း စဉ်းစားကြည့်ပါက ယခင်ဆိုလွန်က မည်သည့်အရာများကို လုပ်နိုင်ခဲ့မည်နည်း။ ထိုအချိန်က သူတို့မှာ အသက် ခြောက်နှစ် ခုနစ်နှစ်သာ ရှိကြသေးသည် မဟုတ်ပါလော။

ကလေးတစ်ယောက်က မည်သို့သော ထိခိုက်နစ်နာမှုမျိုးကို ပြုလုပ်နိုင်မည်နည်း။ ထို့အပြင် ကိုက်ခံရသူမှာ ဆိုလွန်သာ ဖြစ်၏။ ခုနစ်နှစ်အရွယ် ကလေးတစ်ယောက်က သူမအား တကယ်ပင် အတင်းအကျပ် **** ရန် ကြိုးစားခဲ့သည်လော။ မဖြစ်နိုင်ချေ...။

ထူလင်းတိက ရက်စက်စွာ ပြုံးလိုက်သည်။ “ဖြည်းဖြည်းချင်းပေါ့။ နင့်မှတ်ဉာဏ်တွေ ပြန်ပေါ်လာတဲ့အထိ ငါ နင့်ကို ဖြည်းဖြည်းနဲ့ မှန်မှန် နှိပ်စက်ပေးမယ်။ နောက်ဆုံးကျရင် ငါ့ကို သတ်ပေးဖို့ နင် တကယ် တောင်းပန်လာစေရမယ်။”

ပြောပြီးနောက် သူ၏ လည်ကုပ်မှဆွဲကာ လွယ်ကူစွာ မတင်လိုက်ပြီး ခြင်္သေ့ကျားသားရဲ၏ ကျောပေါ်သို့ ခုန်တက်လိုက်၏။

သားရဲကြီးမှာ ချက်ချင်းပင် ဒေါသထွက်သွားတော့သည်။

သားရဲကြီးက ရက်စက်စွာ ဟိန်းဟောက်လိုက်ပြီး ခါချရန် ရူးသွပ်စွာ ခုန်ပေါက်လိုက်၏။

“ဖြန်းးး”

ချက်ချင်းပင် သားရဲကြီး၏ ခေါင်းကို ပြင်းထန်စွာ ရိုက်ချလိုက်ရာ ဦးခေါင်းခွံပင် ကွဲအက်မတတ် ဖြစ်သွားသည်။

ထို့နောက် ဓားမြှောင်တစ်လက်၏ အစွန်းဖြင့် သားရဲကြီး၏ လည်ပင်းကို ဖိထားကာ အေးစက်စွာ သတိပေးလိုက်၏။ “ငြိမ်ငြိမ်နေ။ မဟုတ်ရင် မင်း သေမယ်။”

သူမ ဇက်ကြိုးကို ဆွဲလိုက်ပြီး သားရဲကြီး၏ တင်ပါးကို ကြာပွတ်ဖြင့် ရိုက်လိုက်၏။ “သွားမယ်။”

ခြင်္သေ့ကျားသားရဲကြီးက အရှေ့ဘက်ဆီသို့ ပြေးထွက်သွားလိုက်သည်။

‘ယုတ်မာတဲ့ မိန်းမ။ ငါ ကလဲ့စားချေရမယ်။’ သားရဲကြီးကမူ နာကြည်းစွာဖြင့် တွေးလိုက်မိ၏။

**--**--**--**--**--**--**--**

တစ်ချိန်တည်း၌မှာပင် မိုင်ပေါင်းများစွာ အကွာ၌ ယန်ရွှမ်းက သူမ၏ လူတစ်ထောင်ပါ အသေခံတပ်ဖွဲ့ကို ဦးဆောင်ကာ အနောက်ဘက် သဲကန္တာရ၏ အလယ်ဗဟိုဆီသို့ ချီတတ်သွား၏။ အရုဏ်မတက်မီ ကောင်းကင်ယံကြီးမှာ ပကတိ မှောင်မိုက်နေဆဲ ဖြစ်သည်။

