အခန်း ၁၃၇
Vol. 14 Ch. 137
အခန်း (၁၃၇) မိစ္ဆာတို့၏ ခြေရာလက်ရာ၊ အမှောင်ထဲ၌ ပုန်းကွယ်နေသော မိစ္ဆာနယ်မြေ
ရှုချွမ်းက ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရုံမျှဖြင့် မိုင်ပေါင်းများစွာ ဝေးကွာသောနေရာသို့ ရောက်ရှိသွားခဲ့သည်။
ဤကျယ်ပြောလှသော ရှေးဟောင်းစစ်မြေပြင်ကြီးအတွင်း၌ ရှုချွမ်းက အံ့အားသင့်ဖွယ်ကောင်းလှသော အရှိန်အဟုန်ကို မြှင့်တင်လိုက်ပြီး စစ်မြေပြင်၏ အလယ်ဗဟိုဆီသို့ ဦးတည်ရွေ့လျားသွားခဲ့တော့သည်။
"မိစ္ဆာမျိုးနွယ်စုတွေရဲ့ ခြေရာလက်ရာတွေ ထွက်ပေါ်နေတယ်လို့ ပြောကြတယ်... အဲဒါတွေက ဘယ်နေရာမှာ ရှိနေတာလဲ"
ရှုချွမ်းက ရှေ့သို့ လှမ်းလျှောက်ရင်း ရှေးဟောင်းစစ်မြေပြင်အတွင်း ပုန်းကွယ်နေသော မိစ္ဆာများကို ရှာဖွေရန် ပတ်ဝန်းကျင် အရပ်မျက်နှာအနှံ့ကို လှည့်ပတ်ကြည့်နေသလို အခြားလူများ၏ ခြေရာများကိုလည်း သတိထား စောင့်ကြည့်နေခဲ့သည်။
ဤရှေးဟောင်းစစ်မြေပြင်အတွင်း၌ ကြောက်စရာအကောင်းဆုံးအရာမှာ မိစ္ဆာမျိုးနွယ်စုများ မဟုတ်ဘဲ အတူတူလာကြတဲ့ ခရီးဖော်ဖြစ်၏။
ပေါ့ဆမှုတစ်ခုကြောင့် မိမိ၏ နောက်ကျောကို ဓားဖြင့် ထိုးခြင်းခံရနိုင်ချေ ရှိသည်။
ရှုချွမ်းအနေဖြင့် ၎င်းတို့ကို ကြောက်ရွံ့နေခြင်း မရှိသော်လည်း အမြဲတမ်း သတိကြီးစွာ ထားရှိခြင်းက အမှန်ကန်ဆုံးအရာ ဖြစ်ပေသည်။
သို့သော်လည်း...
ရှုချွမ်းက အချိန်အတော်ကြာအောင် ရှာဖွေခဲ့သော်လည်း မိစ္ဆာမျိုးနွယ်စုဝင်တစ်ဦး၏ ခြေရာလက်ရာကိုမျှ ရှာမတွေ့ခဲ့သလို အခြားသော သိုင်းပညာရှင်တစ်ဦးတစ်ယောက်ကိုမျှလည်း မမြင်တွေ့ခဲ့ရပေ။
ဤရှေးဟောင်းစစ်မြေပြင်ကြီးမှာ အလွန်အမင်း ကျယ်ပြောလှပြီး ကမ္ဘာငယ်လေးတစ်ခုကဲ့သို့ပင် ဖြစ်နေသည်။
ယခုလက်ရှိ ရှုချွမ်း၏ အရှိန်အဟုန်ဖြင့် သွားလာနေလျှင်ပင် စစ်မြေပြင်၏ အလယ်ဗဟိုသို့ ရောက်ရှိရန် အချိန်မည်မျှ ပေးရမည်ကို မခန့်မှန်းနိုင်ပေ။
"အင်း..."
