အခန်း ၁၃၁
Vol. 14 Ch. 131
အခန်း (၁၃၁) ဒေါသအမျက်ချောင်းချောင်းထွက်နေသော ချန်ဖုန်း၊ ခေါင်းဆောင် ၏ ဖိတ်ကြားမှု
ရှုချွမ်းက အမှောင်ထဲမှ ထွက်ပေါ်လာပြီး လူနှစ်ဦးထံသို့ အပြုံးဖျော့ဖျော့ဖြင့် လျှောက်လှမ်းသွားခဲ့သည်။
ထို့နောက် သူ၏ သိုလှောင်လက်စွပ်ထဲမှ အဆင့်နိမ့် ယွမ်ကျောက်တုံး သန်းနှစ်ဆယ်ကို ထုတ်ယူကာ အစေခံမိန်းကလေးထံသို့ ကမ်းပေးလိုက်သည်။
အစေခံမိန်းကလေးမှာ မိန်းမောတွေဝေစွာဖြင့် ယွမ်ကျောက်တုံးများကို လက်ခံလိုက်မိသည်။
"ဒါက..."
တစ်ခဏမျှအတွင်း အစေခံမိန်းကလေးမှာ ဘယ်ဘက်ကို ရွေးချယ်ရမှန်း မသိဘဲ ဝေခွဲမရ ဖြစ်နေခဲ့သည်။
အမှန်အတိုင်း ပြောရလျှင် ချန်ဖုန်းက ပထမဆုံး ယွမ်ကျောက်တုံးများကို ထုတ်ယူကာ ဝယ်ယူရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း နောက်မှ ရောက်ရှိလာသူက ပိုမိုမြင့်မားသော ဈေးနှုန်းကို ပေးချေခဲ့ပြီး ယွမ်ကျောက်တုံး နှစ်သန်းပင် ပိုမိုများပြားနေခဲ့သည်။
ဝမ်ပေါင်မျှော်စင်၏ စည်းမျဉ်းများအရ အမြင့်ဆုံးဈေးပေးသူကသာ အနိုင်ရရှိမည်ဖြစ်ရာ သူမအနေဖြင့် ဤကျင့်စဉ်ကို ရှုချွမ်းထံသို့သာ ရောင်းချပေးရမည် ဖြစ်သည်။
အစေခံမိန်းကလေး၏ ဝေခွဲမရဖြစ်နေမှုနှင့်မတူဘဲ ချန်ဖုန်းမှာမူ ယခုအချိန်တွင် ရူးသွပ်လုနီးပါး ခံစားနေရသည်။
ဒီနေ့ ဘာတွေဖြစ်နေတာလဲ၊ ဘာဖြစ်လို့ သူသွားလေရာနေရာတိုင်းမှာ ဤကဲ့သို့သော အရာများနှင့် ဆက်တိုက် ကြုံတွေ့နေရသနည်း။
ထင်ရှားလှသည်မှာ အခြားမည်သူမျှ သူနှင့် ပြိုင်ဆိုင်နေခြင်း မရှိပေ။
သူက ၎င်းကို ရရှိရန် လက်တစ်ကမ်းအကွာအဝေးသို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း နောက်တစ်ယောက် နောက်ထပ်တစ်ယောက် ထပ်ပေါ်လာပြန်ပြီ၊ ဤသည်မှာ သုံးကြိမ်မြောက် ရှိနေပြီ ဖြစ်သည်။
ကောင်းသောအရာများမှာ သုံးကြိမ်အထိ ဖြစ်တတ်သည်ဟု ဆိုကြသော်လည်း ယနေ့တွင်မူ ဤကဲ့သို့သော ကြားဖြတ်လုယူခြင်းကို သုံးကြိမ်ဆက်တိုက် ကြုံတွေ့လိုက်ရသဖြင့် သူ၏ စိတ်ဓာတ်မှာ လုံးဝ ပြိုလဲသွားခဲ့ရပြီ ဖြစ်သည်။
ရှုချွမ်း၏ လုပ်ရပ်သုံးခုမှာ ထင်ရှားစွာပင် သူ၏ စိတ်ဓာတ်ကို အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားခြင်း ဖြစ်ပေသည်။
ယခုအခါတွင် ချန်ဖုန်း၏ ပင်မစရိုက်လက္ခဏာမှာ စတင်၍ မှောင်မိုက်လာခဲ့ပြီး သူ၏ စိတ်ထဲမှ ခွဲထွက်နေသော စရိုက်လက္ခဏာများကလည်း ပြဿနာ စတင်ရှာလာကြတော့သည်။
"သူ့ကို သတ်ပစ်လိုက်..... သူ့ကို သတ်လိုက်ရင် မင်း ဒီကျင့်စဉ်ကို ရလိမ့်မယ်"
"ငါတို့ကို ဖယ်ရှားပစ်ဖို့ အိမ်မက်မက်နေတုန်းပဲလား၊ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်စမ်း... မင်းနဲ့ တန်လို့လား"
"လက်လျှော့လိုက်စမ်းပါ... မင်းမှာ ပိုက်ဆံမရှိတော့ဘူး၊ မင်း ဒီကျင့်စဉ်ကို မဝယ်နိုင်တော့ဘူး"
"မင်း တစ်ဘဝလုံး ကမ္မနယ်ပယ်မှာပဲ တစ် နေမှာ"
"သတ်... သတ်... သတ် ဒီဝမ်ပေါင်မျှော်စင်ထဲက လူမှန်သမျှကို သတ်ပစ်လိုက်... သူတို့ကို သတ်ပြီးတာနဲ့ မင်းအလိုရှိတဲ့အရာအားလုံးကို ရလိမ့်မယ်"
ချန်ဖုန်းက ရူးသွပ်ခြင်း၏ အစွန်းအဖျားသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ယခုအခါတွင် ဒေါသတရားများက သူ၏ စိတ်အာရုံကို ဖုံးလွှမ်းထားခဲ့၏။
သူက ဒီနေ့ ကောင်းကင်ကြီးက မိမိကို လှောင်ပြောင်နေသကဲ့သို့ ခံစားနေရသည်။
သူ အလိုရှိသောအရာမှန်သမျှကို တစ်စုံတစ်ယောက်က အမြဲတမ်း ကြားဖြတ်နှောင့်ယှက်ပြီး သူ၏ အစီအစဉ်အားလုံးကို ဖျက်ဆီးပစ်နေကြသည်။
သူ သတ်ချင်နေခဲ့ပြီ ရှုချွမ်းကို သတ်ချင်သလို လေလံပွဲတွင် ကြယ်အမြုတေကို ဝယ်ယူသွားသောသူကိုလည်း သတ်ချင်နေခဲ့ပြီး ယခုတင် ကြားဖြတ်ဝင်လာသော ဤလူကိုလည်း သတ်ပစ်ချင်နေခဲ့ပြီ ဖြစ်သည်။
ချန်ဖုန်း၏ အခြေအနေကို မြင်လိုက်ရသောအခါ ရှုချွမ်းမှာ အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
'သူက ဒီလောက်နဲ့တင် လက်လျှော့တော့မလို့လား...' ဟု သူက စိတ်ထဲတွင် တွေးလိုက်မိသည်။
သူက အလွန်အမင်း အရှုံးပေးလွယ်လွန်းလှပေသည်။
သူက ထိုသူကို သုံးကြိမ်မျှသာ စနောက်ခဲ့ရသေးသည်။ သို့သော်လည်း ထိုသူမှာ ရူးသွပ်လုနီးပါး ဖြစ်နေခဲ့ပြီ မဟုတ်ပါလော။
ဘေးနားရှိ အစေခံမိန်းကလေးသည်လည်း ချန်ဖုန်း၏ ပုံမှန်မဟုတ်သော အပြုအမူကို သတိပြုမိသွားခဲ့သည်။
သူမက အမှောင်ထဲသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့ပြီး ဤဝမ်ပေါင်မျှော်စင်၏ ပိုင်ရှင်ထံသို့ အလျင်အမြန် ဆက်သွယ်လိုက်တော့၏။
"ငါ ဒီကျင့်စဉ်ကို အရင်မြင်တာ... မင်းလုပ်နေတဲ့ လုပ်ရပ်က စည်းမျဉ်းတွေနဲ့ မညီညွတ်ဘူး မဟုတ်လား"
ချန်ဖုန်းက ရှုချွမ်းကို မည်းမှောင်သော မျက်နှာပေးဖြင့် ပြောလိုက်ရာ သူ၏ အသံထက်တွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။
ဤစကားကို ကြားလိုက်ရသောအခါ ရှုချွမ်းက ခပ်ဖွဖွ ရယ်မောလိုက်ပြီး "စည်းမျဉ်း ဟုတ်လား ဒီဝမ်ပေါင်မျှော်စင် ထဲမှာတော့... ပိုက်ဆံရှိတဲ့သူကပဲ စည်းမျဉ်းကို သတ်မှတ်တာကွ"
ဤကဲ့သို့သော စကားလုံးများမှာ ချန်ဖုန်းကို စိုးစဉ်းမျှ ထည့်သွင်းစဉ်းစားခြင်း မရှိကြောင်း ပြသနေခဲ့သည်။
"မင်း..."
ဤသည်ကို ကြားလိုက်ရသောအခါ ချန်ဖုန်းမှာ ဆက်လက်၍ အောင့်အီးမထားနိုင်တော့ချေ။
သို့သော်လည်း နောက်ဆုံးတွင် စိတ်အစဉ်က အနိုင်ရသွားခဲ့ပြီး သူ၏ ဒေါသကို အတင်းအကျပ် ပြန်လည်ထိန်းချုပ်လိုက်ရသည်။
"ဒီလိုလုပ်ရင် ဘယ်လိုလဲ မင်း ဒီကျောက်စိမ်းပြားကို ငါ့ကို ပေးလိုက်ပါ... ငါ မင်းကို သီးသန့်အနေနဲ့ အဆင့်နိမ့် ယွမ်ကျောက်တုံး ငါးသန်း အပိုဆောင်းပြီး လျော်ကြေးပေးပါ့မယ်"
သူက ယခုအချိန်တွင် ဤကျင့်စဉ်ကို အလွန်အမင်း လိုအပ်နေခဲ့သည်။
မဟုတ်ပါက သူ၏ စိတ်ထဲမှ ခွဲထွက်နေသော စရိုက်လက္ခဏာများကို ဆက်လက်၍ နှိမ်နင်းထားနိုင်တော့မည် မဟုတ်ချေ။
သို့သော်လည်း ရှုချွမ်းက သူ၏ ဆန္ဒကို ဖြည့်ဆည်းပေးပါမည်လော။
ထင်ရှားလှသည်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။
သာမန် ယွမ်ကျောက်တုံး ငါးသန်းမျှဖြင့် သူ့ကို သိမ်းသွင်းနိုင်မည်ဟု ထင်မှတ်နေခြင်းမှာ ပြက်လုံးတစ်ခုမျှသာ ဖြစ်သည်။
ရှုချွမ်းက ထိုသူကို နောက်ထပ် ကြီးမားသော ရိုက်ခတ်မှုတစ်ခု ထပ်မံပေးလိုက်ပြီး သူ မည်သို့ တုံ့ပြန်မည်ကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
"ယွမ်ကျောက်တုံး ငါးသန်း ဟုတ်လား၊ မင်းက သူတောင်းစားကို ပေးကမ်းနေတယ်လို့ ထင်နေတာလား"
"ငါ ဒီနေ့ ဒီကျောက်စိမ်းပြားကို သေချာပေါက် ယူမှာပဲ... ဘယ်သူမှ ငါ့ကို တားလို့မရဘူး၊ ငါ ပြောပြီးပြီ"
ဤကဲ့သို့သော ထောက်ထား မညှာတာဘဲ စော်ကားလိုက်သည့် လေသံက ချန်ဖုန်းကို လုံးဝ ပေါက်ကွဲသွားစေခဲ့တော့သည်။
"ကောင်းတယ်... တကယ့်ကို ကောင်းတယ်။ မင်းက အေးအေးဆေးဆေး ပြောတာကို မနာခံဘဲ ခေါင်းမာချင်တာကိုး"