ရှေ့တည့်တည့်၌မူ ထျန်ယဲ့မြို့စား ကျိကန်း၏ ရိက္ခာစခန်းတစ်ခု ရှိနေပြီး အစောင့် နှစ်ရာအောက်သာ ရှိ၏။ အမှောင်ထုထဲ၌ ပေရာပေါင်းများစွာ အကွာမှနေ၍ ယန်ရွှမ်းနှင့် သူမ၏ လက်ရွေးစင် လေးကိုင်စစ်သည်များတို့က ကင်းစောင့်များကို ချိန်ရွယ်လိုက်ကြသည်။

“ရွှီးးး”

“ရွှီးးး”

“ရွှီးးး”

မျက်စိတစ်မှိတ်အတွင်း၌ပင် ကင်းစောင့်တိုင်း၏ ဦးခေါင်းခွံများကို မြှားများ ဖောက်ထွင်းသွားကြ၏။ အချက်ပေးသံ တစ်ချက်မျှပင် ထွက်ပေါ်မလာချေ။

ခြင်္သေ့ကျားသားရဲပေါ်သို့ တက်ခွလိုက်ရင်း ယန်ရွှမ်းသည် သူမ၏ လက်ကို မြှောက်လိုက်၏။ “တိုက်မယ်။ ဘယ်သူ့ကိုမှ အရှင်မထားနဲ့။”

သူမ ကိုယ်တိုင် စခန်းထဲသို့ တိုက်ရိုက်ဝင်ရောက် တိုက်ခိုက်မှုကို ဦးဆောင်လိုက်ပြီး သွေးစွန်းနေသည့် တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီးကို စတင်လိုက်သည်။

ရန်သူ့စစ်သည်များမှာ အိပ်မောကျနေစဉ် ခေါင်းဖြတ်ခံရခြင်း သို့မဟုတ် သူတို့၏ သံချပ်ကာဝတ်စုံများကိုပင် မဝတ်ဆင်နိုင်မီ သတ်ဖြတ်ခြင်းခံလိုက်ကြရ၏။

**--**--**--**--**--**--**--**

စခန်း၏ တပ်မှူးမှာ လန့်နိုးလာပြီး သူ၏ ဓားကြီးကို ဆွဲယူလိုက်သည်။ “ဘယ်သူလဲ။ ဒီစခန်းက မြို့စားကျိကန်းရဲ့ စခန်းပဲ။ မင်းတို့က ငါတို့ တစ်မြို့လုံးကို စစ်ကြေညာနေတာပဲ။”

ယန်ရွှမ်းက ရှေ့သို့ လှမ်းလာပြီး သူမ၏ မျက်နှာဖုံးကို တည်ငြိမ်စွာ မတင်လိုက်၏။ “ငါက ယန်ရွှမ်းပဲ။”

“ယန် ၊ ယန်ရွှမ်း..” တပ်မှူးမှာ အထစ်ထစ်အငေါ့ငေါ့ဖြင့် နောက်သို့ ဆုတ်သွားရ၏။ မြို့စားက ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့နှင့် စစ်တိုက်ရန် ပြင်ဆင်နေကြကြောင်းကို သူ ကောင်းကောင်း သိသော်လည်း ရက်အနည်းငယ်ကြာသည်အထိ တိုင်ပွဲများ စတင်ရန် အစီအစဉ် မရှိသေးချေ။

ထိုသို့ဆိုလျှင် ယန်ရွှမ်းက အဘယ်ကြောင့် ဤနေရာသို့ ရောက်နေရသနည်း။ သူ​ ကြောက်လန့်နေသော်လည်း ဟိန်းဟောက်လိုက်ဆဲပင်။ “မင်း ဘာလုပ်နေလဲဆိုတာ မင်း သိရဲ့လား။”

ယန်ရွှမ်းကမူ ပြန်ဖြေရန်ကို အာရုံမစိုက်ချေ။ ရှေ့သို့ ပြေးဝင်လာပြီး အဖျက်စွမ်းအားကြီးမားလှသည့် လက်သီးတစ်ချက်ကို ပစ်သွင်းလိုက်၏။

“ဘန်းးး”

တပ်မှူးမှာ လေထဲသို့ လွင့်ထွက်သွားပြီး ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ အရှိန်ကြောင့် သူ၏ ကိုယ်တွင်းအင်္ဂါများ ကြေမွသွားပြီး ခန္ဓာကိုယ် သဲပြင်ပေါ်သို့ ပြန် မကျမီ၌ပင် သေဆုံးသွားလေပြီ။

