အခန်း ၁၃၆
Vol. 14 Ch. 136
အခန်း (၁၃၆) မပြိုလဲသော သူရဲကောင်းဝိညာဉ်များ
နင်ချန်ထျန်းက ခေါင်းညိတ်လျက် သူ၏ အရိုအသေပြုမှုကို လက်ခံလိုက်သည်။
"ရှုချွမ်း... ရှေးဟောင်းစစ်မြေပြင်ရဲ့ မဟာအစီအရင်အကာအကွယ်မှာ အက်ကြောင်းတစ်ခု ပွင့်သွားပြီ။ မင်းတို့ အခုအချိန်ကစပြီး ဘယ်အချိန်မဆို ဝင်လို့ရပြီ၊ အားလုံး အဆင်သင့်ဖြစ်ပြီလား" နင်ချန်ထျန်းက ရှုချွမ်းကို ကြည့်ကာ မေးမြန်းလိုက်သည်။
"အဆင်သင့်ဖြစ်ပါပြီ" ရှုချွမ်းက ပြတ်သားစွာ ပြန်လည်ဖြေကြားလိုက်၏။
"ဒါဆိုရင်လည်း စကြတာပေါ့"
"ရှေးဟောင်းစစ်မြေပြင်ထဲကို ရောက်သွားတဲ့အခါ... ရှုချွမ်းနဲ့ တွေ့ရင် လူတိုင်း သူ့ရဲ့ အမိန့်ပေးညွှန်ကြားမှုကို နာခံကြရမယ်"
နင်ချန်ထျန်းက ပြောကြားပြီးနောက် သူ၏ လက်ကို ဝေ့ယမ်းလိုက်ရာ လူတစ်ရပ်စာခန့် မြင့်မားသော ဟင်းလင်းပြင်တံခါးပေါက်တစ်ခုမှာ လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့သည်။
ထိုတံခါးပေါက်မှတစ်ဆင့် ခြောက်သွေ့သော စစ်မြေပြင်ကြီးကို လွှမ်းမိုးချုပ်ကိုင်ထားသည့် အတိုင်းအဆမရှိသော မိစ္ဆာချီ များနှင့် ထူထပ်လှသော သေခြင်းတရားအငွေ့အသက်များကို ရှုချွမ်း လှမ်းမြင်လိုက်ရသည်။
"ဒီနေရာက ငါတို့ရဲ့ အရှေ့ဘက်ဒေသက သိုင်းပညာရှင်တွေ မိစ္ဆာမျိုးနွယ်စုတွေကို အသေအလဲ တိုက်ခိုက်ခဲ့ကြတဲ့ ရှေးဟောင်းစစ်မြေပြင်ပဲ"
"ဒီစစ်မြေပြင်ရဲ့ ဗဟိုချက်မှာတော့... အစီအရင်နဲ့ ပိတ်ဆို့ထားတဲ့ မိစ္ဆာနယ်မြေ အက်ကြောင်း ရှိနေတယ်။ မင်းတို့ အဲဒီနေရာကို သွားပြီးတော့ အခုအသစ်ပေါ်လာတဲ့ မိစ္ဆာမျိုးနွယ်စုတွေက ဘယ်ကနေ ဘယ်လို ရောက်လာကြတာလဲဆိုတာကို စုံစမ်းစစ်ဆေးရမယ်"
"ဒါပေမယ့် လည်း အထဲမှာ အန္တရာယ်တွေက နေရာအနှံ့ ခြုံခိုနေတာမို့လို့... အလွန်အမင်း သတိထားကြဖို့ လိုအပ်တယ်"
"ဒါ့အပြင် ဒီရှေးဟောင်းစစ်မြေပြင်အတွင်းမှာ အခွင့်အလမ်းတွေလည်း ရှိနေသေးတယ်။ အဲဒါတွေကို ရယူနိုင်၊ မရယူနိုင်ဆိုတာကတော့ မင်းတို့ရဲ့ ကိုယ်ပိုင်ကံတရားပေါ်မှာပဲ မူတည်လိမ့်မယ်"
"အော်... ပြီးတော့ ဒီတစ်ကြိမ် ရှေးဟောင်းစစ်မြေပြင်ကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်တဲ့သူတွေကို... ငါ့အနေနဲ့ မဟာဝေတော်ဝင်မျိုးနွယ်စုရဲ့ ပိုင်နက်ထဲမှာ ရှိတဲ့ 'ဝိညာဉ်စမ်းရေတွင်း ' မှာ ခန္ဓာကိုယ်အညစ်အကြေး ဆေးကြောသန့်စင်ခွင့် ပေးမယ်လို့ ကတိပြုတယ်" နင်ချန်ထျန်းက ရှင်းလင်းပြောကြားရင်း နောက်ဆုံးတွင် ဆုလာဘ်တစ်ခုကို ကတိပေးလိုက်တော့သည်။
ဤရှေးဟောင်းစစ်မြေပြင်မှာ ရှေးယခင်က အစွမ်းထက်လှသော သိုင်းပညာရှင်ကြီးများက ဆန်းကြယ်လှသော မဟာစွမ်းအားများကို အသုံးပြု၍ ချန်အန်းမြို့တော်၏ မြေအောက်နက်ရှိုင်းသောနေရာတွင် ပိတ်ဆို့ချုပ်နှောင်ထားခဲ့ခြင်း ဖြစ်သည်။ မျိုးဆက်အဆက်ဆက်မှ မဟာဝေဧကရာဇ်များသာလျှင် ၎င်းနေရာသို့ ဦးတည်သည့် တံခါးပေါက်ကို ဖွင့်လှစ်နိုင်စွမ်း ရှိကြသည်။
လွန်ခဲ့သော နှစ်ပေါင်းသောင်းချီက မိစ္ဆာမျိုးနွယ်စုများသည် ရွှမ်ထျန်းတိုက်ကြီးတစ်ခုလုံးကို သူတို့၏ နယ်မြေ စွမ်းအားအပြည့်ဖြင့် ကျူးကျော်ဝင်ရောက်ခဲ့ကြသည်။
မိစ္ဆာနယ်မြေ အက်ကြောင်း ပေါ်ပေါက်လာသည့် နေရာမှန်သမျှသည်လည်း သွေးချောင်းစီးရာ စစ်မြေပြင်များ ဖြစ်လာခဲ့ရသည်။
၎င်းစစ်ပွဲမှာ အမှောင်ထုအတိပြီးခဲ့ပြီး သိုင်းပညာရှင် အမြောက်အမြား အသက်ပျောက်ခဲ့ကြရသလို သာမန်လူသားများလည်း ကပ်ဘေးမှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ကြပေ။
နောက်ဆုံးတွင်မူ လူတိုင်း၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းတိုက်ခိုက်မှုကြောင့်သာ မိစ္ဆာမျိုးနွယ်စုများကို ပြန်လည်မောင်းထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ၎င်းမိစ္ဆာနယ်မြေ အက်ကြောင်းများကိုမူ လုံးဝ ပိတ်ပစ်နိုင်ခြင်း မရှိခဲ့ပေ။
မိစ္ဆာမျိုးနွယ်စုများ နောက်တစ်ကြိမ် ပြန်လည်ထွက်ပေါ်လာခြင်းမှ ကာကွယ်ရန်အတွက် ထိုအက်ကြောင်းများကို တစ်ခုပြီးတစ်ခု အစီအရင်ဖြင့် ပိတ်ဆို့နှိမ်နင်းထားခဲ့ကြရုံသာ တတ်နိုင်ခဲ့ကြသည်။
ထို့အပြင် မိစ္ဆာနယ်မြေ အက်ကြောင်းများတွင် မည်သည့်ပြောင်းလဲမှုမျိုးမဆို ရှိ၊ မရှိ သိရှိနိုင်ရန်အတွက်လည်း အချိန်အပိုင်းအခြားအလိုက် စစ်ဆေးမှုများ ပြုလုပ်ကြရသည်။
ယခုတစ်ကြိမ်တွင် နင်ချန်ထျန်းက ရှေးဟောင်းစစ်မြေပြင်အတွင်း၌ ထူးဆန်းသော အပြောင်းအလဲအချို့ကို စုံစမ်းသိရှိခဲ့ရသဖြင့် မြို့တော်ရှိ ပါရမီရှင်များကို စုစည်းကာ စူးစမ်းလေ့လာခိုင်းခြင်း ဖြစ်ပေသည်။
ထို့အတွက်ကြောင့်ပင် နင်ချန်ထျန်းက ပြန်လည်ထွက်လာနိုင်သူများကို ဝိညာဉ်စမ်းရေတွင်းအတွင်း၌ သူတို့၏ ပါရမီအရည်အသွေးများကို မြှင့်တင်ဆေးကြောခွင့်ပြုမည်ဟု ဝန်လေးခြင်းမရှိဘဲ ကတိပေးခဲ့ခြင်း ဖြစ်၏။
မဟာဝေတော်ဝင်မျိုးနွယ်စု၏ ဝိညာဉ်စမ်းရေတွင်းသို့ ဝင်ရောက်ခွင့်ရရန်မှာ တော်ဝင်နင်မျိုးနွယ်စုဝင်များပင် ဖြစ်ပါစေဦး မဟာဝေဧကရာဇ်မင်းဆက်အတွက် ကြီးမားလှသော အကျိုးပြုမှု များ ပြုလုပ်နိုင်မှသာ ခွင့်ပြုချက်ရရှိနိုင်သောအရာ ဖြစ်ကြောင်း သိထားကြရပေမည်။
ချက်ချင်းပင် ခန်းမအတွင်းရှိ ပါရမီရှင်အမြောက်အမြား၏ မျက်လုံးများမှာ အံ့အားသင့်မှုများကြောင့် တောက်ပသွားခဲ့ကြတော့သည်။
အခွင့်အလမ်း တကယ့်ကို ကြီးမားလှတဲ့ အခွင့်အလမ်းကြီးပဲ။
ဤအချက်ကြောင့်ပင် သူတို့အားလုံးက ရှေးဟောင်းစစ်မြေပြင်အတွင်းသို့ ဝင်ရောက်ရန်အတွက် စိတ်အားထက်သန်စွာ မျှော်လင့်တကြီး ဖြစ်လာခဲ့ကြသည်။
အထဲသို့ အစောဆုံးဝင်ရောက်ကာ အကြောင်းရင်းကို စုံစမ်းနိုင်မှသာ အပြင်သို့ အစောဆုံးပြန်ထွက်နိုင်ပြီး ဝိညာဉ်စမ်းရေတွင်းအတွင်းသို့ ဝင်ရောက်ခွင့် ရရှိမည် မဟုတ်ပါလော။
ထို့ကြောင့် နင်ချန်ထျန်း စကားပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ပါရမီရှင်အဖွဲ့မှာ တစ်ဦးပြီးတစ်ဦး တံခါးပေါက်အတွင်းသို့ လှမ်းဝင်သွားခဲ့ကြပြီး အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်ခနဲဖြစ်သွားပြီးနောက် ပျောက်ကွယ်သွားခဲ့ကြတော့သည်။
ရှုချွမ်း၏ အလှည့်သို့ ရောက်ရှိလာချိန်တွင်မူ...
ရုတ်တရက် နင်ယို့ချီက ပြောလိုက်သည်။ "ခမည်းတော်... သမီးလည်း အထဲကို ဝင်ပြီးတော့ ခမည်းတော်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ကူညီဖြေရှင်းပေးချင်ပါတယ်"
ဤသည်ကို ကြားလိုက်ရသောအခါ နင်ချန်ထျန်းမှာ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားခဲ့ရသည်။
အမှန်အတိုင်း ပြောရလျှင် သူက နင်ယို့ချီကို ဤရှေးဟောင်းစစ်မြေပြင်အတွင်းသို့ လုံးဝ ဝင်ရောက်ခွင့်မပြုလိုပေ။
အကြောင်းမှာ ထိုနေရာ၌ အန္တရာယ်များ လျှို့ဝှက်ချက်ချင်း ခိုအောင်းနေသဖြင့် ကမ္မနယ်ပယ် ပါရမီရှင်တစ်ဦးပင် ဖြစ်ပါစေဦး အသက်ပျောက်သွားနိုင်ခြေ ရှိသောကြောင့် ဖြစ်သည်။
သူက အခြားသူများကို ဂရုမစိုက်ဘဲ နေနိုင်သော်လည်း မိမိ၏ သမီးအရင်းနှင့် ပတ်သက်လာလျှင်မူ အလွန်အမင်း သတိကြီးစွာ ထားရပေမည်။
"ယို့ချီ... သမီး မသွားသင့်ဘူး။ တော်ဝင်နန်းတော်ထဲမှာပဲ နေပြီးတော့ အေးအေးဆေးဆေး ကျင့်ကြံနေပါ" နင်ချန်ထျန်းက ပြောလိုက်သည်။
"ခမည်းတော်... သမီးကို သွားခွင့်ပြုပါနော်" နင်ချန်ထျန်းက သဘောမတူသည်ကို မြင်သောအခါ နင်ယို့ချီက ချက်ချင်းပင် ကလေးတစ်ယောက်ကဲ့သို့ ချွဲနွဲ့သည့် နည်းဗျူဟာကို အသုံးပြုလိုက်တော့သည်။
သူမက နင်ချန်ထျန်း၏ ဘေးနားသို့ လျှောက်လှမ်းသွားကာ သူ၏ လက်မောင်းကို ဆွဲကိုင်လျက် အဆက်မပြတ် လှုပ်ခါပြီး မျက်နှာလေးကို ငိုမဲ့မဲ့ဖြင့် ချွဲနွဲ့ပြနေခဲ့သည်။
အမှန်စင်စစ်ပင် နင်ချန်ထျန်း၏ စိတ်သဘောထားကို အသိဆုံးလူမှာ နင်ယို့ချီပင် ဖြစ်၏။
သူမ၏ ဤကဲ့သို့ ချွဲနွဲ့မှုကို ခံလိုက်ရပြီးနောက်တွင်မူ နင်ချန်ထျန်း၏ မျက်နှာထက်၌ မတတ်သာတော့သည့် လက်လျှော့လိုက်ရသော အမူအရာများ ပေါ်ထွက်လာခဲ့ရတော့သည်။
"ကဲပါ... ကဲပါ... ဒါဆိုရင်လည်း သမီးကို သွားခွင့်ပြုမယ်"
"ဒါပေမဲ့ အလွန်အမင်း သတိထားရမယ်နော်"
"အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ... ခမည်းတော် ပေးထားတဲ့ အသက်ကယ်ရတနာတွေကို သုံးဖို့ ဝန်မလေးနဲ့... သိလား" နင်ချန်ထျန်းက စိုးရိမ်တကြီး မှာကြားလိုက်သည်။
"ခမည်းတော်... ကျေးဇူးအများကြီး တင်ပါတယ်" နင်ယို့ချီက မျက်နှာထက်၌ တောက်ပသော အပြုံးတစ်ခုဖြင့် ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် ရှုချွမ်း၏ ဘေးနားသို့ လျင်မြန်စွာ ပြန်လည်ပြေးဝင်လာခဲ့တော့သည်။
ရှုချွမ်းက နင်ယို့ချီကို ခဏမျှ ကြောင်တောင်တောင်ဖြင့် စူးစိုက်ကြည့်နေမိသည်။
သူသည် နင်ယို့ချီထံ၌ ဤကဲ့သို့သော ချစ်စရာကောင်းသည့် အမူအရာမျိုး ရှိနေလိမ့်မည်ဟု ယခင်က တစ်ခါမျှ သတိမပြုမိခဲ့ဖူးချေ၊ ၎င်းက တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလှပေသည်။
ရှုချွမ်းက မိမိကို အကြာကြီး စူးစိုက်ကြည့်နေသဖြင့် နင်ယို့ချီမှာ ရှက်သွေးဖြန်းသွားခဲ့ရပြီး ပါးပြင်လေးနှစ်ဖက်မှာ ညနေခင်းဆည်းဆာအလှကဲ့သို့ နီမြန်းသွားခဲ့ရတော့သည်။
သူမက ရှုချွမ်း၏ လက်မောင်းကို လက်သီးဆုပ်လေးဖြင့် ဖွဖွလေး တစ်ချက် ထုလိုက်၏။
ထိုအခါမှသာ ရှုချွမ်းက အာရုံပြန်လည်ရရှိလာခဲ့တော့သည်။
"ရှုချွမ်း... ငါ့ရဲ့ သမီးကို မင်းလက်ထဲ အပ်နှံလိုက်ပြီ။ မင်း သူမရဲ့ ဘေးကင်းလုံခြုံမှုကို သေချာပေါက် အာမခံရမယ်နော်" နင်ချန်ထျန်းက အခြားသူ၏ ဘက်သို့ ပါသွားဟန်ရှိသော မိမိ၏ သမီးဖြစ်သူကို ကြည့်ကာ ထို့နောက် ရှုချွမ်းကို ကြည့်လျက် လေးနက်သော လေသံဖြင့် မှာကြားလိုက်သည်။
"ဧကရာဇ် ရဲ့ ယုံကြည်မှုကို သေချာပေါက် အညှိုးနွမ်းမခံပါဘူးဗျာ" ရှုချွမ်းက ခေါင်းညိတ်လျက် လေးနက်တည်ကြည်စွာ ပြန်လည်ပြောကြားလိုက်သည်။
အကယ်၍ နင်ချန်ထျန်းက ထည့်သွင်းမှာကြားခြင်း မပြုခဲ့လျှင်ပင် သူက ဤအတိုင်း သေချာပေါက် ပြုလုပ်မည်သာ ဖြစ်၏။
ဤသည်ကို ကြားမှသာ နင်ချန်ထျန်း၏ မျက်နှာထက်၌ ကျေနပ်အားရသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့တော့သည်။
ထို့နောက်တွင်မူ...
သူတို့နှစ်ဦးက ရှေးဟောင်းစစ်မြေပြင်အတွင်းသို့ အတူတူ လှမ်းဝင်သွားခဲ့ကြတော့သည်။
အထဲသို့ ခြေလှမ်းလှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ရှုချွမ်းသည် သူ၏ အမြင်အာရုံများမှာ ရုတ်တရက် ဝေဝါးမှောင်မိုက်သွားခဲ့ရပြီး ပတ်ဝန်းကျင် ရှုခင်းများမှာလည်း ပျောက်ကွယ်သွားခဲ့သကဲ့သို့ ခံစားလိုက်ရသည်။
ခဏမျှ ကြာပြီးနောက် သူက အမှောင်ထုအတိအတွင်းသို့ လုံးဝ ကျရောက်သွားခဲ့ရတော့၏။
၎င်းမှာ အချိန်ခဏလေးလား သို့မဟုတ် အချိန်အတော်ကြာသွားခဲ့ပြီလားဆိုသည်ကို သူ မခွဲခြားနိုင်ခဲ့ချေ။ ရုတ်တရက်... ရှုချွမ်း၏ မျက်စိရှေ့မှောက်တွင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူ၏ အကြည့်များကို ထိုအလင်းတန်းထံသို့ ပစ်လွှတ်လိုက်ချိန်တွင်မူ ၎င်းအလင်းတန်းမှာ ရုတ်ချည်း ကြီးမားကျယ်ပြန့်လာခဲ့တော့၏။
ပူပေါင်းတစ်ခု ပေါက်သွားခဲ့သကဲ့သို့သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် အခိုက်အတန့်တွင်မူ ရှုချွမ်းက သူ၏ အမြင်အာရုံများမှာ ချက်ချင်း လင်းပွင့်သွားခဲ့ရပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ချိန်၌ မိမိသည် လုံးဝ အသစ်စက်စက်ဖြစ်သော ကမ္ဘာသစ်တစ်ခုသို့ ရောက်ရှိနေခဲ့ပြီဖြစ်ကြောင်း သဘောပေါက်လိုက်တော့သည်။
သို့သော်လည်း သူ၏ ဘေးနားတွင် နင်ယို့ချီ၏ အရိပ်အယောင်ကိုမူ မမြင်တွေ့ရပေ။
သေချာပေါက်ပင် သူမက အခြားသော နေရာတစ်ခုဆီသို့ ကွဲပြားစွာ တည်နေရာ ပို့ဆောင် ခံလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။
ရှုချွမ်းအနေဖြင့် ဤကဲ့သို့သော အခြေအနေမျိုးကို ရိုးအီနေအောင် ကြုံတွေ့ဖူးပြီး ဖြစ်သဖြင့် ယဉ်ပါးနေခဲ့ပြီ ဖြစ်သည်။
ဤကဲ့သို့သော နေရာမျိုးသို့ ဝင်ရောက်လာချိန်တွင် တစ်ဦးနှင့်တစ်ဦး ကွဲကွာသွားခြင်း မရှိလျှင်သာ ထူးဆန်းနေပေလိမ့်မည်။
ဤနေရာသို့ ခြေချလိုက်သည်နှင့် ရှုချွမ်းက အဆုံးအစမရှိသော မိစ္ဆာချီ များနှင့် သေခြင်းအငွေ့အသက်များက မိမိ၏ ကိုယ်ပေါ်သို့ လာရောက်ရိုက်ခတ်နေသည်ကို ခံစားလိုက်ရသည်။
ဤကဲ့သို့သော မိစ္ဆာချီ များနှင့် သေခြင်းအငွေ့အသက်များ ဖုံးလွှမ်းနေသော ပတ်ဝန်းကျင်မျိုးတွင် သာမန်သိုင်းပညာရှင်တစ်ဦး၏ ခွန်အားမှာ ကြီးမားစွာ ဖိနှိပ်ခြင်း ခံရမည် ဖြစ်သည်။
သို့သော်လည်း ဤမိစ္ဆာချီများနှင့် သေခြင်းအငွေ့အသက် များမှာ ရှုချွမ်းအပေါ်တွင်မူ စိုးစဉ်းမျှ သက်ရောက်မှု မရှိချေ။
သူ ကျင့်ကြံထားသော 'မူလ မဟာယန်ကျင့်စဥ်' နှင့် 'မဟာနေနတ်ဘုရားနှင့်နတ်ဆိုးခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဥ်' တို့က ဤထူးခြားသော စွမ်းအားနှစ်ခုလုံးကို ပြီးပြည့်စုံစွာ တန်ပြန်နိုင်စွမ်း ရှိသည်။
ရှုချွမ်းအတွက်မူ ဤ မိစ္ဆာချီနှင့် သေခြင်းအငွေ့အသက်များမှာ သာမန်စွမ်းအားတစ်မျိုးမျှသာ ဖြစ်ပြီး အပြင်ကမ္ဘာနှင့် စိုးစဉ်းမျှ ကွဲပြားခြားနားခြင်း မရှိပေ။
ပတ်ဝန်းကျင်ကို အသားကျသွားပြီးနောက် ရှုချွမ်းက မိမိ၏ ဘေးပတ်ဝန်းကျင်ကို စတင်အကဲခတ်ကြည့်လိုက်သည်။
မျက်စိတစ်ဆုံး လှမ်းမြင်ရသမျှ နေရာတိုင်းတွင် ပျက်စီးနေသော လက်နက်များနှင့် သံချပ်ကာဝတ်စုံများမှာ နေရာအနှံ့ ပျံကျဲနေခဲ့ပြီး ဖြူဆွတ်နေသော အရိုးစုများနှင့် အလောင်းကောင်များမှာလည်း ရေတွက်၍မရနိုင်အောင် ရှိနေခဲ့ကြသည်။
၎င်းတို့အထဲတွင် လူသားမျိုးနွယ်စုဝင်များ၏ အရိုးစုများ ရှိသကဲ့သို့ မိစ္ဆာမျိုးနွယ်စုဝင်များ၏ အရိုးစုများလည်း ရှိနေခဲ့ကြသည်။
သို့သော်လည်း ကာလအတန်ကြာ ဖြတ်သန်းသွားခဲ့ပြီး ဖြစ်သဖြင့် ၎င်းတို့ထံ၌ မူလချီ များ လုံးဝ ရှိမနေတော့ဘဲ လေတစ်ချက်အဝှေ့တွင်ပင် ဖုန်မှုန့်များအဖြစ်သို့ ပြိုလဲပျက်စီးသွားကြမည့် အနေအထား ဖြစ်နေတော့သည်။
ဤစစ်မြေပြင်ကြီးအတွင်း၌ တောင်ကုန်းများ၊ ရှေးဟောင်းနန်းတော် များနှင့် နက်ရှိုင်းလှသော ချောက်ကမ်းပါးကြီးများ ရှိနေခဲ့ကြသော်လည်း ၎င်းအရာအားလုံးမှာမူ ကြေမွပျက်စီးနေခဲ့ကြပြီ ဖြစ်သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ရှေးယခင် ဝေးကွာလှသော ခေတ်ကာလတစ်ခု၌ ဤနေရာတွင် ကမ္ဘာမြေကို တုန်လှုပ်စေခဲ့သော မဟာစစ်ပွဲကြီးတစ်ခု သေချာပေါက် ဖြစ်ပွားခဲ့ဖူးကြောင်း ထင်ရှားလှပေသည်။
"ဒါက ရှေးဟောင်းစစ်မြေပြင်ပေါ့လေ..." မိစ္ဆာချီများနှင့် သေခြင်းအငွေ့အသက်များ ဖုံးလွှမ်းနေသော ရှေးဟောင်းစစ်မြေပြင်ကြီးကို ငေးမောကြည့်ရင်း ရှုချွမ်းက တိုးတိုးလေး ရေရွတ်လိုက်မိသည်။
၎င်းမှာ သူ ရှေးဟောင်းစစ်မြေပြင်တစ်ခုသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိဖူးခြင်း ဖြစ်၏။
ဤရှေးဟောင်းစစ်မြေပြင်တစ်ခုလုံးကို လွှမ်းမိုးထားဆဲဖြစ်ပြီး နှစ်ပေါင်းရာချီ ဖြတ်သန်းသွားခဲ့သော်လည်း ပျောက်ကွယ်သွားခြင်းမရှိသေးသော 'တိုက်ခိုက်လိုစိတ်ပြင်းပြမှု ' ကို သူ ခံစားသိရှိလိုက်ရသည်။
ရှုချွမ်း၏ စိတ်အာရုံထဲတွင် ဤရှေးဟောင်းစစ်မြေပြင်ကြီးအတွင်း၌ မိစ္ဆာမျိုးနွယ်စုများကို အသေအလဲ ရဲရဲဝံဝံ ရင်ဆိုင်တိုက်ခိုက်နေခဲ့ကြဆဲဖြစ်သော ရေတွက်၍မရနိုင်သည့် လူသားမျိုးနွယ်စုဝင် သူရဲကောင်းဝိညာဉ်များကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာခဲ့ရတော့သည်။
ဤကဲ့သို့သော မပြိုလဲနိုင်ဘဲ ခိုင်မာလှသည့် တိုက်ခိုက်လိုစိတ်ပြင်းပြမှုကြီးက ရှုချွမ်း၏ စိတ်ထဲ၌ လေးနက်လှသော ရိုသေလေးစားမှုများကို ဖြစ်ပေါ်စေခဲ့ပေတော့သည်။