"ဒီနေ့... မင်း ဒီဝမ်ပေါင်မျှော်စင်ကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး"
ယခုအချိန်တွင် ချန်ဖုန်း၏ ကိုယ်ပေါ်မှ အမှောင်ချီ များ ထွက်ပေါ်လာခဲ့ပြီး သူ့ကို လွှမ်းခြုံသွားခဲ့သည်။
ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များနှင့် ကမ္မနယ်ပယ်၏ ထူးခြားလှသော နတ်ဘုရားအရှိန်အဝါများမှာ ဝမ်ပေါင်မျှော်စင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့တော့၏။
ဤသတ်ဖြတ်လိုစိတ်နှင့် အော်ရာ ကို ခံစားလိုက်ရသော ဘေးလူများမှာလည်း ဆက်လက်၍ စောင့်ကြည့်ရန် မဝံ့ရဲကြတော့ဘဲ မိမိတို့အပေါ်သို့ ကူးစက်လာမည်ကို စိုးရိမ်သဖြင့် ဝမ်ပေါင်မျှော်စင်အတွင်းမှ လျင်မြန်စွာ ထွက်ခွာသွားကြတော့သည်။
အစေခံမိန်းကလေးသည်လည်း မကောင်းသောအရာတစ်ခု ဖြစ်ပျက်တော့မည်ကို သိရှိသဖြင့် မျှော်စင်သခင်ထံသို့ ပိုမိုအလျင်အမြန် ဆက်သွယ်လိုက်တော့သည်။
ဤသတ်ဖြတ်လိုစိတ်များနှင့် ရင်ဆိုင်ရချိန်တွင် ရှုချွမ်းမှာမူ လွန်စွာ တည်ငြိမ်နေဆဲ ဖြစ်သည်။
"ဟမ့်... ဘာလဲ၊ အရောင်းအဝယ် အဆင်မပြေတော့ လူသတ်တော့မလို့လား"
"မင်းလို ကိုယ်ပိုင်ရုပ်သွင်အစစ်အမှန်ကို ဖုံးကွယ်ထားတဲ့သူမျိုးက... ဒီလိုအောက်တန်းကျတဲ့ ကိစ္စတွေကိုပဲ လုပ်တတ်တာပဲ" ရှုချွမ်းက နှာခေါင်းရှုံ့လျက် ဗြောင်ကျကျပင် လှောင်ပြောင်လိုက်သည်။
"မင်း သေရမယ်"
ရှုချွမ်း၏ စကားလုံးများမှာ ချန်ဖုန်း၏ အထိမခံသော အနာ ကို တိုက်ရိုက်ထိမှန်သွားခဲ့သဖြင့် သူသည် ရှုချွမ်းကို တိုက်ခိုက်ရန် ချက်ချင်း လှုပ်ရှားလိုက်တော့သည်။
"သေစမ်း"
သူက ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်ပြီး လျှပ်စီးလက်သည့်အလား မြန်ဆန်လှသော အရှိန်ဖြင့် ရှုချွမ်းထံသို့ ထိုးနှက်လိုက်တော့သည်။
ဓားရှည်မှာ ရှုချွမ်း၏ ကိုယ်ပေါ်သို့ ကျရောက်တော့မည့် ဆဲဆဲအချိန်မှာပင် ထူးဆန်းသောအရာတစ်ခု ဖြစ်ပျက်သွားခဲ့ရသည်။
"မိုက်ရူးရဲဆန်လှချည် လား"
"ငါ့ရဲ့ ဝမ်ပေါင်မျှော်စင်က မင်းလို ကြွက်တစ်ကောင် သောင်းကျန်းချင်တိုင်း သောင်းကျန်းလို့ရတဲ့ နေရာမှတ်နေလား"
ကျယ်လောင်လှသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့ပြီးနောက် အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်ကို မြင်တွေ့လိုက်ရကာ ၎င်းက ချန်ဖုန်းထံသို့ တိုက်ရိုက်ဦးတည်သွားပြီး သူ၏ ဓားကို ရိုက်ချကာ မြေပြင်ပေါ်သို့ ကျရောက်သွားစေခဲ့သည်။
ချန်ဖုန်းသည်လည်း ဤအလင်းတန်းကြောင့် လွင့်ထွက်သွားခဲ့ရပြီး ကာကွယ်ရေး အစီအရင်ပေါ်သို့ ပြင်းထန်စွာ တိုက်မိပြီးမှသာ ရပ်တန့်သွားခဲ့တော့သည်။
သူက ချက်ချင်းပင် တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးသွားခဲ့ရသည်။
ယခုအချိန်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အပေါ်ထပ်မှနေ၍ တည်ငြိမ်စွာ လျှောက်လှမ်းကာ ဆင်းလာခဲ့သည်။
ယခုတင် တိုက်ခိုက်လိုက်သော အလင်းတန်းမှာ ထိုသူ့ထံမှ ဖြစ်သည်။
သူက ဤ ၁၀ ထပ်မြောက်ရှိ ဝမ်ပေါင်မျှော်စင်၏ မျှော်စင်သခင်ဖြစ်ပြီး 'ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အဆင့် ၅ ' သိုင်းပညာ ရှင်တစ်ဦး ဖြစ်သည်။
သူက အောက်ထပ်သို့ ဆင်းလာပြီးနောက် ထောင့်စွန်းတွင် ရှိနေသော ချန်ဖုန်းကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ ပေ။
ထို့အစား သူက ရှုချွမ်းရှိရာသို့ တိုက်ရိုက် လျှောက်လှမ်းသွားခဲ့ပြီး ပြုံးလျက် ပြောလိုက်သည်။ "ဒါက ထိုက်ယိမြင့်မြတ်နယ်မြေရဲ့ 'သူတော်စင်သားတော် ရှုချွမ်း ကိုယ်တိုင် ဖြစ်နေမှန်း ကျွန်တော် မသိခဲ့ရပါဘူးဗျာ... ကြိုဆိုနှုတ်ဆက်ဖို့ နောက်ကျသွားခဲ့တဲ့အတွက် တောင်းပန်ပါတယ်"
သူက ရှုချွမ်း၏ သရုပ်မှန် ကို သိရှိသွားခဲ့ပြီး ဗြောင်ကျကျပင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ထင်ရှားလှသည်မှာ ရှုချွမ်း ယခင်က ရရှိခဲ့ဖူးသော တိုကင် ထဲ၌ တစ်စုံတစ်ဦး၏ သရုပ်မှန် ကို ခွဲခြားသိရှိနိုင်မည့် ဝမ်ပေါင်မျှော်စင်၏ နည်းစနစ်တစ်ခု မြှုပ်နှံထားခြင်း ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ရုပ်သွင်ကို မည်မျှပင် ပြောင်းလဲထားပါစေ၊ သူတို့အနေဖြင့် ခွဲခြားသိရှိနိုင်ဆဲ ဖြစ်၏။
ဤသည်ကို မြင်လိုက်ရသောအခါ ရှုချွမ်းသည်လည်း ဆက်လက်၍ ဟန်ဆောင်မနေတော့ဘဲ မျက်နှာပေါ်မှ မျက်နှာဖုံးကို ဖယ်ရှားပစ်လိုက်ကာ သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး မူလရုပ်သွင်အစစ်အမှန်သို့ ပြန်လည်ပြောင်းလဲလိုက်တော့သည်။
ရှုချွမ်းက "စီနီယာကလည်း နောက်နေပြန်ပြီ"
အခြားတစ်ဖက်တွင်မူ ရုတ်တရက် ပေါ်ထွက်လာသော ရှုချွမ်း၏ ရုပ်သွင်အစစ်အမှန်ကို မြင်လိုက်ရသည့် ခဏ၌ ချန်ဖုန်းမှာ ချက်ချင်းပင် သွေးရူးသွေးတန်း ဖြစ်သွားခဲ့ရတော့သည်။
သူက ယခုအခါတွင် အလုံးစုံကို ကောင်းစွာ နားလည်သွားခဲ့ပြီ ဖြစ်သည်။
မည်သည့် လူအမျိုးမျိုး၏ ပစ်မှတ်ထားခြင်းကို ခံရခြင်းမျိုးနည်း ကန့်လန့်ကာနောက်ကွယ်မှ ဤအရာအားလုံးကို ကြိုးကိုင်ခြယ်လှယ်နေခဲ့သော တရားခံအစစ်မှာ ရှုချွမ်း ဖြစ်နေခဲ့ခြင်းပင်။
ယခုအချိန်တွင် ရှုချွမ်းအပေါ် ထားရှိသော သူ၏ မုန်းတီးမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ရပြီး ထိုသူ၏ အသားကိုစားကာ အသွေးကို သောက်ပစ်ချင်စိတ်များ ပေါ်ပေါက်နေခဲ့သည်။
မျှော်စင်သခင်သည်လည်း ရှုချွမ်းအပေါ် ထားရှိသော ချန်ဖုန်း၏ သတ်ဖြတ်လိုစိတ်ကို ခံစားမိသဖြင့် သူ၏ လက်ကို ဝေ့ယမ်းလိုက်ရာ တံခါးအပြင်မှ လူအချို့ ချက်ချင်း ဝင်ရောက်လာကြတော့သည်။
"သူ့ကို အပြင်ကို ဆွဲထုတ်သွားပြီး ဝမ်ပေါင်မျှော်စင်ရဲ့ အပြင်ဘက်ကို လွှင့်ပစ်လိုက်စမ်း"
"ပြီးတော့... ဒီလူကို နာမည်ပျက်စာရင်းထဲကို ထည့်ထားလိုက်။ ငါတို့ ဝမ်ပေါင်မျှော်စင်ရဲ့ ဘယ်ဌာနခွဲမဆို ဘယ်တော့မှ ဝင်ခွင့်မရှိဘူး"
"ဟုတ်ကဲ့ပါ မျှော်စင်သခင်"
အမိန့်ပေးပြီးသည်နှင့်တစ်ပြိုင်နက် ချန်ဖုန်းက ဝမ်ပေါင်မျှော်စင်အတွင်းမှ ဆွဲထုတ်ခြင်းကို ခံလိုက်ရပြီး နောက် ၁၀ ထပ်မြောက် မှတစ်ဆင့် အင်ပါယာမြို့တော်၏ ပင်မလမ်းမကြီးပေါ်သို့ တိုက်ရိုက် လွှင့်ပစ်ခြင်း ခံလိုက်ရတော့သည်။
သို့သော်လည်း မထွက်ခွာရသေးမီ နောက်ဆုံးအခိုက်အတန့်တွင် ချန်ဖုန်းက ရှုချွမ်းကို သူ၏ စိတ်ထဲ၌ ထာဝရ စွဲထင်ကျန်ရစ်စေမည့်အလား စူးစိုက်ကြည့်သွားခဲ့ပေသည်။
"သူတော်စင်သားတော် ရှုချွမ်း... ကျွန်တော်တို့ရဲ့ 'ခေါင်းဆောင် ' က သင့်ကို ဖိတ်ကြားထားပါတယ်၊ ကျေးဇူးပြုပြီး လိုက်ခဲ့ ပေးပါဦးခင်ဗျာ" ယခုအချိန်တွင် ဝမ်ပေါင်မျှော်စင်သခင်က ရှုချွမ်းကို ပြောလိုက်သည်။
"ခင်ဗျားတို့ရဲ့ ခေါင်းဆောင် က ကျွန်တော့်ကို ဖိတ်တာ ဟုတ်လား"
ရှုချွမ်းမှာ အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့ရသည်။ သူသည် ဝမ်ပေါင်မျှော်စင် ကုန်သွယ်ရေးအဖွဲ့၏ ခေါင်းဆောင် ကို မသိရှိချေ။
"ကောင်းပါပြီ... လမ်းပြပေးပါ"
သို့သော်လည်း ရှုချွမ်းက ငြင်းပယ်ခြင်း မပြုခဲ့ဘဲ ထိုသူ့နောက်သို့ လိုက်ပါကာ အထူးအခန်း တစ်ခုဆီသို့ ဦးတည်သွားခဲ့သည်။
ဤအထူးအခန်းမှာ အလွန်အမင်း ဆန်းပြားခမ်းနားလှသဖြင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် ရိုးရှင်းသောအရာ မဟုတ်ကြောင်း သိသာလှပေသည်။
အဆုံးတွင်မူ ရှုချွမ်းက ထိုက်ယိမြင့်မြတ်နယ်မြေ၏ 'သူတော်စင် သားတော် ' တစ်ဦး ဖြစ်သဖြင့် သူ၏ အဆင့်အတန်းမှာ လွန်စွာ မြင့်မြတ်လှပေသည်။
သူတို့အနေဖြင့် မသိရှိပါက ကိစ္စမရှိသော်လည်း ယခုအခါတွင်မူ သိရှိသွားခဲ့ပြီဖြစ်ရာ ရှုချွမ်းကို အမြင့်မားဆုံးသော ရိုသေလေးစားမှုဖြင့် ဧည့်ခံရမည် ဖြစ်သည်။
ထို့အပြင် ရှုချွမ်းနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ရန်အတွက် သူတို့ အစွမ်းကုန် ကြိုးပမ်းရပေမည်။
"ဒါက သူတော်စင်သားတော် ကိုယ်တိုင် ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး။ ဒီအဖိုးကြီးအနေနဲ့ ကြိုဆိုနှုတ်ဆက်ဖို့ နောက်ကျသွားခဲ့တဲ့အတွက် တောင်းပန်ပါတယ်၊ တကယ်ကို တောင်းပန်ပါတယ်"
ယခုအချိန်တွင် အစေခံမိန်းကလေးအချို့ ခြံရံလျက် အဘိုးအိုတစ်ဦးက အထူးအခန်းအတွင်းသို့ လှမ်းဝင်လာခဲ့ပြီး ရှုချွမ်းကို အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်သည်။
အကယ်၍ အခြားသူများသာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရပါက သေချာပေါက် တုန်လှုပ်သွားကြပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဤအဘိုးအို၏ သရုပ်မှန် မှာ လွန်စွာ ဆန်းပြားလွန်းလှခြင်းကြောင့် ဖြစ်၏။
ဤလူ၏ အမည်မှာ 'နင်ဟောက်ရွှမ်း ' ဖြစ်ပြီး အမည်ကို ကြားလိုက်ရုံမျှဖြင့်ပင် သူက မဟာဝေဧရာဇ်မင်းဆက် တော်ဝင်မိသားစု နှင့် ဆက်နွှယ်မှု ရှိနေကြောင်း သိသာလှပေသည်။
အမှန်စင်စစ်အားဖြင့်လည်း ထိုအတိုင်းပင် ဖြစ်ကာ သူသည် လက်ရှိ 'နင်မျိုးနွယ်စု ' ၏ ဆဋ္ဌမမြောက်အကြီးအကဲ ဖြစ်ပြီး ဤအင်ပါယာမြို့တော်အတွင်း၌ သူ၏ အဆင့်အတန်းမှာ အလွန်အမင်း မြင့်မားလှပေသည်။
ထို့အပြင် သူက ဤဝမ်ပေါင်မျှော်စင် ကုန်သွယ်ရေးအဖွဲ့၏ 'ခေါင်းဆောင် ' အစစ်အမှန်လည်း ဖြစ်ပေသည်။