ယန်ရွှမ်းကမူ သူမ၏ လက်သီးကို ဖြည်းညင်းစွာ ရုပ်သိမ်းလိုက်သည်။

ထိုအခိုက် လူတစ်ထောင်တပ်မှူး တစ်ဦးက ဘေးသို့ ရောက်လာ၏။ “သခင်မလေး။ အလောင်းကို ရှင်းလိုက်ရမလား။ အလောင်းကို စစ်ဆေးတဲ့ ဘယ်သူမဆို သခင်မလေးရဲ့ လက်ချက်ဆိုတာ ချက်ချင်း သိသွားလိမ့်မယ်။”

ယန်ရွှမ်း၏ လက်သီးသိုင်းမှာ ဒေသတစ်ခုလုံး၌ နာမည်ဆိုးဖြင့် ကျော်ကြား၏။ သူမက အေးစက်စွာ ပြောလိုက်သည်။ “သူတို့ကို မြင်ပါစေ။”

မိနစ်ပိုင်းအတွင်း၌ပင် စခန်း၏ အစောင့်နှစ်ရာလုံး ရှင်းခံလိုက်ရသည်။

သူမက ပြတ်သားစွာ အမိန့်ပေးလိုက်၏။ “ထွက်မယ်။ ရွှေနဲ့ ငွေတွေကို ထားခဲ့။”

အလောင်းများနှင့် မထိမတို့ရသေးသော စည်းစိမ်ချမ်းသာများဖြင့် ပြည့်နှက်နေသည့် စခန်းကို ချန်ထားရစ်ကာ ယန်ရွှမ်း သူမ၏ စစ်တပ်ကို လှည့်၍ တောင်ဘက်သို့ ချီတတ်သွား၏။

တပ်မှူးက လှမ်းမေးသည်။ “အခု ဘယ်သွားမလဲ သခင်မလေး။”

ယန်ရွှမ်းက ပြတ်သားစွာ ပြော၏။ “နောက်စခန်းတစ်ခုကို သွားမယ်။ သူတို့ရဲ့ ကင်းစခန်း အားလုံးကို ငါတို့ စနစ်တကျ ဖျက်ဆီးပစ်မယ်။ ရန်သူကို လုံးဝ မျက်ကန်းဖြစ်သွားအောင် ငါတို့ လုပ်ရမယ်။”

တပ်မှူးက သတိပေးလိုက်သည်။ “အဲဒီလိုလုပ်ရင် သဲကန္တာရဓားပြတွေ သောင်းကျန်းလာလိမ့်မယ်။ သဲကန္တာရ တစ်ခုလုံး လုံးဝ ကမောက်ကမ ဖြစ်သွားလိမ့်မယ်။”

ယန်ရွှမ်းက ပြတ်သားစွာ ပြောလိုက်၏။ “ပိုပြီး ကမောက်ကမ ဖြစ်လေ ၊ ငါတို့ ပိုလုံခြုံလေပဲ။”

သို့သော် ယန်ရွှမ်းမှာ ကမောက်ကမ ဖြစ်ရုံမျှသာမက ထိုထက်ပင် ပို၍ လိုလားနေ၏။ သူမ၏ တကယ့် ရည်ရွယ်ချက်မှာ ညသစ်ခွ မြို့စားနယ်မြေနှင့် ရှီးလျန်ဘုရင့်နိုင်ငံကို ဆက်သွယ်ထားသည့် ကုန်သွယ်ရေး လမ်းကြောင်းများ အားလုံးကို အလုံးစုံ ဖျက်ဆီးပစ်ရန်နှင့် ထျန်ယဲ့မြို့၏ အဓိက ဝင်ငွေအရင်းအမြစ်ကို ဖြတ်တောက်ရန်ပင်။

‘ငါတို့ရဲ့ စည်းစိမ်တွေကို ခိုးယူဖို့ သက်သက်အတွက် ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို မင်းတို့က သိမ်းပိုက်ချင်တာလား။ ကောင်းပြီလေ။ အခု ဘယ်သူမှ ကြေးပြားတစ်ပြားတောင် မရစေရဘူး။’