ရှုချွမ်းက ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မလှမ်းမကမ်းရှိ အရပ်မျက်နှာတစ်ခုဆီသို့ လှမ်းကြည့်လိုက်သည်။
"ဒီလောက်အထိ သိပ်သည်းလှတဲ့ မိစ္ဆာချီတွေပါလား" ရှုချွမ်းက စိတ်ထဲ၌ အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
အကယ်၍ အခြားသော နေရာများတွင် ရှိနေသည့် မိစ္ဆာချီ ပမာဏမှာ အဆင့် ၁ ရှိနေပါက ယခု ဤနေရာ၌ ရှိနေသော မိစ္ဆာချီ ပမာဏမှာမူ အဆင့် ၁၀ အထိ ရှိနေခဲ့ခြင်း ဖြစ်၏။
သိပ်သည်း လှသော မိစ္ဆာချီများမှာ တစ်နေရာတည်းတွင် စုပြုံနေခဲ့ကြရာ ကြည့်ရသည်မှာ အရည်ပျော်လုနီးပါး အခြေအနေသို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ဤသို့ တွေးတောမိသည်နှင့် ရှုချွမ်းက ခြေလှမ်းများကို မြှင့်တင်လိုက်ပြီး ထိုနေရာသို့ အလျင်အမြန် ပြေးဝင်သွားခဲ့တော့သည်။
အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလောက်သော အချိန်ကာလ ဖြတ်သန်းသွားပြီးနောက် ရှုချွမ်းက ဂူတစ်ခု၏ အပြင်သို့ ရောက်ရှိလာခဲ့သည်။
၎င်းဂူအတွင်းမှနေ၍ မိစ္ဆာချီများက ကုန်ခမ်းသွားခြင်းမရှိဘဲ အဆက်မပြတ် အပြင်သို့ လျှံထွက်နေခဲ့ကြ၏။
"ဒါက အစွမ်းထက်တဲ့ မိစ္ဆာမျိုးနွယ်စု သိုင်းပညာရှင်ကြီးတစ်ယောက်ရဲ့ သေဆုံးရာနေရာ ဖြစ်နေမလား" ရှုချွမ်းက သူ၏ စိတ်ထဲ၌ ခန့်မှန်းတွေးတောလိုက်သည်။
သူက အန္တရာယ်တစ်ခုခု ကြုံတွေ့ရမည်ကို စိုးရိမ်သဖြင့် ဂူအတွင်းသို့ ဇွတ်အတင်း ဝင်ရောက်ခြင်း မပြုခဲ့ချေ။ ရှုချွမ်းက ဂူဝမှနေ၍ အတွင်းပိုင်းသို့ အကဲခတ်ကြည့်ရှုလိုက်သည်။
ရုတ်တရက်...
ဆန်းကြယ်လှသော အော်ရာ တစ်ခုမှာ လေထုအတွင်း၌ စတင်ပျံ့နှံ့လာခဲ့တော့သည်။
စိတ်အာရုံ ဝေဝါးသွားသည့် ခဏ၌ ရေတွက်၍မရနိုင်သော နတ်ဆိုးချီ များ ပါဝင်နေပြီး သေခြင်းအငွေ့အသက်များနှင့် ရောနှောနေသော မိစ္ဆာချီ တစ်ခုသည် ရှုချွမ်း၏ စိတ်အတွင်းသို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။
"လူသား... သေစမ်း"
"သေကို သေရမယ်"
"သတ်... သတ်... သတ်ပစ်ကြစမ်း"
ကြောက်မက်ဖွယ် ပုံရိပ်ယောင် များက ရှုချွမ်းကို လာရောက်တိုက်ခိုက်နေခဲ့ကြ၏။
အကယ်၍ ဤနေရာတွင် ရှိနေသူမှာ အခြားသော သိုင်းပညာရှင်တစ်ဦးဖြစ်ပါက နိဗ္ဗာနနယ်ပယ် သို့မဟုတ် ကမ္မနယ်ပယ် သိုင်းပညာရှင်တစ်ဦးပင် ဖြစ်ပါစေဦး၊ ယခုအချိန်တွင် ဤပုံရိပ်ယောင် များအတွင်း ပိတ်မိနေခဲ့ပြီး ရုန်းထွက်နိုင်စွမ်း ရှိကြမည် မဟုတ်ချေ။
သူတို့က အချိန်မရွေး မိမိတို့၏ စိတ်ကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားခဲ့ရပြီး အသက်မရှိသော ရုပ်သေးကောင်များ အဖြစ်သို့ ပြောင်းလဲသွားကြပေလိမ့်မည်။
အမှောင် နေရာတစ်ခုတွင်မူ ကိုယ်ပေါ်၌ အသားဖြူဖြူဝင်းဝင်းလေးများ ပေါ်လွင်နေပြီး နက်မှောင်သော စကတ်အတိုလေးကို ဝတ်ဆင်ထားသည့် မိစ္ဆာမတစ်ဦးသည် ပုံရိပ်ယောင့ အတွင်း ပိတ်မိနေဟန်ရှိသော ရှုချွမ်းကို ကြည့်ကာ မျက်နှာထက်၌ ကျေနပ်အားရသော အပြုံးတစ်ခု ထွက်ပေါ်နေခဲ့သည်။
"ဒီနေရာမှာ လူသားမျိုးနွယ်စုဝင်တစ်ယောက် ပေါ်လာလိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ထားခဲ့ဘူး"
"ငါ ဒီလူသားကို ဖမ်းဆီးပြီးတော့ သခင်ကြီးဆီကို ဆက်သလိုက်ရင်... ဒါက သေချာပေါက် ကြီးမားတဲ့ ဆုလဒ်တစ်ခု ရလာမှာပဲ" ရှုချွမ်းကို ဆက်သပြီးနောက် မိမိ ရရှိလာမည့် ဆုလာဘ်များကို တွေးတောရင်း ထိုမိစ္ဆာမ၏ အပြုံးမှာ ပိုမိုကျယ်ပြန့်လာခဲ့ပြီး သူမ၏ လှုပ်ရှားမှုတိုင်းမှာလည်း ညှို့ဓာတ်အပြည့်ဖြင့် မြူဆွယ်နေခဲ့သည်။
သူမက ရှုချွမ်းထံသို့ အေးအေးလူလူ လှမ်းလျှောက်လာခဲ့ရာ ကြည့်ရသည်မှာ ရှုချွမ်းမှာ သူမ၏ လက်ခုပ်ထဲက ရေကဲ့သို့ ဖြစ်နေခဲ့ပြီဟု ယူဆထားပုံရ၏။
သို့သော်လည်း အခြေအနေမှာ ချက်ချင်းပင် ပြောင်းလဲသွားခဲ့ရတော့သည်။
မူလအစကို ထိုးထွင်းသိမြင်နိုင်ခြင်း နတ်ဘုရား စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် ရှုချွမ်းအတွက်မူ ဤကဲ့သို့သော အဆင့်နိမ့် ပုံရိပ်ယောင် များကို စိုးစဉ်းမျှ ကြောက်ရွံ့နေရန် မလို ပေ။
သူက အကြည့်တစ်ချက်ဖြင့်ပင် ၎င်းတို့၏ မူလ ကို ထိုးထွင်းမြင်နိုင်ခဲ့သည်။
ထို့ကြောင့် ဤပုံရိပ်ယောင် များမှာ သူ့အပေါ်တွင် စိုးစဉ်းမျှ အသုံးမဝင် ပေ။
သူ့အနေဖြင့် ပုံရိပ်ယောင် အတွင်း ပိတ်မိနေဟန် ဟန်ဆောင်နေခဲ့ခြင်းမှာ အမှောင်ထဲ၌ ပုန်းကွယ်နေသော မိစ္ဆာမျိုးနွယ်စုဝင်ကို အမိအရ ဖမ်းဆီးရန်အတွက်သာ ဖြစ်၏။
အမှန်စင်စစ်တွင် ရှုချွမ်းက ဤဂူအနားသို့ ချဉ်းကပ်လာခဲ့သည့် အချိန်ကတည်းက ၎င်းမိစ္ဆာမ ရှိနေကြောင်းကို ကြိုတင်သိရှိပြီး ဖြစ်သည်။
သို့သော်လည်း ရန်သူကို လန့်ဖျန့်မသွားစေရန်အတွက် သူက ဤကဲ့သို့ သရုပ်ဆောင်ပြခဲ့ခြင်း ဖြစ်ပေသည်။
သေချာပေါက်ပင် ဤမိစ္ဆာမက ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု ကြိုတင်မျှော်လင့်ထားခဲ့ခြင်း မရှိ ပေ။
ယခုအခါတွင်မူ...
ထိုမိစ္ဆာမမှာ မြေပြင်ပေါ်တွင် ဒူးနှစ်ဖက်ထောက်လျက် ဝပ်စင်းနေရပြီး သူမ၏ နဖူးမှာ မြေပြင်နှင့် ထိတွေ့နေကာ အစွမ်းထက်လှသော ခြေထောက်တစ်ဖက်ကမူ သူမ၏ ဦးခေါင်းကို မြေပြင်ပေါ်သို့ ဖိနင်းထားခဲ့ပြီ ဖြစ်သည်။
"သခင်ကြီး... ကျွန်မကို အသက်ချမ်းသာပေးပါ၊သခင်ကြီး... အသက်ချမ်းသာပေးပါ" ထိုမိစ္ဆာမက မိစ္ဆာမျိုးနွယ်စုဝင်တစ်ဦး၏ သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ စိုးစဉ်းမျှ ဝေခွဲမနေတော့ဘဲ ချက်ချင်းပင် အသက်ချမ်းသာပေးရန် တောင်းပန်တိုးလျှိုးလိုက်တော့သည်။
"ငါ့ကို အသက်ချမ်းသာပေးဖို့ တောင်းပန်နေတာလား" ရှုချွမ်းက ခပ်ဖွဖွ ရယ်မောလိုက်သည်။
ဤမိစ္ဆာမမှာ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလှပေသည်၊ သူမက လူသားမျိုးနွယ်စုဝင်တစ်ဦးကို အသက်ချမ်းသာပေးရန် တောင်းပန်တိုးလျှိုးနေခဲ့ခြင်း ဖြစ်၏။
လူသားမျိုးနွယ်စုနှင့် မိစ္ဆာမျိုးနွယ်စုတို့အကြားတွင် နက်ရှိုင်းလှသော သွေးကြွေးရန်ငြိုးများ ရှိနေသည်ကို သူမ မသိရှိလေသလော။
သို့သော်လည်း ရှုချွမ်းက သူမကို ချက်ချင်း သတ်ဖြတ်ပစ်ခြင်း မပြုခဲ့ပေ။
နိဗ္ဗာနနယ်ပယ် အဆင့် ၉ မျှသာ ရှိသော မိစ္ဆာမတစ်ဦး ဖြစ်သဖြင့် သူမအနေဖြင့် မည်သည့်ပြဿနာမျိုးမျှ မဖန်တီးနိုင်ဟု သူ ခန့်မှန်းလိုက်သည်။
"ကဲ... ငါ မင်းကို မေးခွန်းတချို့ မေးမယ်၊ မင်း အမှန်အတိုင်း ဖြေရမယ်။ အကယ်လို့ မင်း ငါ့ကို လိမ်ညာဖို့ ကြိုးစားရင်တော့... အသက်ပျောက်ဖို့သာ ပြင်ထားလိုက်တော့" ရှုချွမ်းက မိမိ၏ ခြေဖဝါးအောက်တွင် ရှိနေသော မိစ္ဆာမကို အေးစက်စွာ ပြောဆိုလိုက်သည်။
သို့သော်လည်း သူ စကားပြောဆိုပြီးသွားသည့် အခိုက်အတန့်တွင်မူ ဤကဲ့သို့ မေးမြန်းနေရခြင်းမှာ အလွန်အမင်း အလုပ်ရှုပ်စရာ ကောင်းသည်ဟု ယူဆပုံရပြီး ခေါင်းကို ခါယမ်းလိုက်၏။
"ထားလိုက်ပါတော့... ဝိညာဉ်ကို တိုက်ရိုက်ရှာဖွေတာက ပိုပြီးတော့ အဆင်ပြေပါတယ်" ပြောပြီးသည်နှင့် ရှုချွမ်းသည် သူ၏ ခြေထောက်ကို ဖယ်ရှားလိုက်ပြီး သူမ၏ လည်ပင်းကို ဆွဲကိုင်လျက် အပေါ်သို့ မြှောက်လိုက်သည်။
သူတို့နှစ်ဦး၏ အကြည့်များ ဆုံစည်းသွားခဲ့သည့် ခဏ၌ ရှုချွမ်း၏ အစွမ်းထက်လှသော စိတ်ဝိညာဉ်စွမ်းအားများက သူမ၏ အသိစိတ်အတွင်းသို့ တိုက်ရိုက် တိုးဝင်သွားခဲ့တော့သည်။
သူက သူမ၏ ဝိညာဉ်ကို ကြမ်းတမ်းစွာ စူးစမ်းလိုက်၏။
ယခင်က ဝိညာဉ်ကို ရှာဖွေဖူးသည့် အတွေ့အကြုံ တစ်ကြိမ် ရှိခဲ့ဖူးသဖြင့် ယခုအခါတွင်မူ ရှုချွမ်းသည် ဤအတတ်ပညာ၌ အတော်ပင် ကျွမ်းကျင်နေခဲ့ပြီ ဖြစ်သည်။
ရှုချွမ်း၏ အစွမ်းထက်လှသော ဝိညာဉ်စွမ်းအားများ၏ ရှေ့မှောက်တွင် ဤနိဗ္ဗာနနယ်ပယ် အဆင့် ၉ ရှိ မိစ္ဆာမမှာမူ စိုးစဉ်းမျှ တန်ပြန်ခုခံနိုင်စွမ်း မရှိခဲ့ပေ။
"မလုပ်ပါနဲ့"
"ကျွန်မကို လွှတ်ပေးပါ... လွှတ်ပေးပါ" မိစ္ဆာမ၏ မျက်နှာထက်တွင် အလွန်အမင်း မျှော်လင့်ချက်မဲ့ တုန်လှုပ်ရွှံ့ရှာမှုများ ထွက်ပေါ်လာခဲ့ရတော့သည်။
သူမသည် မိမိ၏ အသိစိတ်နှင့် စိတ်ဝိညာဉ်တို့မှာ ရှုချွမ်း၏ လွှမ်းမိုးချုပ်ကိုင်မှုအောက်တွင် တဖြည်းဖြည်းချင်း ထိုးဖောက်ခြင်း ခံနေရသည်ကို ခံစားနေရသည်။ ဤဖြစ်စဉ်မှာ သေချာပေါက်ပင် အလွန်အမင်း နာကျင်လှပေသည်။
သို့သော်လည်း သူမတွင် ရုန်းထွက်ရန် လမ်းစ ရှိမနေခဲ့ပေ။
အကြောင်းမှာ ရှုချွမ်း၏ ဖိနှိပ်မှုအောက်တွင် သူမအနေဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ဖျက်ဆီးရန်ပင် ခွင့်မသာခဲ့သောကြောင့် ဖြစ်၏။
သူမသည် ရှုချွမ်းက မိမိ၏ ဝိညာဉ်ကို ရှာဖွေနေသည်ကို မတတ်သာဘဲ ဒီအတိုင်း ငေးငေါ့ကြည့်နေခဲ့ရုံသာ တတ်နိုင်ခဲ့တော့သည်။
ခဏမျှ ကြာပြီးနောက်...
ရှုချွမ်း၏ မျက်နှာထက်တွင် တွေးနေသော အမူအရာတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူက ထိုမိစ္ဆာမ၏ မှတ်ဉာဏ်များထဲမှနေ၍ မိမိ သိရှိလိုသော သတင်းအချက်အလက်များကို ရရှိသွားခဲ့ပြီ ဖြစ်သည်။
အထူးသဖြင့် ဤရှေးဟောင်းစစ်မြေပြင်အတွင်းရှိ မိစ္ဆာမျိုးနွယ်စုများ၏ အရေအတွက်နှင့် သူတို့၏ ခွန်အားအဆင့်အတန်းများအကြောင်းကိုပင်။
၎င်းမိစ္ဆာမ၏ မှတ်ဉာဏ်များအရ သူမက အမှန်စင်စစ်အားဖြင့် ဤရှေးဟောင်းစစ်မြေပြင်အတွင်း၌ပင် မွေးဖွားကြီးပြင်းခဲ့သော မိစ္ဆာတစ်ဦး ဖြစ်ကြောင်း သိရှိလိုက်ရသည်။
ထို့ပြင် ဤရှေးဟောင်းစစ်မြေပြင်၏ အလယ်ဗဟိုနေရာ မိစ္ဆာနယ်မြေအက်ကြောင်း၏ အနီးအနားတွင် မည်သူမျှ ရှာမတွေ့သေးသော လျှို့ဝှက်မိစ္ဆာနယ်မြေတစ်ခု ရှိနေခဲ့ခြင်း ဖြစ်၏။
ဤမိစ္ဆာမမှာ ထိုမိစ္ဆာနယ်မြေ အတွင်းမှ လာခဲ့ခြင်း ဖြစ်ပြီး 'ညှို့မှော်မိစ္ဆာမျိုးနွယ်စု ' ထံမှ ဆင်းသက်လာသူ ဖြစ်သည်။
ညှို့မှော်မိစ္ဆာမျိုးနွယ်စုဝင်များသည် လူသားမျိုးနွယ်စုများနှင့် ရုပ်သွင်ချင်း အလွန် ဆင်တူကြပြီး အလှအပဖြင့် မြူဆွယ်ခြင်းနှင့် စိတ်အာရုံချောက်ခြားဖွယ်ရာ ပုံရိပ်ယောင် အတတ်ပညာရပ်များတွင် အကျွမ်းကျင်ဆုံး ဖြစ်ကြသည်။
သူမ၏ နိဗ္ဗာနနယ်ပယ် အဆင့် ၉ ကျင့်ကြံခြင်း အဆင့်မှာ ထိုမိစ္ဆာနယ်မြေ အတွင်း၌ သာမန်အဆင့်မျှသာ သတ်မှတ်နိုင်ချေ ရှိသည်။
နှစ်ပေါင်းသောင်းချီ၍ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးနောက် ထိုမိစ္ဆာနယ်မြေ အတွင်းရှိ မိစ္ဆာအရေအတွက်မှာ အမြောက်အမြား ရှိနေခဲ့ပြီ ဖြစ်ကာ သူတို့၏ ခေါင်းဆောင်သခင်ကြီးမှာမူ ကမ္မနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသော 'မဟာမိစ္ဆာကြီး' တစ်ကောင် ဖြစ်သည်။
အကယ်၍ ဤရှေးဟောင်းစစ်မြေပြင်၏ ကန့်သတ်ချက်များသာ ရှိမနေခဲ့ပါက ထိုမဟာမိစ္ဆာကြီးမှာ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ပင် သေချာပေါက် အဆင့်တက်လှမ်းနိုင်ပြီးလောက်ပြီ ဖြစ်သည်။
မကြာသေးမီကပင် ၎င်းမဟာမိစ္ဆာကြီးသည် မည်သူမျှ မသိရှိနိုင်သော လျှို့ဝှက်အစီအစဉ်တစ်ခုကို ကြံစည်နေခဲ့ခြင်း ဖြစ်၏။
သူက မိစ္ဆာနယ်မြေအတွင်းမှ မိစ္ဆာအမြောက်အမြားကို ရှေးဟောင်းစစ်မြေပြင်အတွင်းသို့ စေလွှတ်ခဲ့သည်။
ဤအချက်ကြောင့်ပင် မကြာသေးမီကမှ နင်ချန်ထျန်းသည် မိစ္ဆာမျိုးနွယ်စုများ၏ ခြေရာလက်ရာများကို စတင်စုံစမ်းသိရှိခဲ့ရခြင်း ဖြစ်ပေသည်။
"ဒီမိစ္ဆာတွေက အမှန်တကယ်ပဲ ဘာကို ကြံစည်နေကြတာလဲ" ရှုချွမ်းက သူ၏ မေးစေ့ကို လက်ဖြင့်ပွတ်ရင်း တိတ်ဆိတ်စွာ တွေးတောနေမိသည်။
ဤသတင်းအချက်အလက်များကို ရရှိပြီးနောက်တွင်မူ ရှုချွမ်းက သူ၏ တာဝန်ကို အမှန်တကယ် ပြီးမြောက်သွားခဲ့ပြီဖြစ်ရာ ဤနေရာမှ ထွက်ခွာရန် ရွေးချယ်နိုင်ပြီ ဖြစ်သည်။
သို့သော်လည်း နင်ယို့ချီသည်လည်း ဤနေရာသို့ ရောက်ရှိနေဆဲဖြစ်သလို ဇာတ်ညွှန်းပိုင်ရှင် ဇာတ်လိုက်နှစ်ဦးဖြစ်ကြသော ယန်ရှန်းနှင့် ချန်ဖုန်းတို့သည်လည်း ဤရှေးဟောင်းစစ်မြေပြင်အတွင်းသို့ ရောက်ရှိနေကြဆဲ ဖြစ်သဖြင့် ရှုချွမ်းအနေဖြင့် အပြင်သို့ ပြန်လည်ထွက်ခွာရန် အလောတကြီး ဖြစ်မနေတော့ပေ။
တစ်ဖက်တွင်မူ သူက ထိုမိစ္ဆာနယ်မြေရှိ မဟာမိစ္ဆာကြီး မည်သည်ကို ကြံစည်နေသနည်းဆိုသည်ကို စူးစမ်းလိုစိတ် ရှိနေသလို အခြားတစ်ဖက်တွင်လည်း ဇာတ်ညွှန်းပိုင်ရှင် ဇာတ်လိုက်များ ရှိနေသည့် နေရာတိုင်းတွင် သေချာပေါက် 'မဟာအခွင့်အလမ်း ' များ ရှိနေမည်ဖြစ်ရာ သူက ထိုအခွင့်အလမ်းများကို ကြားဖြတ်လုယူချင်နေခဲ့သည်။
သို့မဟုတ်လျှင်လည်း ထိုဇာတ်လိုက်နှစ်ဦးကို တိုက်ရိုက်သတ်ဖြတ်ပစ်ပြီး သူတို့၏ ကိုယ်ပေါ်တွင် ရှိနေသော ဇာတ်ညွှန်းကံတရားများကို မိမိကိုယ်တိုင် ပေါင်းစပ်ရယူပစ်ရန် ဖြစ်၏။
ဤအချက်များအားလုံးက ရှုချွမ်းကို ဤနေရာတွင် ဆက်လက်နေထိုင်ရန် ဆွဲဆောင်နေခဲ့ခြင်း ဖြစ်ပေသည်။
"လျှို့ဝှက်မိစ္ဆာနယ်မြေ ပေါ့လေ..."
ရှုချွမ်းသည် ခေါင်းကို မော့လျက် ရှေးဟောင်းစစ်မြေပြင်၏ နက်ရှိုင်းလှသော နေရာဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။
ဤနေရာမှနေ၍ လျှို့ဝှက်မိစ္ဆာနယ်မြေ ရှိရာနေရာသို့ ရောက်ရှိရန် မိုင်ပေါင်းသိန်းချီ ဝေးကွာနေသေးရာ ရှုချွမ်းအနေဖြင့် နေ့ညမနား တရစပ် ခရီးနှင်လျှင်ပင် ရက်အနည်းငယ်မျှ အချိန်ပေးရမည် ဖြစ်သည်။
ဤသို့ တွေးမိပြီးနောက် ရှုချွမ်းက အလျင်စလို မလုပ်တော့ချေ။ သူက လမ်းခရီးတွင် နင်ယို့ချီ၊ ယန်ရှန်းနှင့် ချန်ဖုန်းတို့ကို ရှာဖွေရင်း ထိုမိစ္ဆာနယ်မြေ ရှိရာ နေရာဆီသို့ ဦးတည်ကာ သွားရောက်စုံစမ်းစစ်ဆေးရန် အစီအစဉ် ချလိုက်တော့သည်။