ဆိုလွန်၏ မူလ မဟာဗျူဟာမှာ သူတို့၏ မဟာမိတ်အဖွဲ့ကို ပြိုကွဲစေရန် ကျိကန်း၏ အဓိက မဟာမိတ်များကို ပြောက်ကျားစစ်ဆင်ရေးဖြင့် တိုက်ခိုက်ရန် ဖြစ်၏။

ယန်ရွှမ်းကမူ ပို၍ပင် အတင့်ရဲနေသည်။ ကုန်သွယ်ရေးကွန်ရက်ကို လုံးဝ ရပ်တန့်သွားစေရန်နှင့် ထျန်ယဲ့မြို့၏ စီးပွားရေးကို ဂုတ်သွေးစုပ်သကဲ့သို့ ခန်းခြောက်သွားစေရန် သူမ ရည်ရွယ်ထား၏။

ဒေါသထွက်နေသည့် ထျန်ယဲ့မြို့၏ ခေါင်းဆောင် ဆယ့်နှစ်ဦးတို့က သူမကို လိုက်လံရှာဖွေရန် သဲကန္တာရထဲသို့ ဧရာမ မဟာမိတ်တပ်ကြီးကို သေချာပေါက် စေလွှတ်ကြပေလိမ့်မည်။

သို့သော် ဧရာမ စစ်တပ်များမှာ နှေးကွေးလေးလံသည့် သဲပြင်များထက်၌ အလွယ်တကူ လှုပ်ရှားနိုင်မည် မဟုတ်ချေ။

ယန်ရွှမ်းအနေဖြင့် သူမ၏ လူတစ်ထောင်ကို တစ္ဆေများအလား ဦးဆောင်ကာ မဟာမိတ်တပ်များကို အဆုံးမဲ့ စက်ဝိုင်းများထဲ၌ ဆွဲခေါ်သွားပြီး ပင်ပန်းနွမ်းနယ်မှုနှင့် ငတ်မွတ်မှုတို့ကြောင့် ပြိုလဲသွားသည်အထိ ပြုလုပ်ပေလိမ့်မည်။

**--**--**--**--**--**--**--**

ယန်ရွှမ်းတစ်ယောက် ရန်သူများ၏ သွေးများဖြင့် ရေချိုးနေချိန်၌ ဆိုလွန်ကမူ အိပ်မက်ဆိုးတစ်ခုထဲ၌ ရှင်သန်နေရ၏။

ထူလင်းတိက နယ်စပ်တစ်လျှောက် အရှေ့ဘက်ဆီသို့ သူ့အား မရပ်မနား ဆွဲခေါ်သွားသည်။ ထောင့်ပိတ်မိနေသည့် ကြွက်တစ်ကောင်ကို ကစားနေသော ရက်စက်သည့် ကြောင်တစ်ကောင်အလား သူ့အား ချက်ချင်း သတ်ပစ်မည့်အစား နာကျင်မှုကို အချိန်ဆွဲနေ၏။

မကြာမီ၌ပင် ဆိုလွန်၏ တစ်ကိုယ်လုံးမှာ ပွန်းပဲ့ကြေမွလာတော့သည်။ ထို့အပြင် ထူလင်းတိက အမှတ်မထင် သေဆုံးမသွားစေဘဲ ဆက်လက် နှိပ်စက်နိုင်ရန်အတွက် အဖိုးတန် ကုသရေးဆေးရည်များကိုပင် သူ၏ လည်ချောင်းထဲသို့ အတင်း လောင်းထည့်နေသေး၏။

သို့သော် ဤအရာများ အားလုံးကြား၌ပင် သူမ အဘယ်ကြောင့် သူ့အား ဤမျှလောက် ပြင်းပြင်းထန်ထန် ရွံရှာမုန်းတီးနေရသနည်း ဆိုသည်ကို ဆိုလွန် လုံးဝ မသိသေးချေ။ ခွေးသတောင်းစားလေး ဆိုလွန်က သူမအား မည်သည့်အရာကိုများ ပြုလုပ်ခဲ့သနည်း။

အပိုင်း ၂၆၇ + ၂၆၈ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters